Saturday, February 9, 2013

ကာကွယ်ရေးအသုံးစရိတ် Vs ပညာရေးအသုံးစရိတ်


၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် အစိုးရ၏ ရသုံးခန့်မှန်းခြေစာရင်း (ဘတ်ဂျက်) ကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းပြီးလေပြီ။ ယင်းကို လွှတ်တော်၌ ဆွေးနွေးကြလိမ့်မည်။ ပြည်ထောင်စု ၀န်ကြီးဌာနများအတွက် အသုံးစရိတ် ကျပ် ၄.၇ ထရီလျံ ( အမေရိကန်ဒေါ်လာ ၅ ဘီလျံ) လျာထားသည်ဟု သိရ၏။ ထိုအထဲတွင် ကာကွယ်ရေး အသုံးစရိတ်မှာ အများဆုံးဖြစ်ပြီး ကျပ်ငွေ ၁ ထရီလျံကျော် လျာထားသည်ဟု ဆိုသည်။ ပညာရေးအတွက် ကျပ်ငွေ ၂၂၂.၅ ဘီလျံကျော်၊ ကျန်းမာရေးအတွက် ၁၉၈ ဘီလျံနီးပါး သုံးစွဲမည်ဆို၏။ အချိုးချကြည့်ပါက ကာကွယ်ရေးအတွက် ၂၂% ၊ ပညာရေးအတွက် ၅ % နီးပါးနှင့် ကျန်းမာရေးအတွက် ၄.၂ % ရ၏။

ဆက်လက်၍ အခြားနိုင်ငံများအနေဖြင့် ဘတ်ဂျက်ကို မည်သို့ခွဲဝေကြသနည်းဟု သိချင်လာသည့်အတွက် Google မှတဆင့် ရှာဖွေကြည့်မိသည်။ အကြမ်းဖျင်းရလာသည်မှာ အောက်ပါဇယားအတိုင်းဖြစ်၏။


အသုံးစရိတ်စုစုပေါင်း
(US$)
ကာကွယ်ရေး
(US$)
ပညာရေး
(US$)
တရုတ်
(၂၀၁၂)
၁.၈ ထရီလျံ
၁၄၃ ဘီလျံ

၈%

၃၂၀ ဘီလျံ

၁၇ %

အင်ဒိုနီးရှား
(၂၀၁၂)

၁၅၇.၇ ဘီလျံ

၈ ဘီလျံ

၅ %


၃၂.၆ ဘီလျံ

၂၀ %
တောင်ကိုရီးယား
(၂၀၁၂)
၂၇၅ ဘီလျံ
၂၈ ဘီလျံ

၁၀ %

၄၂ ဘီလျံ

၁၅ %
အစ္စရေး
(၂၀၁၂)
၇၀ ဘီလျံ
၁၃.၅ ဘီလျံ

၁၉ %
၁၁.၇ ဘီလျံ

၁၇ %

အမေရိကန်ပြည်ထောင်စု
(၂၀၁၃)
၃.၈ ထရီလျံ
၆၇၃ ဘီလျံ

၁၇ %

၇၂ ဘီလျံ

၁.၉ %
မြန်မာ
(၂၀၁၃)
၅ ဘီလျံ
၁.၁ ဘီလျံ

၂၂ %
၂၄၇ သန်း

၅ %



ကမ္ဘာ့အင်အားကြီးဟူသည့် မကိုဋ်သရဖူ၏ အိမ်ရှေ့စံ တရုတ်ပြည်ကြီး၏ ကာကွယ်ရေးအသုံးစရိတ်မှာ ထင်သလောက်များလှ။ ဘတ်ဂျက်၏ ၈ % သာရှိသည်။ ပညာရေးအတွက် သုံးစွဲမှုမှာ အားရစရာဖြစ်ပြီး ကာကွယ်ရေးအသုံးစရိတ်၏ နှစ်ဆကျော်ပင် ရှိလေသည်။ ကောင်းလေစွ။

တရုတ်ကို အားကျ၍မဆုံးသေး သူ့ထက်ကဲ အင်ဒိုနီးရှားနှင့် ကြုံရသည်။ အင်ဒိုနီးရှားမှာ တစ်ချိန်က မြန်မာပြည်ကဲ့သို့ပင် စစ်တပ်သြဇာညောင်းသည့် နိုင်ငံဖြစ်ခဲ့၏။ လက်ရှိသမ္မတသည်ပင် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်၏။ သို့ရာတွင် အင်ဒိုနီးရှားမှာ ၂၀၁၂ ခုနှစ်မှစကာ GDP ဒေါ်လာ ၁ ထရီလျံနှင့်အထက်ရှိသည့် နိုင်ငံများစာရင်းသို့ ၀င်နိုင်ခဲ့ပြီ။ လက်သစ်အာရှကျားတိုင်းပြည်တစ်ခု ဖြစ်လာရန် တာစူနေပြီ။ ဘတ်ဂျက်၏ ၂၀ % ကို ပညာရေးအတွက် သုံးစွဲသည်ဖြစ်ရာ ကာကွယ်ရေးအသုံးစရိတ်၏ ၄ ဆမျှဖြစ်၏။ ၂၀၁၃ ခုနှစ်တွင် ပညာရေးအတွက် ပို၍သုံးစွဲမည်ဟုလည်း ဆို၏။ ကောင်းလေစွ သုံးကြိမ်ခေါ်သတည်း။

ထိုမှတဖန် အိမ်နီးချင်းမြောက်ကိုရီးယား၏ နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်မှုကို ကာကွယ်ရန် အသင့်ပြင်ထားရသည့် တောင်ကိုရီးယားကို စူးစမ်းကြည့်မိပါသည်။ ဘတ်ဂျက်၏ ၁၀ % ကို ကာကွယ်ရေးအတွက် သုံးစွဲရသည်ဆို၏။ သို့သော် ၁၅ % သုံးစွဲရသည့် ပညာရေးကိုမူ မယှဉ်သာ။ လေးစားမိပါ၏။

မည်သူကျန်ဦးမည်နည်း။ ရန်သူဝိုင်းနေသည့် အစ္စရေးနိုင်ငံကား တကယ့်စစ်ပွဲများကို လေ့ကျင့်ခန်းဆင်းသည့်သဖွယ် ဆင်နွဲနေရသူဖြစ်၏။ အစ္စရေးတပ်မတော်သာ ချည့်နဲ့နဲ့ဆိုပါက ပင်လယ်ထဲသို့ မောင်းချလိုသူများလက်ဝယ် ယင်းနိုင်ငံကို အစပင်ရှာတွေ့ရန် မရှိတော့ပြီ။ ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ဆိုလျှင် သေချာပေါက်မြင့်မားရမည်ပင်။ ဟုတ်ပါသည်။ အစိုးရအသုံးစရိတ်စုစုပေါင်း၏ ၁၉ % မှာ ကာကွယ်ရေးအတွက်ဖြစ်၏။ သို့ရာတွင် ပညာရေးကို လျစ်လျူရှုထားသည်ကားမဟုတ်ချေ။ ယင်းအတွက် ဘတ်ဂျက်၏ ၁၇ % သုံးစွဲသည်ဖြစ်ရာ ကာကွယ်ရေးနှင့် မတိမ်းမယိမ်းပင်ရှိလေသည်။ သို့ပေရာ အစ္စရေးနိုင်ငံ၏ ပြောင်မြောက်လှသည့်အဖြစ်မှာ အံသြဖွယ်ရာမဟုတ်ဟုသာ ဆိုချင်ပါတော့သည်။

ကမ္ဘာအနှံ့လှည့်လည်စစ်တိုက်နေသည့် အမေရိကန်ကြီးကိုလည်း ချန်လှပ်ထား၍မရ။ ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်မှာ ကမ္ဘာ့စံချိန်တင် အများဆုံးဖြစ်၏။ သို့ရာတွင် ၎င်း၏ဘတ်ဂျက်ကို အချိုးချကြည့်လျှင်မူ ကာကွယ်ရေးဘက်၌ ကျွန်ပ်တို့ကို မမှီသေး။ ပညာရေးအသုံးစရိတ် သိသိသာသာ နည်းပါးခြင်းအရာ၌မူ ဘတ်ဂျက်၏ ၁.၉ % သာ သုံးစွဲသည့်အတွက် ကျွန်ပ်တို့ထက်သာသည်ဟု ဆိုနိုင်၏။ ထို့ကြောင့်ပင် ဝေဖန်သူများက “အမေရိကန်အကျ” ကို ပညာရေးအသုံးစရိတ်နှင့် ထင်ဟပ်ဖော်ပြကြခြင်း ဖြစ်တန်ရာ၏။ သို့ရာတွင် အမေရိကန်သည် မြန်မာပြည်မဟုတ်။ အမေရိကတွင် အဆင့်မြင့်ပညာရေးကဏ္ဍ၏ ထက်ဝက်ကို ပုဂ္ဂလိကမှ ဖြည့်ဆည်းပေးနေသည်။[1] နာမည်ကြီးလှသည့် အိုင်ဗီလိဂ်ကောလိပ်များ (ဟားဗတ်၊ ကိုလံဘီယာ၊ ပရင်စတန်၊ ယေးလ် အစရှိသည့် တက္ကသိုလ်များ) မှာ အစိုးရပိုင်မဟုတ်။ သို့ဖြစ်ရာ ကျွန်ပ်တို့က ပညာရေးကို ဘတ်ဂျက်၏ ၅ % သုံးသည့်အတွက် အမေရိကန်တို့ထက်သာသည်ဟု ဆိုနိုင်ပါသလော။

ဤသည်ကား သာဓကများဖြစ်ပါ၏။ ယင်းတို့နှင့် နှိုင်းယှဉ်ပါက ကျွန်ပ်တို့မြန်မာပြည်၏ ၂၂% Vs ၅% ဘတ်ဂျက်သည် လွန်စွာအကျည်းတန်ကြောင်း လယ်ပြင်၌ဆင်သွားသကဲ့သို့ ထင်ရှားလေတော့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ မေးခွန်းထုတ်ကြပါကုန်လော့။ အလှဆင်ရန် အားထုတ်ကြပါကုန်လော့။ ကျွန်ပ်တို့၏တပ်မတော်ကို ချည့်နဲ့ရန် မလိုလား။ ပွပွယောင်းယောင်း စရိတ်ထောင်းငြား သက်လုံမကောင်းသူအဖြစ်လည်း မလိုလား။ ကျစ်လစ်သန်မာသူအဖြစ် မြင်လိုကြောင်းကို ပြောကြစေလိုသည်။ မည်သည့်အစီအစဉ်များဖြင့် ဆောင်ရွက်ကြမည့်အကြောင်း မေးမြန်းကြစေလိုသည်။ အကြံပြုကြစေလိုသည်။ ပညာသုဉ်း၍ လူမျိုးတုံးရမည့် အဖြစ်ကို တပ်လှန့်ကြစေလိုသည်။ အလိုလိုက်၍ အမိုက်စော်ကားခံရမည့်အဖြစ်ကိုလည်း ဆင်ခြင်ကြစေလိုသည်။ ပညာဂုဏ်ဝင့်၍ မြန်ပြည်တင့်ပါစေသတည်း။

(အချက်အလက်များကို Eleven Media Group, Bloomberg, Jakarta Post, Xinhua, Wikipedia, OECD တို့မှ ရယူပါသည်။)


[1]  EMERGENCE OF PRIVATE HIGHER EDUCATION FUNDING WITHIN THE OECD AREA (http://www.oecd.org/edu/highereducationandadultlearning/38621229.pdf )