Sunday, October 28, 2012

ရခိုင်ပြည်အရေးအခင်းများနှင့် အင်ဒိုနီးရှားနမူနာ



တစ်ကျော့ပြန်အရှိန်မြင့်လာတဲ့ ရခိုင်ပြည်က အကြမ်းဖက်မှုသတင်းနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားမိတ်ဆွေတစ်ယောက်က ICG က Jim Della ရဲ့ What Could Myanmar Learn from Indonesia? The Malino Accord ဆိုတဲ့ ဆောင်းပါးကို forward လုပ်ရင်း ဘယ်လိုသဘောရသလဲ ဆိုတာမျိုး မေးလာပါတယ်။ ဒါနဲ့ အဲဒီဆောင်းပါးထဲမှာ ရေးထားတဲ့အတိုင်းပါပဲ။ မတူတာတွေရှိသလို အတုယူစရာတွေလည်းရှိတယ်။ အင်ဒိုဒုသမ္မတဟောင်း မစ္စတာ ကာလာ (Jusuf Kalla) မြန်မာပြည် သွားပြီး သမ္မတဦးသိန်းစိန်နဲ့တွေ့တုံးကလည်း အဲသလို အကြံပေးခဲ့မှာပဲလို့ ပြောလိုက် ပါတယ်။ ဆောင်းပါးမှာပါတဲ့ အင်ဒိုနီးရှားက ခရစ်ယာန်-မူဆလင် အဓိကရုဏ်းနဲ့ လက်ရှိ ရခိုင်ပြဿနာမှာ မတူတာ သုံးချက်ရှိတယ်လို့လည်း ပြောဖြစ်ပါတယ်။ အဲဒါတွေကတော့
၁။ အခြေခံမတူ ၂။ အခြေအနေမတူ  ၃။ ကိုင်တွယ်ပုံမတူ တာဖြစ်ပါတယ်။ အခြေခံမတူဘူး ဆိုတာ အင်ဒိုနီးရှားနဲ့မြန်မာ နိုင်ငံတည်ထောင်မှု အခြေခံမတူခြင်းပါ။ အင်ဒိုနီးရှားနိုင်ငံကို မတူညီသူတွေရဲ့ အစုအစည်း (Unity in Diversity) အဖြစ် ဖောင်ဒေးရှင်းချခဲ့တာဖြစ်ပြီး ခေတ်သစ်မြန်မာနိုင်ငံ ကိုတော့ မြန်မာပြည်မကို ဗဟိုပြုထားတဲ့ ရှေးခေတ်ဘုရင့်နိုင်ငံရဲ့ သမိုင်းကြောင်းအပေါ်မှာ ထပ်ဆင့်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သူတို့က ကွဲပြားခြားနားမှုကို ဂုဏ်တင်တယ်။ ကျွန်တော်တို့ မြန်မာကတော့ ကွဲပြားမှုကို မငြင်းပယ်ပေမဲ့ အားနည်းချက်တစ်ရပ်အဖြစ် ရှုမြင်ပါတယ်။ “၀ါးအစည်းပြေသကဲ့သို့”  ဆိုတဲ့စကားနဲ့ ရှုတ်ချပါတယ်။

          ဒုတိယဖြစ်တဲ့ အခြေအနေမတူ ဆိုတာက အင်ဒိုနီးရှားမှာ ပဋိပက္ခဖြစ်တဲ့ နှစ်ဘက်စလုံးဟာ အင်ဒိုနိုင်ငံသားစစ်စစ်တွေ ဖြစ်ပါတယ်။ အဲဒါကို ငြင်းသူမရှိပါ။ ခရစ်ယာန်-မူဆလင် ပြဿနာ (၀ါ) ဘာသာရေးပြဿနာ သက်သက်ဖြစ်ပါတယ်။ ရခိုင်ကိစ္စမှာ ဘင်္ဂါလီ တို့အနေနဲ့ ရိုဟင်ဂျာတိုင်းရင်းသား ဆိုတဲ့အမည်နဲ့ နိုင်ငံသားဖြစ်မှုဟာ အကြီးအကျယ် အငြင်းပွားနေဆဲပါ။ အဲဒီအတွက်ကြောင့် လူမျိုးရေးပဋိပက္ခလား ဘာသာရေးလား သဲသဲကွဲကွဲ ခေါင်းစဉ်မတပ်နိုင်တာဖြစ်ပါတယ်။ အကိုင်အတွယ်မတတ်ရင် ဘာသာရေးပဋိပက္ခအဖြစ် လုံးလုံးပြောင်းသွားနိုင်တဲ့ အနေအထားလည်း ရှိပါတယ်။

          တတိယဖြစ်တဲ့ ကိုင်တွယ်ပုံမတူ ဆိုတာ အဲဒီအချိန်တုန်းက ဒီမိုကရေစီလမ်းပေါ် စမ်းသပ်လျှောက်နေတဲ့ (စမ်းသပ်လျှောက်နေကြတဲ့အဖြစ်ချင်းတော့တူပါတယ်) အင်ဒိုအစိုးရဟာ ပဋိပက္ခဖြေရှင်းရေးကို ပြတ်ပြတ်သားသား အားသွန်ခွန်စိုက် လုပ်ခဲ့တယ်။ ရေရှည်အတွက်ဆိုလည်း ဥပမာ အမေရိကန်ဒေါ်လာ ဆယ်သန်း ချက်ချင်းမတည်ပြီး ဒေသဖွံ့ဖြိုးရေး အစိုးရက ရှေ့တန်းတင် တယ်ဆိုတာပြတယ်။ မြန်မာအစိုးရမှာတော့ ဘယ်လိုသဘောထားရမလဲ ဆိုတာ ပြတ်ပြတ်သားသား မရှိတဲ့အတွက် အကောင်းဆုံးမှာ သတိအနေအထားနဲ့ ရန်စောင်နေ၊ အဆိုးဆုံးမှာ အင်အားသုံးဖြေရှင်း ဆိုတာမျိုးလောက်နဲ့ပဲ ကိုင်တွယ်နေပါတယ်။ အကဲခတ်ရသလောက်ဆိုရင် ဒေါသထွက်နေတဲ့ နှစ်ဘက် စလုံးကို ကိုယ့်ဒေါသကိုယ်ထိန်းကြလို့ပြောပြီး လုံခြုံရေးပေးရုံ၊ လိုအပ်ရင် စားရေရိက္ခာပေးရုံ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရုံလောက်ပဲ လုပ်နေတယ်လို့ ထင်ပါတယ်။ သီးခြား ဘတ်ဂျက် ဘာညာဆိုပြီး မတည်ပေးနိုင်တဲ့ အခြေအနေလည်း မရှိပါဘူး။ ရေရှည်အတွက် ဘယ်လိုဆိုပြီး အကြံပေးမယ့် စုံစမ်းရေးကော်မရှင် ဖွဲ့တာမျိုးလောက်သာ တတ်နိုင်ပါတယ်။ လတ်တလော ငြိမ်းချမ်းအောင် လက်တွေ့ကျကျ ဘယ်လိုလုပ်မယ်ဆိုတဲ့ အစီအစဉ်ဆိုတာလည်း မသိရပါ။

အတုယူစရာဆိုတာက အထက်မှာပြောခဲ့တဲ့ အင်ဒိုနီးရှားအစိုးရရဲ့ အားသွန်ခွန်စိုက် တုံ့ပြန်မှုမျိုးဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့် ပုဂ္ဂလိကအမြင်ကို ပြောရရင် အစိုးရအနေနဲ့ ရခိုင်ပြဿနာကို အလေးထားတယ်ဆိုရင် လတ်တလော တိုက်ခိုက်နေတာတွေ အခိုက်အတန့် တစ်ခုအထိ ပြေလည်ဖို့ ဦးစားပေးလုပ်သင့်တယ်လို့ ထင်ပါတယ်။ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ နိုင်ငံ့အရေးလို့ မှတ်ယူတယ်ဆိုရင် အစိုးရတစ်ခုတည်းသာမက အတိုက်အခံ နိုင်ငံရေး၊ လူမှုရေးအဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အင်အားကိုပါ ဖိတ်ခေါ် အကူအညီယူသင့်တယ်လို့ထင်ပါတယ်။ ကိုယ်မနိုင်တဲ့မီးကို ကြိတ်ပြီးငြိမ်းသတ်နေတာမျိုး မဖြစ်သင့်ပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် မေတ္တာရှေ့ထားကြတဲ့ သံဃာတော်များရဲ့ အကူအညီ အထူးလိုအပ်တယ်လို့ ထင်မြင်မိပါတယ်။

Thursday, October 25, 2012

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရုတ်ပြည်


အောက်ပါစာစုမှာ “ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်” ဘာသာပြန်စာအုပ် အခန်း (၆) မှ ခေါင်းစဉ်ငယ်တစ်ခုကို ထုတ်နှုတ်တင်ပြထားချက်ဖြစ်ပါသည်။
 
လူသားရင်းမြစ် ပေါများသလောက် သဘာဝရင်းမြစ် ရှားပါးလှသည့် တရုတ်ပြည်ကြောင့် ကမ္ဘာတဝန်း သက်ရောက်မှုများကား မနည်းလှပေ။ လုပ်သားများ ပိုလျှံနေခြင်း၏ အကျိုးဆက်ကြောင့် ကုန်ချောပစ္စည်းများ ဈေးပေါပေါဖြင့် ထုတ်လုပ်နိုင်စေသည်။ အခြား တစ်ဖက်၌မူ ကုန်ထုတ်လုပ် မှု မြင့်တက်လာခြင်းနှင့်အတူ တရုတ်ပြည်မှ လိုအပ်သည့် ကုန်မာပစ္စည်းများ၏ဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သည်မှာ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့စီး ပွားရေး အကျပ်အတည်း ဆိုက်ရောက်ချိန်ထိပင် ဖြစ်သည်။ ထိုအချက်ကပင် ကမ္ဘာ့စီးပွား ရေးတွင် တရုတ်ခေတ် ပါရာဒိုင်းအသစ်ကို ဖြစ်ထွန်းလာစေခဲ့၏။

တရုတ်စီးပွားရေး ဖွံ့ဖြိုးလာမှုကြောင့် ယနေ့အထိ အကြီးအကျယ် အမြတ်ထွက်ခဲ့ကြ သူများမှာ အခြားသူ မဟုတ်။ လူသုံးကုန်ပစ္စည်းများကို ဈေးပေါပေါဖြင့် သုံးစွဲလာနိုင်သည့် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ အခြေခံကုန်မာထွက်သည့် နိုင်ငံများသာ ဖြစ်၏။ နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (IEA)၏ ခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေး နာလန်ထူလာခြင်းနှင့်အတူ ရေနံဈေး များ ပြန်လည်မြင့်တက်လာပြီး ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် ရေနံစိမ်းတစ်စည်၏ ဈေးနှုန်း မှာ အမေရိကန်ဒေါ်လာ ၂ဝဝ ကျော် ရှိလာမည်ဟု သိရသည်။ (စကားချပ်။ လက်ရှိ ရေနံစိမ်းတစ်စည်၏ ပေါက်ဈေးမှာ ၈၈ ဒေါ်လာဖြစ်သည်။) ကုန်ကြမ်းဈေးတက်သည့် အတွက် ယခင်က ဈေးပေါခဲ့သည့် တရုတ်ပြည်လုပ် ကုန်ချောများလည်း ဈေးကြီးလာမည် ဖြစ်ရာ တရုတ်တို့အနေဖြင့် စွမ်းအင်များများ အသုံးချ ထုတ်လုပ်ရသည့် လက်ရှိ ဖွံ့ဖြိုးတိုး တက်ရေးပုံစံကို အချိန်အတိုင်းအတာတစ်ခုအထိသာ ကျင့်သုံးနိုင်မည် ဖြစ်သည်။ စွမ်း အင်နည်းနည်းဖြင့် ကုန်ချောများများ ထုတ်နိုင်သည့် နည်းလမ်းများ ရှာဖွေရတော့မည် ဖြစ် သည်။

သို့ရာတွင် ရာစုနှစ်နှင့်ချီ၍ သဘာဝရင်းမြစ်များကိုသာ ထုတ်ယူသုံးစွဲလာခဲ့သည့် တရုတ်ပြည်အနေဖြင့် လမ်းကြောင်းပြောင်းပြီး နည်းသစ်ရှာရန်မှာ လွန်စွာခက်ခဲမည်ပင်။ ပြည်တွင်းရှိ သဘာဝ သယံဇာတမှာလည်း နည်းပါးလွန်းလှ၏။ ပထဝီအနေအထားအရ တရုတ်ပြည်တောင်ပိုင်း၌ သာ အနည်းငယ်စိုစွတ်ပြီး လူဦးရေထက်ဝက်ခန့် နေထိုင်သည့် မြောက်ပိုင်းဒေသမှာ အလွန်အမင်း ခြောက်သွေ့ကာ ကမ္ဘာ့အကြီးဆုံး ကန္တာရကြီး ဖြစ်လာ ရန် တာစူလျက်ရှိသည်။ အစိုးရအဆက်ဆက်အနေဖြင့်လည်း မင်မင်းဆက် တူးမြောင်းများ အကြီးအကျယ် ဖောက်လုပ် ခဲ့ခြင်းမှသည် မျက်မှောက်ခေတ် “မြစ်ကျဉ်းသုံးခု ဆည်ကြီး”၊ (Three Gorges Dam) အထိ သဘာဝ ပတ်ဝန်းကျင်ကို လူသားတို့၏ အသုံးတော်ခံ အဖြစ်သာ ရှုမြင်ခဲ့ကြလေသည်။ အစိုးရပိုင်းနှင့် ပြည်သူများအကြား ပတ်ဝန်းကျင် ထိန်း သိမ်းရေးအသိ ယခင်ထက် တိုးတက်လာနေပြီဖြစ်သော်လည်း လွန်စွာ အားနည်းဆဲ ဖြစ် သည်။ ထို့ပြင် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဉ်ပါက တရုတ်လူထုမှာ ဆင်းရဲနွမ်းပါးဆဲဖြစ်၏။ ဆင်းရဲသည့် တိုင်းပြည်တစ်ခုအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဖွံ့ဖြိုးပြီးနိုင်ငံများ ကဲ့သို့ အလေးထားနိုင်မည် မဟုတ်ချေ။ လက်ရှိ တိုးတက်မှုနှုန်းအတိုင်း သွားမှသာလျှင် တရုတ်ပြည်သည် အနောက်နိုင်ငံများ၏ ၁၉၆ဝ ပြည့်နှစ် တိုးတက်မှုအဆင့်သို့ ၂ဝ၁၅ ခုနှစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ဥရောပ၏ တိုးတက်မှုနှုန်းနှင့် နှိုင်းယှဉ်ပါမူ တရုတ်ပြည် သည် ၁၈ ရာစုခေတ်မှ ၂၁ ရာစုခေတ်သို့ နှစ် ၃ဝ အတွင်း တက်လှမ်းလာခြင်းဖြစ်၏။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်အတွက် ရလဒ်ကား ရှင်းပါ၏။ ရာစုနှစ် နှစ်ခုကျော် ပုံမှန် သုံးစွဲရမည့် သဘာဝစွမ်းအင်ကို နှစ် ၃ဝ မျှနှင့် ကုန်ခန်းစေခဲ့ခြင်း ဖြစ်လေ သည်။ တရုတ် မြစ်ချောင်းများ၏ လေးပုံသုံးပုံကျော် ရေထုမှာ သောက်သုံးရန် သို့မဟုတ် ငါးဖမ်းရန်ပင် မသင့်တော်တော့ချေ။ လေထုအညစ်ညမ်းဆုံး ကမ္ဘာ့မြို့ကြီးများ ၂ဝ အနက် ၁၆ မြို့မှာ တရုတ်ပြည်မှ ဖြစ်၏။ တရုတ်ပြည် ဧရိယာ၏ သုံးပုံတစ်ပုံ၌ အက်စစ်မိုးများ ရွာသွန်းလေ့ ရှိ၏။ တိုင်းပြည်၏လေးပုံတစ်ပုံမှာ ကန္တာရ ဖုံးနေပြီး ၅၈ ရာခိုင်နှုန်းမျှသော မြေသားတို့မှာ မြေဆီ ခန်းခြောက်ပြီး ဖြစ်လေသည်။

          လက်ရှိအနေအထားအရ တရုတ်တို့အနေဖြင့် ချမ်းသာလာသည့်အခါတွင်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ရန် အခွင့်မသာတော့ချေ။ ရေနံဈေးနှုန်း သိသိသာသာ မြင့်တက်လာ သည်နှင့်အမျှ လောင်စာဆီသုံး မော်တော်ယာဉ်များအပေါ် အခွန် တိုးမြှင့် ကောက်ခံခြင်း၊ အခြား စွမ်းအင်သုံးစွဲနိုင်မှု နည်းပညာများကို လေ့လာခြင်းများ မလွဲမသွေ ပြုလုပ်ရမည် ဖြစ်သည်။ ယခုအခါ ရှန်ဟိုင်းမြို့တွင် ကားတစ်စီးဝယ်ယူပါက လောင်စာဆီ ခွန်အဖြစ် အမေရိကန်ဒေါ်လာ ၄ဝဝဝ ခန့် ပေးဆောင်ရန် သတ်မှတ်ထားသည်။ အခြား ပတ်ဝန်းကျင် ထိခိုက်မှုတစ်ခုမှာ ကမ္ဘာကြီး ပူနွေးလာခြင်းပင် ဖြစ်သည်။ ယင်းအတွက် အဓိက အကြောင်းရင်းဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ထုတ်လွှတ်မှုကို လျှော့ချ ရေးအားထုတ်ရာတွင် တရုတ်ပြည်လည်း ပါဝင်ရမည်ပင်။ CO2 ထုတ်လွှတ်မှု လျှော့ချရေး ၌ ချမ်းသာပြီး နိုင်ငံကြီးများနည်းတူ လိုက်နာရန်ကိုမူ တရုတ်တို့ သဘောမတူကြချေ။

အိန္ဒိယနိုင်ငံကလည်း တရုတ်နည်းတူ သဘောမတူချေ။ ၎င်းတို့၏ အကြောင်းပြချက်မှာ ချမ်းသာပြီးနိုင်ငံများအနေဖြင့် ဖန်လုံအိမ် ဖြစ်ပေါ်စေမည့် ဓာတ်ငွေ့များကို နှစ်ပေါင်းများစွာ စော၍ ထုတ်လွှတ်နေပြီးဖြစ်ရာ လက်ရှိပြဿနာကို ယင်းနိုင်ငံများမှ ပိုမိုတာဝန်ယူရန် ဖြစ် သည်ဟူ၍ ဖြစ်၏။ ထို့ပြင် တရုတ်ပြည်စက်ရုံများမှ ထုတ်လုပ်သမျှ၏ ၄ဝ ရာခိုင်နှုန်းကို အနောက်နိုင်ငံများသို့ တင်ပို့ရသည်ဖြစ်ရာ တရုတ်ပြည်တွင်း လေထုညစ်ညမ်းမှုအတွက် အနောက်နိုင်ငံများမှာလည်း တာဝန်ရှိကြောင်း ဆိုလေသည်။ ယင်းအချက်များကို ထောက်ခံသည့် ကျိုတိုသဘောတူညီချက် (Kyoto Protocol) ကိုမူ အမေရိကန်ပြည်ထောင် စုနှင့် သြစတြေးလျနိုင်ငံတို့က လက်မှတ်ထိုးရန် ငြင်းဆန်နေဆဲဖြစ်၏။ အခြားတစ်ဖက်တွင် မူ တရုတ်ပြည်အနေဖြင့် CO2 ထုတ်လွှတ်မှုတွင် အမေရိကထက် ပိုမိုနေပြီဖြစ်ရာ တရုတ်၊ အိန္ဒိယတို့၏ တောင်းဆိုချက်များမှာ ယုတ္တိမတန်တော့ချေ။ ဖန်လုံအိမ် အာနိသင်မှာ တရုတ်ပြည်၌လည်း သိသိသာသာ ခံစားနေရပြီဖြစ်၏။ မုန်တိုင်းများ၊ မိုးခေါင်မှုများ၊ ၂ဝဝ၈ ခုနှစ်ကကဲ့သို့ ရက်ရှည်လများ နှင်းမုန်တိုင်းကျမှုများကို ကြုံတွေ့လာရပြီး ဖြစ်သည်။ စွမ်း အင် ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ရာ တွင် ကျောက်မီးသွေး လှိုင်လှိုင် သုံးစွဲသည့် တရုတ်ပြည်၌ ပိုမိုသိသာလေသည်။ ကျောက်မီးသွေးမှ ကာဗွန်ဓာတ်ငွေ့ ထုတ် လွှတ်မှုမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စသည်တို့မှ ထုတ်လွှတ်မှုထက် သိသိသာသာ များ ပြား၏။ ဥပဒေအရ တားဆီးပြဋ္ဌာန်းမှုများ ပြုလုပ်လာသော်လည်း လက်တွေ့ လိုက်နာမှုတွင် အကြီးအကျယ် လျစ်လျူရှုကြဆဲဖြစ်သည်။ အစိုးရအနေဖြင့်လည်း ပတ်ဝန်းကျင် ထိန်း သိမ်းရေးကိစ္စများမှ စီးပွားရေးတိုးတက်မှု လမ်းကြောင်း၏ ခလုတ်တံသင်း ဖြစ်လာခြင်းကို မမြင်လိုပါချေ။ အဆိုပါပြဿနာ၏အရေးကြီးမှုကို ထိပ်တန်းခေါင်းဆောင်များကပါ တစ်နေ့ တခြား ပိုမိုလက်ခံလာခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ရာ တရုတ်တို့အနေဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ အခြား သန့်ရှင်း သည့် အရင်းအမြစ်များမှ စွမ်းအင်ထုတ်လုပ်မှု တိုးတက်ရေးတို့ကို သတ်သတ်မှတ်မှတ် လုပ်ဆောင် လာသည်ကို တွေ့ရ၏။ ယခုအခါ တရုတ်ပြည်မှာ လေရဟတ်များမှ ဓာတ်အား ထုတ်လုပ်ခြင်း အပါအဝင် သန့်ရှင်းရင်းမြစ်မှ ထုတ်လုပ်သည့် စွမ်းအင် အသုံးပြုရာ၌ ကမ္ဘာ့ အကြီးဆုံး ဖြစ်လာ ခဲ့ပြီဖြစ်၏။ လေ၊ နေရောင်ခြည်နှင့် ဟိုက်ဒရိုဂျင်တို့မှ စွမ်းအင်ထုတ်လုပ်ရေး သုတေသန လုပ်ငန်းများတွင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများ ပုံအော စိုက်ထုတ်လာ သည်ကို တွေ့ရသည်။ မဝေးတော့သည့် အနာဂတ်တွင် ဆိုလာဆဲလ်များမှ လျှပ်စစ်ဓာတ် အား ထုတ်လုပ်နိုင်သည့် တီထွင်မှုများကို အမေရိကန် ပြည်ထောင်စုအစား တရုတ်ပြည်က ပိုမို ပြုလုပ်နိုင်လာမည်ဟုပင် အချို့က ခန့်မှန်းထားကြ၏။ အကြီးဆုံး တရုတ်မော်တော်ကား ကုမ္ပဏီကြီးနှစ်ခုက ဓာတ်ဆီ/လျှပ်စစ် နှစ်မျိုးစလုံးဖြင့် မောင်းနှင်နိုင်သည့်ယာဉ်များ (hy­brid cars) ကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ တရုတ်ပြည်၏ စီးပွားရေးဖွံ့ဖြိုးမှု၌ ခေတ် နောက်ကျခြင်း၊ ခေတ်မီခြင်း များ ရောပြွမ်းနေသကဲ့သို့ ၎င်း၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားထုတ်မှုများမှာလည်း အရောရောအထွေးထွေး ဖြစ်၍သာနေတော့သည်။ ၂ဝဝ၈ ခုနှစ် အိုလံပစ် အားကစားပွဲများ မတိုင်မီ ဘေဂျင်းမြို့တော်၏ စိတ်ပျက်ဖွယ်ရာ လေထုညစ်ညမ်းမှု ကို သန့်စင်ရေးအတွက် မြို့တွင်းသို့ ကားများ မဝင်ရဆိုသည့် ကန့်သတ်မှုမျိုးပင်တည်း။

Tuesday, October 23, 2012

တရုတ်ပြည်နှင့် အာဖရိက




 အောက်ပါစာစုမှာ “ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်” ဘာသာပြန်စာအုပ် အခန်း (၁၀) မှ ထုတ်နှုတ်တင်ပြ ထားချက်ဖြစ်ပါသည်။
 


တရုတ်တို့၏ မဟာဗျူဟာမြောက်အစီအစဉ်ကား အာဖရိကသို့ ထိုးဖောက်ရေးပင်ဖြစ်သည်။ တရုတ်တို့အနေဖြင့် အာဖရိကကို မျက်စိကျရခြင်းမှာ မထူးဆန်းလှ။ တရုတ်စီးပွားရေး တိုး တက်လာမှုကို လောင်စာဖြည့်ပေးရန် ကုန်ကြမ်းအမြောက်အမြား လို၏။ ၂ဝဝ၃ ခုနှစ် စာရင်းအရ တရုတ်ပြည်အနေဖြင့် ကမ္ဘာ့ရေနံစိမ်း သုံးစွဲမှု၏ ၇ ရာခိုင်နှုန်း၊ အလူမီနီယံ သုံး စွဲမှု၏ ၂၅ ရာခိုင်နှုန်း၊ စတီးပစ္စည်းများ၏ ၂၇ ရာခိုင်နှုန်း၊ သံရိုင်း ၃ဝ ရာခိုင်နှုန်း၊ ကျောက်မီး သွေးစုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းနှင့် ဘိလပ်မြေ၏ ၄ဝ ရာခိုင်နှုန်းကို သုံးစွဲခဲ့၏။ အခန်း (၆) တွင် ဆိုခဲ့ပြီးသကဲ့သို့ တရုတ်တို့မှာ ပြည်တွင်း၌ သဘာဝသယံဇာတ ရှားပါးလှသည်ဖြစ်ရာ အခြားနည်းလမ်းမရှိ။ ပြည်ပသို့ သာ အရှာထွက်ရတော့သည်။ အာဖရိကတိုက်မှာမူကား သဘာဝ သယံဇာတ ကြွယ်ဝလှ၏။ အရှေ့ အလယ်ပိုင်းဒေသကဲ့သို့ အမေရိကန်တို့၏ မျက်လုံးဒေါက်ထောက် စောင့်ကြည့်ခံနေရခြင်းလည်း မရှိ။

၂ဝဝ၆ ခုနှစ်သည်ကား တရုတ်-အာဖရိကဆက်ဆံရေး တံခွန်ထူနိုင်ခဲ့သောနှစ်ပင် ဖြစ်၏။ အာဖရိကမြို့တော်များအနှံ့ သမ္မတ ဟူဂျင်တောင်း လှည့်လည်ခဲ့ပြီး ထိုနှစ် နိုဝင် ဘာလတွင် အာဖရိက ၄၈ နိုင်ငံမှ နိုင်ငံ့အကြီးအကဲများအား ဘေဂျင်းသို့ ဖိတ်ခေါ်ကာ အကြီးမားဆုံးသော ထိပ်သီးညီလာခံတစ်ရပ် ကျင်းပနိုင်ခဲ့သည်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင် က ၂ဝ၁ဝ ပြည့်နှစ်တွင် တရုတ်-အာဖရိက ကုန်သွယ်မှု နှစ်ဆတိုးလာရေး ပြောခဲ့၏။ ဒေါ်လာ ၅ ဘီလီယံ တရုတ်-အာဖရိက ဖွံ့ဖြိုးရေးရန်ပုံငွေထူထောင်ကာ တရုတ်ကုမ္ပဏီများ အာဖရိကတိုက်တွင် ရင်းနှီးမြှုပ်နှံရေး အားပေးခဲ့သည်။ အာဖရိကရှိ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ များမှ ပို့ကုန်များအနက် အမျိုးအစားပေါင်း ၄၄ဝ ကို တရုတ်သို့ အခွန်လွတ် တင်သွင်းခွင့်ပြု ခဲ့သည်။

ကြွေးပြန်မဆပ်နိုင်သည့် အဆင်းရဲဆုံး အာဖရိကနိုင်ငံများ၏ တရုတ်ပြည်သို့ပေးရန် သက်တမ်းပြည့်ပြီးဖြစ်သော အကြွေးများကိုလည်း လျှော်ပစ်ခဲ့သည်။ သုံးနှစ်အတွင်း အာဖရိကနိုင်ငံများမှ အစိုးရအရာရှိပေါင်း ၁၅ဝဝဝ ကျော်ကိုလည်း တရုတ်ပြည်သို့ ခေါ်ယူ သင်တန်းပေးရန် ကမ်းလှမ်းခဲ့သည့်ပြင် တရုတ်စိုက်ပျိုးရေးကျွမ်းကျင်သူ ၁ဝဝ ကျော်ကို လည်း အာဖရိကနိုင်ငံများသို့ စေလွှတ်ခဲ့သည်။ အာဖရိက ကျေးလက်ဒေသများ၌ ဆေးရုံ ပေါင်း ၃ဝ ကျော်၊ ကျောင်းပေါင်း ၁ဝဝ ကျော်ကိုလည်း တည်ဆောက်ပေးခဲ့သည်။ တရုတ် တက္ကသိုလ်များတွင် တက်ရောက်နေကြသည့် အာဖရိကကျောင်းသားများအား တရုတ် အစိုးရက ပညာတော်သင်ကြေးပေးသည့် ဦးရေကို တစ်နှစ်လျှင် အယောက် ၂ဝဝဝ မှ ၂ဝဝ၉ ခုနှစ်တွင် ၄ဝဝဝ သို့ တိုးမြှင့်သွားရန် သဘောတူခဲ့သည်။ လက်မှတ်ထိုးခဲ့သော စီး ပွားရေးစာချုပ်များမှာလည်း မနည်းလှ။ အီဂျစ်တွင် အလျူမီနီယံစက်ရုံတည်ရေး၊ ဇမ်ဘီ ယာတွင် ကြေးနီစီမံကိန်း၊ တောင်အာဖရိကတွင် သတ္တုတူးဖော်ရေး စသည့် စီမံကိန်းကြီး များ ပါဝင်၏။

အာဖရိကမှ တရုတ်သို့ တင်ပို့ကုန်များ၏ ရာခိုင်နှုန်းထက်ဝက်ကျော်မှာ ရေနံဖြစ်၏။ ယခုအခါ အင်ဂိုလာနိုင်ငံသည် ဆော်ဒီအာရေဗျကိုကျော်ကာ တရုတ်သို့ ရေနံအများဆုံး တင်ပို့သူ ဖြစ်လာ၏။ တရုတ်ပြည် ရေနံတင်သွင်းမှု စုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းကို အာဖရိ ကမှ ရယူသည်။ သစ်တင်သွင်းမှု စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းမှာ အာဖရိကမှ ဖြစ်၏။ ၂ဝဝ၆ ခုနှစ်စာရင်းများအရ အမေရိကန်-အာဖရိက ကုန်သွယ်မှုမှာ ဒေါ်လာ ၇၁ ဒသမ ၁ ဘီလီယံ ရှိပြီး တရုတ်-အာဖရိက ကုန်သွယ်မှုမှာ ဒေါ်လာ ၅ဝ ဒသမ ၅ ဘီလီယံ အသီးသီးရှိ၏။ အနှေးနှင့် အမြန်ဆိုသလို တရုတ်ပြည်သည် အာဖရိက၏ အကြီးဆုံးကုန်သွယ်ဘက် ဖြစ် လာပေတော့မည်။

ယနေ့အခါ တရုတ်တို့ကို အာဖရိက၏နေရာတိုင်းလိုလို၌ တွေ့နိုင်သည်။ ဇမ်ဘီယာမှ တရုတ်စားသောက်ဆိုင်များ၊ ဗဟိုအာဖရိကမှ တရုတ်သစ်ထုတ်လုပ်သားများ၊ ဇင်ဘာဘွေ မှ တရုတ်ခရီးသွားများ၊ တောင်အာဖရိကမှ တရုတ်သတင်းစာများ၊ ဆူဒန်မှ တရုတ် ဘူမိ အင်ဂျင်နီယာများ၊ အာဖရိကတီဗွီအစီအစဉ်ထဲမှ တရုတ်လိုင်းများ စသည်တို့က တရုတ်တို့ ပျံ့နှံ့လာခြင်းကို သက်သေထူနေကြ၏။ အာဖရိကတွင် အကြီးစားနှင့် အလတ်စား တရုတ် ကုမ္ပဏီ ၉ဝဝ ကျော် ဝင်ရောက် လုပ်ကိုင်နေကြ၏။ ဈေးဆိုင်ရောင်းချခြင်း စသဖြင့် လုပ် ကိုင်ကြသည့် လုပ်ငန်းရှင် အသေးစားကလေးများမှာလည်း မနည်းလှချေ။ တရုတ်လက်လီ ဆိုင်များ မှိုလိုပေါက်လာပုံမှာ ဒေသခံများပင် စိုးရိမ်မကင်း ရှိလာရသည်အထိ ဖြစ်ခဲ့၏။ နမီးဘီးယားနိုင်ငံတွင် ပထမဆုံး တရုတ်ဆိုင်ကို ၁၉၉၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့၏။၂ဝဝ၄ ခုနှစ် တွင် ၂၂ ဆိုင်ဖြစ်လာပြီး ၂ဝဝ၆ ခုနှစ်တွင်မူ ၇၅ ဆိုင်ထက်မနည်း ရှိလာခဲ့သည်။ ဆီနီဂေါ နိုင်ငံ မြို့တော်ဒါကာတွင် အထင်ကရ လမ်းမကြီးတစ်လျှောက် တရုတ်ဆိုင်တန်းများ ရောင်းချနေကြသည်မှာ အရှည်မိုင်ဝက်ခန့်ပင် ရှိပေမည်။ အာဖရိကသို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်များတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင်သူများ၊ ဆောက်လုပ် ရေး အလုပ်သမားများ အပြည့်အကျပ် သွားလာနေကြ၏။ ယနေ့ အာဖရိကတွင် အနောက် တိုင်းသားလူဦးရေ တစ်သိန်းပတ်ဝန်းကျင် နေထိုင်ကြသော်လည်း တရုတ်လူဦးရေမှာ လေးသိန်းကျော်နေပြီ။ အချို့မှာ အမြဲတမ်း အခြေချရန် စိတ်ကူးကြသူများဖြစ်၏။

ယနေ့ခေတ် တရုတ်ရွှေ့ပြောင်းသူများမှာ ယခင် ၁၉ ရာစု၊ ၁၉၅ဝ-၆ဝ ပြည့်နှစ်များမှ ရေကြည်ရာ မျက်နုရာ ရှာဖွေသူများနှင့် မတူကြ။ ယနေ့ခေတ် ရွှေ့ပြောင်းသူများမှာ တရုတ်ပြည်အနှံ့အပြားမှ ဖြစ်ကြ ကာ ၎င်းတို့အား တရုတ်အစိုးရက အားပေးအားမြှောက် ပြုထားခြင်းပင် ဖြစ်သည်။ တိုးရစ်အဖြစ် ခရီးသွားကြသူ တရုတ်အရေအတွက်မှာလည်း မနည်းချေ။ အထူးသဖြင့် ကင်ညာ၊ ဂမ်ဘီယာ စသည့်နိုင်ငံများသို့ သွားကြခြင်းဖြစ်သည်။ မကြာမီတွင် အာဖရိကသို့ လာရောက်သည့် တရုတ်ခရီးသွား အရေအတွက်မှာ နှစ်စဉ်သန်း ၁ဝဝ ကျော်မည်ဟု ခန့်မှန်းထားကြသည်။ တရုတ်တို့ ပျံ့နှံ့လာမှုကို မြင်ရ သည့် အခြားနယ် ပယ်တစ်ခုမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်များပင် ဖြစ်၏။ ၂ဝဝ၂ ခုနှစ်တွင် အာဖရိကရောက် ကုလငြိမ်းချမ်းရေးတပ်များ၌ တရုတ်တပ်သားဦးရေ ၁၁ဝ သာ ရှိရာမှ ၂ဝဝ၆ ခုနှစ်တွင် ၁၂၇၁ ဦးအထိ တိုးလာခဲ့သည်။ ယနေ့အထိ တရုတ်တပ်သား ၃ဝဝဝ ကျော် ကုလငြိမ်းချမ်းရေးမစ်ရှင်အနေဖြင့် အာဖရိကသို့ သွားရောက် တာဝန်ထမ်းခဲ့ပြီး ဖြစ် သည်။

တရုတ်တို့ကြောင့် အာဖရိကတိုက်အပေါ် သက်ရောက်မှုသည် အများအားဖြင့် အပြု သဘောဆောင်သည်ဟုကား ဆိုနိုင်ပါ၏။ အာဖရိက၏ ပျမ်းမျှ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂ဝဝ၁ ခုနှစ်တွင် ၄ ဒသမ ၄ ရာခိုင်နှုန်း၊ ၂ဝဝ၅-ဝ၆ ခုနှစ်တွင် ၅-၆ ရာခိုင်နှုန်း၊ ၂ဝဝ၇ ခုနှစ် တွင် ၇ ရာခိုင်နှုန်း စသဖြင့် မြင့်တက်လာခဲ့သည်။ အကြောင်းရင်းများအနက် တရုတ်တို့မှ အာဖရိကထွက် အခြေခံ ကုန်ပစ္စည်းများကို တစ်နှစ်ထက်တစ်နှစ် တိုးတက်ဝယ်ယူလာခြင်းလည်း ပါဝင်သည်။ ထို့ပြင် တရုတ်ပြည်မှ တင်သွင်းလာသော ဈေးနှုန်းသက်သာသည့် လူ သုံးကုန်ပစ္စည်းများက ဒေသခံများကို အကျိုးဖြစ်စေခဲ့၏။ သို့ရာတွင် တောင်အာဖရိက၊ ကင်ညာ၊ မောရစ်သျှ စသည့်နိုင်ငံများမှ ထုတ်ကုန်များ မှာမူ တရုတ်ပစ္စည်းများနှင့် ရင်ဆိုင် ယှဉ်ပြိုင်ရကာ အရှုံးပေါ်ခဲ့ကြသည်။ တရုတ်ချည်ထည်များက အာဖရိက ချည်ထည်လုပ်ငန်းကို ဝင်ရောက်ထိုးဖောက်ခဲ့သည်။ စာရင်းချုပ်ရလျှင်မူ အာဖရိကနိုင်ငံများ အဖို့ အရှုံးထက် အမြတ်က ပိုများပါသည်။

အခြား အသိအမှတ်ပြုဖွယ်အချက်တစ်ခုမှာ အာဖရိကနိုင်ငံများအနေဖြင့် အနောက် နိုင်ငံများ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ စသည်တို့အား လုံးလုံးလျားလျား မှီခိုနေရခြင်းမှ ကင်းလွတ်ကာ ရွေးချယ်ခွင့် ရှိလာခြင်းပင်ဖြစ်၏။ ထင်ရှားသည့် ဖြစ်ရပ် တစ်ခုမှာ ၂ဝဝ၇ ခုနှစ်က အင်ဂိုလာနိုင်ငံအနေဖြင့် ချေးငွေအတွက် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့နှင့် ညှိနှိုင်းနေမှုကို ရုပ်သိမ်းကာ တရုတ်တို့နှင့် စာချုပ်ချုပ်ခဲ့ခြင်းပင် ဖြစ်သည်။ တရုတ်တို့က ပိုမိုသက်ညှာသည့် စည်းမျဉ်း များဖြင့် ငွေချေးခဲ့သည်ဟူ၏။ တတိယအချက် မှာ တရုတ်အကူအညီများသည် လမ်း၊ တံတား စသည့် အခြေခံတည်ဆောက်ရေးလုပ်ငန်း များ၊ ရုံးအဆောက်အအုံများ၊ နည်းပညာ စသဖြင့် အစုအဝေးနှင့် ပေးအပ်ခြင်း ဖြစ်သည် ဟူ၏။ အနောက်တိုင်း ရင်းနှီးမြှုပ်နှံမှုများမှာမူ ရေနံနှင့် အခြား အခြေခံ ထွက်ကုန်များကိုသာ အာရုံစိုက်သည်ဟု ဆိုကြသည်။

နောက်ဆုံးအချက်မှာမူ အကူအညီနောက်ကွယ်တွင် နိုင်ငံရေးအရ နှောင်ကြိုးတည်း ပါဝင်မှု နည်းပါးခြင်းပင် ဖြစ်၏။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ စသည်တို့ အနေဖြင့် နိုင်ငံခြား ကုန်သွယ်မှု လွတ်လပ်ခွင့်ပေးရေး၊ အစိုးရစွက်ဖက်မှု လျှော့ချရေး၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး စသဖြင့် သဘောတရားရေးရာ ပြဋ္ဌာန်းချက်များ ရှိသော်လည်း တရုတ်တို့၏အကူအညီမှာ ယင်းချုပ်နှောင်မှုများ နည်းပါးသည်။ အထူးသဖြင့် အနောက် နိုင်ငံများမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး စသဖြင့် ကန့်သတ်မှုများရှိချိန်တွင် တရုတ်တို့မှာ ယင်းသို့ တောင်းဆိုခြင်း မရှိ။ ထိုအချက်က တရုတ်တို့၏ သူတစ်ပါးအချုပ်အခြာကို လေး စားသည့်အချက်ကို အတည်ပြုလေသည်။ ၂ဝဝ၆ ခုနှစ်၊ ဧပြီလက တရုတ်သမ္မတ ဟူဂျင် တောင်းမှ နိုက်ဂျီးရီးယားလွှတ်တော်သို့ မိန့်ခွန်းပြောကြားရာတွင် “တရုတ်ပြည် အနေဖြင့် ၎င်းတို့၏အချုပ်အခြာကို ကာကွယ်လိုသည့် အာဖရိကနိုင်ငံများ၏ဆန္ဒကို ခိုင်ခိုင်မာမာ ထောက်ခံပါသည်။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင်လည်း နိုင်ငံအသီးသီး၏ အခြေ အနေအရ ၎င်းတို့ရွေးချယ်လိုသော လမ်းကြောင်းအတိုင်း လျှောက်ကြရန်ဖြစ်ပါသည်” ဟု ဆိုခဲ့လေ သည်။

ကမ္ဘာအရပ်ရပ်မှ ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင် အာဖရိကနိုင်ငံများအား ဆက်ဆံရာ ဝယ် တရုတ်နှင့် အနောက်နိုင်ငံများအကြား ချဉ်းကပ်ပုံ မတူကြချေ။ တရုတ်တို့၏ ဖွံ့ဖြိုးရေး ပုံစံမှာ အစိုးရက ဦးဆောင်သည့် စီမံကိန်းကြီးများချမှတ်ကာ အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ပါဝင်သည်။ အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပေးအပ်သည့် အကူအညီ၌ နှောင်ကြိုးရစ်ပတ်ထားမှု နည်းသည်။ ထို့ပြင် တရုတ်ပြည်စီးပွားရေး တစ်ဟုန် ထိုး တက်လာမှုနှင့် ဆင်းရဲမှုလျှော့ချလာနိုင်ခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိတ်ဝင် တစား လေ့လာစရာ ဖြစ်လာသည်။ အခြား အရေးကြီးသော လက္ခဏာတစ်ရပ်မှာ တရုတ် ပုံစံ၌ အစိုးရကို အင်အားတောင့်တင်းစွာ တည်ဆောက်ခြင်းနှင့် ဒီမိုကရေစီ စသည်တို့တွင် နှာစေးသည့်သဘောရှိရာ အာဏာရှင်များထွန်းကားသည့် အာဖရိကနိုင်ငံ များအကြား ဆွဲ ဆောင်မှုတစ်ရပ်လည်း ဖြစ်လာသည်။ တရုတ်ပညာရှင် ကျန်ဝေဝေကမူ တရုတ်ပုံစံ၌ အသွင်အပြင်အမျိုးမျိုး ပေါင်းစပ်ပါဝင်သည်ဟု ဆိုသည်။ Washington Consensus ဟုခေါ်ဝေါ်သည့် အနောက်နိုင်ငံများ၏ စီးပွားရေးရှော့ရိုက်သည့်ကုထုံးနှင့် ဆန့်ကျင်သည်။ အသင့်ရှိပြီးဖြစ်သော အဖွဲ့အစည်းများကိုအခြေခံကာ အဆင့်ဆင့် ပြောင်းလဲခြင်းကို အား ပေးသည်။ စီးပွားရေးအသွင်ပြောင်း မှုကို ပထမ၊ နိုင်ငံရေးပြောင်းလဲမှုကို နောက်မှထား သည့်ပုံစံ ဖြစ်သည်။ ယင်းကို Beijing Consensus ဟုလည်း ခေါ်ဝေါ်ကြသည်။ တရုတ်ပုံစံ၏ အကောင်းဆုံး မဟုတ်သော်လည်း လက်တွေ့ဆန်သည့် အချက်ကို အာရှကျားများ၏ အတွေ့အကြုံက ညွှန်ပြနေလေသည်။

တရုတ်-အာဖရိက ဆက်ဆံရေးနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် ရေရှည်အကျိုးရှိမည်၊ မရှိမည်ကို အဆုံးအဖြတ်ပေးရန်မှာ စောပါသေးသည်။ လက်ရှိအခြေအနေတွင် တရုတ်နှင့် အာဖရိကမှာ စီးပွားရေး အဆင့်အတန်းအရ၊ လူဦးရေအရ ကွာခြားလှသည်ဖြစ်ရာ တရုတ် ပုံစံ၊ အနောက်တိုင်းပုံစံ စသဖြင့် မည်သို့ပင်ခြားနားပါစေ အနောက်နိုင်ငံများနှင့် အာဖရိက ဆက်ဆံရေးတွင် ပေါ်ပေါက်ခဲ့သည့် စိန်ခေါ်မှုများကို တရုတ်-အာဖရိက ဆက်ဆံရေးတွင် ပြန်လည် ရင်ဆိုင်ရဖွယ်ရာ ရှိပါသည်။ အာဖရိက နိုင်ငံများအတွက် အန္တရာယ်ရှိလာနိုင် သည်မှာ (စက်မှုလုပ်ငန်းများ ထွန်းကားမလာဘဲ) ကုန်ကြမ်း တင်ပို့သူသက်သက်အဖြစ်သာ စာရင်းချုပ်ရမည့်အရေး ဖြစ်၏။ တရားမျှတမှု မရှိသည့် ကုန်သွယ်ရေး စာချုပ်များ၊ တရုတ် ပစ္စည်းများ၏ ယှဉ်ပြိုင်နိုင်မှု စသည်တို့ပေါ်တွင် ပြည်တွင်းမှ ခြစားမှုများ၊ စက်မှု လုပ်ငန်းများ ထူထောင်ရေးအတွက် ပြင်းပြသည့်အာသီသနည်းပါးမှု စသည်တို့ ထပ်ဆောင်းလာနိုင် သည်။ ၂ဝဝ၅ ခုနှစ်တွင် ဘေဂျင်းမြို့တော်၌ ကျင်းပသည့် ကွန်ဖရင့်တစ်ခုတွင် တောင် အာဖရိက ပညာရှင်တစ်ဦးဖြစ်သူ မိုလက်ဆီ ဘီကီ (Moeletsi Mbeki) က ဤသို့ ပြောကြား ခဲ့သည်။

“အာဖရိကက တရုတ်ကို ကုန်ကြမ်းတွေရောင်းပြီး တရုတ်က အာဖရိကကို ကုန်ချော ပစ္စည်းတွေ ပြန်ရောင်းတယ်။ ဒါဟာ အင်မတန်အန္တရာယ်ကြီးတဲ့ ညီမျှခြင်း ပါ။ ကိုလိုနီခေတ် ကိုပြန်ရောက်သွားတဲ့အတိုင်းပါပဲ။ လက်ရှိညီမျှခြင်းအတိုင်း ရေရှည် မှာ မဖြစ်နိုင်ပါဘူး။ အာဖရိက အနေနဲ့ သဘာဝ သယံဇာတတွေ မကုန်အောင် ထိန်း သိမ်းဖို့ လိုတဲ့အပြင် အနာဂတ်မှာ စက်မှုလုပ်ငန်းတွေ ကိုယ်တိုင်ကိုယ်ကျ ထူထောင် တဲ့အခါမှာ သုံးဖို့လည်း ချန်ထားရပါဦး မယ်။ နောက်တစ်ချက်က တရုတ်ပြည်ရဲ့ ပို့ကုန်အသားပေး ဗျူဟာကြောင့် အခြေအနေ အသင့်အတင့်ရှိတဲ့ အာဖရိကနိုင်ငံ အချို့က စက်မှုလုပ်ငန်းကလေးတွေ နိဂုံးချုပ်ကုန်တဲ့ ဖြစ်ရပ် ပါ။ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား အတွက်ဆိုရင် ဒီလမ်းစဉ်ကို ပြင်ဖို့လိုပါတယ်”

အထက်၌တင်ပြခဲ့သည့် မညီမျှမှုကို အကောင်းဆုံးထင်ဟပ်သည့် တိုင်းပြည်မှာ ဇင်ဘာဘွေပင် ဖြစ်မည်ထင်သည်။ ထိုနိုင်ငံ၏ စီးပွားရေး၌ တရုတ်တို့ကို ထင်ထင်ရှားရှား မြင်ရသည်။ မီးရထားပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး၊ ဇင်ဘာဘွေ လေ ကြောင်း၊ အမျိုးသားအသံလွှင့် လုပ်ငန်း စသည်တို့တွင် တရုတ်တို့သည် လုပ်ငန်းတစ်ခုလုံး အား ထိန်းချုပ်နိုင်သည့် အစုရှယ်ယာ ပမာဏကို ပိုင်ဆိုင်ကြ၏။ အခြားတစ်ဖက်၌မူ အာဖရိ က နိုင်ငံများနှင့် ဆက်ဆံရေးအတွက် တရုတ်တို့ ဘက်မှ စနစ်ကျနစွာ ပြင်ဆင်ထားသော် လည်း အာဖရိကနိုင်ငံများမှာမူ တစ်ယောက်တစ်ပေါက် ရှိသည့်ပြင် တရုတ်ပြည်အကြောင်း ကိုလည်း ကောင်းစွာ နားလည်ထားခြင်း မရှိကြချေ။ အန္တရာယ်ရှိ သည့် အလားအလာမှာ တရုတ်ပြည်သို့ သယံဇာတရောင်းချရေးကို သာသာထိုးထိုးဖြင့် စာချုပ်ချုပ်ခဲ့ကြ သည့် နိုင်ငံများအနေဖြင့် ကာလတိုအတွင်း ရရှိလာသည့်ဝင်ငွေကို လူတစ်စုအကျိုးအတွက်သာ အသုံးပြုလိုက်မည့် အရေးပင် ဖြစ်လေသည်

တရုတ်တို့ရောက်လာခြင်းအား အာဖရိကတိုက် အနှံ့အပြားတွင် စိတ်အားထက်သန်စွာ ကြိုဆိုကြသည်မှာ မှန်သော်လည်း စိုးရိမ်မကင်းဖြစ်သူများလည်း ရှိ၏။ ၂ဝဝ၆ ခုနှစ် တွင် ဇမ်ဘီယာနိုင်ငံ ၌ ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ၌ အတိုက်အခံ သမ္မတလောင်း မှာ တရုတ်ဆန့်ကျင်ရေးကို ပြင်းပြင်းထန်ထန်ကိုင်စွဲကာ ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ၎င်း၏ ကြွေးကြော်သံ မှာ “ဇမ်ဘီယာဟာ တရုတ်ရဲ့ပြည်နယ်တစ်ခုလို၊ ခရိုင်တစ်ခုလို ဖြစ်လာ နေပြီ” ဟူသတတ်။ ၎င်းသည် အဆိုပါ ရွေးကောက်ပွဲ၌ စုစုပေါင်း မဲအရေအတွက်၏ ၂၉ ရာ ခိုင်နှုန်း ရရှိခဲ့လေသည်။ အာဖရိကရောက် တရုတ်ကုမ္ပဏီများအပေါ် စောဒကတက်ခဲ့ကြ သည်များအနက် အဓိကတစ်ချက်မှာ ဝန်ထမ်းများ ခန့်ထားရာတွင် တရုတ်လူမျိုးများကိုသာ ခန့်ထားခြင်းဖြစ်သည်ဆို၏။ အချို့ကုမ္ပဏီများတွင် တရုတ်လူမျိုး ဝန်ထမ်းဦးရေမှာ ၇ဝ ရာ ခိုင်နှုန်းအထိပင် ရှိသည်ဟူလို။ အခြားကန့်ကွက်ချက်တစ်ခုမှာ တရုတ်လူမျိုး မန်နေဂျာများက ဒေသခံများအပေါ် အကောင်းမမြင်သည့်လက္ခဏာများ ပြသခြင်းဟု ဆိုကြသည်။ အထက်ပါ အချက်နှစ်ရပ်လုံး၏ အကြောင်းရင်းမှာ အခန်း (၈) ၌ တင်ပြခဲ့ပြီးသည့်အတိုင်း အသားအရောင် မည်းနက်သူများအပေါ် တရုတ်တို့၏ သဘောထားနှင့် သက်ဆိုင်မည်ဖြစ် သည်။

သို့ရာတွင် အာဖရိကရောက် တရုတ်တို့၏လုပ်ရပ်သည် အာဖရိက၏ အကျင့်ပျက် အစိုးရများအား ထောက်ပံ့သည့်ရာဇဝင် ရှိခဲ့သော အာဖရိကတိုက်ကို ကျွန်ပြုခဲ့ဖူးသည့် အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမကောင်းလျှင်သာ ရှိရမည်၊ ပိုမို ဆိုးဝါးသည်ဟုကား မဆိုနိုင်ပါချေ။ သီးခြားကိစ္စတစ်ခုမှာ အာဖရိကရောက် တရုတ်တို့သည်လည်း အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာခြင်း ဖြစ်၏။ နိုက်ဂျာမြစ်ဝကျွန်းပေါ်ဒေသ၊ အီသီယိုပီး ယား စသည့် အရပ်များတွင် ဖြစ်၏။ ဒေသတွင်းသို့ တရုတ်တို့ အရောက်အပေါက် များလာကာ သြဇာကျယ်ပြန့်လာ သည်နှင့်အမျှ အဆိုပါကိစ္စများကိုလည်း မလွှဲမရှောင်သာ ရင်ဆိုင်ရ တော့မည်ဖြစ်သည်။ တရုတ်တို့ အနေဖြင့် အာဖရိက၌သာမက ကမ္ဘာ့အခြားနေရာများတွင်ပါ ဂလိုဘယ်ပါဝါတစ်ခု၏အဖြစ်နှင့် တာဝန် ကို မလွှဲမရှောင်သာ ယူလာရမည်ဖြစ်ပါတော့ သည်။

တရုတ်တို့အနေဖြင့် အာဖရိကအပေါ် လျင်မြန်စွာ သြဇာဖြန့်ကြက်လာနိုင်ခြင်းကို ထောက်ပါက မကြာမီ ထိုဒေသတွင်း အင်အားကြီးအဖြစ် ရပ်တည်လာနိုင်မည့်အခြေ ရှိ လေသည်။ ယင်းအဖြစ်က အာဖရိကတိုက်တွင် သမိုင်းကြောင်း မကောင်းခဲ့သူ အနောက် နိုင်ငံများအား ခံစစ်အသွင်သို့ ရောက် သွားစေသည်။ လက်ရှိအနေအထားတွင် အာဖရိကသို့ တရုတ်တို့ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ၎င်းနှင့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများအကြား မည်သည့်တင်းမာမှုမျိုးမျှ မပေါ်ပေါက်သေးသော်လည်း အခြေ အနေအရ ပြောင်းလဲနိုင်သည်။ မကြာသေးမီက အမေရိကန် ပြည်ထောင်စုက အာဖရိက စစ်ဌာနချုပ်ကို ဖွဲ့စည်းထူထောင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ၎င်းအနေဖြင့် တရုတ်တို့ သြဇာပျံ့နှံ့လာခြင်းကို စိုးရိမ်ကြောင်း သိနိုင်သည်။ တရုတ်တို့အနေဖြင့်မူ တစ်ဖက်တွင် အာဖရိကနိုင်ငံများအား အနောက်နိုင်ငံများထက် ပိုမိုဆွဲဆောင်မှုရှိသည့် စီးပွားရေး စာချုပ် များဖြင့် သိမ်းသွင်းလာနိုင်သည့်နည်းတူ အခြားတစ်ဖက်တွင် အနောက်နိုင်ငံများကဲ့သို့ အတိတ်၏ နာမည်ဆိုး မရှိခဲ့ခြင်းက ၎င်းအား တစ်ပန်းသာစေသည်။ ဤနေရာ၌ တရုတ်တို့ ဘက်မှ ရေကြောင်းဗိုလ်ချုပ်ကြီး ချန်ဟဲ၏ ၁၅ ရာစု အရှေ့အာဖရိက ခရီးစဉ်ကို အထူး အလေးပေး ပြောဆိုတတ်ကြသည်။ တရုတ်တို့အနေဖြင့် အာဖရိကအပေါ် ဥရောပနိုင်ငံများ ကဲ့သို့ ကိုလိုနီပြုခြင်း၊ ငွေဝယ်ကျွန်များအဖြစ် ခေါ်ယူသွားခြင်း မပြုခဲ့။ ထို့ပြင် မော်စီတုန်း ခေါင်းဆောင်စဉ်နှစ် များက တရုတ်ပြည်မှာ (ကိုလိုနီလက်အောက်ခံ) အာဖရိကနိုင်ငံများ၏ လွတ်လပ်ရေး လှုပ်ရှားမှုများကို လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ ကိုလိုနီအဖြစ်ကို ကိုယ်တိုင်ကြုံဖူးသူ၊ ကိုလိုနီ ဘဝမှ ရုန်းကန်လွတ်မြောက်လာသူ၊ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်သူ တရုတ်ပြည်အနေဖြင့် အာဖရိကနိုင်ငံများနှင့် ပခုံးချင်းဖက် ပေါင်းသင်းနိုင် သည်မှာ အံ့သြဖွယ်ရာ မဟုတ်ချေ။ ၂ဝဝ၇ ခုနှစ်တွင် အာဖရိကနိုင်ငံ ၁ဝ ခု၌ ကောက်ယူ ခဲ့သည့် Pew Global Attitude Survey စစ်တမ်းအရ အာဖရိကတိုက်သားတို့အနေဖြင့် တရုတ်ပြည်အပေါ် အမေရိကန်ပြည်ထောင်စုထက် အဆများစွာ အကောင်းမြင်ကြခြင်း သည် ယင်းအချက်ကို ထောက်ခံသည့် ဥပမာတစ်ရပ်ပင် မဟုတ်ပါလော။

Saturday, October 20, 2012

ကွဲပြားခြားနားမှုနှင့် တရုတ်တို့၏အမြင်

အောက်ပါစာစုမှာ “ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်” ဘာသာပြန်စာအုပ်၊ အခန်း (၈) မှ ခေါင်းစဉ်ငယ်တစ်ခုကို ထုတ်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။

        တစ်နေ့တွင် တရုတ်ပြည်သည်လည်း အခြားသော မဟာအင်အားကြီး နိုင်ငံများကဲ့သို့ပင် ကမ္ဘာကြီးအား ၎င်း၏သမိုင်းကြောင်းနှင့် စံထားချက်များကို အခြေခံကာ ရှုမြင်လာတော့မည်ဖြစ်သည်။ သို့ရာတွင် စာရေးသူတို့၏ ကမ္ဘာကြီးကား ထွေလီကာလီ ခြားနား ဆန်းပြားလှသည် ဖြစ်ပေရာ တရုတ်ပြည်သာမက မည်မျှကျယ်ဝန်းလှသည့်တိုင်းပြည်ပင်ဖြစ်ပါစေ ကမ္ဘာကြီး၏ ကိုယ်စားပြု ပုံစံငယ်အဖြစ် အကြမ်းဖျင်းသဘော ရပ်တည်ရန်ပင် မဖြစ်နိုင်ပါချေ။ သို့ဖြစ်ရာ သူတစ်ပါးတို့၏ မွေးရာပါဖြစ်သည့် အမျိုးမျိုးသော ယဉ်ကျေးမှုများ၊ သမိုင်းကြောင်းများ၊ လူမျိုးစုများ၊ စံထားချက်များ စသည့် မတူကွဲပြားမှုအပေါ် တရုတ်တို့၏ သဘောထားမှာ သိသိသာသာ အရေးပါလာတော့မည် ဖြစ်သည်။ ၎င်းတို့နှင့်မတူ ခြားနားသူများအား တရုတ်တို့ မည်သို့ဆက်ဆံသနည်း။ ၎င်းတို့အပေါ် လေးစားသမှုဖြင့် မည်သို့ နားလည်ပေးမည်နည်း။ ယင်းမေးခွန်းများကား ဖြေဆိုရန် ခက်ခဲလှ၏။ ပထမအကြောင်းရင်းမှာ အိမ်နီးချင်းများနှင့် ဆက်ဆံရေးမှလွဲ၍ တရုတ်ပြည် သမိုင်းကြောင်း တစ်လျှောက်မှာ ကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက်နေခဲ့သောကြောင့် ပင်ဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာမူ ရိုးရိုးရှင်းရှင်းပင်ဖြစ်၏။ မေးခွန်းများ၏ အဖြေမှာ မကြုံရသေးသည့် အနာဂတ်တွင်သာ ရှိနေသောကြောင့်ပင်တည်း။ ယနေ့ တရုတ်ပြည်၏ ပြုမူချက်များက ယင်းအဖြေ၏ တစ်စိတ်တစ်ပိုင်းကိုသာ လှစ်ဟပြနေကြသည်။ ဤသည်မှာလည်း ၎င်း၏ မျက်မှောက်အင်အားကြီး အဆင့်အတန်းမှာ နောင်ဖြစ်လာမည့်အဆင့်၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးသောကြောင့် ဖြစ်၏။ သို့ရာတွင် ထိုမေးခွန်းများ၏ အဖြေအတွက် ရှေ့တွင် ဆွေးနွေးမည့်အချက်အချို့ကို ထည့်သွင်း စဉ်းစားနိုင်ပါသည်။
          
           လူမျိုးရေးနှင့်ပတ်သက်၍ တရုတ်တို့၏အတွေ့အကြုံမှာ သီးသန့်ထူးခြား၏။ တစ်ချိန်က လူမျိုးစုပေါင်းမြောက်မြားစွာ ကွဲပြားခဲ့ကြသည်မှာ မှန်သော်လည်း ယနေ့အခါ၌မူ တရုတ်လူမျိုး (ဟန်လူမျိုး) ကို လူမျိုးစုတစ်ခုတည်း အဖြစ်သာ မှတ်ယူကြ၏။ တိုင်းရင်းသားများဟု ခေါ်ဝေါ်ခံရသည့် လူနည်းစုလူမျိုးစုတို့မှာ လူဦးရေစုစုပေါင်း၏ ၉ ရာခိုင်နှုန်းမျှပင် မရှိချေ။ ဇီဝသိပ္ပံပညာရှင် ဝမ်ရှောင်ဒေါင် ပြောစမှတ်ပြုသကဲ့သို့ပင် “တရုတ်အချင်းအချင်းတွင် မူလမျိုးနွယ် အရင်းအမြစ် ကွဲပြားကောင်း ကွဲပြားနိုင်သော်လည်း ၉၅ ရာခိုင်နှုန်းသော တရုတ်တို့က ၎င်းတို့သည် မျိုးနွယ်တစ်ခုတည်းမှ ဆင်းသက်လာသည်”ဟု ယုံကြည်ကြ၏။ တရုတ်ပြည်၏ ရှည်လျားလှသော သမိုင်းကြောင်းတစ်လျှောက် ဖန်တီးမှုများ၏ ရလဒ်ပင်တည်း။ အကျိုးဆက်မှာ တရုတ်တို့အနေဖြင့် လူမျိုးစုကွဲပြားခြင်းကို အလေးမထား၊ လျစ်လျူရှုလာကြခြင်းပင် ဖြစ်တော့သည်။ လူနည်းစု လူမျိုးကွဲများအပေါ် အလေးပေး အသိအမှတ်ပြုမှု နည်းပါးခြင်း၊ အထင်အမြင်သေးခြင်း၊ တန်းတူနေရာမပေးလိုခြင်းများပင် ဖြစ်တော့သည်။ အိန္ဒိယအပါအဝင် ကမ္ဘာ့လူဦးရေအများဆုံး တိုင်းပြည်များဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ အင်ဒိုနီးရှား စသည်တို့တွင် မတူကွဲပြားသည့် လူမျိုးစုများ အတူတကွ နေထိုင်ကြခြင်းကို အသိအမှတ်ပြုရုံမျှမက ဂုဏ်ယူဝင့်ကြွားခြင်းပင် ရှိ၏။ တရုတ်ပြည်၌မူ တရားဝင်ကြေညာထားခြင်း မရှိသော်လည်း (လူများစု ဟန်တရုတ်တို့က) လူမျိုးတစ်မျိုးတည်း၏ တိုင်းပြည်အဖြစ် ခံယူထားသည့် ဆန့်ကျင်ဘက်သဘောကို တွေ့နိုင်လေသည်။
         
           “တရုတ်တွေက သူတို့ကိုယ်တိုင် လူမျိုးတစ်မျိုးတည်းလို့ ခံယူထားတော့ အခြားလူမျိုးတွေကိုလည်း သူတို့လိုပဲ ထင်ကြတယ်။ အိန္ဒိယတို့၊ အာဖရိကန်တို့ ဆိုတာလည်း သူတို့လို လူမျိုးတစ်မျိုးတည်းလို့ ထင်ထားကြတယ်” ဟု တရုတ်ပညာရှင် ဟွမ်ပင်းက သုံးသပ်ပြသည်။ သို့ဖြစ်ရာ ပြင်ပကမ္ဘာ၏ လူမျိုးရေး ကွဲပြားမှုသဘာဝမှာ တရုတ်တို့အဖို့ နားလည်ရခက်သည့် ပြဿနာတစ်ခု ဖြစ်လာခဲ့ လေတော့သည်။ တရုတ်ပြည်တွင်းမှ တိဗက်လူမျိုးစုများ၊ ဝီဂါများအပေါ် ဟန်တရုတ်တို့၏ သဘောထားနှင့် ဆက်ဆံပြုမူပုံများမှာ စာရေးသူတို့ သိပြီးပင်ဖြစ်သည်။ ဟွမ်ပင်းကမူ ဤသို့ ဝန်ခံ၏။

          “တရုတ်ပြည်ကား လေ့လာစရာများစွာ ကျန်သေးတော့သည်။ အခြေခံအကျဆုံးအနေဖြင့် ကျွန်တော်တို့ မည်သူမည်ဝါ ဖြစ်သည်၊ မည်သည့်အရပ်မှလာသည်၊ မည်သို့ဖြစ်ထွန်းလာသည် စသည့်အချက် များစွာကို လေ့လာရန်လိုပါသည်။ တရုတ်ဆိုသည့်အဖြစ်ကို အလိုအလျောက် ရလာသည်ဟု မမှတ်ယူသင့်ပါ။ ထိုအဖြစ်မှာ သမိုင်းတစ်လျှောက် လုပ်ဇာတ်ခင်းခဲ့ ကြသောကြောင့် သာ ဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် ပြင်ပကမ္ဘာသို့ သင်ခန်းစာတစ်ခုခု ပေးနိုင်ပါ၏။ သို့ရာတွင် ကျွန်တော်တို့ကိုယ်တိုင် သင်ယူစရာ မြောက်မြားစွာကို လေ့လာပြီးမှသာ ဖြစ်သင့်ပါသည်။”

        သို့ရာတွင် ရာစုနှစ်များချီကာ အမြစ်တွယ်ခဲ့သည့် အမြင်တစ်ခုကို ပြောင်းလဲရန်မှာ အချိန်တိုအတွင်း ဖြစ်နိုင်ဖွယ်ရာ မရှိချေ။ ပစ္စက္ခအခြေအနေ၌မူ လူမျိုးပေါင်းစုံတွင် တရုတ်တို့ကထိပ်ဆုံး၊ ထို့နောက် လူဖြူများ၊ ထို့နောက် အခြားလူမျိုးများ၊ အောက်ဆုံး၌ အသားအရောင် မည်းနက်သူများ စသဖြင့် ထူးခြားရှုပ်ထွေးလှသည့် တရုတ်တို့၏ လူမျိုးရေးအမြင်မှာ အားကောင်းမောင်းသန်ဖြင့် ကမ္ဘာကြီးအပေါ် သက်ရောက်ဖွယ်ရာ ရှိလေသည်။

          တရုတ်တို့၏ အခြားသော လက္ခဏာတစ်ရပ်မှာ ထက်သန်လွန်းသည့် မိမိကိုယ်မိမိ ယုံကြည်မှုပင်ဖြစ်၏။ ထိုင်ဝမ်မှ တရုတ်စာရေးဆရာ ဘိုယန်၏ ၁၉၈၆ ခုနှစ်ထုတ် “အရုပ် ဆိုးသည့် ကိုတရုတ်” (The Ugly Chinaman) အမည်ရှိ စာအုပ်မှာ တရုတ်ပြည်တွင်း၌ ခေတ်စားလှ၏။ ယင်းစာအုပ်တွင် တရုတ်တို့ကို အမြဲတမ်း အစွန်းနှစ်ဖက်အတွင်း ရွေ့လျားနေသူများ အဖြစ် ဖော်ပြထားသည်။

           “နာတာရှည်စွဲနေသည့် အောက်ကျနောက်ကျနိုင်မှုနှင့် လွန်လွန်ကဲကဲ ပလွှားမှုများအကြား ဖြစ်၏။ သိမ်ငယ်သည့်အခါများတွင် သူသည် ကျွန်တစ်ဦး ဖြစ်၏။ ပလွှားသည့်အခါများတွင်မူ သူသည် လူရမ်းကားတစ်ဦး ဖြစ်လေသည်။ သိမ်ငယ်သည့်အခါများတွင် မည်သူမဆို သူ့ထက်သာလွန်၏။ ပလွှားသည့်အခါ၌မူ ထိုနေ့အဖို့ သူနှင့် တူသူတန်သူ မရှိတော့ပြီတည်း” ဟူလို။

           ယင်းကား ရာစုနှစ်တစ်ခုကြာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရခြင်းက တရုတ်တို့၏ အဇ္ဈတ္တကို မည်မျှထိခိုက်စေခဲ့ကြောင်း ပြသခြင်းပင်တည်း။ မည်သို့ပင် ထိခိုက်ခဲ့ပါစေ တရုတ်တို့အနေဖြင့် လူသားမျိုးနွယ်၏ ထိပ်ဆုံးအဆင့်၌ ၎င်းတို့ရှိနေသည်ဟု ယုံကြည်ဆဲဖြစ်သည်မှာလည်း မှတ်သားစရာ ဖြစ်လေသည်။ အခြား ထိုင်ဝမ်စာရေးဆရာတစ်ဦးဖြစ်သူ လူလင်းကလည်း ဤသို့ မှတ်ချက်ပြုခဲ့သည်။ 

           “တရုတ်တို့အနေဖြင့် ၎င်းတို့မှာ အနောက် တိုင်းသားများ အပါအဝင် လူမျိုးအားလုံးထက် သာလွန်သည်ဟု မှတ်ယူကြသည်” ဟူသတတ်။ 

            မည်သည့်ဖွံ့ဖြိုးဆဲနိုင်ငံ၏ နိုင်ငံသားများမှ ဤသို့သော မိမိကိုယ်မိမိ သရဖူမကိုဋ် ဆောင်းထားသည့် ယုံကြည်မှုမျိုး မထားကြသည်မှာ အမှန်ပင်တည်း။ ထိုသို့ မိမိကိုယ်မိမိ အထင်ကြီးပလွှားမှုကို လူမျိုးရေးလက္ခဏာ သက်သက်အဖြစ် မမြင်အပ်ပေ။ လူမျိုးရေး အပါအဝင် နှစ်ထောင်ချီသယ်ပိုးလာ ခဲ့သည့် ယဉ်ကျေးမှုအစုအဝေး၏ ထင်ဟပ်ချက်တစ်ရပ် အဖြစ်သာ ရှုမြင်သင့်၏။ စာရေးသူတို့ လေ့လာခဲ့သည့်အတိုင်း သမိုင်းတစ်လျှောက် တရုတ်တို့မှ လူမျိုးခြားတို့အပေါ် သဘောထားမှာ ရံဖန်ရံခါ၌ တရုတ်နည်းအတိုင်း လိုက်နာကျင့်သုံးနိုင်စွမ်း မရှိသူများအဖြစ်လည်းကောင်း၊ ရံဖန်ရံခါ၌မူ သိမ်းသွင်းဆွဲဆောင် ကာ (တရုတ်လူမျိုးအဖြစ်) ဝါးမျိုရန် ဖြစ်နိုင်သည့်သူများအဖြစ်လည်းကောင်း တရုတ်တို့ကိုယ်တိုင်၏ မိမိကိုယ်ကို ယုံကြည်မှု အခြေအနေပေါ် မူတည်ကာ ပြောင်းလဲလေ့ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။ “တရုတ်” လူမျိုးဟု ဆိုခြင်းကပင် ရာစုနှစ်များစွာ ချဲ့ထွင်ခြင်းနှင့် သိမ်းသွင်းခြင်းတို့အပေါ်တွင် ကမ္ပည်းတပ်ခဲ့သည် မဟုတ်ပါလား။ တရုတ်နန်းရိုးမဟုတ်သည့် “ကျင်” (မန်ချူး) မင်းဆက်ကို ဥပမာကြည့်ပါ။ (တရုတ်) လူမျိုး ဖြစ်မှုမှာ ပုံသေအေးခဲနေခြင်း မဟုတ်ဘဲ တဖြည်းဖြည်း အမြစ်တွယ်ခြင်းနှင့် ရေရှည်တွင် ဝါးမျိုခြင်းအဖြစ် မြင်ရမည် ဖြစ်ပါသည်။

           အခြား လူသားမျိုးနွယ်များထက် သာလွန်မြင့်မြတ်သည်ဟူသော တရုတ်တို့၏ သဘောထားမှာ ကမ္ဘာကြီးအတွက်မူကား ပြဿနာတစ်ရပ် ပင် ဖြစ်ချေတော့သည်။ ထိုသဘောထားမှာ တရုတ်ပြည်ကြီး ဆင်းရဲကာ အင်အားချည့်နဲ့ချိန်၌ ပြဿနာရှိသကဲ့သို့ တရုတ်ပြည်ကြီး အင်အားတောင့်တင်းကာ ကမ္ဘာတစ်ခွင်သို့ သြဇာညောင်းလာချိန်၌လည်း ပြဿနာအကြီးအကျယ် ရှိလေသည်။ ဥရောပနှင့် အနောက်တိုင်းနိုင်ငံများ၌လည်း ထိုသို့သော သာလွန်မြင့်မြတ်သည်ဟူသည့် သဘောထားများ တရုတ်တို့နှင့် အပြိုင်ရှိသည်မှာ အမှန်ပင်။ သို့ရာတွင် တရုတ်တို့နှင့် အနောက်တိုင်း လူမျိုးကြီး အယူအဆများအကြား ခြားနားချက်နှစ်ခု ရှိသည်။ ပထမအချက်မှာ တရုတ်တို့၏ သွေးနားထင်ရောက်မှု သည် ပိုမိုရှည်လျားသော သမိုင်းကြောင်းရှိ၏။ အခြားအချက်တစ်ခုမှာ ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံကို တရုတ်တို့က ကိုယ်စားပြုထားခြင်းပင်တည်း။ ယင်းမှာ အမေရိကန်ပြည်ထောင်စု သို့မဟုတ် ဗြိတိန်တို့၏ ခေတ်အကောင်းဆုံး ကာလကထက် များစွာ သာလွန်လေသည်။ ထိုအသာစီးရမှုကြောင့် မဟာအင်အားကြီးတရုတ်တို့ကို မည်သို့ပြုမူစေမည်နည်း ဆိုသည့် မေးခွန်းမှာ လွန်စွာအရေးပါလေသည်။

            တရုတ်တို့အနေဖြင့် အင်အားကြီးနိုင်ငံအဖြစ် ကမ္ဘာ့ခေါင်းဆောင်ပိုင်း နေရာကို ရထိုက်သည် ဟု ယုံကြည်၏။ လွန်ခဲ့သောရာစုနှစ် နှစ်ခုကာလကိုမူ ၎င်းတို့၏ သမိုင်းကြောင်းမှ သွေဖည်သွားသော အစိတ်အပိုင်းအဖြစ် မှတ်ယူကြသည်။ သို့ဖြစ်ရာ အသစ်တက်လာသည့် တရုတ်ခေါင်းဆောင်တိုင်းက အတိတ်မှဖြစ်ရပ်ကို ပြန်လည်အဖတ်ဆယ်ရန်၊ တရုတ်ပြည်၏ ဂုဏ်သိက္ခာကို ပြန်လည်တင်မြှောက်ရန် သမိုင်းပေးတာဝန်အဖြစ် ကြိုးပမ်းလာခဲ့ကြ၏။ တရုတ်ပြည် ပြန်လည်မြှင့်တင်ရေးအတွေးအခေါ်ကို အတိအလင်းဖော်ထုတ်သူမှာ ထိပ်တန်းနိုင်ငံတကာဆက်ဆံရေး ပါရဂူ ရန်ရှုတောင်ပင် ဖြစ်၏။

           “တရုတ်ပြည် အခြေမြင့်လာခြင်းမှာ သဘာဝဖြစ်စဉ်ပါပေ။ တရုတ်တို့ကား သမိုင်းတစ်ခေတ်မှ ၎င်းတို့၏ အောင်မြင်မှုနှင့် ယဉ်ကျေးမှုကို ဂုဏ်ယူကြသူများ ဖြစ်၏။ လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်အတွင်း တရုတ်ပြည်မှာ မဟာအင်အားကြီးနိုင်ငံ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးပြီ။ တရုတ်တို့မှာ အတိတ်သမိုင်းအတွက် ဂုဏ်ယူသလောက် မျက်မှောက်ခေတ်တရုတ်ပြည်ကြီး၏ နိုင်ငံတကာအဆင့်ကို ကြည့်ကာ စိတ်မချမ်းမြေ့ဖြစ်ကြရသည်။ တရုတ်တို့အနေဖြင့် တရုတ်ပြည် အခြေမြင့်လာခြင်းသည် အသစ်ရရှိလာခြင်း မဟုတ်။ နိုင်ငံတကာစင်မြင့်သို့ တစ်ဖန် ပြန်ရောက်ရှိလာခြင်းဟုသာ မှတ်ယူကြ၏။”

            သို့ဖြစ်ရာ တရုတ်ပြည်မြင့်တက်လာခြင်းနှင့် နံပါတ်တစ်နေရာသို့ ပြန်လည်ရယူခြင်းမှာ သမိုင်း၏ ရှောင်လွှဲ၍ မရနိုင်သော ဖြစ်စဉ်တစ်ရပ်ဟုသာ ၎င်းတို့အနေဖြင့် မှတ်ယူကြလေသည်။ တရုတ်တို့၏ ကွဲပြားခြားနားခြင်းအပေါ် ရှုမြင်ပုံ၊ အပေါ်စီးမှစိတ်ထား၊ ကြီးကျယ်မြင့်မြတ်လိုမှု တို့၏ ရေသောက်မြစ်များမှာ နှစ်ပေါင်းထောင်ချီ တည်ဆောက်လာသည့် ယဉ်ကျေးမှုနိုင်ငံတော်၌ အခြေတည်ခဲ့ခြင်းဖြစ်၏။ ယင်းတို့အနက် ပထမတစ်ခုမှာ တရုတ်တို့သည် ယဉ်ကျေးမှုအရာ၌ အထက်တန်းကျသူများဟူသော ခံယူချက်ပင်ဖြစ်၏။ ဒုတိယတစ်ခုမှာ ၎င်းတို့သည် သာလွန်မြင့်မြတ်သော အမျိုးအနွယ်ဖြစ်သည် ဆိုခြင်းပင်။ ထိုခံယူချက်များကပင် ဇမ္ဗူဒီပါ၏ အလယ်ဗဟို နိုင်ငံတော်ဆိုသည့် စိတ်ဘဝင်ကို ဖော်ညွှန်းနေကြခြင်း မဟုတ်ပါလား။
  
         ထိုရှေးကျလှသည့် အယူအဆကား ရှေးဟောင်း အီဂျစ်၊ ဂရိနှင့် ရောမနိုင်ငံတော်များမှ အမြင်များနှင့် ခေတ်ပြိုင်ပင် ဖြစ်ချေတော့၏။ သို့ရာတွင် အတိတ်မှ ရွှေခေတ်ကို အနာဂတ် အတွက် နည်းပေးလမ်းပြအဖြစ် ခံယူရန် မျက်မှောက်ခေတ် အီဂျစ်လူမျိုးများ၊ ဂရိသို့မဟုတ် အီတာလျံတို့အနေဖြင့် စိတ်ကူးထဲပင် ထည့်ကြမည် မဟုတ်ချေ။ ဤနေရာ၌ တရုတ်တို့၏ ခံယူချက် ပြောင်းပြန်ကျပုံမှာ ဆန့်ကျင်ဘက် ကွက်တိဟုပင် ဆိုနိုင်လေသည်။ ထိုခံယူချက်က ထူးခြားလှသည့် တရုတ်သမိုင်း၏ ကြံ့ကြံ့ခံ အရှိန်အဝါကြီးမှုကို ဖော်ပြနေသည့်အပြင် ထိုသို့သောအမြင်များ မကြာမီအနာဂတ်တွင် ပြောင်းလဲသွားရန် ဖြစ်နိုင်ခြေမရှိကြောင်းကိုပါ ညွှန်ပြနေကြလေသည်။ တရုတ်ပြည် အခြေမြင့်လာခြင်းက ယင်းသဘောထားကို ပိုမိုခိုင်မာစေရန် တွန်းအားပေးသကဲ့သို့ပင် ရှိတော့သည်။

           တရုတ်ပြည်အပေါ် အနောက်တိုင်းမှ သုံးသပ်ချက်များ၏ ပြဿနာမှာ တရုတ်ပြည်၏ နိုင်ငံရေး စနစ် (ဒီမိုကရေစီ အခွင့်အရေးများ နည်းပါးခြင်းနှင့် ကွန်မြူနစ်စနစ်ဖြစ်နေခြင်း) အပေါ် အထူးပြုထားခြင်းပင် ဖြစ်၏။ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်မှုကို ထည့်တွက်ထားသော်လည်း မဆိုစလောက်သာဖြစ်၏။ အမှန်၌ တရုတ်ပြည် အခြေမြင့်လာခြင်းမှ ပေါ်ထွက်လာမည့် စိန်ခေါ်မှုမှာ အခြားမျက်နှာစာများထက် မိမိကိုယ်မိမိ ဇမ္ဗူဒီပါ၏ အလယ်ဗဟို နိုင်ငံတော်ဖြစ်သည် (ဝါ) အခြားသူတို့ထက် သာလွန်မြင့်မြတ်သည် ဟူသည့် သဘောထားကို အခြေခံသော ယဉ်ကျေးမှုပိုင်းဆိုင်ရာ စိန်ခေါ်မှုပင် ဖြစ်နိုင်လေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် တရုတ်ပြည် အခြေမြင့်လာခြင်းမှ ပေါ်ထွက်လာသည့် ဖြေဆိုရန်အခက်ခဲဆုံးမေးခွန်းမှာ “ဒီမိုကရေစီ ဖြစ်ထွန်းလာနိုင်၊ မလာနိုင်” ဆိုခြင်းမဟုတ်။ “ကွဲပြားခြားနားမှုကို တရုတ်တို့ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း” ဆိုသည့် မေးခွန်းသာလျှင် ဖြစ်တော့သည်။

            ဥရောပနိုင်ငံများ အခြေမြင့်လာစဉ်က ရေကြောင်းချဲ့ထွင်မှု၊ ကိုလိုနီပြုခြင်းများဖြင့် အင်အားပြခဲ့ကြ၏။ အမေရိကန်တို့ တစ်ခေတ်ထွန်း လာသည့်အခါ လေကြောင်းအသာစီးရမှု၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိုးမိုးနိုင်မှု တို့ဖြင့် အင်အားပြခဲ့သည်။ ယခု တရုတ်တို့ကလည်း ပုံစံအသစ်ဖြင့် ပါဝါပြဦးမည်မှာ အသေအချာပင်ဖြစ်၏။ စကြဝဠာလုံးဆိုင်ရာ အယူအဆ၊ ယဉ်ကျေးမှုဖြန့်ချိရေး စသည်တို့တွင် အနောက်တိုင်းနှင့် ဆင်တူမှုများ ရှိသော်လည်း တရုတ်တို့၏ ထုံးတမ်းများမှာ သိသိသာသာ ခြားနားလှ၏။ တရုတ်တို့၏ လောကအမြင်၌ လူမျိုး၊ ယဉ်ကျေးမှု အတန်းအစား အနိမ့်အမြင့်ကို နက်နက်ရှိုင်းရှိုင်း လက်ခံထားလေရာ တရုတ်ပြည်ကြီး ဂလိုဘယ်ပါဝါအဖြစ် အခြေမြင့်တက်လာခြင်းကြောင့် စာရေးသူတို့ ကမ္ဘာကြီးတွင် ယဉ်ကျေးမှုနှင့် လူမျိုးရေးဆိုင်ရာဝါစဉ်များ တရုတ်တို့၏ရှုမြင်ပုံအတိုင်း ပြောင်းလဲဖြစ်ထွန်းလာရန် ရှိလေသည်။ ကမ္ဘာ့တိုက်ကြီးများ၊ နိုင်ငံများအား တရုတ်ပြည်၏စက်ဝန်းအတွင်း တစ်စစသိမ်းသွင်းလာသည်နှင့်အမျှ (စကားချပ်။ အာဖရိကတိုက်မှာ ထိုအခြေသို့ ဆိုက်နေပြီးဖြစ်၏။ စာရေးသူ) ထိုနိုင်ငံများ အနေဖြင့် တောင့်တင်းလှသည့် တရုတ်အင်ပါယာ၏ စီးပွားရေးအဖြည့်ခံအဖြစ်သာမက ယဉ်ကျေးမှုနှင့် အမျိုးအနွယ်ဆိုင်ရာတို့တွင် တရုတ်တို့ ရှုမြင်ထားသည့် အနိမ့်အမြင့်ပုံစံအတိုင်း လက်ဝေခံများအဖြစ် ပါဝင်လာရန်သာ ရှိပါသတည်း။

တရုတ်ပြည်နှင့် ဒီမိုကရေစီ

အောက်ပါစာစုမှာ “ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်” ဘာသာပြန်စာအုပ်၊ အခန်း (၇) မှ ခေါင်းစဉ်ငယ်တစ်ခုကို ထုတ်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။




အနောက်နိင်ငံများအနေဖြင့် တိုင်းပြည်တစ်ခု၏နိုင်ငံရေးကိုလေ့လာရာတွင် ယင်းတိုင်းပြည်အစိုးရမှ ဒီမိုကရေစီကျကျ အုပ်ချုပ်ခြင်းရှိမရှိ၊ ပါတီစုံစနစ်ကျင့်သုံးမှုရှိမရှိ စသည့်ပေတံများဖြင့် တိုင်းထွာလေ့ရှိကြသည်။ လွန်ခဲ့သည့် အနှစ် ၅၀ အတွင်း ဒီမိုကရေစီဟု တစ်နည်းနည်းဖြင့် သတ်မှတ်နိုင်သည့်နိုင်ငံများ အရေအတွက်သိသိသာသာ တိုးပွားလာသော်လည်း အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဗဟိုအာရှနှင့် တရုတ်ပြည်စသည့် ကမ္ဘာ့အရေးပါသောဒေသများမှာမူ ချွင်းချက်အဖြစ် ဒီမိုကရေစီစာရင်း မ၀င်သေးသည်ကို တွေ့ရသည်။ ဒီမိုကရေစီအခွင့်အရေးများမှာ အချိန်အခါသင့်၍ ယဉ်ကျေးမှုရေခံမြေခံ၌ အမြစ်တွယ်ပေါက်ဖွားနိုင်ပါက လိုလားအပ်သော အရာဖြစ်ကြောင်း ယုံမှားဖွယ်ရာမရှိပါချေ။ သို့ရာတွင် ဆိုက်မတူသည့် သူတစ်ပါးအင်္ကျီကို အငှားဝတ်မိသကဲ့သို့ဖြစ်ပါက ရလဒ်မှာ အကျိုးထက်အပြစ်က ပိုများရန်ရှိလေသည်။ အင်္ဂလိပ်-အမေရိကန် သေနတ်ပြောင်းအောက်မှ အဓမ္မပြဋ္ဌာန်းယူခဲ့သည့် အီရတ်နိုင်ငံ၏ ဒီမိုကရေစီနှင့် နောက်ဆက်တွဲများကို နမူနာကြည့်ပါ။ ဒီမိုကရေစီကား လေဖမ်းဒန်းစီး၍ မရနိုင်သော အရာဖြစ်ပါ၏။ 

          နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှုတို့နှင့်  ဆက်စပ်ခံယူခြင်းမဟုတ်ပဲ ဒီမိုကရေစီသာ အရေးအကြီးဆုံးဟု ဆိုပါက ယင်း၏ကောင်းကျိုးများကို မခံစားရသည်သာမက ဘေးဆိုးပင် ကြုံရနိုင်လေသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေး ပုံမှန်ဖွံ့ဖြိုးတိုးတက်ရေး၊ (လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံဖြစ်ပါက) တိုင်းရင်းသားအချင်းချင်း ညီညွတ်မျှတရေး၊ အကျင့်ပျက်ချစားမှုလျှော့ချရေး၊ ဥပဒေစိုးမိုးတည်ငြိမ်ရေးတို့မှာ ဒီမိုကရေစီထက် ပို၍ အရေးမကြီးလျှင်ပင် ယုတ်စွအဆုံး တန်းတူအရေးပါသည့် ကိစ္စများဖြစ်ပါသည်။ ဒီမိုကရေစီ ဆိုသည်ကား သမိုင်းကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အနေအထားတို့နှင့် ဆက်စပ်ရှုမြင်ရမည့် အရာဖြစ်ပါ၏။

            စီးပွားရေးတာထွက်နိုင်မှု၏ အရေးပါပုံကို ယနေ့ဒီမိုကရေစီတိုင်းပြည်ကြီးများ၌ပင် နားလည် သဘောပေါက်သူ နည်းပါးလှသည်။ ဗြိတိန်၏စက်မှုတော်လှန်ရေးမှာ ၁၈ ရာစု နှောင်းပိုင်းနှင့် ၁၉ ရာစု အစပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့၏။ ယင်းကာလ ၁၈၅၀ ပြည့်နှစ်၌ ဗြိတိန်ရှိ အမျိုးသားဦးရေ၏ ငါးပုံတစ်ပုံသာ မဲပေးခွင့်ရကြသည်။ ၁၈၈၀ ပြည့်နှစ်များ အရောက်မှသာ အမျိုးသားအားလုံး မဲပေးခွင့် ရရှိလာခြင်း ဖြစ်သည့်အပြင် စက်မှုတော်လှန်ရေးစတင်အပြီး နှစ်ပေါင်း ၁၃၀ ကျော်အကြာ ၁၉၁၈ ခုနှစ် ရောက်မှသာလျှင် အသက် ၃၀ နှစ် နှင့်အထက်အမျိုးသမီးများ မဲပေးခွင့်ရလာကြခြင်းဖြစ်သည်။ အခြားသော အနောက်ဥရောပနိုင်ငံများ၌လည်း ထိုနည်းနှင်နှင်ပင်။ စီးပွားရေးတာထွက်ခဲ့ပြီးမှ ဒီမိုကရေစီ အခွင့်အရေးများ ရလာခြင်းဖြစ်သည်။ စက်မှုတော်လှန်ရေးကာလအတွင်း ဥရောပနိုင်ငံ အများစု၏ အုပ်ချုပ်မှုပုံစံမှာ သက်ဦးဆံပိုင်ဘုရင်စနစ် သို့မဟုတ် ပါလီမန်ဘုရင်စနစ်သာ ရှိခဲ့သည်။

            အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီအတွေ့အကြုံမှာ တစ်နည်းတစ်ဖုံကွဲပြားသည်။ လူဖြူအမျိုးသား အများစုမှာ ၁၈၆၀ ပြည့်နှစ်ကတည်းကပင် မဲပေးပိုင်ခွင့်ရှိကြ၏။ လူမည်းတို့မှာမူ ၁၉၆၅ ခုနှစ် နောက်ပိုင်းမှသာ ထိုအခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့ကြခြင်းဖြစ်သည်။ အမျိုးသမီးမဲပေးခွင့် မှာလည်း ၁၉၂၀ ပြည့်နှစ်နောက်ပိုင်းမှသာ ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်ရာ အမေရိကန်စီးပွားရေး တာထွက်လာ သည့်နှစ်များ၌ မဲပေးခွင့်ရှိသူများမှာ လူနည်းစုသာဖြစ်ကြောင်း သိသာလေသည်။ ဂျပန်၌လည်း အမျိုးသားအားလုံး တန်းတူအခွင့်အရေးကို မေဂျီပြုပြင်ရေးများ အရှိန်ရပြီး နှစ်ပေါင်းများစွာအကြာ ၁၉၂၅ ခုနှစ်မှသာ ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။  အနောက်နိုင်ငံများ မကြာခဏပြောဆိုလေ့ရှိသည့် ဒီမိုကရေစီအခွင့်အရေးသည် တိုးတက်မှုအဆင့်အတန်းနှင့်မဆိုင် ကမ္ဘာလုံးဆိုင်ရာစံထားချက်ဖြစ်သည် ဆိုသည့်အချက်မှာ ကြောင်သူတော်၏သီလစကားပင် ဖြစ်သတည်း။  

            အာရှကျားများကိုလည်းကြည့်ပါဦး။ တောင်ကိုရီးယားနှင့် တိုင်ဝမ်တို့ကို အမြှော်အမြင်ရှိသည့် စစ်အာဏာရှင်များမှ အုပ်ချုပ်ခဲ့ခြင်းဖြစ်၏။ ဟောင်ကောင်မှာ စီးပွားရေးတာထွက်စဉ်ကာလက ဗြိတိသျှကိုလိုနီဖြစ်ခဲ့၏။ စင်ကာပူကား အာဏာရှင်တစ်ပိုင်း၊ စည်းမျဉ်းခံဒီမိုကရေစီတစ်ပိုင်းဖြစ်၏။ ယခုအခါထိုနိုင်ငံများတွင် စီးပွားရေးတိုးတက်မှု၊ လူနေမှု အဆင့်အတန်း စသည်တို့မှာ အနောက်နိုင်ငံများ အဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ တောင်ကိုရီးယား၊ တိုင်ဝမ်တို့တွင် လူတိုင်းမဲပေးခွင့်၊ ပါတီစုံထူထောင်ခွင့်အပါအ၀င် ဒီမိုကရေစီအခွင့်အရေးများ တိုးတက်ပြဋ္ဌာန်းနိုင်သည့် အခြေသို့ ရောက်ခဲ့ကြပြီးဖြစ်၏။ စင်ကာပူ၏ အုပ်ချုပ်ရေးစနစ်မှာမူ ယခင်ပုံစံအတိုင်း ဆက်လက် တည်ရှိသည်။  ဟောင်ကောင်မှာ ၁၉၉၇ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်ပြည်နှင့် ပြန်လည်ပေါင်းစည်းခဲ့ပြီး ဒီမိုကရေစီအခွင့်အရေးများကို အကန့်အသတ်ဖြင့်သာ ရရှိနေ၏။ ဂျပန်အပါအ၀င် အာရှကျားတို့၏ ဥပမာများက စက်မှုလုပ်ငန်းများထူထောင်နိုင်ခြင်း၊ စီးပွားရေးချောင်လည်လာခြင်း စသည့် အခြေအနေများသည် ယေဘူယျအားဖြင့် ဒီမိုကရက်တစ်ပုံသဏ္ဌာန်များ ဖြစ်ထွန်းလာခြင်းကို အထောက်အကူပြုကြောင်း ညွှန်ပြနေကြသည်။

            သို့ဖြစ်ရာ ယနေ့တရုတ်ပြည်၌ ပါတီစုံစနစ်၊ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအခွင့်အရေးများအတွက် အဆင်သင့်ဖြစ်နေပြီဆိုခြင်းမှာ မပြည့်စုံသောအမြင်ဖြစ်လေသည်။ လက်တွေ့တွင်တရုတ်ပြည်မှာ စက်မှုတော်လှန်ရေး၏ လမ်းခုလတ်၌သာရှိသေး၏။ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ တောရွာများ တွင် နေထိုင်လုပ်ကိုင်ကြရဆဲဖြစ်သည်။ ဤနေရာတွင် အိန္ဒိယပြည်ကြီးမှာ တရုတ်ပြည်နှင့်စာလျှင် တိုးတက်မှု နိမ့်ပါးသော်လည်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည်ကို ညွှန်ပြနိုင်သည်။ သို့ရာတွင် အိန္ဒိယကား သမိုင်း၏ချွင်းချက်ပင်ဖြစ်တော့သည်။ ဒီမိုကရေစီအခြေမကျသေးသည့် အင်ဒိုနီးရှားကိုလည်း အလားတူအဖြစ် ညွှန်ပြနိုင်သည်။ သို့ရာတွင် ယနေ့တရုတ်အစိုးရ၏ ပထမဦးစားပေးမှာ စီးပွားရေးဖွံ့ဖြိုးရန်ဖြစ်ပေရာ အခြားကိစ္စများအတွက် အာရုံလွဲချော်စဉ်းစားမည် မဟုတ်ချေ။ သမိုင်းကြောင်းအရလည်း တရုတ်ပြည်သူများအဖို့ စီးပွားရေးအရရပ်တည်နိုင်ရေး၊ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေးမှာ ပဓာနအကျဆုံးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ပြည်သူတို့၏ သဘောထားမှာ အစိုးရ၌ထင်ဟပ်သည်ဟု ပြောနိုင်၏။ ပညာရှင်အများကောက်ချက်ချသကဲ့သို့ပင် တရုတ်ပြည်တွင်း၌အခြေခံသည့် ဒီမိုကရေစီရေးတောင်းဆိုမှုများမှာ မဆိုစလောက်သာဖြစ်လေသည်။

            တရုတ်ပြည်တွင်း၌ အနောက်တိုင်းဒီမိုကရေစီပုံစံကို တောင်းဆိုမှုများမှာ မဆိုစလောက်သာ ရှိသော်လည်း အောက်ခြေမှစကာ ပြည်နယ်အဆင့်၊ ဗဟိုအဆင့်ထိ အစိုးရအဖွဲ့အစည်းများ၏ လုပ်ရပ်များ စာရင်းအင်းနှင့် တိတိကျကျရှိရန် တောင်းဆိုသံများမှာမူ ကျယ်သည်ထက် ကျယ်လောင် ၍သာ လာနေသည်။ သို့ဖြစ်ရာ စာရေးသူတို့အနေဖြင့် တရုတ်ပြည်၏ ဒီမိုကရေစီမေးခွန်းကို မည်သို့ ချဉ်းကပ်မည်နည်း

             ယနေ့တရုတ်ပြည်အနေဖြင့် စီးပွားရေးတာထွက်သည်မှာ လမ်းခုလတ်ရောက်ပြီဟုဆိုနိုင်၏။ သို့သော်နောင်အနာဂတ် အနှစ် ၂၀ တွင် တရုတ်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းခွင် ၌သာ ရှိနေဦးမည်ဟုခန့်မှန်းကြသည်။ လက်ရှိပုံစံအတိုင်း စီပွားရေးဆက်လက်ဖွံ့ဖြိုးပြီး နိုင်ငံရေး တည်ငြိမ်ပါက ဒီမိုကရေစီသို့ဦးတည်သည့်ပြုပြင်မှုများ ထိုကာလအတွင်း ဖြစ်ထွန်းလာမည်ဟု မျှော်လင့် နိုင်ပါ၏။ တစ်ဆက်တည်းမှာပင် တရုတ်ပြည်၏ နိုင်ငံရေးနောက်ခံသမိုင်းကြောင်းအရ ဒီမိုကရေစီ လိုလားသည့်ပုံစံ၊ ဒီမိုကရေစီသို့ တူရူသည့်ပုံစံများ မရှိခဲ့သည်ကို မေ့မထားသင့်ပေ။ လျော့တိလျော့ရဲ စာရင်းဇယားစနစ်သာလျှင် ရှိခဲ့၏။ တိုင်းသူပြည်သားတို့အရေးထက် နိုင်ငံ့အရေးကဦးစားပေးဖြစ်၏။ အစိုးရအနေဖြင့် ကိုယ့်လုပ်ရပ်ကိုတာဝန်သိရန်၊ လောကပါလနှင့်အညီအုပ်ချုပ်ရန်ကား လိုအပ်လေသည်။ အချုပ်ဆိုရလျှင် တရုတ်အစိုးရ၏ လက္ခဏာများတွင် ကွန်ဖြူးရှပ်အဆုံးအမများမှ ဆင်းသက်လာသည့် တည်ကြည်ဖြောင့်မှန်ရန်၊ သစ္စာရှိရန်၊ စိတ်ချယုံကြည်ရရန်၊ တစ်သဝေမတိမ်းဆောင်ရွက်ရန် စသည်တို့ ပါဝင်လေသည်။ ကွန်မြူနစ်စံထားချက်များကား ပါလေဟန်သာဖြစ်ပါ၏။ လွတ်လပ်သည့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်၊ အရပ်ဘက်လူ့ဘောင် လှုပ်ရှားမှုမှာလည်း အစဉ်အလာရှိခဲ့သည်မဟုတ်ချေ။ ပါဝါမှာအစိုးရ၏လက်ထဲ၌ပင် လုံးလုံးလျားလျား ရှိ၏။ နယ်ပယ်အသီးသီးတွင် ၀ါသနာတူရာအစုအဖွဲ့များ အသီးသီး အသက အသက ရှိကြသော်လည်း အစိုးရနှင့်နားလည်မှုရယူရေးကိုသာ သိုသိုသိပ်သိပ် ဆောင်ရွက်လိုကြသည်။ မိမိတို့ယုံကြည်သည်များ ကို အစိုးရထံမှ မျက်နှာချင်းရင်ဆိုင်ကာ တောင်းဆိုရမည့်အစား ပါဝါရှိသူများနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှု ရယူကာ ဆောင်ရွက်လိုကြသည်

            တရုတ်ပြည်၏ ဒီမိုကရေစီမေးခွန်းကို ပိုမိုရှုပ်ထွေးစေသည့်ကိစ္စနှစ်ရပ်မှာ တိုက်ကြီးတစ်မျှ ကြီးမားလှသော ဧရိယာအကျယ်အ၀န်းနှင့် လူမျိုးရေး ကွဲပြားခြားနားမှုများပင်ဖြစ်သည်။ ယနေ့အထိ ရှိပြီးဖြစ်သည့် ဒီမိုကရက်တစ်အုပ်ချုပ်ရေးမှာ နိုင်ငံတစ်ခု၏ နယ်နိမိတ်အတွင်းမှ ပုံစံသာဖြစ်၏။ နိုင်ငံတကာအဆင့်၌ ဒီမိုကရက်တစ်အုပ်ချုပ်ရေးဟူ၍ မရှိသေးချေ။ အနီးစပ်ဆုံး ဥပမာမှာ ဥရောပသမဂ္ဂ (European Union) ဖြစ်သည်။ ဥရောပသမဂ္ဂအနေဖြင့် မဟုတ်ပဲ အဖွဲ့ဝင်နိုင်ငံများ၌သာ ဒီမိုကရက်တစ် ပုံစံအုပ်ချုပ်ရေး ကျင့်သုံးနေခြင်းဖြစ်သည်။ ဥရောပပါလီမန်၏ အမတ်များမှာ ရွေးကောက် တင်မြှောက်ခံရသူများ ဖြစ်ကြသော်လည်း ၎င်းတို့တွင် ပါဝါဟူ၍ မရှိသလောက်ဖြစ်သည်။ ထိုသို့ဆိုပါက တရုတ်ပြည်နှင့်အလားတူ တိုက်ကြီးတစ်မျှကြီးမားသည့် အိန္ဒိယ၌ ဒီမိုကရေစီအဘယ်ကြောင့်ထွန်းကားသနည်းဟု မေးနိုင်သည်။ အိန္ဒိယမှာ တရုတ်ပြည်နှင့်စာလျှင် တစည်းတလုံးတည်းတည်ရှိမှု ဒီဂရီနည်းပါးသည့်အပြင် သမိုင်းတစ်လျှောက် ဗဟိုမှချုပ်ကိုင် အုပ်ချုပ်သည့် ကာလမှာလည်း နည်းပါးလှခြင်းကြောင့် ဟုဖြေနိုင်ပါ၏။  အိန္ဒိယ၏ပြည်နယ်များမှာ သြဇာပိုမိုရှိကြပြီး အချို့ကိစ္စများ၌ နိုင်ငံငယ်များတစ်မျှ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ကြသည်။ တရုတ်ပြည်မှာမူ ယင်းသို့မဟုတ်ချေ။ အထက်၌ဆိုခဲ့ပြီးသကဲ့သို့  လက်တွေ့တွင် ဗဟိုနှင့် ပြည်နယ်အစိုးရများအကြား အာဏာကို မျှဝေညှိုနှိုင်းသုံးစွဲကြသော်လည်း  နိုင်ငံတကာ မျက်နှာစာ၌မူ နှစ်ထောင်ချီကာ စည်းလုံးညီညွတ်လာသော တစ်ပြည်ထောင်အဖြစ် ဂုဏ်ယူခဲ့ကြပြီး ဖြစ်၏။ စီပွားရေးတိုးတက်သည့် အရှေ့ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များ အနေဖြင့် ဒီမိုကရက်တစ်ပုံစံများကို လက်ခံကျင့်သုံးရန် ဖြစ်နိုင်ချေရှိသော်လည်း များစွာခေတ်နောက်ကျနေသေး သည့် ကုန်းတွင်းပိုင်းပြည်နယ်များ၏ မျက်နှာကို ငဲ့ရဦးမည်ဖြစ်၏။ တိုးတက်မှုအဆင့်မြင့်ပြီးဖြစ်သည့် ရှန်ဟိုင်း၊ ရှင်းကျင့် စသည့် မြိုကြီးများ၌ ဒီမိုကရေစီပြုပြင်မှုများကို ကနဦးစပ်သပ်ခြင်းမျိုးရှိနိုင်သည်။ အနာဂတ်တွင် မြို့တော်နှင့်ကျေးရွာကော်မီတီဝင်များ၏ ၇၀ ရာခိုင်နှုန်းကို ပြည်သူများမှ တိုက်ရိုက်ရွေးကောက်နိုင်မည်ဟု ရှင်းကျင့်မြို့တော်ဝန် ဇူဇောင်ဟင်း က ၂၀၀၈ ခုနှစ်တွင် ကြေညာခဲ့ဖူး၏။ ဟောင်ကောင်အုပ်ချုပ်ရေးမှုး ရာထူးကို ၂၀၁၇ ခုနှစ်မှ စ၍ တိုက်ရိုက်ရွေးကောက်စေနိုင်ရေး စဉ်းစားမည်ဟု ၂၀၀၇ ခုနှစ် ညီလာခံအပြီးတွင် တရုတ်ပြည်သူ့ အမျိုးသားကွန်ဂရက် (တရုတ်ပြည်သူ့လွှတ်တော်) ၏ အမြဲတမ်းကော်မီတီမှ ကြေညာခဲ့သည်။ တရုတ်ပြည်မှာ ယဉ်ကျေးမှုနိုင်ငံတော်ကြီးဖြစ်ပေရာ ယင်းသို့ကွဲပြားခြားနားသည့် နိုင်ငံရေးပုံစံအဆင့်များ ယှဉ်တွဲဖြစ်တည်နိုင်ခြင်းမရှိဟု မဆိုနိုင်ချေ။

            နောက်ဆုံးအနေဖြင့် စာရေးသူတို့ မမေ့အပ်သည့်အချက်တစ်ခုမှာ တရုတ်ပြည်သည် ကွန်ဖြူးရှပ် အတွေးအခေါ် မြစ်ဖျားခံရာဒေသဖြစ်သည်ဆိုခြင်းပင်။ ဂျပန်နှင့်ကိုရီးယားတို့၏ ကွန်ဖြူးရှပ်ဝါဒအပေါ် ခံယူမှုမှာ တရုတ်ပြည်နှင့်နှိုင်းစာလျှင် အဖျားအနားသာလျှင်ဖြစ်သည်။ သို့ဖြစ်ရာ ယင်းနိုင်ငံများအနေဖြင့် ဒီမိုကရေစီကို နိုင်ငံရေးအလွှာသစ်တစ်ခုအဖြစ် ထပ်တင် မိတ်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်တွင်လည်း ထိုလမ်းကြောင်းအတိုင်း လိုက်ရန်မဖြစ်နိုင် မဟုတ်ပါ။ သို့ရာတွင် ကွန်ဖြူးရှပ်လမ်းကြောင်းစစ်စစ်ပေါ်တွင် လျှောက်လှမ်းရန် ဆိုသည့် အသံများက အလွှာသစ်ကို လက်ခံရေး ပိုမိုခက်ခဲစေမည်ဖြစ်သည်။

            သို့ဖြစ်ရာ အနာဂါတ်တွင် ပိုမိုဆန်းသစ်၊ ခြားနား၊ ကြွယ်ဝသည့် လူ့ဘောင်တစ်ရပ် အနေဖြင့် ရေရှည်တွင် တရုတ်ပြည်သည် ဒီမိုကရေစီရေး ဖိအားပေးမှုများကို ကြံကြံ့ခံလာနိုင် မည်ဖြစ်သည်။ ထို့ပြင် တရုတ်ပြည်၏ ကိုယ်ပိုင် “ဒီမိုကရေစီ” ပုံစံ မည်သို့ရှိမည် ဆိုခြင်း မှာလည်း စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ရပ်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပါသည်။

            သေချာသည့်အချက်မှာ တရုတ်ပြည်၌ မည်သည့်နိုင်ငံရေးစနစ် ထွန်းကားလာသည် ဖြစ်ပါစေ ကွန်ဖြူးရှပ်အယူအဆများ၏ လောင်းရိပ်မှ ကင်းလွတ်ရန်မရှိခြင်းပင်။ ၂၀၀၇ ခုနှစ် မတ်လအတွင်းက ၀န်ကြီးချုပ် ၀မ်ကျားပေါင် က ဤသို့ မှတ်ချက်ပြုခဲ့ဖူးသည်။ 

            “ကွန်ဖြူးရှပ်မှသည် ဆွန်ယက်ဆင် အထိ တရုတ်နိုင်ငံတော်၏ ရိုးရာယဉ်ကျေးမှုတွင် တန်ဖိုးကြီးမားလှသည့် အစိတ်အပိုင်းများစွာပါဝင်၏။ လူသားတို့၏သဘာဝ၊ ဒီမိုကရေစီ စသည်တို့နှင့် လိုက်လျောညီထွေသည့် ဓလေ့များစွာကိုတွေ့နိုင်သည်။ ဥပမာ - တရုတ်ယဉ်ကျေးမှုသည် လူသား အချင်းချင်း ချစ်မြတ်နိုးခြင်း၊ လူ့အဖွဲ့အစည်း၊ အယူအဆကွဲလွဲမှုများ အကြားမှ သမူဟဖြစ်မှု၊ အချင်းချင်း မျှဝေခံစားခြင်း စသည်တို့ ပါဝင်နေသည်ကိုတွေ့နိုင်၏။” ဟူလို။

            ဟီနန်ပြည်နယ်တွင် ကွန်မြူနစ်ပါတီမှ အရာရှိများမှလည်း ကွန်ဖြူးရှပ်ဝါဒ၏ စံထားချက် များဖြစ်သည့် မိဘကို အလုပ်အကျွေးပြုစုခြင်း၊ မိသားစုတာဝန်ထမ်းခြင်း စသည်များအား ခံယူလာကြ သည်ကို တွေ့ရ၏။ အထက်တန်းကျောင်းများတွင် ကွန်ဖြူးရှပ်ဂန္တ၀င်များ သင်ကြားလာကြကာ ကွန်ဖြူးရှပ်မွေးနေ့များလည်း ကျင်းပလာကြပြီဖြစ်သည်။ ကွန်မြူနစ်ပါတီကေဒါများ အနေဖြင့် ၎င်းတို့ကိုယ်စားပြုသည့် လူထု၏အကျိုးစီးပွားကို တာဝန်ယူရန် ပါတီမှအလေးပေးညွှန်ကြားလာသည်။ ပါတီတွင်းသင်တန်းများမှ လက်တွေ့သင်ခန်းစာများတွင် အထက်အရာရှိထံမှ အကြံဥာဏ်တောင်းခံရေး အပြင် လူထုအသံကိုနားစွင့်ရေးကိုလည်း ထည့်သွင်းလာကြသည်။ ဥပမာ စီချွမ်မြေငလျှင်နှင့် အဆိပ်သင့်နို့မှုန့်ကိစ္စများတွင်  အစိုးရအရာရှိများမှ ၎င်းတို့၏ တာဝန်မကင်းမှုအတွက် ၀န်ချတောင်းပန်ကာ ရာထူးမှနှုတ်ထွက်သွားခြင်းကို အလေ့အထအသစ်တစ်ရပ်အဖြစ် ရှုမြင်နိုင်၏။ သိသာထင်ရှားလှသည့် အချက်တစ်ခုမှာ အစိုးရအထောက်အပံ့ဖြင့် ကမ္ဘာအနှံ့ တည်ထောင် ဖွင့်လှစ်လျှက်ရှိသည့် တရုတ်ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာစင်တာများကို ကွန်ဖြူးရှပ်သိပ္ပံ (Confucius Institute) ဟု အမည်ပေး ခေါ်ဝေါ်စေခြင်းပင်ဖြစ်သည်

            ကွန်ဖြူးရှပ်အယူအဆကို တရားသေ၀ါဒတစ်ရပ်အဖြစ် မှတ်ယူရန်မသင့်ချေ။ ကွန်ဖြူးရှပ်ဝါဒမှာ သမိုင်းအဆက်ဆက် အချိန်အခါကိုလိုက်၍ အသွင်အမျိုးမျိုးပြောင်း ခဲ့ပြီးဖြစ်၏။ ဆုန်မင်းဆက် (အေဒီ ၉၆၀ - ၁၂၇၉) တွင် တရုတ်ပြည်အ၀ှမ်း ထွန်းကားလာသည့် ဗုဒ္ဓဘာသာနှင့်  တာအိုဝါဒများကို ၎င်းတို့၏ ကိုးကွယ်မှုအတွင်းဆွဲသွင်းခဲ့သည့်  လက်သစ် ကွန်ဖြူးရှပ်ဝါဒ သမားများကိုကြည့်ပါ။ ကွန်ဖြူးရှပ်၏ အယူအဆများသည် ဒီမိုကရေစီကို အားမပေးဟုမှတ်ယူပါကလည်း မှာယွင်းမည်ဖြစ်သည်။ ဥပမာ ၁၉၁၁ ခုနှစ် တော်လှန်ရေး၏ ခေါင်းဆောင်နှင့် တရုတ်သမ္မတနိုင်ငံတော်၏ တည်ထောင်သူဖခင်ကြီး ဆွန်ယက်ဆင် ၏ရေးသားချက်တစ်ခု၌

            “ကျွန်ုပ်တို့၏ အခြေခံကြီးသုံးရပ် (အမျိုးသားရေးဝါဒ၊ နိုင်ငံသားအခွင့်အရေး၊ လူသားအခွင့် အရေး) မှာ မင်းရှပ် (ကွန်ဖြူးရှပ်၏ အန္တေ၀ါသိက တပည့်ကြီး) မှ အစပြု ခဲ့ခြင်းဖြစ်သည်။ မင်းရှပ် ကား ကျွန်ုပ်တို့ခေတ် ဒီမိုကရက်တစ် အတွေးအခေါ်များ၏ အဘိုးအဘေးကြီးပင် ဖြစ်တော့သည်။” ဟုရေးသားခဲ့ဖူး၏။

            အချုပ်ဆိုရလျှင် ကွန်ဖြူးရှပ်ဝါဒမှာ တစ်သွေး တစ်သံတစ်မိန့် အာဏာရှင်ဝါဒကို အားပေးသည်မှာ သိသာလှသော်လည်း အခြားတစ်ဖက်၌ ဒီမိုကရက်တစ်အခြေခံများနှင့် ဆက်စပ်မှုရှိသည်ကို တွေ့နိင်သည်။ အနာဂါတ်တရုတ်ပြည်၏ ဒီမိုကရေစီတွင် စကြာဝဠာလုံးဆိုင်ရာ ဒီမိုကရေစီလက္ခဏာများ ပါဝင်နေမည်မှာ မသွေမုချပင်ဖြစ်ပါ၏။ သို့ရာတွင် တရုတ်ရိုးရာယဉ်ကျေးမှု၌ အမြစ်တွယ်သည့် သီးသန့် လက္ခဏာများကိုလည်း တွေ့ရမည်ဖြစ်ပါသည်။ ကမ္ဘာ့သက်တမ်း အရင့်ဆုံးနှင့် အနက်နဲဆုံး အစိုးရစနစ်ဖြစ်ထွန်းခဲ့ရာ တရုတ်ပြည်အနေဖြင့် ယင်းအပြောင်းအလဲများ ကို ဖော်ဆောင်နိုင်ခြင်း ရှိမည်မဟုတ်ဟု  အထင်သေးရန်အကြောင်းမရှိပါချေ။ တရုတ်ပြည်အနေဖြင့် တိုင်းပြည်အုပ်ချုပ်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်စနစ်၊ ဥရောပသမဂ္ဂစနစ်များကို စိတ်ဝင်တစားလေ့လာသည့်နည်းတူ ကမ္ဘာ့လူဦးရေ၏ငါးပုံတစ်ပုံကို တာဝန်ယူရသည့် တရုတ်အစိုးရဘက်မှလည်း ကမ္ဘာကြီးအတွက် ပုံစံသစ်တစ်ရပ် မွေးထုတ်မပေးဟု မပြောနိုင်ပါချေ။ တရုတ်ပြည်၏ နိုင်ငံကြီးအုပ်ချုပ်ရေးပုံစံသစ်မှာ ကမ္ဘာတစ်ဝန်း တစ်နေ့တခြား အရေးပါလာမည် ဟုသာ  ဟောကိန်းထုတ်လိုပါတော့သည်။

Tuesday, October 9, 2012

ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်




မာတိကာ


    ဘာသာပြန်သူ၏အမှာ                                                                                            
    အခန်း (၁) လောကပါလအပြောင်းအလဲ                                                                      

    အပိုင်း (၁)
    အနောက်ကမ္ဘာ၏နိဂုံး                                                                          ၂၁
     အခန်း (၂) အနောက်ကမ္ဘာမြင့်တက်လာစဉ်က                                                               ၂၃
    အခန်း (၃) ဂျပန်(သို့မဟုတ်) အနောက်မဆန်သည့်မော်ဒန်တိုင်းပြည်                                      ၄၁
     အခန်း (၄) တရုတ်ပြည်၏အတိတ်မှအမာရွတ်များ                                                            ၆၃
     အခန်း (၅) မျဉ်းပြိုင်ခေတ်မီမှုများ                                                                               ၉၅
    အပိုင်း (၂)                           
    တရုတ်တို့၏ခေတ်                                                                                              ၁၃၅
     အခန်း (၆) စီးပွားရေးအင်အားကြီးတရုတ်ပြည်                                                                ၁၃၇
     အခန်း (၇) ယဉ်ကျေးမှုနိုင်ငံတော်                                                                              ၁၇၃
     အခန်း (၈) ဇမ္ဗူဒီပါ၏ အလယ်ဗဟိုနိုင်ငံတော်                                                                 ၁၉၇
     အခန်း (၉) တရုတ်ပြည်နှင့် အိမ်နီးချင်းများ                                                                    ၂၂၉
     အခန်း (၁၀) ထွန်းသစ်စအင်အားကြီးတရုတ်ပြည်                                                             ၂၆၃
     အခန်း (၁၁) ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်                                                    ၂၉၉
     အခန်း (၁၂) နိဂုံးချုပ်မှတ်ချက်များ (တရုတ်ပြည်၏၀ိသေသလက္ခဏာရှစ်ချက်)                            ၃၅၅
     အခန်း (၁၃) နောက်ဆက်တွဲဖြစ်ရပ်များ -
    ကမ္ဘာ့ဘဏ္ဍာရေးကပ်ဆိုက်ပြီးနောက်ပိုင်းကာလ (သို့မဟုတ်) တရုတ်ကမ္ဘာစတင်ခြင်း                      ၃၇၇
    အက္ခရာစဉ်အညွှန်း                                                                                                ၄၁၃





ဘာသာပြန်သူ၏အမှာ


            ဤစာအုပ်သည် တရုတ်ဆန့်ကျင်ရေး ဟောပြောချက်မဟုတ်။ တရုတ်မျှော်စာတမ်းလည်း မဟုတ်။ ဤသို့ဖြစ်တော့မည် ဟူ၍ ခြောက်လှန့်ထားသည့် အနာဂတ္တိကျမ်းလည်း မဟုတ်ပါ။ ဤစာအုပ်သည် တရုတ်ပြည်၏ သဘောသဘာဝကို သမိုင်းနှင့်ယှဉ်ကာ၊ ပစ္စုပ္ပန် နှင့် ချိန်ထိုးကာ ခြေခြေမြစ်မြစ် လေ့လာထားချက်ဖြစ်သည်။ တရုတ်ပြည် အခြေမြင့်လာခြင်းနှင့် ဆက်စပ်ကာ ဂျပန်နှင့် အာရှကျားများအကြောင်း၊ တစ်ချိန်က ကြီးစိုးခဲ့သည့် ဥရောပ အကြောင်း၊ ယနေ့ကမ္ဘာကို ကြီးစိုးဆဲဖြစ်သည့် အမေရိကန်ပြည်ထောင်စုအကြောင်း စသဖြင့် အင်အားကြီးတိုင်းပြည်တို့၏ အောင်မြင်ခြင်း၊ ကျဆုံးခြင်းခရီးစဉ်များကို ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ်ထားချက်လည်း ဖြစ်သည်။ ဤစာအုပ်၏ အဓိက လှုံ့ဆော်ချက်မှာ မဟာအင်အားကြီး နိုင်ငံ ဖြစ်လာမည့် တရုတ်ပြည်သည် နိုင်ငံတကာဆက်ဆံရေး၊ အထူးသဖြင့် ၎င်း၏ အိမ်နီးချင်းများနှင့် ဆက်ဆံရေးတွင် မည်သို့ ပြုမူလာမည်နည်းဟူသော မေးခွန်းဖြစ်၏။

          အမှန်စင်စစ် မြန်မာနှင့်တရုတ်တို့မှာ ရှည်လျားသည့် သမိုင်းကြောင်း တစ်လျှောက် ဒိုးတူပေါင်ဖက် အိမ်နီးချင်းများဖြစ်ကြ သည်။ မြန်မာတို့အနေဖြင့် တရုတ်ပြည်အကြောင်းကို အကြိမ်ကြိမ်အလီလီ နဖူးတွေ့ဒူးတွေ့ ရှိခဲ့ကြပြီးပြီ။ စာအုပ်ဖတ် ထပ်မံလေ့လာရန် လိုပါသေးသလောဟု မေးရန်ရှိ၏။ ဤနေရာ၌ သတိချပ်ရန်မှာ အတွေ့အကြုံသည် အရေးကြီး၏။ အတွေ့အကြုံကို အခြေခံ၍ သင်ခန်းစာယူတတ်ခြင်းက သာ၍ အရေးကြီး၏ဟူသော အချက် ဖြစ်သည်။ ကျွန်ုပ်တို့် သင်ခန်းစာ ရယူနိုင်ခြင်း ရှိမရှိကိုကား ခေတ်အဆက်ဆက် နှင့် မျက်မှောက်ခေတ် မြင်ကွင်းများက သက်သေခံနေတော့သည်။ အရင်းစစ်ကြည့်လျှင် အကြောင်းခြင်းရာကို ဂဃနဏ မသိခြင်း၊ ဝေဖန်ပိုင်းခြားသမှု မပြုနိုင်ခြင်းတို့ အဝင်အပါဖြစ် ကြောင်းတွေ့နိုင်သည်။ အရပ်ပြော၊ ဇာတ်ပြောများနှင့်ရောင့်ရဲကာ ကမ္ဘာအရပ်ရပ်နှင့် နှိုင်း ယှဉ်သမှု မပြုကြသောကြောင့် ဖြစ်လေသည်။

           ဤစာအုပ်တွင် အတိတ်မှ တရုတ်ပြည်၏ ဒေသတွင်း လူမျိုးရေးသိမ်းသွင်းပုံလည်း ပါ၏။ မျက်မှောက်ခေတ် တရုတ်ပြည်၏ အာဖရိက၌ စီးပွားရေးခြေကုပ်ယူပုံလည်း ပါ၏။ အနာဂတ်တရုတ်ပြည်သည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားအဖြစ် အနောက်နိုင်ငံများ၏ အုပ်စီးထားမှုကို အဆုံးသတ်စေတော့မည့်အကြောင်းလည်းပါ၏။ “အရှေ့အာရှ၏ ဒေါက်တိုင် အနေအထားကို ပြန်လည်ရယူလာမည့် တရုတ်ပြည်ကြီးအနေဖြင့် ပတ်ဝန်းကျင်နိုင်ငံများအား လက်အောက်ခံ ပဏ္ဏာဆက်ဒေသများအဖြစ် မှတ်ယူလေ့ရှိသော ရှေးထုံးစံသည်လည်း အသွင်သစ်ဖြင့် ပြန်လည်ပေါ်ထွန်း လာဖွယ်ရှိသည်။” ဟူသော ထူးခြား သည့်ခန့်မှန်းချက်မျိုးလည်း ပါရှိလေသည်။ 

           စာဖတ်သူအနေဖြင့် ဤစာအုပ်ပါ ဆွေးနွေးချက်များအပေါ် သဘောတူသည်ရှိသလို သဘောမကျသည်များလည်း ရှိပါလိမ့်မည်။ ထိုသို့ အငြင်းပွားဖွယ်ရာ အချက်များစွာ ပါရှိ နေသည့်တိုင် ဗြိတိသျှလူမျိုး သမိုင်းပညာရှင် မာတင်ဂျာ့က်စ်၏ “WHEN CHINA RULES THE WORLD” စာအုပ်မှာ တရုတ်ပြည် အခြေမြင့်လာခြင်းနှင့် ပတ်သက်သည့် လေ့လာ ချက်များအနက် အပြည့်စုံဆုံး စာအုပ်တစ်အုပ်ဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်း၌ မှတ်ချက်ပြုကြပါ၏။ ဥရောပအတွေးအခေါ်ပညာရှင် ဂျွန်ဂရေး (John N. Gray) ကဆိုလျှင် “နှစ်ပေါင်းများစွာအတွင်း ပုံနှိပ်ထုတ်ဝေခဲ့သော တရုတ်ပြည်အကြောင်း စာအုပ်များအနက် အကောင်းဆုံးဖြစ်သည်”ဟု မှတ်ချက်ပေးခဲ့သည်။ ဝေးလံခေါင်ဖျားမှ အနောက်တိုင်းသား တို့ပင်လျှင် ဤမျှ ဂရုပြုလေ့လာကြသည် ဆိုပါက နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံ ငယ်တစ်ခုတွင် နေထိုင်ကြသူများအဖို့ သာ၍ပင် အရေးကြီးသည်မဟုတ်ပါလော။ နားလည် သဘောပေါက်ခြင်းကသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အဓွန့်ရှည်ရှည် ထိန်းသိမ်းပေးနိုင်မည် မဟုတ်ပါလော။ ဤစာအုပ်က ယင်းလိုအပ်ချက်ကို အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ပါသည်။

             ဤစာအုပ်ကို ဘာသာပြန်ဆိုပြီးစီးချိန်တွင် မူရင်းကို အသစ်ထပ်မံ ဖြည့်စွက်ထုတ်ဝေ လိုက်သော Updated Edition ထွက်ရှိလာပါ၏။ သို့ဖြစ်ရာ အချို့သော ခေါင်းစဉ်များ၊ အချက်အလက်ဇယားများ၊ အခြေအနေပြ ဂရပ်များကို စာအုပ်အသစ်မှ ထုတ်ယူကာ ဖြည့် စွက်တင်ပြလိုက်ပါသည်။ စာအုပ်ဖြစ်မြောက်ရေး အကူအညီပေးခဲ့သူမိတ်ဆွေများ၊ Myanmar Heritage အဖွဲ့သား များနှင့် မြန်မာဘာသာပြန်ဆိုခြင်းကို လှိုက်လှိုက်လှဲလှဲ အားပေးခဲ့သည့် မူရင်းစာရေးဆရာတို့အား အထူးကျေးဇူးတင်ရှိပါသည်။ စာအုပ်ပါ အကြောင်းအရာ များအနက်မှ အဓိပ္ပာယ်ကောက်ယူမှု ကွဲလွဲခြင်းများ ပါရှိပါက ဘာသာပြန်သူ၏ တာဝန်သာ ဖြစ်ပါကြောင်း။




အခန်း (၁)

လောကပါလအပြောင်းအလဲ


             ၁၉၄၅ ခုနှစ်မှစတင်၍ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်ခဲ့သည်။ စစ်အေးတိုက်ပွဲ ကာလအတွင်းမှာပင် အမေရိကန်စီးပွားရေးမှာ ဆိုဗီယက်ယူနီယံ၏ နှစ်ဆမျှကြီးမား ခဲ့၏။ ဒုတိယကကမ္ဘာစစ်အပြီးမှစ၍ ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ နေတိုး စသဖြင့် နိုင်ငံတကာအဖွဲ့များစွာ၏ အဓိက မောင်းနှင်အားလည်း ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံပြိုလဲခဲ့ခြင်းက အမေ ရိက၏ မဟာအင်အားကြီးအခြေအနေကို ထပ်မံ အားဖြည့်ပေးခဲ့သည်။ 

             အမေရိက၏ အဓိကရန်ဘက်ကြီး ကျဆုံးသွားခဲ့ပြီးနောက် အရှေ့အုပ်စုမှနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဈေးကွက်များကို ဖွင့်ပေးခဲ့ရပြီး အချို့မှာ အမေရိကထံမှ အထောက် အပံ့နှင့် အကူအညီကို လက်ဖြန့်တောင်းခဲ့ရသည်။ နိုင်ငံတစ်ခု၏အင်အား ဤမျှကြီးမား သည်ကို သမိုင်း၌ တစ်ကြိမ်မျှ မကြုံစဖူး။ ဗြိတိသျှအင်ပါယာ၏ ရွှေရောင်နေ့ရက်များကပင် ဤမျှကြီးကျယ်ခဲ့သည်မဟုတ်။ ဒေါ်လာ သည် ကမ္ဘာ့အရန်ငွေကြေး ဖြစ်လာခဲ့သည်။ ကမ္ဘာ့ ကုန်သွယ်မှု အားလုံးနီးပါးကို ဒေါ်လာဖြင့် ရောင်း ဝယ်ကြသည်။ အစိုးရများက ဒေါ်လာကို ငွေမာအဖြစ် စုဆောင်းကြသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများ အားလုံးလိုလိုတွင် အမေရိ ကန်တို့ ကြီးစိုးခဲ့ကြသည်။ ကမ္ဘာအနှံ့အပြားတွင် အမေရိကန်စစ်တပ် များ ဖြန့်ကြက်ချထားနိုင်ခဲ့သည်။ ပြန်လည်အန်တုနိုင်ဖွယ်ရာမရှိသော အနေအထားသို့ ရောက် ခဲ့ပြီး ထောင်စုသစ်၏ အရုဏ်တက်တွင် အမေရိကကို “အင်အားလွန်နိုင်ငံ (Hyperpower)”၊ “ထင်တိုင်းကြဲနိုင်သူ (Unipolarity)” စသည့် အသုံးအနှုန်းများဖြင့် တင်စားလာကြလေတော့သည်။ 

            တန်ခိုးရှင်၏ ကြိမ်စကြာတံကို အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းမပေးမီ လက် ဝယ်ကိုင်ထားခဲ့ကြသူများမှာ ဥရောပနိုင်ငံများ ဖြစ်သည်။ အထူးသဖြင့် ဥရောပအင်အား ကြီးနိုင်ငံများဖြစ်ကြသည့် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ၊ အစောပိုင်းတွင် တန်ခိုးထွားခဲ့ကြသည့် စပိန်၊ ပေါ်တူဂီနှင့် ဒတ်ခ်ျတို့ ဖြစ်ကြသည်။ ၁၈ ရာစုနှောင်းပိုင်း ဗြိတိန်၏ စက်မှုတော်လှန်ရေး အစမှသည် ၂ဝ ရာစု အလယ်အထိ ကမ္ဘာ့သမိုင်းကို လှုပ်ခါခဲ့သူမှာ ဥရောပဖြစ်သည်။ 

              ဥရောပတိုးတက်လာမှု၏ အင်ဂျင်မှာ စက်မှုတော်လှန်ရေးနှင့် ကိုလိုနီများအောင်မြင်ခြင်းဖြစ် ၏။ ဥရောပ၏အနေအထား ကျဆင်းလာသည့် ပထမကမ္ဘာစစ်အပြီး၊ ယတိပြတ်ဆိုရ လျှင် ၁၉၄၅ ခုနှစ်၌ ပါဝါအသစ်ဖြစ်လာသူ အမေရိကသည် ဥရောပယဉ်ကျေးမှု၏ထွက်ကုန် တစ်ခုအနေဖြင့် လည်းကောင်း၊ ကမ္ဘာဟောင်း (ဥရောပ)နှင့် ကမ္ဘာသစ် (အမေရိက)တို့ အကြား ကရုဏာနှင့် မုဒိတာတို့ ဖလှယ်ရာ ဒေသအနေဖြင့်လည်းကောင်း၊ ၎င်းနှင့် ဗြိတိန် အကြား အတိတ်မှ မလိုမုန်းထားမှုများ ကို မြှုပ်နှံကာ “အနောက်ကမ္ဘာ”ဟု တပေါင်းတစည်း တည်း ခေါ်ဆိုနိုင်သည်အထိ ဥရောပကို တွဲခေါ်ခဲ့သည်။ ဤသို့ဖြင့် ရာစုနှစ် နှစ်ခုကျော်မျှ ကမ္ဘာကြီးကို “အနောက်” (အစောပိုင်းရာစုတွင် ဥရောပ၊ နှောင်းပိုင်းရာစုတွင် အမေရိက) က ကြီးစိုးထားခဲ့လေသည်။

              အလားတူ သမိုင်းဝင် ပြောင်းလဲခြင်းကြီးတစ်ရပ်ကို စာရေးသူတို့ ယခုတစ်ဖန် မြင် တွေ့နေရပြန်ပါပြီ။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးပမာဏကို ဖွံ့ဖြိုးဆဲတို့၏ စီးပွားရေးက လျင်မြန်စွာ အမီလိုက်လာနေသည်။ ၁၉၇၃ ခုနှစ်က ကမ္ဘာ့တစ်ခုလုံး ထုတ်လုပ်မှု တန်ဖိုး (World GDP) ၏ ၆ဝ ရာခိုင်နှုန်းကို ဖွံ့ဖြိုးပြီးနိုင်ငံများက ဖြည့်ဆည်းခဲ့သော်လည်း ၂ဝဝ၁ ခုနှစ်တွင်မူ ၅ဝ ရာခိုင်နှုန်းအထိ လျှောကျသွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် တိုးတက်မှုလျင်မြန် လှသည်ဆိုပါစေ ဖွံ့ဖြိုးပြီးနိုင်ငံများကို စီးပွားရေးအရ၊ နည်းပညာအရ တစ်နိုင်ငံချင်း အမီ လိုက်ရန်မှာ ကာလများစွာ ကြာမြင့်ပေဦးမည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲတို့၏ အစုအပေါင်းမှာ လူဦးရေအရသော်လည်းကောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းအရသော်လည်းကောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံတို့ထက် များစွာ သာလွန်လျက်ရှိရာ ယင်းအချက်ကပင်လျှင် ကမ္ဘာ့အင်အား ချိန်ခွင်လျှာ သိသိသာသာ ပြောင်းလဲလာမှုကို ဖြစ်ပေါ်စေသည်။ နှစ်ဆယ့်တစ် ရာစု ဦးပိုင်းမှ စတင်၍ ဖွံ့ဖြိုးဆဲကမ္ဘာမှ ဝယ်လိုအားကြောင့် ဆယ်စုနှစ် နှစ်ခုကျော် တောက်လျှောက် ကျဆင်းနေခဲ့သည့် အခြေခံကုန်ပစ္စည်း (ရေနံ၊ ကောက်ပဲ သီးနှံ) ဈေးနှုန်းများ ပြန်လည် ဦးမော့လာခဲ့သည်မှာ ၂ဝဝ၈ ခုနှစ် စီးပွားရေးပျက်ကပ် ဆိုက်သည့် အချိန်ထိ ဖြစ်၏။ အရှေ့အာရှနိင်ငံများ စီးပွားရေးကောင်း လာသည်နှင့်အမျှ ၎င်းတို့ လက်ဝယ်ရှိ အရန်ငွေကြေး (ဒေါ်လာ) ပမာဏမှာလည်း ကြီးထွားလာခဲ့သည်။ ယင်းတို့ အနက်မှ စင်ကာပူ၊ တရုတ် စသည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ အရန်ငွေကြေး အချို့ အဝက်ကို Sovereign Wealth Funds ခေါ် အစိုးရပိုင် ဓနကုမ္ပဏီများ ဖွဲ့စည်းကာ ကမ္ဘာ အနှံ့ အမြတ်အစွန်း ပိုမိုရနိုင်မည့် လုပ်ငန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံကြပြန် သည်။ ရေနံထွက်ရာ အရှေ့အလယ်ပိုင်းမှ သူကြွယ်နိုင်ငံများကလည်း အလားတူ ရင်းနှီး မြှုပ်နှံ ရေးကုမ္ပဏီများ တည်ထောင်ကာ ဥစ္စာတိုးသည်ထက် တိုးအောင် ရှာဖွေလာကြသည်။ အနောက်ကမ္ဘာမှ စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးလုပ်ငန်းများ ငွေကြေး အကျပ်ဆိုက် သည့်ကာလတွင် အဆိုပါ ဓနကုမ္ပဏီများက ငွေလုံးငွေရင်းဖြင့် ဝင်ရောက်မြှုပ်နှံကြသည် ကို တွေ့လာရသည်။ 

            ကမ္ဘာ့စီးပွားရေးပါဝါ ပခုံးပြောင်းသွားခြင်းကို သိသိသာသာ မြင်ရသည့်အချိန်မှာ ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာလအတွင်း နယူးယောက်မြို့ ဝေါလ်စထရိမှ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ဘဏ်လုပ်ငန်းကြီး များ ပြိုလဲသည့်ကာလ၊ ယင်းဘဏ်များအနေဖြင့် ဆိုခဲ့သော ဓနကုမ္ပဏီများထံမှ အထောက်အပံ့ကို ရှာဖွေလာရသော ကာလပင်ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်၊ စီးပွားရေးပျက်ကပ်သည် ငွေကြေးကြွယ်ဝသူ၊ ဘတ်ဂျက်ပိုငွေပြနေသူ အရှေ့အာရှ နိုင်ငံများနှင့် ငွေကြေးအခိုင်အမာ မရှိ နှစ်ပေါင်းများစွာ ဘတ်ဂျက်လိုငွေပြလာသည့် အမေ ရိကန်ပြည်ထောင်စုတို့၏ ခြားနားချက်ကို သိသိသာသာ ပုံဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းငွေကြေးကုမ္ပဏီကြီးဖြစ်သည့် ဂိုးလ်ဒ်မန်း ဆက်စ်(Goldman Sachs) က ထုတ်ပြန်သည့် ခန့်မှန်းချက်များအရ ၂ဝ၅ဝ ပြည့်နှစ်တွင် ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံမှာ တရုတ်ဖြစ်လာပြီး အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယတို့မှာ ခပ်ဝေးဝေးမှလိုက် ကာ ဒုတိယနှင့် တတိယနေရာတို့တွင် ရှိကြမည်ဟု ဆိုသည်။ ထိပ်ဆုံး ဆယ်နိုင်ငံစာရင်း တွင် ဥရောပမှ ဗြိတိန်နှင့် ဂျာမနီတို့မှာ နောက်ဆုံးနားတွင်သာ ကပ်၍ နေရာရမည်ဟု ဆို သည်။ ထိပ်သီး စာရင်းအင်းကုမ္ပဏီကြီးဖြစ်သော PricewaterhouseCoopers ၏ ခန့်မှန်းချက် အရလည်း ၂ဝ၅ဝ ပြည့်နှစ်တွင် ဘရာဇီးနိုင်ငံ၏ စီးပွားရေးပမာဏမှာ ဂျပန်ကို ကျော်လွန်သွား မည်ဖြစ်ပြီး ရုရှား၊ မက္ကဆီကိုနှင့် အင်ဒိုနီးရှားတို့၏ စီးပွားရေးပမာဏမှာ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့ ထက် ကြီးမားနေမည်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ခန့်မှန်းချက်များသာ လက်တွေ့ ဖြစ်လာခဲ့ ပါက နောင် အနှစ်လေးဆယ်ကမ္ဘာ သည် ယနေ့နှင့် လွန်စွာ ခြားနားနေပေလိမ့်မည်။
 

               ၂ဝဝ၁ ခုနှစ်ကဆိုလျှင် အမေရိကန်တို့ ကျဆုံးခြင်းဆိုသည်ကို အိပ်မက်ပင် မက်ကြသည် မဟုတ်ပါ။ စက်တင်ဘာလ ၁၁ ရက်နေ့ ဖြစ်ရပ်များအပြီးတွင် အမေရိကန်ပြည်ထောင် စုအနေဖြင့် တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံအဖြစ် မိမိကိုယ်မိမိ ရှုမြင်လာရုံသာ မက ကမ္ဘာ့ရေးရာ များတွင် နေရာယူပုံကို ထောက်လျှင် အမေရိကသည် အခြားနိုင်ငံများထက် သာလွန်ကြီးကျယ်သည် ဟူသောအမြင်ကို ထင်ဟပ်စေခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဒစ်ခ်ချေနီ၊ ဒေါ်နယ်ရမ်းစ်ဖဲလ်၊ ပေါလ်ဝုဖ်ဝဇ် အစရှိသူတို့ အပါအဝင် လက်သစ် ရှေးရိုးဝါဒီ များ (Neo Conservatives) ဖြင့် တည်ထောင်ခဲ့သည့် “အမေရိကန် ရာစုသစ်” (New American Century) အမည်ရှိ သုခမိန်များအုပ်စု၏ အခြေခံကြေညာချက်၌-
 

             “၂ဝ ရာစု နိဂုံးပိုင်းသို့ ချဉ်းကပ်လာသည်နှင့်အမျှ အမေရိကန် ပြည်ထောင်စု သည်လည်း ကမ္ဘာ့အကြီးကျယ်ဆုံး ပါဝါအဖြစ် ရပ်တည်လာပြီဖြစ်သည်။ စစ်အေးတိုက်ပွဲတွင် အနိုင်ရသည်အထိ အနောက်နိုင်ငံများကို ဦးဆောင်မှုပေးခဲ့သူ အမေရိက အနေဖြင့် အခွင့်အလမ်းတစ်ရပ်နှင့် စိန်ခေါ်ချက်တစ်ရပ်ကို ရင်ဆိုင်ရန် ရှိလာသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယခင် ဆယ်စုနှစ်များအတွင်း ရရှိခဲ့သော အောင် မြင်မှုရလဒ်များအပေါ်တွင် ထပ်ဆင့် တည်ဆောက်သွားနိုင်ရန် အမြော်အမြင် ရှိပါ သလား။ အမေရိကန်ပြည်ထောင်စုအနေဖြင့် လာမည့်ရာစုသစ်တွင် အမေရိကန် စံ အခြေခံများနှင့် အကျိုးစီးပွားတို့ကို မျက်နှာသာရစေအောင် ပုံဖော်သွားရန် ဆုံးဖြတ် ပြီးပြီလား။” 

             စသဖြင့် နောင်တက်လာမည့် သမ္မတ ဘုရှ်အစိုးရ၏ ပေါ်လစီသစ်ကို လမ်းကြောင်းပေး တင်ပြထားခဲ့ဖူးသည်။ ၂ဝဝ၄ ခုနှစ်တွင်လည်း သြဇာညောင်းလှသည့် လက်သစ် ရှေးရိုးဝါဒီ ချားလ်စ်ကရူသမ်မားက ဤသို့ ရေးခဲ့ဖူးသည်။
 

            “၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆိုဗီယက်ယူနီယံ ဇီဝိန်ချုပ်သွားခဲ့ သည့်နည်းတူ အသစ်တစ်စုံတစ်ရာသည်လည်း ပေါက်ဖွားလာခဲ့သည်။ စိန်ခေါ်မည့် သူ မရှိတော့သည့်၊ ကမ္ဘာ့မြေပုံ၏ မည်သည့်ထောင့်စွန်းကိုမဆို သက်ရောက်နိုင်သည့် တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံ ပေါ်ထွန်းလာပြီးနောက် ကမ္ဘာကြီးသည် လည်း တစ်ဖက်စောင်းနင်း ဖြစ်သွားခဲ့ပြီ။ ယင်းအဖြစ်အပျက်မှာ ရောမအင်ပါယာ ပြိုလဲ ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့သမိုင်းတွင် ပထမဆုံးဖြစ်သည်။”
 

             ယင်းသို့ဖြင့် ၂၁ ရာစုသည် မျက်စိအောက်တွင် ပေါ်ထွန်းလာသည့် အကြွင်းမဲ့ အမေရိကန်ပါဝါကို ခေါင်းညိတ် နှုတ်ဆက်ရင်း အရုဏ်တက်ခဲ့ရလေသည်။ သမ္မတဘုရှ်၏ မူဝါဒ အသစ်တွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား အဆမတန် သာလွန်ရေးကို အထူးဦးစားပေးလာသည်။ မဟာမိတ်များ၏အရေး သို့မဟုတ် နိုင်ငံတကာ သဘောတူညီ ချက်များအတိုင်း ဆောင်ရွက်ရေးတို့ကို ဘေးချိတ်ပြီး အမေရိက၏ အကျိုးစီးပွားကိုသာ
ငါ့လှေငါထိုး လုပ်လာခဲ့သည်။ စစ်အေးတိုက်ပွဲလွန် ကာလတွင် အမေရိကန်တို့၏ ကာကွယ် ရေး အသုံးစရိတ်မှာ ကျန်ကမ္ဘာ့နိုင်ငံများအားလုံး၏ သုံးစွဲမှု စုစုပေါင်းနီးပါးမျှ ကြီးမားလေရာ လူ့သမိုင်း၌ မကြုံဖူးသော စစ်ရေးမညီမျှမှု ဖြစ်သည်။ သမ္မတဘုရှ်လက်ထက် နိုင်ငံခြားရေး ပေါ်လစီသစ်အရ အကြမ်းဖက်မှု နှိမ်နင်းရေးစစ်ပွဲမှာ ခြွင်းချက်မဲ့ လိုအပ်ချက်ဖြစ်လာပြီး (မသူတော်) အစိုးရများ ဖြုတ်ချရေး (regime-change) မူဝါဒဖြင့် အီရတ်ကို ကျူးကျော် ဝင်ရောက်ခဲ့သည်။
လက်တွေ့တွင်မူ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ခဲ့ရသည်။ ကမ္ဘာ့ရေးရာများကို အမေရိကန်တို့၏လက်ဖြင့် ပုံဖော်နိုင်ခြင်းမျိုး ဖြစ်လာရမည့်အစား အီရတ်ကိစ္စတစ်ခုတည်း ဖြင့် ဖင်ထိုင်ကျသကဲ့သို့ ဖြစ်သွားခဲ့ပြီးနောက် နိုင်ငံတကာတွင် အမေရိကကို ထောက်ခံမှုမှာ ၁၉၄၅ ခုနှစ်နောက်ပိုင်းမှစတွက်လျှင် အနိမ့်ဆုံးသို့ ဆင်းသွားခဲ့သည်။ အဆမတန်သာလွန် သည့် စစ်အင်အားမှာ အီရတ်တွင် မဆိုစလောက်သာ သက်ရောက်နိုင်ခဲ့ပြီး အခြားတစ်ဖက် ၌မူ တန်ဖိုးရှိလှသည့် အမေရိက၏ “အနုစားပါဝါ” မှာ (ဂျိုးဇက်ညိုင်း၏ အဓိပ္ပာယ်ဖွင့်ချက် အရဆိုလျှင်- တိုင်းပြည်တစ်ခု၏ ပေါ်ပြူလာယဉ်ကျေးမှု၊ နှစ်လိုအားကျ ဖွယ်ရာ နိုင်ငံရေး အတွေးအခေါ် စသည်တို့ကြောင့် ရရှိလာသည့် သြဇာအရှိန်အဝါ) အလဟဿ ဆုံးရှုံးခဲ့ရ သည်။ လက်သစ် ရှေးရိုးဝါဒီတို့၏ နေရာယူမှုမှာ သမိုင်းကို ဝရုန်းသုန်းကား အဓိပ္ပာယ် ကောက်လွဲခြင်းအနေဖြင့်သာ ကိုယ်စားပြုခဲ့လေသည်။
 

               စစ်ရေးနှင့် နိုင်ငံရေးအင်အားမှာ စီးပွားရေးအင်အား တောင့်တင်းမှုပေါ်၌ တည်သည်။ ယနေ့အမေရိက၏ မဟာအင်အားကြီးနိုင်ငံဘဝဆိုသည်မှာ (အတိတ်ကာလ) ၁၈၇ဝ မှ ၁၉၅ဝ ပြည့်နှစ်များအတွင်း စီးပွားရေးတစ်ဟုန်ထိုး တိုးတက်ခဲ့ခြင်း၏ ရလဒ်များဖြစ်၏။ ဖြည့်ဆည်း ခဲ့သော စီးပွားရေးပါရမီကြောင့် ၂ဝ ရာစု၏ ဒုတိယပိုင်းတစ်လျှောက်လုံး ကမ္ဘာ့ အကြီးဆုံးနှင့် အင်တိုက်အားတိုက် အရှိဆုံး စီးပွားရေးနိုင်ငံအဖြစ် ရပ်တည်နိုင်ခြင်း ဖြစ်သည်။

             စီးပွားရေးသမိုင်းပညာရှင် အန်းဂတစ် မက်ဒီဆင်၏ အဆိုအရ ၁၈၇ဝ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး (GDP) မှာ ကမ္ဘာတစ်ခုလုံး၏ ၈ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သည်။ ၁၉၁၃ ခုနှစ်တွင်မူ ၁၈ ဒသမ ၉ ရာခိုင်နှုန်းအထိ ရင်သပ်ရှုမောဖွယ် ရာ မြင့်တက်လာခဲ့ပြီး ၁၉၄၄ ခုနှစ်တွင်မူကား ၃၅ ရာခိုင်နှုန်းဖြင့် အထွတ်အထိပ် သို့ ရောက်ခဲ့သည်။ ယင်းနောက်ပိုင်း ၁၉၅ဝ ပြည့်နှစ်တွင် ၂၇ ဒသမ ၃ ရာခိုင်နှုန်းဖြင့် တည်ငြိမ်စွာ ပြန်လည်ဆင်းသက် လာခဲ့ပြီး ယခုနှစ်များတွင် ၂ဝ ရာခိုင်နှုန်း ပတ်ဝန်းကျင်၌ ရပ်တည် နေသည်ဟု ဆိုသည်။ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၄ ဒသမ ၆ ရာခိုင်နှုန်းသာရှိသော အမေရိကအတွက် လက်ရှိ GDP အခြေအနေမှာ ကြီးကျယ်ဆဲပင် ဖြစ်၏။ သို့ရာတွင် ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေးပျက်ကပ်ကြီးက အမေရိက၏ ယိုယွင်းလာသော စူပါပါဝါအဖြစ်ကို အသိအမှတ်ပြုလာစေခဲ့သည်။ အမေရိကန်ပါဝါနှင့်သြဇာ မည်သို့မည်ပုံ ကျဆင်းသွားမည် နှင့် ပတ်သက်၍မူ နိုင်ငံရေးသုခမိန်တို့အနေဖြင့် အမျိုးမျိုး ပုံဖော်ကြဆဲ ဖြစ်လေသည်။

             ခန့်မှန်းချက်များအရ အီရတ်စစ်ပွဲသည် အမေရိကန်ပြည်ထောင်စုကို ဒေါ်လာ ၃ ထရီလီယံ (သန်းပေါင်း သုံးသန်း) ကုန်ကျမည်ဟုဆိုကြသည်။ ထို့ပြင် မမြင်ရသည့် အခြား ကုန်ကျမှုများမှာ ဆုံးရှုံးသွားရသည့် အတော်ဆုံး၊ အကောင်းဆုံးစစ်သည်တို့၏ အသက်များ ဖြစ်လေသည်။ ထို့ကြောင့်ပင် သမ္မတဘုရှ်အစိုးရအနေဖြင့် အခြား (ဘုရှ်၏စကားဖြင့်) “မိစ္ဆာဝင်ရိုးစွန်းနိုင်ငံများ” ဖြစ်သော အီရန်နှင့် မြောက်ကိုရီးယားတို့အပေါ် အီရတ်မှာကဲ့သို့ ကျကျနန အရေးယူရန် မဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာအနှံ့မှ အမေရိကန် စစ် စခန်းပေါင်း ၈ဝဝ ကျော်ကို ထောက်ပံ့ရသည့် စရိတ်မှာလည်း GDP ၏ ၆ ဒသမ ၅ ရာခိုင် နှုန်းမျှသော အစိုးရဘတ်ဂျက်လိုငွေကို ဖန်တီးခဲ့သော အကြောင်းရင်းတစ်ခု ဖြစ်လေသည်။ ဤအတိုင်းသာ ဆက်လက်သွားပါက အနာဂတ်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်ရေး ကတိကဝတ်များကို လက်ရှိအနေအထားအတိုင်း ထောက်ပံ့ရန်မှာ အခက်အခဲ ရှိ လာမည် ဖြစ်သည်။ 

              ကုန်ပစ္စည်းထုတ်လုပ်မှုအပိုင်းတွင် အမေရိကန်ပြည်ထောင်စုနေဖြင့် ကမ္ဘာ့အကြီးဆုံး ပစ္စည်းထုတ်လုပ်သူ ရာထူးကို အရှေ့အာရှနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ရပြီး ဖြစ်သည်။ ထို့ပြင် အမေရိကန်အစိုးရနှင့် ပြည်သူများအနေဖြင့် ၁၉၈၂ နောက်ပိုင်းမှ စတင်ကာ ၎င်းတို့ စုဆောင်းနိုင်သည်ထက် ပိုမိုသုံးစွဲလာခဲ့ကြသည်။ ယင်းသို့ လိုငွေပြမှုအမျိုးမျိုး ဆက်တိုက် သယ်ဆောင်လာခြင်းက ၂ဝဝ၈ ခုနှစ် ဒေါ်လာတန်ဖိုးကျဆင်းမှုကို ဘီးတပ်ပေးခဲ့ကြသည်။ ထိုအချက်များက ဒေါ်လာ၏ ကမ္ဘာ့ အရန်ငွေကြေးအနေအထားနှင့် အမေရိက၏ ကမ္ဘာ့ ဘဏ္ဍာရေး အင်အားကြီးအဖြစ်ကို ခြိမ်းခြောက်လာခဲ့သည်။ 

                ထိုသို့ဆိုလိုက်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်း၏ လက်ရှိ စစ်ရေး အသုံးစရိတ်များကို ရုတ်ခြည်း လျှော့ချသွားတော့မည်ဟု မဆိုလိုပါ။ အထူးသဖြင့် အမေရိ ကန်တို့မှာ စစ်ရေးအင်အားကို အမျိုးသားရေးဂုဏ်တစ်ခုအဖြစ် မှတ်ယူကြခြင်းနှင့် စစ်အင် အားကို အဓိကရှေ့တန်းတင်ထားသည့် အမေရိကန်နိုင်ငံခြားရေးမူဝါဒ ရှိနေသည်။ သို့ရာ တွင် အင်ပါယာ၏ အရှင်သခင်အနေဖြင့် မဖြစ်မနေသုံးစွဲရမည့် အခြေအနေများကတစ်ဖက်၊ ကျဆင်းလာနေသည့် စီးပွားရေးအခြေအနေများကတစ်ဖက် ရှိနေပေရာ အနာဂတ်ကို လှမ်းမျှော်ကြည့်ပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်ရေးကဏ္ဍများတွင် ယနေ့ သုံးစွဲနေသလို မသုံးနိုင်၊ ယနေ့ အသာစီးရထားသလို မစိုးမိုးနိုင်တော့မည့် အခြေအနေမှာ မြင်သာလေသည်။

ကမ္ဘာသစ်တစ်ခု

              စာရေးသူတို့သည် ယနေ့အခါ၌ ကမ္ဘာအသစ်တစ်ခုကို ကူးပြောင်းတော့မည့် စပ်ကူးမပ်ကူး ကာလတွင် ရောက်နေကြသော်လည်း ထိုအဖြစ်ကို လက်ခံသဘောပေါက်ရန်မှာမူ မလွယ်လှချေ။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ကမ္ဘာ၏ ပါရာဒိုင်း(အစွဲ)များကို စာ ရေးသူတို့အနေဖြင့် အသားကျနေ၊ အရိုးစွဲနေသောကြောင့်ဖြစ်သည်။ အမေရိကန်သြဇာ အောက်၌ တစ်သက်လုံး နေခဲ့ရသည်ဖြစ်ရာ အနောက်ကမ္ဘာသည် မျိုးဆက်များစွာ လွှမ်း မိုးနေမည်ဟုသာ ထင်မှတ်စရာ ရှိလေသည်။ အနောက်နိုင်ငံများအနေဖြင့် ပြီးပြည့်စုံသော ကမ္ဘာကြီးကို အနောက်တိုင်းမျက်စိဖြင့်သာ မကြာခဏ ပုံဖော်ကြည့်လေ့ ရှိကြသည်။ အင် အားသာသူက ၎င်းတို့၏အမြင်၊ စံတန်ဖိုးများဖြင့် အင်အားနည်းသူများအပေါ် ပြဋ္ဌာန်းလေ့ ရှိသည်မှာ ဓမ္မတာဖြစ်၏။ အင်အားနည်းသူအနေဖြင့် ယင်းပြဋ္ဌာန်းချက်များကို ဒူးထောက် လက်ခံရုံပင်။ အသာတကြည် လက်မခံပါက အဆုံးစွန်သောအဆင့်တွင် အင်အားကြီးသူတို့ ဘက်မှ အင်အားသုံး ပြဋ္ဌာန်း လာမည်ဖြစ်သည်။ ယင်းသို့သော အစွဲ၊ အကြောင်းပြချက် များဖြင့် အသားကျနေသည့်အတွက် အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ အနေဖြင့် ၎င်းတို့၏သြဇာများ ယုတ်လျော့လာခြင်းကို ပုံမဖော်နိုင်၊ လက်မခံနိုင်ဖြစ်နေရခြင်း ဖြစ်သည်။

             ကမ္ဘာရွာပြုခြင်း (ဂလိုဘယ်လိုက်ဇေးရှင်း) ကို နမူနာကြည့်ပါ။ အနောက်တိုင်းသားတို့ ၏အမြင်၌ ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည်မှာ အနောက်တိုင်းဇာတ်သွင်းခြင်းသာ ဖြစ်သည်။ ဈေးကွက် စီးပွားရေး၊ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း၊ အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု များ၊ ဥပဒေနှင့်အညီ အုပ်ချုပ်ခြင်း၊ လူ့အခွင့်အရေးအဖွဲ့များ၊ ဒီမိုကရေစီထုံးတမ်းများ အစ ရှိသည်တို့ကို လက်ခံကျင့်သုံးလာခြင်းဟု ၎င်းတို့က ရှုမြင်ကြသည်။ ယင်းသို့ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည် ဆိုသော မြို့တော်များတွင် အထပ်မြင့် တာဝါများ၊ အမြန်လမ်းမကြီးများ၊ လက်ကိုင်ဖုန်းများ အစရှိသဖြင့် အနောက်တိုင်း၏ အသွင်အပြင်သဘော ဖွဲ့တည်လာခြင်း ကို မြင်လာရလေသည်။ သို့ရာတွင် လူ့အဖွဲ့အစည်းအသီးသီး၌ ၎င်းတို့၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု စသည် တို့မှာ အမြစ်တွယ်ရင်း ရှိပြီးဖြစ်ရာ မူလဘူတ ကလာပ်စည်းများဖြစ်ကြသည့် မိသားစုပုံစံ၊ အစိုးရပုံစံ၊ အသင်းအဖွဲ့ပုံစံ စသည်တို့မှာ (အနောက်တိုင်းပုံစံဘက်သို့ တိမ်းညွတ်လာရမည့် အစား) ဆန့်ကျင်ဘက်သို့ ဦးတည်သွားခြင်းမျိုး ရှိလာနိုင်လေသည်။ ထို့ပြင် မိမိတို့၏ မူလ ဘူတလူမှုပုံစံနှင့် သမိုင်းကြောင်းအပေါ် ယုံကြည်မှုအပြည့်ရှိသည့် တိုင်းပြည်များအနေဖြင့် ပိုမို တိုးတက် ထွန်းကားနိုင်သည်ဖြစ်ရာ ထိုတိုင်းပြည်များမှာ အနောက်တိုင်းပုံစံများကို တစ်သဝေမတိမ်း အတုခိုးရန် လက်တွန့်ကြမည်ဖြစ်သည်။ ထိုသို့ဖြင့် ဂလိုဘယ်လိုက်ဇေး ရှင်းသည် (အနောက်ကမ္ဘာမှ ယူဆထားသကဲ့သို့) တစ်လမ်းသွားမဟုတ်တော့ဘဲ ရှုပ်ထွေးသော လမ်းကြောင်းများ ပုံစံ ဖြစ်လာသည်။ ဥပမာ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးကိစ္စများတွင် ၎င်း၏သြဇာတိက္ကမဖြင့် လိုသလို ဖန်တီးနိုင်ခဲ့သော်လည်း ယင်းလုပ်ရပ်များကြောင့် လက်တွေ့အကျိုးဖြစ်ထွန်းသူမှာ တရုတ်နိုင်ငံ ဖြစ်နေခြင်းမျိုး ဖြစ် သည်။

             ၁၉၆ဝ ပြည့်နှစ်မတိုင်မီကဆိုလျှင် အနောက်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် (ခေတ်နောက်ကျနေသေးသော) ကမ္ဘာကြီးတစ်ခုလုံးအပေါ်၌ စီးပွားရေး အသာစီးရထားခဲ့ ကြသည်။ တိုးတက် ဖွံ့ဖြိုးသော အနောက်ကမ္ဘာနှင့် ဆင်းရဲသော အခြားကမ္ဘာမှာ အစစ အရာရာ ကွာခြားလွန်းလှသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ တိုးတက်လာသည်နှင့်အမျှ အထူးသဖြင့် အရှေ့အာရှတွင် ယင်းသို့ ခွဲခြားရန် ပိုမိုခက်ခဲလာခဲ့သည်။ ကိုရီးယားနှင့် ထိုင်ဝမ်တို့ကို ဥပမာကြည့်ပါ။ ၎င်းတို့အနေဖြင့် (ရုပ်ဝတ္ထုပိုင်းဆိုင်ရာ) တိုးတက်မှုတွင် အနောက်တိုင်းအဆင့်ကို ရောက်ခဲ့ကြပြီဖြစ် သည်။ ယင်းသို့ တိုးတက်လာသည့်အတွက် ထိုနိုင်ငံများ အနောက်တိုင်း (ယဉ်ကျေးမှု) နှင့် (၁) ပိုမိုနီးစပ်လာပါသလား။ (၂) ပိုမိုဝေးကွာ သွားသည်လား။ (၃) မှုန်ဝါးဝါးဖြစ်သွားကြသလားဟု ဆန်းစစ်ကြည့်ပါက ပထမအဖြေကို ရွေးချယ်ရန် သိသိသာသာ ဖိအားတစ်ခု ရှိနေသည်ကို ခံစားရမည်ဖြစ်သည်။ သို့သော် လည်း ယင်းကို လက်မခံလိုသော အင်အားများလည်း အထင်အရှားရှိနေသည်ကို သိနိုင် ပြီး ထိုခွန်အားကမူ ပထမအဖြေနှင့် ဆန့်ကျင်ဘက်ကို သာ ရွေးချယ်ရန် တိုက်တွန်းသည်ကို တွေ့ရမည် ဖြစ်၏။ ယခင်ကမူ အနောက်တိုင်း ပင်မရေစီးကြောင်း၏ မှတ်ယူချက်မှာ “ခေတ်မီခြင်း၌ တစ်မျိုးသာ ရှိသည်။ ယင်းမှာ အနောက်တိုင်းဆန်ခြင်းဖြစ်သည်” ဟူလို။ ယခုအခါ ယင်းအချက်အပေါ် ငြင်းခုံမှုများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာအနှံ့သို့ ပျံ့သွားခဲ့ ပြီး ဖြစ်လေသည်။
 

                 အထက်ပါဆန်းစစ်ချက်အတွက် အဆုံးအဖြတ်မှာ အနောက်တိုင်းနှင့် သဘောတူညီ သည်ဆိုပါက ကမ္ဘာသစ်သည် လက်ရှိကမ္ဘာနှင့် သိသိသာသာ ကွာခြားနေမည် မဟုတ်ပါ။ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး စသည်တို့သည် အနာဂတ်တွင် အနောက်တိုင်းနိုင်ငံများကဲ့သို့ ဖြစ်လာကြလိမ့်မည်။ ထိုပုံစံကို ဟောကိန်းထုတ်သူမှာ “စစ်အေး တိုက်ပွဲခေတ်လွန် ကမ္ဘာသည် လွတ်လပ်သော ဈေးကွက် စီးပွားရေး၊ ဒီမိုကရေစီရေးတို့ဖြင့် အနောက်တိုင်းပုံစံ ဖြစ်ထွန်းလာမည်”ဟု ဆိုခဲ့သူ ဖရန်စစ် ဖူကူယားမား ဖြစ်သည်။ အကယ်၍ အဆုံးအဖြတ်မှာ အနောက်တိုင်းနှင့် ကွဲပြား ခြားနားသည်ဆိုပါက အနာဂတ်ကမ္ဘာသစ်သည် ယနေ့ စာရေးသူတို့ နေထိုင်သောကမ္ဘာနှင့် သိသာစွာ ခြားနားနေမည် ဖြစ် သည်။
 

               ဤနေရာ၌ ခြွင်းချက်တစ်ခုမှာ ဂျပန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဒုတိယကမ္ဘာစစ် အပြီး စီးပွားရေး အတောင်ပေါက်သွားခဲ့သည့် ရှားရှားပါးပါးနိုင်ငံမှာ ဂျပန်ဖြစ်သောကြောင့် ပင်။ ဆိုဗီယက်ယူနီယံကို ထိုစာရင်းတွင် ထည့်သွင်း စဉ်းစားနိုင်သော်လည်း ၎င်း၏ လူ တစ်ဦးချင်းစီအတွက် GDP မှာ အနောက်နိုင်ငံများနှင့်ယှဉ်ပါက ပြောပလောက်ဖွယ်ရာ မရှိ ခဲ့ပေ။ ၁၉ ရာစု၏ နောက်ဆုံး နှစ်ဆယ့်ငါးနှစ်ပိုင်းကာလမှ စတင်၍ စက်မှုလုပ်ငန်းများ တည် ဆောက်လာခဲ့သည့် ဂျပန်သည် ဒုတိယကမ္ဘာစစ်မတိုင်မီအထိ အနောက်တိုင်းကလပ် (Western Club) ၏ အပြင်လူသာဖြစ်ခဲ့သည်။ ၁၉၄၅ ခုနှစ် နောက်ပိုင်းတွင်မူ အနောက် တိုင်းအတွက် ဂျပန်သည် စွမ်းအားကြီးလှသည့် စီးပွားရေးပြိုင်ဘက် ဖြစ်လာခဲ့ပြီး ၁၉၈ဝ ပြည့်နှစ်များအရောက်တွင်မူ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးပါဝါအဖြစ် အမေရိကန်ပြည် ထောင်စု၏နောက်တွင် ရပ်တည်လာခဲ့သည်။ ထိုသို့အခြေမြင့်တက် လာခဲ့သော်လည်း ဂျပန်တို့အနေဖြင့် အနောက်တိုင်း ဟန်ပန်ဓလေ့များ ရယူခြင်းကို ဟန်ပြအဖြစ်ထားကာ ကိုယ်ပိုင်သီးသန့်ယဉ်ကျေးမှု အစွမ်းအစများကို သိမ်းဆည်း ကွယ်ဝှက်ထားခဲ့သည်။ 

             ဂျပန်နိုင်ငံကို ကြည့်ပါ။ ဒုတိယကမ္ဘာစစ်တွင် ရှုံးနိမ့်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု ၏ သိမ်းပိုက်ခြင်းကို ၁၉၅၁ ခုနှစ်အထိ ခံခဲ့ရသည်။ စစ်တပ်အင်အား တည်ဆောက်ခြင်းမှ တားမြစ်ခြင်းခံထားရသည် (၁၉၅၁ အမေရိကန်-ဂျပန်စာချုပ်အရ ဂျပန်ကို အမေရိကမှ ကာကွယ်မည်)။ အမေရိကန်တို့ ရေးဆွဲသည့် အခြေခံဥပဒေကို လက်ခံကျင့်သုံးခဲ့ရသည်။ အမှန်စင်စစ် ဂျပန်၏အဖြစ်သည် အမေရိကန်၏ လက်အောက်ခံနိုင်ငံဟု မဆိုလျှင်ပင် အချုပ်အခြာအာဏာနှင့် ပတ်သက်လာလျှင် မှုန်ဝါးဝါးသာဖြစ်၏။ ယင်းအချက်ကြောင့်ပင် ဂျပန်အနေဖြင့် အနောက်တိုင်းမဆန်လှသော ၎င်း၏ သီးသန့်ယဉ်ကျေးမှု အစွမ်းအစများကို ကွယ်ဝှက်ထားပြီး အနောက်တိုင်းထုံးစံများကို ရှေ့တန်းတင်ပြခဲ့ခြင်း ဖြစ်တန်ရာသည်။

                ဂျပန်ကို ခြွင်းချက်အဖြစ် ဖယ်ရှားလိုက်ပါက မနေ့တစ်နေ့ကအထိ ခေတ်မီသောကမ္ဘာ ဆိုသည်မှာ ဥရောပ၊ အမေရိက၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ဖြင့် ဖွဲ့စည်းထား သည့်အနောက်တိုင်းကမ္ဘာသာဖြစ်သည်။ ဥရောပမှလွဲ၍ အခြားနိုင်ငံများဆိုသည်မှာလည်း အမှန်စင်စစ် ရွှေ့ပြောင်းသွားသော ဥရောပတိုက်သားများသာ ဖြစ်၏။ ယင်းတို့မှာ စီးပွား ရေး သမိုင်းပညာရှင် အန်းဂတ်စ်မက်ဒီဆင်၏စကားအရဆိုလျှင် “ဥရောပ၏ အမွေစား အမွေခံများ”သာ ဖြစ်ကြသည်။ သို့ဖြစ်ရာ စာရေးသူတို့ ယနေ့ ပြောဆိုနေသည့် ‘ခေတ်မီ ခြင်း’ဟူသည်မှာ လူသားထုအတွင်းမှ သေးငယ်သော အုပ်စုကလေးတစ်စု၏ အတွေ့အကြုံ သာ ဖြစ်၏။ ထိုကျဉ်းမြောင်းလှသည့်အချက်၊ ကိုယ်စားပြုမှု နည်းလှသည့်အချက်ကို အနောက်ကမ္ဘာက လွှမ်းမိုးလာခဲ့သည့် လွန်ခဲ့သော ရာစုနှစ်နှစ်ခု ကာလပတ်လုံး စာရေးသူ တို့ မကြာခဏ မျက်စိရှန်းခဲ့ကြသည်။ သမိုင်းကြောင်းရှည်လျားပြီး အနောက်တိုင်းနှင့် ကွဲပြားကာ ယဉ်ကျေးမှုအခြေခံ သန်စွမ်းခဲ့သည့်နိုင်ငံများ ခေတ်မီခြင်း လမ်းကြောင်းပေါ်သို့ တက်လှမ်းလာပြီး ၎င်းတို့၏ကိုယ်ပိုင် နည်းဟောင်းများကို အသုံးချလာသည့်အခါမှသာ ‘ခေတ်မီခြင်း’နှင့် ‘အနောက်ကမ္ဘာ၏ အတွေ့အကြုံ’ ဆိုသည်ကို ခွဲခြမ်း စိတ်ဖြာလာနိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ်များနှောင်း ပိုင်းတွင်မှ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ စသည့် နိုင်ငံများ၊ ၁၉၇ဝ ပြည့်နှစ်များနှောင်းပိုင်းတွင်မှ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်ပြည် စသည့် အရှေ့အာရှတိုင်းပြည်များ စီးပွားရေးလမ်းကြောင်းပေါ် ရောက်လာကြခြင်း ဖြစ်သည်။ စာရင်းဇယားအရ ၁၉၅ဝ ပြည့်နှစ်တွင် အမေရိက၏ GDP မှာ အရှေ့အာရှနိုင်ငံများအားလုံး ပေါင်း၏ သုံးဆခန့်မျှရှိခဲ့၏။ ၂ဝဝ၁ ခုနှစ်သို့ ရောက်သောအခါတွင်မူ အမေရိက၏ GDP မှာ အဆိုပါနိုင်ငံများ စုစုပေါင်း၏ သုံးပုံနှစ်ပုံသာရှိတော့သည်ကို တွေ့ရမည်ဖြစ် သည်။
 

                 တိုးပွားလာသော ဖွံ့ဖြိုးဆဲနိုင်ငံများအရေအတွက်ကို စာရေးသူတို့ မျက်ဝါးထင်ထင် တွေ့လာရသည်။ ယင်းတို့အနက် တရုတ်ပြည်မှာ အရေးကြီးလှသောနေရာသို့ရောက်ရှိ လာ ခဲ့ပြီဖြစ်သည်။ တရုတ်ပြည်သည် ၎င်း၏စီးပွားရေးသြဇာကို အရှေ့အာရှဒေသ အမျိုးအနွယ် များ၊ တောင်အာရှ၊ အလယ်အာရှ၊ အာဖရိကနှင့် တောင်အမေရိကပါမကျန် ဆယ်စုနှစ် တစ်ခုကျော်အတွင်း လျင်မြန်စွာ ဖြန့်ကြက်နိုင်ခဲ့ခြင်းဖြင့် ကမ္ဘာသစ်ကို သယ်ဆောင်လာသူ ဖြစ်လာ၏။ ထို့ပြင် တရုတ်အနေဖြင့် ယခင် အာရှကျားများဖြစ်ကြသည့် ထိုင်ဝမ်၊ ထိုင်း စသည့်နိုင်ငံများနှင့် မတူသည့်အချက်မှာ အမေရိကန်၏ သြဇာခံမဟုတ်ခြင်းပင်ဖြစ်၏။

                 ထို့ပြင် တရုတ်ပြည်၌ များပြားလှသည့်လူဦးရေ ရှိသည်။ သို့ဖြစ်ရာ အခြေမြင့်လာသော တရုတ်ပြည်၌ အခြားသော အာရှကျားများနှင့် လားလားမျှမတူသည့် လက္ခဏာများ ရှိနေ သည်။ သို့ရာတွင် ပင်မရေစီးကြောင်းပေါ်မှ အနောက်တိုင်းသုခမိန်များကမူ မကြာသေးမီ ကာလအထိ တရုတ်ပြည် ခေတ်မီလာခြင်းသည် နောက်ဆုံး၌ ဒီမိုကရက်တစ်နိုင်ငံတစ်ခု အဖြစ် ပြီးပြည့်စုံသွားမည်ဟု ယုံကြည်ခဲ့ကြ၏။ ၎င်းတို့က ‘တရုတ်ပြည် အခြေမြင့်လာခြင်း သည် ကမ္ဘာကြီးအတွက် သိသာသောပြောင်းလဲမှုရှိမည် မဟုတ်’ဟု ရှုမြင်ကြသည်။
 

                ထိုအမြင်မှာ ယူဆချက် သုံးရပ်ပေါ်၌ အခြေခံ၏။ ပထမယူဆချက်မှာ တရုတ်၏ အခြေ မြင့်လာမှုမှာ အဓိကအားဖြင့် စီးပွားရေးသက်သက်သာဖြစ်မည်။ ဒုတိယ ယူဆချက်မှာ တရုတ်သည် သူလိုကိုယ်လို အနောက်တိုင်းပုံစံ နိုင်ငံတစ်ခု ဖြစ်လာမည်။ တတိယ ယူဆချက်မှာ တရုတ်ပြည်သည် နိုင်ငံတကာထုံးစံများနှင့် အကျွမ်းတဝင်ရှိလာပြီး ပိုနေမြဲ ကျား နေမြဲအတိုင်း ဆက်လက်ရှိနေမည်။ 

                စာရေးသူအနေဖြင့် ပြောရလျှင်မူ ထိုယူဆချက်များ မှာ မမှန်မကန်သုံးသပ်ထားခြင်း သာ ဖြစ်ပါသည်။ တရုတ်ပြည်အခြေမြင့်လာခြင်းက ကမ္ဘာ ကြီးကို မကြုံစဖူး ပြောင်းလဲစေမည်ဟု ယုံကြည်ပါ၏။ ယနေ့ဆိုလျှင် တရုတ်ပြည် အခြေမြင့်လာခြင်း၏ဂယက်က ကမ္ဘာတစ်ဝန်း သက်ရောက်နေပြီဖြစ်သည်။ သိသာသည့်အချက်မှာ အခြေခံ ကုန်ပစ္စည်းဈေးနှုန်းများ အတက် အကျနှင့် ပတ်သက်၍ဖြစ်၏။ အမေရိကန်ပြည်ထောင်စုထက် လူဦးရေ လေးဆမျှကြီးမားပြီးနှစ်စဉ် GDP တိုးနှုန်း ဂဏန်းနှစ်လုံး (၁ဝ ရာခိုင်နှုန်းနှင့် အထက်) ရှိနေခြင်းတို့ကြောင့် ၂ဝ၂၇ ခုနှစ်တွင် တရုတ်ပြည်သည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးပါဝါအဖြစ် အမေရိကန်ပြည်ထောင်စု ကို ကျော်ဖြတ်သွားတော့ မည်ဖြစ်ကြောင်း ဂိုးလ်ဒ်မင်းဆက်စ် ဘဏ္ဍာရေးကုမ္ပဏီ ကြီးက ဟောကိန်းထုတ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အင်အားကြီး တရုတ်ပြည်အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်သာ ရှိဦးမည်ဖြစ်သည်။ ခေတ်မီခြင်းနှင့်ပတ်သက်၍ အစပျိုးရုံပင် ရှိ ဦးမည်ဖြစ်သည်။ ထိုအချက်များကို ထောက်ပြပြီး တရုတ်ပြည် အခြေမြင့်လာခြင်းကို စီး ပွားရေးသက်သက်ဟု စာရေးသူတို့ မှတ်ယူသင့်ပါသလော။ မြင့်တက်လာသည့် ပါဝါနိုင်ငံ များအနေဖြင့် ၎င်းတို့၏စီးပွားရေး ခွန်အားကို နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စစ်ရေး စသည်တို့၌ စမ်းသပ်ကြသည်သာ ဖြစ်သည်။ ယင်းလုပ်ရပ်ကပင် သြဇာတက်စေရန် ပါရမီဖြည့်ခြင်း တစ်မျိုးဖြစ်ပေရာ တရုတ်ပြည်အနေဖြင့်လည်း သေချာပေါက် စမ်းသပ်ဦးမည် ဖြစ်၏။
 

              ထို့ကြောင့်ပင် တရုတ်ပြည်သည် စာရေးသူတို့ အကျွမ်းဝင်သကဲ့သို့ အနောက်တိုင်းပုံစံ နိုင်ငံတစ်ခုဖြစ်လာနိုင်သည်ဟု မှတ်ယူခြင်းမပြုနိုင်ပါ။ တရုတ်ပြည်ကြီးအား အနောက်တိုင်း ပုံစံနှင့် လားလားမျှ မနီးစပ်သည့် ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် တည် ဆောက်လာခဲ့ခြင်းဖြစ်သည်ကို သတိချပ်ရန် လိုသည်။ တရုတ်ပြည်ကြီး အနောက်တိုင်း ပုံစံ ဖြစ်ထွန်းလာမည်ဟူသည့် အယူအဆမှာ သမိုင်းနှင့်ယဉ်ကျေးမှုကို ချန်လှပ်ပြီး ကမ္ဘာကို နည်းပညာနှင့် စီးပွားရေး နှစ်ခုတည်းဖြင့် ရှုမြင်ချက်သက်သက်သာ ဖြစ်ပေလိမ့်မည်။
 

              ယင်းသို့ခြားနားသည်ဆိုပါက ရေရှည်တွင် တရုတ်ပြည်အနေဖြင့် လက်ရှိပြဋ္ဌာန်းထား သည့် နိုင်ငံတကာထုံးစံများကို ဆက်လက်ကျင့်သုံးမည်လော၊ အခြေခံကျကျ ပြုပြင်ခြင်း များကို ဆော်သြမည်လောဟူသည့် မေးခွန်းကိုပါ ဆက်လက်ဆွေးနွေးရန် လိုအပ်လာလေ သည်။ တရုတ်ပြည်၏သမိုင်းကို-
၁။ မြို့ပြအင်ပါယာနိုင်ငံ
၂။ (ဟန်) လူမျိုး
၃။ ပဏ္ဏာဆက်နိုင်ငံများ
၎။စည်းလုံးညီညွတ်မှု
ဟူသည့် အခြေလေးချောင်းဖြင့် ထောက်ပံ့ထားခြင်းဖြစ်လေရာ အနောက်နိုင်ငံများနှင့် ခြားနားလှ၏။ အနာဂတ်တရုတ်ပြည်အနေဖြင့် အတိတ်ကို ပြန်လည်ပြဋ္ဌာန်းရန် ရှိ၊ မရှိ ကိစ္စမှာ ယခုကာလတွင် အမြင့်သို့ တက်လှမ်းလာခြင်း၏ အစောပိုင်းသာ ရှိသေးသည့် အတွက် တိတိပပဖြေဆိုရန် ခက်ခဲဆဲ ဖြစ်ပါသည်။