Sunday, July 5, 2015

မြန်မာအိပ်မက်



လွန်ခဲ့သောနှစ်များအတွင်း စာရေးသူ တွေ့ဆုံခဲ့သည့် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ အစိုးရပိုင်းနှင့် အမှုထမ်းအရာထမ်းများအပါအ၀င် လူကြီးလူငယ်အားလုံးတွင် အမြင်မတူကြသော်လည်း တူညီသည့် သဘောထားတစ်ခုရှိသည်ကို တွေ့ရသည်။ ထိုသဘောထားမှာ အမိမြန်မာပြည်အား ကြီးပွားတိုးတက်နေကြသော အိမ်နီးချင်းနိုင်ငံများနည်းတူ ကောင်းစားစေလိုသည့် စေတနာဖြစ်သည်။ တစ်ဆက်တည်းမှာပင် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာနောက်ကျကျန်နေခဲ့သည့် မိမိတို့၏ အဖြစ်အား ၀န်ခံအသိအမှတ်ပြုခြင်းကို တွေ့လာရသည်။ တိုးတက်ပြောင်းလဲလာသည့် သတင်းဆက်သွယ်ရေးနည်းပညာများ၊ နိုင်ငံအချင်းချင်း ကူးလူးဆက်ဆံမှု များပြားလာခြင်းစသော ကမ္ဘာပြားလာခြင်း၏ အကျိုးဆက်ကြောင့်ဖြစ်မည်။ ယင်းသို့ တူညီသော သဘောထားတစ်ခု ရရှိလာခြင်းမှာ ကောင်းသောလက္ခဏာဟု မှတ်ယူနိုင်သည်။ မြန်မာပြည်သားများအဖြစ် တူညီသော အိပ်မက်တစ်ခုမက်ရန် အခြေအနေပေးလာခြင်းဖြစ်သည်။ 
ဤအခြေအနေမတိုင်မီ မြန်မာတို့၏ အိပ်မက်မှာ ဆယ်စုနှစ်များစွာပင် ကစဥ့်ကလျား ဖြစ်နေခဲ့သည်။ သူ့ကျွန်ဘ၀မှ ရုန်းထွက်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ရေး ဟူသော မြန်မာတို့၏ လွတ်လပ်ရေးအိပ်မက်မှာ လွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ဘ၀သို့ရောက်ပြီး နှစ်အနည်းငယ်အတွင်းမှာပင် ပြည်တွင်းစစ်များဖြစ်ပွားလာခြင်းနှင့်အတူ လုံးပါး, ပါးခဲ့သည်။ တစ်ချိန်တည်းမှာပင် တပ်မတော်ကဲ့သို့သော လက်နက်ကိုင်အဖွဲ့အစည်းများ  နိုင်ငံတော်တည်ဆောက်ရေးတွင် ခေါင်းဆောင်အဖြစ်  ရှေ့ဆုံးတန်းမှ နေရာရလာသည်။ တပ်မတော် နေရာရလာခြင်းနှင့်အတူ ကိုယ်စားပြုမှုများများဖြင့် ကျယ်ကျယ်ပြန့်ပြန် ညှိုနှိုင်းရခြင်းကို အားနည်းချက်တစ်ရပ်အဖြစ် ရှုမြင်သည့် အတွေးအခေါ်များ အားကောင်းလာသည်။ လူမျိုးစုပေါင်းစုံပါဝင်သည့် ပြည်ထောင်စုတစ်ခု ထူထောင်ရေးအတွက်မူ အနုတ်လက္ခဏာဖြစ်၏။ ထိရောက်မှု၊ ပြတ်သားမှုစသည့် ခေါင်းစဉ်များအောက်တွင် တပ်မတော်ဦးဆောင်သည့် အစိုးရများမှ မိမိကိုယ်ကို အားကိုးကာ အင်အားသုံးဖြေရှင်းခြင်း၊ တစ်သွေး တစ်သံ တစ်မိန့် တစ်ဦးတည်းသဘောဖြင့် ဆုံးဖြတ်ခြင်း တို့ကို ဖောဖောသီသီ သုံးစွဲခဲ့သည်။ စီးပွားရေးတွင် စီမံခန့်ခွဲမှုအားနည်းခြင်း၊ ဦးစားပေးရွေးချယ်မှု အမှားအယွင်းများနှင့် အကြီးအကျယ် အကျင့်ပျက်ခြစားမှုများကြောင့် တိုင်းပြည်၏ဥစ္စာဓနများ တစ်စစ ချွတ်ခြုံကျလာသည်နှင့်အမျှ မြန်မာတို့၏ လွတ်လပ်ရေးအိပ်မက်မှာ  အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲခဲ့တော့သည်။ တိုင်းပြည်အခြေအနေ ယိုယွင်းလာသည့် ကာလများတွင် အကျပ်အတည်းများကို ကုစားလိုသည့် အစိုးရက ပြည်တွင်းစစ်၏ ပြောင်မြောက်သော တိုက်ပွဲများကို ဆက်လက်ဆင်နွှဲသည်။ သာမန်ပြည်သူတို့ဘက်တွင်မူ မိမိတို့၏အိပ်မက်များ ဤတိုင်းပြည်တွင်း၌ မဖြစ်နိုင်၊ မထွန်းကားနိုင်ဟု လက်ခံလာသူ မြန်မာလူငယ်အများအပြားပင် တိုင်းတစ်ပါးသို့ နည်းမျိုးစုံဖြင့် စွန့်စားထွက်ကာ ဘ၀သစ်တည်ဆောက်ရေး အားထုတ်ကြသည်။ ယိုယွင်းလာသည့် နိုင်ငံတော်တစ်ခုတွင် အစိုးရနှင့် ပြည်သူတို့ ကိုယ့်နည်းကိုယ့်ဟန် ထွက်ပေါက်ရှာရင်း အိပ်မက်များ ပြဒါးတစ်လမ်းသံတစ်လမ်း ကွဲပြားလာသည့်အခါ နှစ်ဦးနှစ်ဖက် ယုံကြည်မှုကင်းမဲ့လာသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့အကြားဆက်ဆံရေး (state-citizen relationship)  ပျက်ပြားသည့် အခြေအနေသို့ ဆိုက်ခဲ့သည်။  ရှစ်လေးလုံးအရေးအခင်း နေ့ရက်များ၊ နာဂစ်မုန်တိုင်းကြီးအပြီး နေ့ရက်များသည် ထိုအခြေအနေကို ထင်ဟပ်သည့်ကာလ၏ နမူနာများဖြစ်သည်။ မြန်မာတို့၏ ကိုယ့်မင်းကိုယ့်ချင်းဖြင့် ခေတ်သစ် နိုင်ငံတော်တည်ဆောက်ရေး ခရီးမှာ ရာစုနှစ်ထက်ဝက်ကျော် ကြာသောအခါ ကစဥ့်ကလျားဖြစ်ခြင်းနှင့်အတူ ကျရှုံးနိုင်ငံတော် (failed state) တို့၏ ချောက်ကမ်းပါးသို့ ရောက်ရှိရပ်တန့်ခဲ့တော့သည်။
ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ မြန်မာတို့၏ ခေတ်သစ်ကာလ လွတ်လပ်ရေးအိပ်မက်ကို ယနေ့ရောက်နေသည့်နေရာမှ ပြန်လည်သုံးသပ်ကာ သင်ခန်းစာထုတ်ယူရန်ဖြစ်သည်။ ယနေ့ရရှိထားသည့် အကောင်းမြင်မှုကို အရင်းပြုကာ နောက်တစ်ကြိမ် တည်ဆောက်ရဦးမည့် နိုင်ငံတော်အသစ်အတွက် အိပ်မက်သစ်ကို တွေးခေါ်ကြည့်ရန်ဖြစ်သည်။

လွတ်လပ်ရေးအိပ်မက်
မြန်မာတို့သည် အဘိုးအဘေးများလက်ထက်ကတည်းက လွတ်လပ်မှုကို ခုံမင်သူများ ဖြစ်ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အကြီးဆုံးလူမျိုးစုဖြစ်လာမည့် ဗမာတို့သည် လှည့်လည်သွားလာနေရသော ချိအန် (Chi’ang) များအဖြစ် အရှေ့ပိုင်းမှ တရုတ်တို့၏ ၀ါးမျိုလာမှုကို အညံ့မခံအလွတ်ရုန်းရင်း အနှစ်နှစ်ထောင်မျှသော တိုးတက်မှုတို့ကို စွန့်လွှတ်ခဲ့ကြောင်း သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း၊ သူ့အရင် ပါမောက္ခ လုစ် တို့က အကိုးအကားများဖြင့် ဆိုဖူးသည်။[ii]  လွတ်လပ်မှုကို ထိန်းသိမ်းရန် မည်မျှတန်ဘိုးကြီးသောအရာပင် ဖြစ်ပါစေ ပေးဆပ်ရန်အသင့်ရှိသည့် ခံယူချက်မျိုးဖြစ်သည်။ နှစ်ပေါင်း ထောင်ကျော်ကြာပြီးနောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ပြန်လည်ရရှိသည့်အထိမ်းအမှတ် ကြေညာစာတမ်းသည် ခြားနားချက်များ ပါရှိသည့်တိုင် ထိုသဘောထားကို ပြန်လည်ထင်ဟပ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးကြေညာစာတမ်းပါ စာပိုဒ်ခြောက်ပိုဒ်အနက် လေးပိုဒ်မှာ မြန်မာတို့ ကိုယ့်ထီးကိုယ့်နန်းနှင့် နေခဲ့ရသည့်ခေတ်များကို အမွှန်းတင်ခြင်းနှင့် ပြန်လည်ရရှိလာသည့် လွတ်လပ်ရေးကို မည်သို့ကာကွယ်မည်ဆိုသော ပဋိညာဉ်ထားခြင်းများဖြစ်သည်။ အလယ်စာနှစ်ပိုဒ်နှစ်ခုတွင် လွတ်လပ်သောနိုင်ငံတော်ကို မည်သို့စီမံအုပ်ချုပ်ရမည်ဟူသော စည်းကမ်းချက်မျိုးကို တွေ့ရသည်။ နိုင်ငံတော်သီချင်းကို သရုပ်ခွဲကြည့်ပါကလည်း ဆင်တူသဘောကို တွေ့နိုင်သည်။ “ခွင့်တူညီမျှ - ၀ါဒဖြူစင်တဲ့ပြည်”  ဆိုသော ကြွေးကြော်သံမှာ စိတ်ကူးတစ်ခုအဖြစ် ခြေဆင်းစာပိုဒ်၌ မထင်မရှား နေရာရပြီး “ပြည်ထောင်စုကို - အသက်ပေးလို့ - တို့ကာကွယ်မလေ။” ဆိုသော ရဲရဲတောက် ကြုံးဝါးချက်မျိုးမှာ အထင်ကရ ရှိလှသည်။ ထိုသင်္ကေတများကို ဖတ်ရှုပါက မြန်မာတို့၏ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးအိပ်မက်တွင် ထာဝစဉ် လွတ်လပ်ရေးနှင့်၊ လွတ်လပ်ရေးကို အထိအခိုက်မရှိ ကာကွယ်ထိန်းသိမ်းရန် မည်မျှတန်ဖိုးထားကြောင်း တွေ့နိုင်သည်။ လက်ထဲပြန်ရလာသည့် လွတ်လပ်မှုကို ကလေးငယ်တစ်ဦးကဲ့သို့ မလွတ်တမ်းဆုပ်ကိုင်ထားတော့မည့် အသွင်ဆောင်သည်။ 
အသစ်ဖြစ်ထွန်းလာသော ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော်၌ လွတ်လပ်ရေးနှင့် အချုပ်အခြာကို အထူးကာကွယ်ရန် ခံယူချက်နှင့်အတူ ထပ်ချပ်မကွာ နေရာယူလာသည့် အဖွဲ့အစည်းမှာ တပ်မတော်ဖြစ်သည်။ မြန်မာဘုရင်များလက်ထက်က အမြဲတမ်းတပ်မတော်ဟူ၍ မရှိသည့်အတွက် အစဉ်အလာအရ နိုင်ငံကာကွယ်ရေး၊ စစ်မက်ရေးရာများသည် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကျန်းမာသန်စွမ်းသူအားလုံး၏ တာဝန်ဖြစ်ခဲ့သည်။ ကိုလိုနီခေတ်လွန် ကာလ၌မူ ခေတ်မီအုပ်ချုပ်ရေး ပုံစံအရ အမြဲတန်းတပ်မတော်တစ်ခု ရှိလာသည်။ ကန္ဒီကွန်ဖရင့် (၁၉၄၅ ခုနှစ် စက်တင်ဘာလ ၆-၇ ရက်) တွင် ချုပ်ဆိုခဲသော စာချုပ်အရ ယနေ့တပ်မတော်ဖြစ်လာမည့် အဖွဲ့အစည်းကို ပုံဖော်ခဲ့ခြင်းဖြစ်သည်။ အဆိုပြုအင်အား ၁၂၀၀၀ အနက် ဂျပန်တော်လှန်ရေးအပြီး အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည့် မျိုးချစ်ဗမာ့တပ်မတော်မှ တပ်ရင်းသုံးရင်း၊ ကိုလိုနီခေတ် ဗြိတိသျှလက်အောက်ခံ  Burma Army မှ ဆင်းသက်လာသည့် ကရင်တပ်ရင်းနှစ်ရင်း၊ ကချင်တပ်ရင်းနှစ်ရင်း၊ ချင်းတပ်ရင်းနှစ်ရင်း၊ ဗမာတပ်ရင်းတစ်ရင်း အစရှိသည်တို့ကို အခြေခံသည်။[iii] လွတ်လပ်ရေးကြေညာပြီးကတည်းက စတင်ခဲ့သော ပြည်တွင်းစစ်သည် နိုင်ငံရေးနယ်ပယ်အထိ ဂယက်ရိုက်ကာ မူလလွတ်လပ်ရေးအိပ်မက်တစ်ခုဖြစ်သော အချုပ်အခြာအာဏာကို ခြိမ်းခြောက်သည်အထိ ကျယ်ပြန့်လာသည်ဟု  ထိုခေတ် တပ်မတော် ခေါင်းဆောင်အချို့က ယုံကြည်လိုကြသည်။ အုပ်ချုပ်ရေးပိုင်းတွင် အစိုးရအနေဖြင့် တပ်မတော်ကို ပိုမိုမှီခိုလာရသည့် တစ်ချိန်တည်းမှာပင် “တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည်” ဟူသော လှုံ့ဆော်ဝါဒဖြန့်မှုမှ အစပြုကာ တစ်ဆင့်တက်၍ “တပ်မတော်သည် လွတ်လပ်ရေးကို ဦးဆောင်ရယူပေးခဲ့သည်” ဟူ၍ လည်းကောင်း၊ “တပ်မတော်သည် လွတ်လပ်ရေးကို ကာကွယ်ရန် (နိုင်ငံတော်၏)  မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်ရန် အသင့်ဖြစ်နေသည်” ဆိုသော ခံယူချက်ရှိလာပြီး နောက်ဆုံးတွင် တပ်မတော်သည် မိမိကိုယ်တိုင် နိုင်ငံတော် (state) အဖြစ် မှတ်ယူသည်အထိ အခြေအနေပြောင်းလဲရောက်ရှိလာခြင်းဖြစ်သည်။ 
အမှန်စင်စစ် လွတ်လပ်ရေးကို ထိန်းသိမ်းရခြင်းမှာ မွန်မြတ်သော တာဝန်ဖြစ်သည်။ သို့သော် အလုပ်ထက် ရလဒ်က ပိုမိုအရေးပါကြောင်း သတိချပ်ရန်လိုသည်။ လက်တွေ့တွင် လွတ်လပ်ရေးနှင့် အချုပ်အခြာကို ရင်အုပ်မကွာထားခြင်းအားဖြင့်လည်းကောင်း၊ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခြင်းဖြင့်လည်းကောင်း ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်းနိုင်မည်ဟု အာမမခံနိုင်ချေ။ အသက်စွန့်ကာကွယ်ရင်း မျက်စိအောက်တွင် ဆုံးရှုံးမှုဖြင့် အဆုံးသတ်ခဲ့ရသော ၁၉ ရာစု အင်္ဂလိပ်-မြန်မာ စစ်ပွဲများက သက်သေဖြစ်သည်။ မျက်မှောက်ခေတ်တွင် အချုပ်အခြားအာဏာ တည်တံ့ခိုင်မြဲရေးကို အဆက်မပြတ် ကြွေးကြော်ရင်း နိုင်ငံတစ်ခုလုံး တရုတ်ပြည်၏ သြဇာစက်ဝန်းအတွင်းသို့ ရောက်မှန်းမသိ ရောက်ခဲ့ရခြင်းက သက်သေဖြစ်သည်။ ကိုလိုနီလက်သစ်၊ လက်ဟောင်း အစရှိသဖြင့် မြန်မာတို့ အပြစ်တင်နေကြသော အကြောင်းအရာများမှာ လက်တွေ့တွင် အသစ်အဆန်းများမဟုတ်။ ၁၈ ရာစုအလယ်ပိုင်း စက်မှုတော်လှန်ရေး ဖြစ်ထွန်းအောင်မြင်လာပြီးနောက်ပိုင်း ကမ္ဘာ့ညီမျှခြင်းများ ပြောင်းလဲသွားသည့် အချင်းအရာကို မြန်မာတို့ သတိမပြုမိခဲ့ခြင်းသည် အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသော အလှည့်အပြောင်း (game changer)  ဖြစ်သည်။ တစ်ခေတ်ပြောင်းလာသော ကမ္ဘာသစ်တွင် လွတ်လပ်မှုအချုပ်အခြာကို ကျီးလန့်စာစား ကာကွယ်ရခြင်းထက် ယုံကြည်မှုအပြည့်ဖြင့် ခိုင်မာစေခြင်းက ပိုအရေးပါလာသည်။ လွတ်လပ်ခြင်း၏ အသီးအပွင့်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရခြင်းထက် ပြန့်ပွားတိုးပွား ဝေမျှခံစားခြင်းက ပိုမိုအဓွန့်ရှည်ရာ ရှင်သန်စေကြောင်း ဖြစ်လာသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးအိပ်မက်တွင် ထိုအပြောင်းအလဲများကို ပိုင်ပိုင်နိုင်နိုင် ဖမ်းစားနိုင်ခြင်းမရှိသည့်အဖြစ်က မြန်မာပြည်အတွက် ကံခေသည်ဟု ဆိုရမည်ပင်။ အကျိုးဆက်မှာ ခေတ်သစ်နိုင်ငံတစ်ခုအတွက် မရှိမဖြစ်လိုအပ်သော အင်စတီကျူးရှင်းများ အခြေတကျတည်ဆောက်နိုင်မှု (state building) ကို ကမောက်ကမဖြစ်စေခဲ့ပြီး နိုင်ငံတော်တည်ဆောက်ရေးကို နောက်ထပ်အနှစ်ငါးဆယ်ကျော် နောက်ပြန်သွားစေခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သစ်အိပ်မက်
အိပ်မက်သစ်၏ နိဒါန်းသည် အကောင်းမြင်မှုများရှိနေသည့်တိုင် စိန်ခေါ်ချက်များစွာ ၀န်းရံလျှက်ရှိသည်။ စိုးရိမ်စရာကောင်းသည့်အချက်မှာ ၎င်းသည် အိပ်မက်ဟောင်း၏ လောင်းရိပ်အောက်တွင် ရှိနေခြင်းဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်၏ အမျိုးသားနိင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး စသည်တို့ကို နိဒါန်းပိုင်း၌လည်းကောင်း၊ အခြေခံမူများအဖြစ်လည်းကောင်း အခိုင်အမာ ပြဋ္ဌာန်းထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် မြန်မာနိင်ငံကို အတိတ်အိပ်မက်ဆိုးမှ ရုန်းမထွက်နိုင်အောင် တုပ်နှောင်ထားသည့် ကြိုးတစ်ချောင်းဖြစ်သည်။ ဗြိတိသျှတို့ထံ လွတ်လပ်ရေးဆုံးရှုံးရစဉ်က ရရှိလိုက်သော အကြောက်တရားကို ဤအခြေခံမူများထဲတွင် တွေ့နေရဆဲဖြစ်သည်။ မြန်မာပြည်၏ ၀ိဥာဉ်သည် ကျွန်ဘ၀မှ မလွတ်သေးကြောင်း ဤအခြေခံဥပဒေကိုကြည့်၍ သိနိုင်သည်။ 
လွတ်လပ်သော မြန်မာနိုင်ငံတော်တွင် တို့တာဝန်အရေးသုံးပါးဟု ခေါင်းစဉ်တပ်ကာ ကြွေးကြော်ကြသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆောင်ပုဒ်များမှာ ကမ္ဘာသစ်တွင် ဟောင်းနွမ်းနေသည်။ အမှန်စင်စစ် ၎င်းအချက်များသည် ရည်မှန်းချက်ထားရမည့် အမျိုးသားရေးတာဝန်များမဟုတ်။ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံတစ်ခု၏ နိုင်ငံသားများအဖြစ် ထိုက်ထိုက်တန်တန် တာဝန်ယူခြင်းအားဖြင့် အလိုအလျှောက်ရရှိလာမည့် အကျိုးဆက်ရလဒ်များသာ ဖြစ်သည်။ လက်တွေ့တွင် ပြည်ထောင်စုမပြိုကွဲရေးဟု တခမ်းတနား အခြေခံမူချမှတ်ကာ မည်မျှပင် အားတင်းစည်းနှောင်ထားပါစေ ပြည်ထောင်စု စည်ပင်ဝပြောရေးကို လျစ်လျူရှုထားပါက၊ ပြည်ထောင်စုတွင်း တိုင်းရင်းသားတို့ တန်းတူညီတူရှိရေး အပြန်အလှန် လေးစားသမှုရှိရေး အာမခံချက်မပေးနိုင်ပါက  ထိုပြည်ထောင်စုသည် အခွင့်သာသည်နှင့်ပြိုကွဲရန် အဆင်သင့် တာစူနေမည်ဖြစ်သည်။ တိုင်းရင်းသားတို့ သဘောကြည်ဖြူစွာဖြင့် တက်ညီလက်ညီ အားထုတ်ရင်း သာယာဝပြောနေပါက ပြည်ထောင်စုသည် အလိုလိုပင် စည်းလုံးနေမည်၊ ပြိုကွဲရန် အကြောင်းမရှိဟူ၍ဖြစ်သည်။  အလားတူပင် နိုင်ငံတော်အချုပ်အခြာ ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန်လိုသည်။ နိုင်ငံသားတစ်ဦး၏ အချုပ်အခြာကိုပင် အာမမခံနိုင်ပါက တစ်နိုင်ငံလုံးအတွက် မည်သို့တည်ဆောက်မည်ဆိုခြင်းမှာ စဉ်းစားရန်ပင် မလိုသည့်အချက်ဖြစ်၏။ တည့်တည့်ပြောရလျှင် အိပ်မက်အသစ်အတွက်ဆိုလျှင် အခြေခံမူများကို ပြောင်းလဲပစ်မှ အဆင်ပြေမည်။ ပြည်ထောင်စုမပြိုကွဲရေးအစား ပြည်ထောင်စုသားများ၏ တန်းတူမှု၊ အပြန်အလှန်လေးစားမှုကို အတိအလင်း ထူထောင်ရန်လိုသည်။ အချုပ်အခြာတည်တံ့ရေးအစား နိုင်ငံသားတစ်ဦးချင်း၏ လွတ်လပ်မှုကို ခိုင်ခိုင်မာမာ အာမခံရန်လိုသည်။ 
လက်ရှိအနေအထားတွင် အထက်အောက်ဖွဲ့စည်းပုံဖြင့် အုပ်ချုပ်ပြီး တစ်သွေးတစ်သံတစ်မိန့်ကို လက်ကိုင်ထားသည့် တပ်မတော်အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေး၌ ပင်ကိုယ်သဘာဝ စည်းလုံးညီညွတ်ခြင်း၊ တိုးတက်စည်ပင်ခြင်းတို့၏ အုတ်မြစ်များဖြစ်သော ပြည်ထောင်စုသားအချင်းချင်း တန်းတူမှု၊ အပြန်အလှန်လေးစားမှု၊ နိုင်ငံသားတစ်ဦးချင်း၏ လွတ်လပ်ခွင့် စသည်တို့ကို ဦးဆောင်သူနေရာမှ ချမှတ်အောင်မြင်နိုင်မည်ဆိုခြင်းမှာ မေးခွန်းထုတ်စရာဖြစ်သည်။ တပ်မတော်၏ ဦးဆောင်အခန်းကဏ္ဍသည် ပြည်ထောင်စုမပြိုကွဲရေး အစရှိသော မလုံခြုံမှုများလွှမ်းခြုံထားသည့် တို့တာဝန်အရေးသုံးပါးကို နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံမူများအဖြစ် သတ်မှတ်ခြင်းနှင့် ဆက်စပ်သည်။ သံသယများ၊ အယုံအကြည်ကင်းမဲ့မှုများ၊ ပဋိပက္ခများ၊ ဆင်းရဲမွဲတေမှုများအကြားတွင် လက်လွှတ်လိုက်သည်နှင့် ဆုံးရှုံးသွားတော့မည်ကို စိုးရိမ်ကာ ဆက်လက်ဆုပ်ကိုင်ထားရင်း တိုင်းပြည်ကို မြေချနင်းဖြစ်သွားသည့် အခြေအနေဖြစ်၏။ ပြောင်းလဲသွားသည့် ကမ္ဘာ့ရေစီးကြောင်းကို မြင်အောင်ကြည့်ရင်း ငြိမ်းချမ်းရေး၊ ယုံကြည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို တည်ဆောက်နိုင်မှသာ ရာစုနှစ်ထက်ဝက်ကျော် ဖမ်းစားထားခဲ့သည်များကို တောထုတ်နိုင်မည်ဖြစ်သည်။ ၁၉၄၆ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုသည့်ကာလနှင့် အလားတူသော အနေအထားသို့ ဆုတ်ခွာခြင်း (၀ါ) reset လုပ်ခြင်းသည် အိပ်မက်သစ်အတွက် (တစ်ခုတည်းသော) လွတ်မြောက်ရေးလမ်းစဖြစ်နိုင်သည်။
မည်သို့မည်ပုံ ဤအခြေသို့ ဆိုက်ရောက်ခဲ့ရသနည်းဟု မေးခွန်းထုတ်ပါက သမိုင်းကြောင်းကို ဓမ္မဓိဋ္ဌာန်ကျကျ ရဲရဲဝံ့ဝံ့ ရှုမြင်သုံးသပ်မှု အားနည်းသည့်အတွက်ကြောင့်ဟု ဖြေနိုင်သည်။ အစဉ်အလာမြတ်နိုးသော လွတ်လပ်ရေးအား ဗြိတိသျှတို့ထံ ဒူးထောက်ဆက်သခဲ့ရခြင်းအတွက် အရှက်ကို ဖုံးကွယ်လိုခြင်းဟု နားလည်နိုင်သည်။ ယနေ့သတိပြန်လည်လာသော အချိန်သည် လက်မတင်လေးဟူသော အနေအထားမျိုးဖြစ်၏။ အနာဂတ်အဖို့မူ ပစ္စုပ္ပန်သည် အတိတ်၏ အရိပ်သက်သက်သာမက ကိုယ်တိုင်ဖန်တီးပိုင်ခွင့်ရှိသည်ဆိုသော သဘောတရားကို ယုံယုံကြည်ကြည် စွဲကိုင်ခြင်းအားဖြင့်သာ ဘိုးဘေးတို့ အနှစ်နှစ်ထောင်စတေးကာ သယ်ဆောင်ခဲ့သည့် လွတ်လပ်ခြင်း အိပ်မက်ကို ဤအရပ် ဤဒေသ၌ ဆက်လက်တည်ဆောက်နိုင်ပါလိမ့်မည်။


[i] မြန်မာအိပ်မက် ဆိုသည့် ဝေါဟာရကို “မြန်မာနိုင်ငံသားတစ်ယောက်အဖို့ မျှော်လင့်တောင့်တဖွယ်ရာ စိတ်ကူးစိတ်သန်းများ၏ အစုအဝေး” ဟု အဓိပ္ပါယ်ဖွင့်နိုင်သည်။ ဤစကားသည် အချုပ်အခြာ၊ နယ်နိမိတ် အပိုင်းအခြား သတ်မှတ်ထားသော ခေတ်မီနိုင်ငံတော် (nation state) နှင့်လည်း ဆက်စပ်သည်။ မြန်မာအိပ်မက်ကို မြန်မာနိုင်ငံတွင်းမှာသာ မက်ရသည်။ နိုင်ငံရပ်ခြားတွင် မက်လို့မရ။ ၎င်းသည် နိုင်ငံတော်တည်ဆောက်ရေး (nation building) ၏ အောင်မြင်မှုကို အတိုင်းအတာပြုနိုင်သည့် ပေတံတစ်ခုလည်းဖြစ်သည်။
[ii] သန်းထွန်း။ “ရှေးမြန်မာတို့ ၀မ်းစာရှာပုံ” ၊ ပုဂံခေတ် လူမှုရေး (ရာစုစာအုပ်တိုက် ၂၀၀၅)။ Gordon H. Luce. “Economic Life of the Early Burman” pp. 283-335 (JBRS 30.1. April, 1940).
[iii] Marry p. Callahan, “Making Enemies: War and State Building in Burma” (Cornell University, 2004) p. 97.