Sunday, October 28, 2012

ရခိုင်ပြည်အရေးအခင်းများနှင့် အင်ဒိုနီးရှားနမူနာ



တစ်ကျော့ပြန်အရှိန်မြင့်လာတဲ့ ရခိုင်ပြည်က အကြမ်းဖက်မှုသတင်းနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားမိတ်ဆွေတစ်ယောက်က ICG က Jim Della ရဲ့ What Could Myanmar Learn from Indonesia? The Malino Accord ဆိုတဲ့ ဆောင်းပါးကို forward လုပ်ရင်း ဘယ်လိုသဘောရသလဲ ဆိုတာမျိုး မေးလာပါတယ်။ ဒါနဲ့ အဲဒီဆောင်းပါးထဲမှာ ရေးထားတဲ့အတိုင်းပါပဲ။ မတူတာတွေရှိသလို အတုယူစရာတွေလည်းရှိတယ်။ အင်ဒိုဒုသမ္မတဟောင်း မစ္စတာ ကာလာ (Jusuf Kalla) မြန်မာပြည် သွားပြီး သမ္မတဦးသိန်းစိန်နဲ့တွေ့တုံးကလည်း အဲသလို အကြံပေးခဲ့မှာပဲလို့ ပြောလိုက် ပါတယ်။ ဆောင်းပါးမှာပါတဲ့ အင်ဒိုနီးရှားက ခရစ်ယာန်-မူဆလင် အဓိကရုဏ်းနဲ့ လက်ရှိ ရခိုင်ပြဿနာမှာ မတူတာ သုံးချက်ရှိတယ်လို့လည်း ပြောဖြစ်ပါတယ်။ အဲဒါတွေကတော့
၁။ အခြေခံမတူ ၂။ အခြေအနေမတူ  ၃။ ကိုင်တွယ်ပုံမတူ တာဖြစ်ပါတယ်။ အခြေခံမတူဘူး ဆိုတာ အင်ဒိုနီးရှားနဲ့မြန်မာ နိုင်ငံတည်ထောင်မှု အခြေခံမတူခြင်းပါ။ အင်ဒိုနီးရှားနိုင်ငံကို မတူညီသူတွေရဲ့ အစုအစည်း (Unity in Diversity) အဖြစ် ဖောင်ဒေးရှင်းချခဲ့တာဖြစ်ပြီး ခေတ်သစ်မြန်မာနိုင်ငံ ကိုတော့ မြန်မာပြည်မကို ဗဟိုပြုထားတဲ့ ရှေးခေတ်ဘုရင့်နိုင်ငံရဲ့ သမိုင်းကြောင်းအပေါ်မှာ ထပ်ဆင့်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သူတို့က ကွဲပြားခြားနားမှုကို ဂုဏ်တင်တယ်။ ကျွန်တော်တို့ မြန်မာကတော့ ကွဲပြားမှုကို မငြင်းပယ်ပေမဲ့ အားနည်းချက်တစ်ရပ်အဖြစ် ရှုမြင်ပါတယ်။ “၀ါးအစည်းပြေသကဲ့သို့”  ဆိုတဲ့စကားနဲ့ ရှုတ်ချပါတယ်။

          ဒုတိယဖြစ်တဲ့ အခြေအနေမတူ ဆိုတာက အင်ဒိုနီးရှားမှာ ပဋိပက္ခဖြစ်တဲ့ နှစ်ဘက်စလုံးဟာ အင်ဒိုနိုင်ငံသားစစ်စစ်တွေ ဖြစ်ပါတယ်။ အဲဒါကို ငြင်းသူမရှိပါ။ ခရစ်ယာန်-မူဆလင် ပြဿနာ (၀ါ) ဘာသာရေးပြဿနာ သက်သက်ဖြစ်ပါတယ်။ ရခိုင်ကိစ္စမှာ ဘင်္ဂါလီ တို့အနေနဲ့ ရိုဟင်ဂျာတိုင်းရင်းသား ဆိုတဲ့အမည်နဲ့ နိုင်ငံသားဖြစ်မှုဟာ အကြီးအကျယ် အငြင်းပွားနေဆဲပါ။ အဲဒီအတွက်ကြောင့် လူမျိုးရေးပဋိပက္ခလား ဘာသာရေးလား သဲသဲကွဲကွဲ ခေါင်းစဉ်မတပ်နိုင်တာဖြစ်ပါတယ်။ အကိုင်အတွယ်မတတ်ရင် ဘာသာရေးပဋိပက္ခအဖြစ် လုံးလုံးပြောင်းသွားနိုင်တဲ့ အနေအထားလည်း ရှိပါတယ်။

          တတိယဖြစ်တဲ့ ကိုင်တွယ်ပုံမတူ ဆိုတာ အဲဒီအချိန်တုန်းက ဒီမိုကရေစီလမ်းပေါ် စမ်းသပ်လျှောက်နေတဲ့ (စမ်းသပ်လျှောက်နေကြတဲ့အဖြစ်ချင်းတော့တူပါတယ်) အင်ဒိုအစိုးရဟာ ပဋိပက္ခဖြေရှင်းရေးကို ပြတ်ပြတ်သားသား အားသွန်ခွန်စိုက် လုပ်ခဲ့တယ်။ ရေရှည်အတွက်ဆိုလည်း ဥပမာ အမေရိကန်ဒေါ်လာ ဆယ်သန်း ချက်ချင်းမတည်ပြီး ဒေသဖွံ့ဖြိုးရေး အစိုးရက ရှေ့တန်းတင် တယ်ဆိုတာပြတယ်။ မြန်မာအစိုးရမှာတော့ ဘယ်လိုသဘောထားရမလဲ ဆိုတာ ပြတ်ပြတ်သားသား မရှိတဲ့အတွက် အကောင်းဆုံးမှာ သတိအနေအထားနဲ့ ရန်စောင်နေ၊ အဆိုးဆုံးမှာ အင်အားသုံးဖြေရှင်း ဆိုတာမျိုးလောက်နဲ့ပဲ ကိုင်တွယ်နေပါတယ်။ အကဲခတ်ရသလောက်ဆိုရင် ဒေါသထွက်နေတဲ့ နှစ်ဘက် စလုံးကို ကိုယ့်ဒေါသကိုယ်ထိန်းကြလို့ပြောပြီး လုံခြုံရေးပေးရုံ၊ လိုအပ်ရင် စားရေရိက္ခာပေးရုံ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရုံလောက်ပဲ လုပ်နေတယ်လို့ ထင်ပါတယ်။ သီးခြား ဘတ်ဂျက် ဘာညာဆိုပြီး မတည်ပေးနိုင်တဲ့ အခြေအနေလည်း မရှိပါဘူး။ ရေရှည်အတွက် ဘယ်လိုဆိုပြီး အကြံပေးမယ့် စုံစမ်းရေးကော်မရှင် ဖွဲ့တာမျိုးလောက်သာ တတ်နိုင်ပါတယ်။ လတ်တလော ငြိမ်းချမ်းအောင် လက်တွေ့ကျကျ ဘယ်လိုလုပ်မယ်ဆိုတဲ့ အစီအစဉ်ဆိုတာလည်း မသိရပါ။

အတုယူစရာဆိုတာက အထက်မှာပြောခဲ့တဲ့ အင်ဒိုနီးရှားအစိုးရရဲ့ အားသွန်ခွန်စိုက် တုံ့ပြန်မှုမျိုးဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့် ပုဂ္ဂလိကအမြင်ကို ပြောရရင် အစိုးရအနေနဲ့ ရခိုင်ပြဿနာကို အလေးထားတယ်ဆိုရင် လတ်တလော တိုက်ခိုက်နေတာတွေ အခိုက်အတန့် တစ်ခုအထိ ပြေလည်ဖို့ ဦးစားပေးလုပ်သင့်တယ်လို့ ထင်ပါတယ်။ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ နိုင်ငံ့အရေးလို့ မှတ်ယူတယ်ဆိုရင် အစိုးရတစ်ခုတည်းသာမက အတိုက်အခံ နိုင်ငံရေး၊ လူမှုရေးအဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အင်အားကိုပါ ဖိတ်ခေါ် အကူအညီယူသင့်တယ်လို့ထင်ပါတယ်။ ကိုယ်မနိုင်တဲ့မီးကို ကြိတ်ပြီးငြိမ်းသတ်နေတာမျိုး မဖြစ်သင့်ပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် မေတ္တာရှေ့ထားကြတဲ့ သံဃာတော်များရဲ့ အကူအညီ အထူးလိုအပ်တယ်လို့ ထင်မြင်မိပါတယ်။

No comments:

Post a Comment