Monday, December 3, 2012

လက်ပန်းတောင်းတောင်အလွန်


 
လက်ပန်းတောင်းတောင် သပိတ်စခန်းအား အင်အားသုံးနှိမ်နင်းခဲ့ သည့်နေ့သည် ဒေသတွင်းသို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာချိန်နှင့် တိုက်ဆိုင်နေပြီး သူကိုယ်တိုင်က ပြဿနာကို ကြားဝင်ဖြေရှင်းပေးရန် ကမ်းလှမ်းသည့်အပေါ် နှစ်ဖက်စလုံးမှ (ဒေသခံပြည်သူများ နှင့် ကုမ္မဏီ) လက်ခံခဲ့ပုံရလေသည်။ အင်အားသုံးနှိမ်နင်းမှု၏ နောက်ဆက်တွဲရလဒ်ကိုမူ အစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းရဦးမည်ဖြစ်၏။ အမှန်စင်စစ် လက်ပန်းတောင်းတောင် အရေးအခင်းမှာ ပြဿနာဖြစ်နိုင်ချေရှိသော အက်ကွဲကြောင်းများ အနက်မှ တစ်ခုမျှသာဖြစ်သည်။ အနာဂတ်တွင် အလားတူဖြစ်ရပ်မျိုး ထပ်မံကြုံလာပါက မျှော်လင့်မထားသည်များ၊ အကြမ်းဖက်ပဋိပက္ခများ စသည်တို့မှ တတ်နိုင်သမျှရှောင်လွဲနိုင်ရန်၊ ပစ္စက္ခ အခြေအနေကို ကျော်လွန်၍ စဉ်းစားရန်၊ ကြည့်ရန် ရည်ရွယ်ချက်ဖြင့် ဤစာစုကို တင်ပြရခြင်း ဖြစ်ပါသည်။


ထိုသို့သော ပြဿနာမျိုး ကြုံလာသည့်အခါ လူထုခေါင်းဆောင်များအနေဖြင့် မည်သို့ တုံ့ပြန်ကြမည်နည်း။ “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” ဆိုသည့် တစ်ချိန်က ကိုဗဟိန်းကဲ့သို့ ရဲရဲတောက်လှုံ့ဆော်မည်လော။ “ကြေးနီတောင်၊ စံပယ်တောင် မရှိတော့ပါဘူး” ဆိုသည့် ကိုမင်းကိုနိုင်ကဲ့သို့ ကြားရသူစိတ်နှလုံးအား ယူကျုံးမရဖြစ်အောင် ဆွဲဆောင်ကာ ၀ိုင်းဝန်းကြရန် တိုက်တွန်းမည်လော။ “ကိုယ်လုပ်ချင်သလို မလုပ်ရဘူး။ ….. နိုင်ငံကြီးသားအမြင်နဲ့ ဖြေရှင်းရမယ်” ဟုဆိုသည့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အသိတရားရှေ့တန်းတင်ကာ လမ်းပြမည်လော။  ပြည်သူများကမူ အချိန်အခါနှင့်ယှဉ်ကာ ၎င်းတို့လက်ခံယုံကြည်သူနောက်သို့ လိုက်ကြမည်ဖြစ်သည်။


ထိုထိုပြဿနာများ အဘယ့်ကြောင့်ကြုံရသနည်း။ ခေတ်ဟောင်း၏ အမွေကို ဆက်ခံရသည့်အတွက်ကြောင့် ဟုသာ ရှင်းရှင်းပြောချင်ပါ၏။ မြစ်ဆုံဆည်၊ ရေနံပိုက်လိုင်း၊ ထားဝယ်စီမံကိန်း၊ လက်ပန်းတောင်းတောင် စသည်ဖြင့် အမွေဆက်ခံထားရသည်များမှာ မနည်းလှ။ ဤသည်မှာ အဆောက်အအုံ ထုနှင့်ထည်နှင့် မြင်ရသည်များကို ဆိုလိုခြင်းဖြစ်၏။ အဆောက်အဦအဖြစ် မမြင်သာသည့် လူဝင်မှုကြီးကြပ်ရေး၊ ကြွေးမြီ၊ ပညာရေး၊ ကျန်းမာရေး၊ အကျင့်စာရိတ္တ စသည်တို့ကိုလည်း ဆက်ခံထားရသေးသည်။


ပြဿနာတက်စေသည့် ထိုအမွေဆိုးများကို အဘယ်ကြောင့် ဆက်လက်ပုခုံးထမ်းထားရမည်နည်း။ လွှတ်ချ၍မရနိုင်ပြီလော ဟု မေးခွန်းထုတ်နိုင်ပါ၏။ ရာဇ၀င်များကမူ မြန်မာတို့သည် ကောင်းမွေဆိုးမွေကို ပဓာနမထား ကတိတည်သူများဖြစ်ကြောင်း ဆုံးမသည်။  မြေးကို ထီးနန်းအရိုက်အရာ ပေးပြီးမှ သားကိုတွေ့သည့်တိုင် ကတိမဖျက်သည့် ကျန်စစ်သားမင်းကို မင်းကောင်းမင်းမြတ်အဖြစ် ဖော်ပြသည်။ ဘုရားပြီးလျှင်ငြမ်းဖျက်သည် ဟုဆိုကာ အမတ်ကြီးရာဇသင်္ကြန်အပေါ် ထားခဲ့သည့်ကတိက၀တ်ကို မစောင့်သော နရသီဟပတေ့ (တရုတ်ပြေးမင်း) အား ပုဂံကို ပျက်စီးစေခဲ့သူ မင်းဆိုးမင်းညံ့အဖြစ် အပြစ်ဖို့သည်။ ၁၇၆၉ ခုနှစ်တွင် ၀န်ကြီးမဟာသီဟသူရဦးစီးသည့် စစ်ဗိုလ်ချုပ်များက ဘုရင့်အမိန့်မပါပဲ တရုတ်တို့နှင့် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည့်အတွက် ကုန်းဘောင်မင်း ဆင်ဖြူရှင်အနေဖြင့် အမျက်ခြောင်းခြောင်း ထွက်သည့်တိုင် စာချုပ်ကိုမူ ပယ်ဖျက်ခြင်းမပြုခဲ့။ မဝေးသေးသောအတိတ်မှ သာဓကတစ်ခုမှာမူ ထူးခြား၏။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအပါအ၀င် ပုဂ္ဂလိကပိုင်လုပ်ငန်းများကို ပြည်သူပိုင်သိမ်းပိုက်ခြင်းပင်ဖြစ်၏။ သို့ရာတွင် စီးပွားရေး၌ နိုင်ငံခြားသားများကြီးစိုးထားခြင်း ဟူသည့်အမွေကို အဆုံးသတ်ရန်ရည်ရွယ်ကာ ကတိဖျက်ခဲ့သည့် တော်လှန်ရေးကောင်စီနှင့် နောက်ဆက်တွဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အုပ်ချုပ်ရေးများ၏ ရလဒ်ကား အားလုံးအသိ သမိုင်း၏သက်သေပင် ဖြစ်တော့သည်။ ကတိက၀တ်တည်ခြင်းကို ဂုဏ်သိက္ခာရှိသော မြန်မာ့နိုင်ငံခြားရေးပေါ်လစီနှင့်သာမက အင်အားတောင့်တင်းသာယာသော ခေတ်လက်ထက်နှင့်ပါ ယှဉ်တွဲမြင်နိုင်လေသည်။ သို့ဖြစ်ရာ ယခုကဲ့သို့ ဒီမိုကရေစီစနစ် ပျိုးထောင်ကာ ပွင့်လင်းသိက္ခာရှိသော နိုင်ငံတော်တည်ဆောက်နေသည့်ခေတ်တွင် အမွေဆိုးများဖြစ်သည့်တိုင် ကတိရှိပြီးသည်ကို မပယ်ရှားပဲ လက်ခံရယူရေးမှာ ပို၍ လိုက်ဖက်ညီသော အချင်းအရာဖြစ်ပါသည်။

သို့သော် ထိုသို့လက်ခံရခြင်းသည် ပြဿနာကိုလက်ခံခြင်းပင်ဖြစ်၏။ ဖြစ်လာသမျှကို ခါးစည်းခံကြမည်လော။ ဤသည်မှာ တရားမျှတပါ၏လော။ မတရားဟု ဆိုပါက မည်သို့ ထွက်ပေါက်ရှာကြမည်နည်း။ အသံကြောင့်ကား ဖားမသေသင့်။ နိုင်ငံအကျိုး၊ ပြည်သူပြည်သားတို့၏အကျိုးကို ဦးထိပ်ပန်ကာ အဆိုးဆုံးအခြေအနေ၌ ကတိဖျက်ရလျှင်လည်းရှိစေတော့ဟု စိတ်ပိုင်းဖြတ်ပြီးသကာလ သက်ဆိုင်သူများနှင့် ဆွေးနွေး၊ ညှိုနှိုင်း၊ ခြိမ်းခြောက်၊ အကျပ်ကိုင်၊ ဈေးဆစ် ခြင်းများ မလွဲမသွေလုပ်ရမည်ဖြစ်၏။ ထိုသံန္နိဋ္ဌာန် ဖြင့် အားထုတ်ပါက မည်သည့်ရလဒ်ထွက်ပါစေ တရားသောအဖြေဖြစ်ပေမည်။ တိုင်းပြည်ကို ချစ်မြတ်နိုးသော သံတမန်များ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးကျွမ်းကျင်သူများ စွမ်းစွမ်းတမံ ဆောင်ရွက်ရမည့်အရာပေတည်း။

လက်ပန်းတောင်းတောင်စီမံကိန်းတည်းဟုသော အမွေအတွက် ပြဿနာများ ကြုံခဲ့၊ ကြုံရဆဲ ဖြစ်သည်မှာ လက်တွေ့ပင်။ မြစ်ဆုံဆည်စီမံကိန်းကား ဆိုင်းငံ့ထားခြင်းဖြစ်၏။ ရှေ့တိုးမည်၊ နောက်ဆုတ်မည် မသဲကွဲသေး။ အနာဂတ်၌ မည်သို့ဆုံးဖြတ်မည်ဖြစ်ပါစေ ပြည်သူများအကျိုးအတွက် ပြည်သူ့လွှတ်တော်ကဲ့သို့သော အဖွဲ့အစည်းများမှ ဦးဆောင်ကာ ယခုကပင် ကြိုတင် လေ့လာခြင်း၊ နှီးနှောခြင်း၊ တိုင်ပင်ခြင်းများ မပြုလုပ်သင့်ပါသလော။ ပြဿနာဖြစ်ပြီးမှ ကော်မရှင်ဖွဲ့ကာ အကြောင်းရင်းရှာမည့်အစား ကြိုတင်၍ စုံစမ်းအဖြေရှာခြင်းဖြင့် ပြဿနာကို မရှောင်ရှားသင့်ပါလော။ ထိုမျှမကသေး ရေနံ+ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြီးလည်း လာနေပြီ။ ထားဝယ်စက်မှုဇုန်လည်း လာတော့မည်။ ဟတ်ကြီးဆည်၊ သံလွင်မြစ်တစ်လျှောက်မှ ရေအားလျှပ်စစ်စီမံကိန်းများ စသဖြင့် အမွေအထပ်ထပ်အတွက် အဖြေအရပ်ရပ်ကို ပြင်ဆင်မထားသင့်ပါလော။

ဤနေရာ၌ ကျောက်ဖြူမှ ကူမင်းသို့ သွယ်တန်းမည့် ရေနံ+သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ အစွန်းရောက် ဥပမာတစ်ခုကို ပေးလိုသည်။ အိမ်နီးချင်းများဖြစ်ကြသော အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှာ နှစ်နိုင်ငံနယ်နိမိတ်ဒေသ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြသူများဖြစ်၏။ ထိုအတွက်ပင် ၁၉၆၂ ခုနှစ်တွင် နယ်စပ်စစ်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက်စလုံးမှ စစ်သည်အင်အားနှစ်ထောင်ကျော် ကျဆုံးခဲ့ရဖူး၏။ အနာဂတ်တွင် အလားတူစစ် တစ်ဖန်ဖြစ်လာပါက တရုတ်တို့၏ စွမ်းအင် အသက်သွေးကြောတစ်ခုဖြစ်သည့် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းသည် အိန္ဒိယတို့အဖို့ မျက်စိကျစရာ ပစ်မှတ်ပင် မဟုတ်ပါလော။ အိန္ဒိယတို့မှ ယင်းရည်ရွယ်ချက်ဖြင့် ကျောက်ဖြူဆိပ်ကမ်းကို တိုက်ခိုက်ဖျက်ဆီးလာပါက မြန်မာတို့အနေဖြင့် မည်သို့တုံ့ပြန်မည်နည်း။ မြန်မာပြည်ကို ထိခိုက်သည့်အတွက် အိန္ဒိယကို စစ်ကြေညာမည်လော။ တရုတ်တို့ကိုသာ ရည်ရွယ်ရင်းဖြစ်သည့်အတွက် လက်ရှောင်နေမည်လော။ ဤကား ဖြစ်နိုင်ချေလွန်စွာနည်းသည့် အစွန်းရောက် ဥပမာဖြစ်ပါ၏။ သို့သော် ဖြစ်တန်ချေနည်းသည့်အတွက် စိတ်ကူးထဲပင် ထည့်မထားဟူ၍ကား မဖြစ်သင့်ချေ။ ယုတ်စွအဆုံး စဉ်းစားသင့်သည့်အချက်မှာ တရုတ်တို့အတွက် မဟာဗျူဟာမြောက်သည့် ပိုက်လိုင်း၏ လုံခြုံရေးကို မြန်မာတို့က မည်သို့တာဝန်ယူမည်နည်း၊ လိုအပ်ပါက တရုတ်တို့ဘက်မှ ၀င်ရောက်တာဝန်ယူမှုကို လက်ခံမည်လော စသည်တို့ပင်ဖြစ်၏။  အချုပ်အခြာပြဿနာသည် ယနေ့ကြုံနေရသည့် ပဋိပက္ခများထက်ပင် ပိုမိုလေးနက်ရှုပ်ထွေးမည်မှာ သေချာလေသည်။

အထက်၌ ဖော်ပြခဲ့သည်တို့ကား လက်ပန်းတောင်းတောင် အရေးအခင်းကို ကျော်လွန်ကာ တွေးတောချက်များဖြစ်ပါ၏။  အမွေကိစ္စများနှင့် ပတ်သက်၍ မည်သို့ ဆုံးဖြတ်သင့်သည် ဆိုခြင်းထက် မည်သည်က မည်သို့သက်ရောက်နိုင်သည် ဆိုခြင်းကို ချိန်ထိုးတင်ပြခြင်းဖြစ်ပါ၏။ ဤနေရာ၌ စီမံကိန်းအများစုမှာ မဟာအင်အားကြီးနိုင်ငံ ဖြစ်လာဦးမည့် အိမ်နီးချင်း တရုတ်ပြည်နှင့် ဆက်စပ်နေသည်ဖြစ်ရာ အနာဂတ်တွင် နိုင်ငံအချင်းချင်း တန်းတူဆက်ဆံသည့်စနစ် (Westphalian System) ဆက်လက် ထွန်းကားသည်ဖြစ်စေ၊ ရှေးဟောင်းတရုတ်ပြည်၏ ပဏ္ဏာဆက်စနစ် (Tributary System) တစ်ကျော့ပြန်ခေါင်းထောင် လာသည်ဖြစ်စေ မြန်မာတို့အဖို့မှာမူ လေ့လာပြင်ဆင်ထားခြင်း သည်သာလျှင် ပြဿနာပြေလည်ရေးအတွက် အသင့်တော်ဆုံးတုံ့ပြန်မှုကို ပေးနိုင်သည့် အာမခံဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Photo: www.nitsannthit.com

Friday, November 23, 2012

နပန်းလုံးရသည့် အသုံးအနှုန်းများ (၂)



၁၃။ Think Tank - သုခမိန်အဖွဲ့

၁၉၅၀ ပြည့်နှစ်များ ပတ်ဝန်းကျင်မှာ ဆရာမောင်ဆုရှင်က Think Tank ကို အတွေးအိမ် လို့ ဘာသာပြန်ဖူးကြောင်း မှတ်သားရပါတယ်။ အခုနောက်ပိုင်း စာအုပ်တွေ ဂျာနယ်တွေမှာတော့ ဘာသာမပြန်တော့ပဲ အင်္ဂလိပ်လိုပဲ ရေးကြတာ တွေ့ဖူးပါတယ်။ ကျွန်တော်ကတော့ သုခမိန်အဖွဲ့လို့ ပြန်ရတာ သဘောကျပါတယ်။ Think Tank ဆိုတာ ပညာရှိ သုခမိန်များနဲ့ စုစည်းထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် သုခမိန်အဖွဲ့ဆိုတာနဲ့ လိုက်ဖက်သင့်တော်မယ်ထင်ပါတယ်။  

၁၄။ Quantitative Easing - ငွေကြေးအသစ်ထိုးသွင်းမှု

ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် စီးပွားရေးပျက်ကပ် နောက်ပိုင်းမှာ ပိုမိုထင်ရှားလာတာပါ။ ဈေးကွက်ထဲမှာ ငွေကြေးကျပ်တည်းပြီး ဘဏ်တွေက ငွေထုတ်မချေးနိုင်၊ လုပ်ငန်းတွေက မလည်ပတ်နိုင်၊ အလုပ်သမားတွေ မငှားနိုင်ဖြစ်နေတာတွေကို (ease) ပြေလည်သွားအောင် ဗဟိုဘဏ်ကနေ ပိုက်ဆံထပ်ရိုက်ပြီး ငွေချေးတာတို့၊ ၀ယ်သူမဲ့ဖြစ်နေတဲ့ စာချုပ်တွေ (bonds) ကို ၀ယ်ယူတာတို့ လုပ်ပြီး စီးပွားရေးပြန်လည်ပတ်လာအောင် ၀မ်းချူပေးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ Quantitative Easing ရဲ့ တိုက်ရိုက်ဆိုးကျိုးကတော့ ငွေတန်ဖိုးကျဆင်းပြီး ငွေကြေဖောင်းပွမှုနှုန်း မြင့်တက်လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။

၁၅။ Civilization State - ယဉ်ကျေးမှုနိုင်ငံတော်

Clash of Civilizations ကို ဆရာကျော်ဝင်းက “ယဉ်ကျေးမှုများတိုးတိုက်မိခြင်း” လို့ ဘာသာပြန်ပြီးနောက်မှာ အဲဒီဝေါဟာရက တော်တော်လေး တွင်ကျယ်သွားခဲ့ပါတယ်။ အမှန်တော့ Civilization ဆိုတာ လူမျိုးစုတစ်စုရဲ့ culture, politics, religion, government စတာတွေကို စုပေါင်းခေါ်ဝေါ်ခြင်းဖြစ်ပြီး တိုင်းပြည်တစ်ပြည်အဖြစ် ထူထောင်နိုင်မှသာ civilization အဆင့်ကို ရောက်တယ်လို့ သတ်မှတ်ကြပါတယ်။ ဥပမာ Gypsy Culture, Gypsy Religion စသဖြင့် ရှိပေမဲ့ တိုင်းပြည်ရယ်လို့ မရှိတဲ့အတွက် Gypsy Civilization ဆိုတာလည်း မရှိပါဘူး။ ဆိုတော့ Civilization ကို ယဉ်ကျေးမှု လို့ ခေါ်ရင် Culture ကို ဘယ်လိုခေါ်မလဲ။ မြန်မာစာပညာရှင်တွေ ဆွေးနွေးရမဲ့ ကိစ္စဖြစ်ပါတယ်။

ကျွန်တော်ကတော့ Civilization State ကို ယဉ်ကျေးမှုနိုင်ငံတော်လို့ပဲ သုံးလိုက်ပါပြီ။ ဆိုလိုရင်းကတော့ တရုတ်ပြည်ဆိုတာ သူ့နယ်မြေအပိုင်းအခြားတွင်းမှာသာ အချုပ်အချာပိုင်ဆိုင်တဲ့ သမားရိုးကျနိုင်ငံတော် (Conventional Nation State) တစ်ခုမဟုတ်။ ပထ၀ီနယ်နိမိတ်တွေကိုကျော်လွန်ပြီး တရုတ်ယဉ်ကျေးမှုနဲ့ ဘာသာရေး၊ ထုံးတမ်းတွေ ပျံ့နှံ့ရာကမ္ဘာအရပ်ရပ်ကို သြဇာညောင်းမယ့် နိုင်ငံတော် လို့ အဓိပ္ပါယ်ရပါတယ်။

၁၆။ Democracy is not an abstract idea- ဒီမိုကရေစီသည် လေဖမ်းဒန်းစီး၍ ရသောအရာမဟုတ်

Abstract ကို မြန်မာလို ဒြပ်မဲ့ လို့ ပြန်ကြတာများပါတယ်။ ဆိုတော့ ၀ါကျတစ်ခုလုံးကို တိုက်ရိုက်ပြန်လိုက်ရင်“ဒီမိုကရေစီသည် ဒြပ်မဲ့ (၀ါ) အကောင်အထည်မဖော်ပြနိုင်သည့် အိုင်ဒီယာမဟုတ်” လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမဲ့ ဆိုလိုရင်းကို ဒက်ထိ မမှန်ပါဘူး။ ဥပမာပြရရင် How Are You? ဆိုတာကို “နေကောင်းလား” လို့ မပြန်ပဲ “မင်းဘယ်လိုလဲ” လို့ မေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီစာစုရဲ့ ဆိုလိုရင်းက ဒီမိုကရေစီဆိုတာ စိတ်ကူးယဉ်တည်ဆောက်လို့မရတဲ့ အရာဖြစ်တယ်လို့ ပြောချင်တာပါ။ အဲဒီသဘောတရားကို  အခြေခံပြီးတော့မှ လေဖမ်းဒန်းစီးတယ် ဆိုတာ မြန်မာတွေနဲ့ ပိုပြီး ရင်းနှီးမယ်ထင်လို့  ရွေးဖြစ်ပါတယ်။

(P/S: အိုဘားမား ရန်ကုန်တက္ကသိုလ်မှာ ပြောတဲ့မိန့်ခွန်းထဲမှာ ဒီစကားပါပါတယ်။)

၁၇။ Given Name - ကိုယ်ပိုင်အမည်

ခက်ခဲတဲ့ ရွေးချယ်မှုတော့မဟုတ်ပါဘူး။ Surname ကို မိသားစုအမည်။ Given Name ကို ကိုယ်ပိုင်အမည် လို့ ပြန်ဖြစ်ပါတယ်။ မြန်မာ့ထုံးစံမှာလည်း အဲသလိုမရှိတော့ ခွဲခြားထားတာ မရှိပါဘူး။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့အမည်မှာ “အောင်ဆန်း” က မိသားစုအမည် ဖြစ်ပြီး “စုကြည်” က ကိုယ်ပိုင်အမည် လို့ ခွဲခြားနိုင်ပါတယ်။ ရှေးက မြန်မာပြန်တွေမှာတော့ ဘယ်လိုရေးကြသလဲ အမှတ်ထင်ထင်မရှိပါ။

Tuesday, November 13, 2012

စီးပွားရေးအင်အားကြီးတရုတ်ပြည်

အောက်ပါစာစုမှာ ဤကမ္ဘာကိုတရုတ်တို့ကြီးစိုးသည့်အခါဝယ် ဘာသာပြန်စာအုပ် အခန်း (၆) မှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။ နေပြည်တော်နှင့် ရန်ကုန်မှ “စီးပွားရေးပြုပြင်ပြောင်းလဲရမည်” ဟကြုံးဝါးနေသူမျာအား ရည်ညွှန်းကာ ဤပို့စ်ကို တင်ဖြစ်ပါသည်။

၁၉၉၃ ခုနှစ်၊ သြဂုတ်လအတွင်းက စာရေးသူအနေဖြင့် ဂွမ်ဒေါင်ပြည်နယ်သို့ ပထမ ဆုံးအကြိမ် ရောက်သွားခဲ့ဖူး၏။ ထိုအချိန်က မြင်ကွင်းကို ယနေ့တိုင် စွဲထင်နေဆဲဖြစ် သည်။ ဟောင်ကောင်မြောက်ဘက် ရှင်းကျင့်မှ ပြည်နယ်မြို့တော် ကွမ်ကျိုး (ကိုလိုနီခေတ်ကာလက ကွမ်တုန်ဟု ထင်ရှားသည်) သို့ သွားရာလမ်းမှာ မည်ကာမတ္တသာ ရှိသေး၏။ ရံဖန်ရံခါ ဗွက်တောသာသာ လမ်းမှ ဖြတ်သွားရ၏။ မြို့အပြင်ဘက်လမ်း ဖြစ်သော် လည်း ခြေလျင်လျှောက် သူများ၊ စုံစီနဖာ တင်ဆောင်ထားသည့် ယာဉ်မျိုးစုံတို့နှင့် ပျားပန်းခပ်လျက် ရှိသည်။
         
          စာရေးသူ၏အာရုံထဲ စွဲထင်နေသည်မှာ ခေတ်အဆက်ဆက်ကို တစ်ပြိုင်နက် ဖြတ်သန်းနေရ သကဲ့သို့သောမြင်ကွင်းပင်ဖြစ်၏။ တိရစ္ဆာန်များကို လျှောက်မောင်းရင်း တစ်ဖက်မှလည်း ဒေသ ထွက်ကုန်များကို သယ်ပိုးလာကြသည့် အမျိုးသမီးများ၊ စက်ဘီး၊ ဆိုက်တွဲ များ စီးနင်းလာကြသည့် လယ်သမားများ၊ တဝီဝီ ဖြတ်သန်းသွားသည့် စတစ်ကာကပ် မာစီဒီး၊ လက်ဆပ်စ် စသည့် ဇိမ်ခံကားကြီးများပေါ်၌ အခန့်သား လိုက်ပါသွားကြသူ သူကြွယ်လက်သစ်များ၊ အဆက်မပြတ် စီတန်းလာနေသည့် ဗင်၊ ပစ်ကပ်၊ ထရပ်ကား၊ လော်ရီများ၊ လမ်းဘေးလယ်ကွင်းထဲတွင် ကျွဲနွားများဖြင့် လယ်ထွန်နေကြသူ လယ်သမား များ စသဖြင့် အနှစ် ၂ဝဝ ခန့်မျှရှိမည့် အတိတ်နှင့် ပစ္စုပ္ပန်ကာလ နှစ်ရပ်ပေါင်းကို တစ်ချိန် တည်း၊ တစ်နေရာတည်း၌ မြင်နေရသကဲ့သို့ ရှိတော့သည်။ ထိုတိုင်းပြည်ကား ရွေ့လျားနေ သည့် တိုင်းပြည်၊ ထိုပြည်သူများကား မျက်မှောက်ကာလကို ဖြတ်သန်းရင်း အခွင့်အလမ်း ဟူသမျှသည် နောက်တစ်ကြိမ် မကြုံတော့မည့်အလား အလောတကြီး အရယူကြမည့် ပြည်သူများ ဖြစ်ကြ၏။ ထိုကြီးမားလှသည့် စွမ်းအင်၊ ဖန်တီးနိုင်စွမ်းအား၊ ထက်သန်လှသည့် စိတ်စွမ်းပကားတို့မှာ စာရေးသူအဖို့ မှင်တက်မိစရာပင်။ ဂွမ်ဒေါင်ပြည်နယ်တစ်ခုလုံးမှာ ကြည့်လေရာ၌ ဖောက်လက်စ လမ်းများ၊ တစ်ဝက်တစ်ပျက် ပြီးနေသည့် အဆောက်အအုံ များဖြင့် မျက်စိရှုပ်စရာပင် ဖြစ်နေတော့၏။ ဂွမ်ဒေါင်ကား ဧရာမ ဆောက်လုပ်ရေးလုပ်ငန်းခွင် ကြီးတစ်ခုနှင့်ပင် တူချေတော့သည်။

နောက် နှစ်နှစ်အကြာ၌ စာရေးသူနှင့် ရုပ်မြင်သံကြား ရိုက်ကူးရေးအဖွဲ့တို့ ယခင်လာခဲ့ ဖူးသည့် လမ်းအတိုင်း တစ်ကြော့ပြန်ခရီး ရောက်ခဲ့ကြသည်။ ယခင် ဗရုတ်သုတ်ခမြင်ကွင်း ကို အစရှာ၍ပင် မရနိုင်တော့။ အားလုံး စနစ်တကျ ဖြစ်နေခဲ့ပြီ။ အသစ်စက်စက် ကတ္တရာ လမ်းများ၊ တံတားများ၊ စက်ရုံများ၊ ကုန်လှောင်ရုံများ၊ ပိုမိုများပြားလာသည့် မော်တော်ယာဉ် များကိုသာ တွေ့ရတော့သည်။ လွန်ခဲ့သည့် နှစ်နှစ်က မြင်ကွင်းမျိုးကို ရှာဖွေရိုက်ကူးလို သည့်အတွက် သက်ဆိုင်ရာများထံ အကူအညီတောင်းကြည့်ပါ၏။ ထိုမြင်ကွင်းမျိုးမှာ ရှေး ပဝေသဏီ၌ ကျန်ရစ်ခဲ့ပြီးသကဲ့သို့ ပခုံးတွန့်ပြကြလေသည်။ စာရေးသူအဖို့မှာ နှစ်နှစ်မျှသာ ဖြစ်၏။ ၎င်းတို့အဖို့ကား ထိုမြင်ကွင်းများမှာ အတိတ်ရာစု၌ ကျန်ရစ်ခဲ့ပြီတည်း။ တိန့်ရှောင် ဖိန်၏ဦးနှောက်မှ မွေးထုတ်လိုက်သည့် ဂွမ်ဒေါင်ပြည်နယ်သည် တရုတ်ပြည်၏ အချက် အချာ စက်မှုဒေသတစ်ခုဖြစ်လာရန် တာစူနေခဲ့ပြီဖြစ်၏။ ၎င်း၏ စက်ရုံများမှ တစ်ကမ္ဘာလုံး အတွက် ပေါချောင်ကောင်း ပစ္စည်းများ ထုတ်လုပ်နေပြီဖြစ်၏။ ဂွမ်ဒေါင်ကား တရုတ်စီးပွား အပြောင်းအလဲ အစပြုရာ၊ ပုံဖော်ရာအရပ်ပင် ဖြစ်တော့သည်။

ယခုတစ်ဖန် စီးပွားရေး မီးတောင်ပေါက်ကွဲမှုအပြီး ၁၅ နှစ်အကြာ၌ ဂွမ်ဒေါင်မှာ သမိုင်းစာမျက်နှာအသစ်တစ်ခုသို့ ပြောင်းလဲရဦးမည်ဖြစ်သည်။ အတိတ်ကရှိခဲ့သည့် အား သာချက်များသက်သက်ဖြင့် ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ပြီ။ ဂွမ်ဒေါင်၏ လုပ် သားခများ ဈေးမြင့်တက်ခဲ့ပြီ။ အခွင့်အရေးများ ပိုမိုတောင်းဆိုလာကြပြီ။ မျှော်လင့်ချက်များ လည်း မြင့်မားလာခဲ့ပြီဖြစ်သည်။ ဂွမ်ဒေါင်၏စက်ရုံများမှာ ဗီယက်နမ်၊ အင်ဒိုနီးရှားက စက်ရုံများနှင့် မယှဉ်နိုင်တော့ပြီ။ ၂ဝဝ၇ ခုနှစ် တစ်နှစ်တည်း၌ပင် ရှူးဖိနပ်စက်ရုံ ၁ဝဝဝ ထက်မနည်း ပိတ်သိမ်းခဲ့ရာ ဂွမ်ဒေါင်ရှိ စက်ရုံစုစုပေါင်း၏ ၆ ပုံ ၁ ပုံဖြစ်၏။ လုပ်ငန်းရှင်များ အနေဖြင့် စက်ရုံများကို ဂွမ်ဒေါင်ထက် လုပ်သားခ ဈေးပေါရာ၊ လူနေမှုစရိတ် နည်းပါးရာ ကုန်းတွင်းပိုင်းပြည်နယ် များသို့ ရွှေ့ပြောင်းနေကြပြီဖြစ်သည်။ ဂွမ်ဒေါင်တွင် ချွေးထွက် သည့် စက်ရုံများနေရာ၌ ဝန်ဆောင်မှုလုပ်ငန်းများ၊ နည်းပညာအခြေခံ လုပ်ငန်းများ၊ ဒီဇိုင်း ပုံထုတ်သည့် လုပ်ငန်းများ စသည့် တန်ဖိုးအပိုဆောင်းနိုင်သည့် အလုပ်များက အစားထိုး ဝင်ရောက်လာကြသည်။ ရှင်းကျင့်နှင့် ကွမ်ကျိုးတို့မှာလည်း ဂွမ်ဒေါင်မှ အခြားသောမြို့ကြီး များနည်းတူ လှပသပ်ရပ်လျက်ပင်။ ရှင်းကျင့်အနေဖြင့် ဟောင်ကောင်မှာကဲ့သို့ အနောက် တိုင်း လူနေ မှုအဆင့်ကို မမီသေးသော်လည်း ကွာခြားမှုကား ကျဉ်းမြောင်းလာခဲ့ပြီဖြစ်သည်။ ဂွမ်ဒေါင် ကား အနှစ် ၂ဝ ဆိုသည့် ကာလတိုအတွင်းမှာပင် စက်မှုတော်လှန်ရေး ခေတ်ဦး ကာလအဆင့်မှသည် ယနေ့ခေတ် အနောက်ဥရောပဒေသများနီးပါးမျှ တိုးတက်လာခဲ့ခြင်း ဖြစ်လေသည်။
        
        ၁၉၇၆ ခုနှစ် မော်စီတုန်း ကွယ်လွန်စဉ်က တရုတ်ပြည်အနေဖြင့် အကြီးကျယ်ဆုံးသော စီးပွားရေးဖွံ့ဖြိုးမှုကာလ၏ နှုတ်ခမ်းဝသို့ ရောက်ရှိနေခဲ့ကြောင်း မည်သူကများ ဟောကိန်းထုတ်နိုင် ခဲ့ပါသနည်း။ တရုတ်ပြည်ကြီး ယခုကဲ့သို့ အသွင်ပြောင်းလာမည်ကို မည်သူမျှ မခန့်မှန်းခဲ့ကြပါ။ တရုတ်ပြည်ပြောင်းလဲလာမှုမှာ ၁၉၈၉ ခုနှစ် ဥရောပ၌ ကွန်မြူနစ်စနစ် ပြိုလဲသွားခဲ့သည့်ဖြစ်စဉ် ကဲ့သို့ပင် မျှော်လင့်မထားသည့် ဖြစ်ရပ်ကြီးတစ်ခုပါပေ။ ယဉ်ကျေးမှု တော်လှန်ရေး၏ ဟက်တက်ကွဲ ဒဏ်ရာများကြောင့် တရုတ်ပြည်ကြီးမှာ ငန်းဖမ်းဆဲ။ ထိုကာလက တပ်နီ လူငယ်လှုပ်ရှားမှုများကား ၁၉ ရာစုအလယ်ပိုင်းက ပေါ်ပေါက်ခဲ့သည့် တိုင်ပင်းအုံကြွမှုကြီးဆန်ဆန် လယ်သမားအစွန်းရောက် လှုပ်ရှားမှုများပင် ဖြစ်၏။ မော် ကွယ်လွန်ပြီးနောက် ယဉ်ကျေးမှုတော်လှန်ရေး အရှိန်သေကာ ထိုလမ်းစဉ်ကို အကြီး အကျယ် ရှုတ်ချသမှု ပြုလာကြသော်လည်း တိုင်းပြည်၏အနာဂတ်မှာမူ မှုန်ဝါးဆဲဖြစ်၏။ မော် ကွယ်လွန်ပြီးနောက် လစ်လပ်နေသည့် ခေါင်းဆောင်မှုနေရာကို ဝင်ဖြည့်သူများမှာ ယဉ်ကျေးမှုတော်လှန်ရေး ကာလက ချောင်ထိုးခံခဲ့ရသူ ခေါင်းဆောင်ဟောင်းများ ဖြစ်ကြ သည်။ တိန့်ရှောင်ဖိန်သည် ပါတီအကြီးအမှူး ဖြစ်လာ၏။၊ ခေါင်းဆောင်များအဖို့ ယဉ်ကျေးမှုတော်လှန်ရေး၏ အမွေကို စိန်ခေါ်ချက်များအဖြစ် ရင်ဆိုင်ခဲ့ရသော်လည်း မော် မရှိတော့သည့်အတွက် မိမိတို့ စိတ်ကူးတည့်ရာလမ်းစဉ်ကို အကောင်အထည်ဖော်ခွင့် ရခဲ့ကြ သည်။

နိမိတ်ကောင်းတစ်ခုကလည်း တရုတ်ပြည်ဘက်မှ ရပ်တည် ထောက်ကူပေးခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်များ၏ နှောင်းပိုင်းကာလ၌ တရုတ်ပြည်၏ မဆိုစလောက် ဖွံ့ဖြိုးမှုနှုန်းမှာ အရှေ့အာရှအတွက်မူ ခြွင်းချက်တစ်ခုပင် ဖြစ်နေခဲ့၏။ ဒေသတွင်းနိုင်ငံများမှာ စီးပွားရေး အရှိန်တက်လာကြချိန် ဖြစ်သည်။ ဂျပန်ကား ဖွံ့ဖြိုးနှင့်နေပြီ။ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဟောင်ကောင် စသည်တို့မှာ စီးပွားရေး တာထွက်ခဲ့ကြပြီ။ မလေးရှား၊ ထိုင်း စသည်တို့မှာလည်း တာစူနေကြပြီဖြစ်၏။ တစ်နည်းဆိုရလျှင် တရုတ်ပြည်အတွက် အတုယူစရာများ ရှိနေခဲ့ပြီး ဖြစ်လေသည်။ သို့ရာတွင် တရုတ်ခေါင်းဆောင်များအတွက် စိန်ခေါ် ချက်များက ဒုနဲ့ဒေးဖြစ်၏။ ထိုင်ဝမ်၊ တောင်ကိုရီးယားတို့မှာကဲ့သို့ အမေရိက၏ ပံ့ပိုးကူညီမှု ကိုလည်း မမျှော်လင့်နိုင်ချေ။

ပြုပြင်ရေးလုပ်ငန်းစဉ်ကို ဂွမ်ဒေါင်အပါအဝင် တရုတ်ပြည်တောင်ပိုင်း ပင်လယ်ကမ်း ရိုးတန်းဒေသအချို့၌ အထူး စီးပွားရေးဇုန်များ ဖွင့်လှစ်ပေးခြင်းဖြင့် အစပြုခဲ့သည်။ အချိန် ကား ၁၉၇၈ ခုနှစ်။ ထိုဒေသများတွင် ကျေးလက် ကွန်မြွန်းများကို ဖျက်သိမ်းပြီး လယ်ယာ မြေများကို လယ်သမားများအား နှစ်ရှည်အငှားချထားပေးကာ ၎င်းတို့ စိုက်ပျိုးရသမျှကို လွတ်လပ်စွာ ရောင်းချခွင့်ပြုခဲ့သည်။ တစ်နေရာ၌ အောင်မြင်မှုရပါက အခြားနေရာသစ်များသို့ တိုးချဲ့လုပ်ကိုင်စေသည်။ မအောင်မြင်သည့် ပြုပြင်မှုများကိုမူ ရပ်တန့်စွန့်လွှတ်ခဲ့ ကြသည်။ ထိုကဲ့သို့သော အောက်ခြေသိမ်း လက်တွေ့ဆန်လှသည့်လမ်းစဉ်မှာ မော်၏ မဟာအတွေးအခေါ်များအပေါ် အခြေခံသည့် ယဉ်ကျေးမှုတော်လှန်ရေးခေတ်နှင့် ပြောင်းပြန်ဖြစ်လေ သည်။ တိန့်ရှောင်ဖိန်ကား ကွန်ဖြူးရှပ်ခေတ်မှစကာ တရုတ်ခေါင်းဆောင် အဆက်ဆက်၏ အဆုံးအမစကားများကို ပြန်လည် ဖော်ထုတ်သူဖြစ်၏။ “အချက်အလက်များမှ အမှန်ကိုရှာပါ”၊ “လက်တွေ့၌ အမှန်တရားရှိ၏”၊ “ကျောက်တုံးကိုစမ်းရင်း မြစ်ကို ကူးဖြတ်ပါ (အလုပ်ကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ပါ)”စသည့် အဆိုအမိန့်များမှာ လက်တွေ့ ကျကျ ရှုမြင်ရေးအတွက် လမ်းညွှန်များ ဖြစ်လာကြသည်။ တိန့်ရှောင်ဖိန်က ၁၉၇၈ ခုနှစ် တွင် ဤသို့ ကြေညာခဲ့၏။

“တော်လှန်ရေးလုပ်ဖို့၊ ဆိုရှယ်လစ်စနစ် တည်ထောင်ဖို့ ကျွန်တော်တို့အနေနဲ့ အတွေးအခေါ်ရဲသူ၊ လမ်းသစ်ရှာသူ၊ အကြံသစ်တွေးသူစတဲ့ လမ်းရိုးကို ဖောက်ထွက် နိုင်သူတွေ အများကြီးလိုပါတယ်”

တိန့်ရှောင်ဖိန်၏ ပြုပြင်ပြောင်းလဲရေး စီမံကိန်းများကို စီးပွားရေးတံခါးဖွင့်ခြင်းအဖြစ်သာ အများက ထင်မှတ်ခဲ့ကြ၏။ အမှန်မှာ အများတကာတို့ မမြင်လိုက်သည့် နိုင်ငံရေး ပြောင်းလဲမှုများလည်း ပါဝင်ခဲ့သည်။ အစိုးရယန္တရားတစ်ခုလုံး အကျုံးဝင်သည့် ပြင်ဆင်မှု များ အပါအဝင် မော်လက်ထက်က စွဲကိုင်ခဲ့သည့် ဒဿနဆန်ဆန် ပေါ်လစီများ နေရာတွင် အာရှကျားနိုင်ငံများပုံစံနှင့် နီးစပ်သည့် ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလမ်းစဉ်များဖြင့် အစား ထိုးခဲ့သည်။ ပြုပြင်ရေးများအနက် အရေးပါလှသည့် အစိတ်အပိုင်းတစ်ခုမှာ ဒေသခံ အာဏာပိုင်များသို့ အုပ်ချုပ်ရေးအာဏာ ခွဲဝေပေးခဲ့ခြင်းပင် ဖြစ်သည်။ ယင်းသို့ ဗဟိုဦးစီးပုံစံမှ ဖြန့်ကြက်အုပ်ချုပ်သည့်ပုံစံသို့ ပြောင်းလဲရေးကို စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အောင် မြင်ရန် အခြေခံလိုအပ်ချက်တစ်ခုအဖြစ် ပွဲထုတ် ခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များအနေဖြင့် ၎င်းတို့ဒေသအတွင်း မြေယာပိုင်ဆိုင်မှု၊ ဘဏ္ဍာရေး အသုံးစရိတ် စသည်တို့အတွက် အဆုံး အဖြတ်ပေးနိုင်ခွင့် ရှိလာ၏။ သို့ဖြစ်ရာ ဗဟိုအစိုးရ၏ အသုံးစရိတ်ကိုလည်း လျော့ကျလာ စေခဲ့သည်။

စီးပွားရေးတိုးတက်လာမှုက ချက်ချင်းလက်ငင်းပင်။ မော် လက်ထက်တွင် နှစ်စဉ် စီး ပွားရေး တိုးတက်မှုနှုန်း ၄ မှ ၅ ရာခိုင်နှုန်းအထိသာ ရှိခဲ့ရာမှ ၁၉၇၈ မှ ၁၉၉၂ ခုနှစ်အတွင်း ပျမ်းမျှစီးပွားရေးတိုးတက်နှုန်းမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ၁၉၈၉ ခုနှစ် တိန်အင်မင်ရင်ပြင် အရေးအခင်းများကြောင့် ပြုပြင်ရေးလုပ်ငန်းစဉ်များ အကြီး အကျယ် ထိခိုက်မှုရှိခဲ့သော်လည်း ရပ်တန့်မသွားခဲ့။ ပြုပြင်ရေးဗိသုကာ တိန့်ရှောင်ဖိန်က ၁၉၉၂ ခုနှစ်တွင် တောင်ပိုင်းတစ်ခွင်နှင့် ရှင်းကျင့်သို့ ခရီးလှည့်လည်စဉ် “ချမ်းသာသူများ ပိုမိုချမ်းသာလာခြင်းမှာ ပြဿနာမဟုတ်ကြောင်း”ပြောဆိုခဲ့ပြီး တံခါးဖွင့်မူဝါဒကို ပိုမိုကျယ် ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့လေသည်။

ပြုပြင်ရေးများကို ၁၉၉၂ ခုနှစ်များအထိ တောင်ပိုင်းဒေသများတွင်သာ ဦးစားပေး လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်း၌ အတွင်းပိုင်းပြည်နယ်များ၊ ရှန်ဟိုင်းနှင့် ယန်ဇီမြစ်ဝ ကျွန်းပေါ်ဒေသများအထိပါ တိုးချဲ့လာနိုင်ခဲ့၏။ နိုင်ငံရပ်ခြား တရုတ်ရင်းနှီးမြှုပ်နှံသူများ တိုးတက်ရောက်ရှိလာခဲ့ရာ အများဆုံးမှာ ထိုင်ဝမ်နှင့် ဟောင်ကောင်မှ ဖြစ်သည်။ တရုတ် ပြည်၏ထွက်ကုန်များ ကမ္ဘာအနှံ့သို့ (အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသို့) တင်ပို့နိုင် မှုမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ခေါင်းဆောင်ကြီးတိန့်၏ ဈေးကွက် စီးပွားရေး ဖွင့်လှစ်ရန် လှုံ့ဆော်သံအပြင် နှစ်စဉ် ဂဏန်းနှစ်လုံး (၁ဝ ရာခိုင်နှုန်း)နှင့်အထက် ဖွံ့ဖြိုးလာခြင်းတို့ကလည်း အားဖြည့်ခဲ့ရာ တစ်တိုင်းပြည်လုံးမှာ စီးပွားရေး ငန်းဖျားတက် သည့်နှယ် အားကြိုးမာန်တက် ဖြစ်လာလေသည်။ တရုတ်ပြည်၏ သန်းပေါင်းများစွာသော တောနေ လုပ်သားထုကြီးမှာ မြို့ပြ၏ အရောင်အဝါများအကြား အလုပ်အကိုင် ရှာဖွေရန် ပြောင်းရွှေ့လာကြတော့သည်။ “တပ်နီလူငယ်များ”ဆိုသည်မှာ အတိတ်၌ ကျန်ရစ်ခဲ့ပြီ။ လမ်းပေါ်၌ မော်ဝတ်စုံနှင့် တစ်ယောက်တလေကိုပင် တွေ့ရရန် မလွယ်တော့ပြီ။

တရုတ်ပြည်တိုးတက်ရေးအတွက် အားကျစရာများမှာ ဂျပန်နှင့် အာရှကျားနိုင်ငံများ ဖြစ်ကြောင်း ကနဦးကပင် သိသာလေသည်။ ထိုတိုင်းပြည်များအနေဖြင့် တိန့်အား စီးပွား ရေး မူဝါဒတစ်ခု မည်သို့ အကောင်အထည်ဖော်ရမည်ကို ၎င်းတို့၏ လက်တွေ့နှင့်ယှဉ်ကာ မျှဝေပေးခဲ့၏။ သို့ရာတွင် တိုင်းပြည်အကျယ်အဝန်း၊ အချိုးအစား ကွာခြားလှသည်ဖြစ်ရာ တရုတ်ပြည်အတွက် တိုက်ရိုက် သင့်တော်မည့်ပုံစံကို ဖော်ထုတ်ပေးနိုင်ခဲ့ခြင်း မဟုတ်ပါ ချေ။ ထို့ပြင် ၁၉၈ဝ ပြည့်နှစ်များမှစ၍ ဂလိုဘယ်လိုက်ဇေးရှင်းတစ်ခေတ် အရှိန်ရလာသည် ဖြစ်ရာ တရုတ်တို့အနေဖြင့် ဂျပန်နှင့် အာရှကျားများ တိုးတက်လာစဉ်ကာလက ရခဲ့သည့် အကာအကွယ်မျိုးကိုလည်း မရနိုင်တော့ချေ။ ကွန်မြူနစ်နိုင်ငံတစ်ခု ဖြစ်သည့်အတွက် အမေရိကန်ပြည်ထောင်စုမှ သံသယမျက်လုံးဖြင့် စူးစမ်းခြင်းကိုလည်း ခံခဲ့ရကာ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့ကြီး (World Trade Organization—WTO) သို့ ဝင်ရောက်ခွင့်ရရန် ၁၅ နှစ် အချိန်ကြာခဲ့သည်။ ကန့်သတ်ချက်များကလည်း တစ်ပုံတစ်ပင်။ WTO သို့ နှစ်အနည်းငယ် စောကာ ဝင်ရောက်ခွင့်ရခဲ့သည့် အိန္ဒိယနှင့် နှိုင်းယှဉ်ပါက တရုတ်ပြည်အတွက် စည်းမျဉ်း ကန့်သတ်ချက်များမှာ အသေးစိတ် ကျပ်တည်းလွန်းလှ၏။ သို့ဖြစ်ရာ တရုတ်ပြည်အနေဖြင့် ကိုယ်ပိုင်နည်းလမ်းများ ရှာကြံခဲ့ရလေသည်။

တရုတ်ပြည်အနေဖြင့် တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့ကဲ့သို့ အမေရိကန်ပြည်ထောင် စုနှင့် ပလူးပလဲ ဆက်ဆံရေးပုံစံ မထူထောင်နိုင်မှန်း သိသော်လည်း စီးပွားရေး တိုးတက်မှုလမ်း ဖြောင့်ဖြူးစေရန်၊ အမေရိကန်တို့၏ ထောက်ခံ အားပေးမှုရရန် လိုကြောင်း သဘော ပေါက်ထား၏။ စီးပွားရေး၌ လက်တွေ့ဆန်သည့်နည်းတူ အမေရိကနှင့် ဆက်ဆံရေး၌လည်း အလားတူပင် ကျင့်သုံး ချဉ်းကပ်ခဲ့သည်။ ၁၉၇၂ ခုနှစ် မော်-နစ်ဆင် သဘောတူညီချက် နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ သိသိသာသာပြောင်းလဲလာခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် နှစ်နိုင်ငံ တရားဝင် သံအဆက်အသွယ် ထူထောင်ပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင် စုက တရုတ်နိုင်ငံအား ကုန်သွယ်ရေး၌ နံပါတ်တစ် ဦးစားပေးနိုင်ငံအဖြစ် (The Most Fa­voured Nation—MFN) သတ်မှတ် ဆက်ဆံလာခဲ့သည်။ ထိုမှတစ်ဆင့် ၁၉၈၂ ခုနှစ်တွင် နိုင်ငံတကာကုန်သွယ်ရေးအဖွဲ့ GATT (ယခု WTO) သို့ လေ့လာသူအဖြစ် ဝင်ရောက်နိုင်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)၊ ကမ္ဘာ့ဘဏ်တို့တွင် အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ တရုတ်ပြည်အတွက် အမေရိကန်ပြည်ထောင်စု၏ အရေးပါမှုမှာ ၁၉၈ဝ ပြည့်နှစ်များအတွင်း အထူးသိသာလေသည်။

အမေရိကမှာ တရုတ်ပြည်ပပို့ကုန်များအတွက် အရေးကြီးဆုံးပစ်မှတ် ဖြစ်၏။ ပါတီ ခေါင်းဆောင်များ၏ သားသမီးများအပါအဝင် မြောက်မြားလှစွာသော တရုတ်လူငယ်တို့ အမေရိကသို့ ပညာသင် သွားရောက်ခဲ့ကြ၏။ အမေရိကန် အရှင်းရှင်ပုံစံသည်လည်း တရုတ်ပြည်တွင်း၌ သြဇာတက်လာခဲ့သည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲမှုက ယင်းသြဇာကို ပိုမို၍ပင် အရှိန်တက်စေခဲ့၏။ အမေရိကန် မျက်နှာကြီးမှုမှာ ဆီလီကွန်တောင်ကြား၊ အင် တာနက် တီထွင် ပေါ်ထွန်းလာခြင်း စသည်တို့နှင့် ဆက်စပ်သည့် စီးပွားရေးအဟုန်ကြောင့် ပိုမို ထင်ရှားလာခဲ့လေသည်။ ၁၉၉ဝ ပြည့်နှစ်များ နောက်ပိုင်း၌မူ အမေရိကန် ပြည်ထောင် စုကို တိုက်ရိုက် ချိန်ရွယ်သော အမျိုးသားရေး လှုံ့ဆော်မှုများ ပျံ့နှံ့လာပြန်သည်။ ပြည် တွင်း၌ ထုတ်ဝေခဲ့သည့် “The China That Can Say No” အမျိုးသားရေး လှုံ့ဆော်စာအုပ် မှာ အရောင်းရဆုံးစာရင်း ဝင်ခဲ့၏။ ကိုဆိုဗိုစစ်ပွဲအတွင်း ဆာဗီးယားနိုင်ငံမြို့တော် ဘဲဂရိတ် မြို့ရှိ တရုတ်သံရုံးအား နေတိုး ဗုံးဆန်ထိမှန်ခဲ့ရာ တရုတ်ပြည်အဝန်း အမေရိကန် ဆန့်ကျင် ရေး ဆန္ဒပြမှုများ ပျံ့နှံ့ခဲ့ခြင်းမှာလည်း ထင်ရှားသည့် ဥပမာတစ်ခု ဖြစ်သည်။ သို့ရာတွင် တရုတ်ပြည် ခေတ်မီရေးလမ်းကြောင်းပေါ်၌ အုပ်မိုးထားသည့် အမေရိကန်သြဇာမှာ သိသိ သာသာ ကြီးမားဆဲဖြစ်လေသည်။ တရုတ်ပြည်၏ ကိုယ်ပိုင် စီးပွားရေးလမ်းကြောင်းသည် ပင် လစ်ဘရယ် လက်သစ်ဝါဒ၏ လက္ခဏာများနှင့် မကင်းနိုင်ခဲ့။ ဥစ္စာဓနကို ကိုးကွယ်ခြင်း၊ စွန့်ဦးတီထွင်မှုများကို အားပေး ထောက်ပံ့ခြင်း၊ ဆင်းရဲချမ်းသာ ကွာဟလာခြင်း၊ ပညာ ရေး၊ ကျန်းမာရေး စသည့် လူထုဝန်ဆောင်မှုနယ်ပယ်များတွင် အစိုးရ၏ အထောက်အပံ့များ ရုပ်သိမ်းလာခြင်း၊ ကုန်သွယ်မှု အခွန်အကောက်များ လျှော့ချပေးခြင်း၊ အလွန်အမင်း ပွင့် လင်းသည့် ကုန်သွယ်မှုစနစ်ကို ဖော်ဆောင်ခြင်း စသည်တို့မှာ တိန့်အား ဆက်ခံသူ ကျန်ဇီမင်းလက်ထက်တွင် ဆက်လက် စွဲကိုင်ခဲ့သော မူဝါဒများ ဖြစ်သည်။ တိန့်ရှောင်ဖိန် ထိပ်တန်းခေါင်းဆောင် ဖြစ်လာပြီးနောက် တရုတ်အစိုးရ၏ ခြေလှမ်း များမှာ လက်တွေ့ဆန်သော လမ်းပေါ်တွင် သတိတရား လက်ကိုင်ထားကာ လျှောက်လှမ်း သည့်ပုံစံ ဖြစ်လာ၏။ စီးပွားရေး ရှော့ရိုက်ခြင်း၊ လက်ကြီးသည့် အပြုအမူများ စသည်တို့ကို ရှောင်ခဲ့ကြ၏။ လစ်ဘရယ် လက်သစ်ဝါဒ၏ အစိတ်အပိုင်းများကို လက်ခံ သုံးစွဲခဲ့ကြသော် လည်း ဝါရှင်တန်၌ အသုံးပြုနေသည့် လစ်ဘရယ်ပုံစံ အစစ်အမှန်နေရာ၌ ကိုယ်ပိုင်နည်း စနစ်များဖြင့် အစားထိုးခဲ့ကြ၏။ ပြုပြင်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို အကောင်အထည် ဖော်ရာ၌ တရုတ်ခေါင်းဆောင်များ အနေဖြင့် အပင်ပန်းခံ၊ အသေးစိတ် တွက်ချက်စမ်းသပ် ကာ တစ်ဆင့်ချင်း ရှေ့တိုးခဲ့ကြခြင်း ဖြစ်လေသည်။ စီးပွားရေးနယ်ပယ်တွင် ဗဟိုအစိုးရ၏ အခန်းကဏ္ဍ ကျဉ်းမြောင်းလာသည့်တိုင် ပြုပြင်ရေးလုပ်ငန်းစဉ်၏ “နှလုံးသည်းပွတ်”နေရာ ၌ ဆက်လက်ရပ်တည်ဆဲ ဖြစ်သည်။

 တရုတ်ခေါင်းဆောင်များအဖို့ စီးပွားရေးပြုပြင်ပြောင်းလဲရခြင်းမှာ အနောက်တိုင်းပြု ရန် မည်သည့်အခါကမျှ မဟုတ်ခဲ့ပါချေ။ စီးပွားရေးဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် မော်ခေတ် အလွန် ပါတီ၏အခန်းကဏ္ဍကို ပြန်လည်တည်ဆောက်ရန်၊ ထိုမှတစ်ဆင့် ကြံ့ခိုင်သည့်
နိုင်ငံတော်ကို တည်ဆောက်ရန်သာဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှုမှာ ပထမတန်း ဦးစားပေး ဖြစ်ခဲ့သည်။ “တရုတ်ပြည်ရဲ့ ခေတ်မီရေးလမ်းစဉ်အတွက် လိုအပ်ချက်နှစ်ရပ် ရှိပါတယ်။ ပထမအချက်က ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်ပြီး နောက်တစ်ချက် ကတော့ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှု ဖြစ်ပါတယ်” ဟု တိန့်က ဆိုခဲ့၏။ ၁၉၈၉ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်းက “အရေးကြီးသည့် စီးပွားရေး ပြုပြင်မှုကိုဆောင်၊ အန္တရာယ်များသည့် နိုင်ငံရေး ပြုပြင်မှုများ ကို ရှောင်” ဟူသည့် တိန့် ၏ အယူအဆကို ထပ်မံ အားဖြည့်ပေးခဲ့သည်။ ဆိုဗီယက်တို့အနေ ဖြင့် စီးပွားရေးပြုပြင်မှု မအောင်မြင်ခဲ့သည့်အပြင် ဂေါ်ဘာချော့ဗ်အနေဖြင့် နိုင်ငံရေးပြုပြင်မှု ထောင်ချောက်တွင်းသို့ သက်ဆင်းခဲ့ရခြင်းအဖြစ် သင်ခန်းစာယူခဲ့ကြသည်။

၁၉၉၇-၉၈ ခုနှစ် အာရှစီးပွားရေး အကျပ်အတည်းကလည်း စီးပွားရေးရှော့ရိုက်ခြင်း၏ အကျိုးဆက်များကို တရုတ်ခေါင်းဆောင်များအား သင်ခန်းစာပေးသကဲ့သို့ ရှိခဲ့၏။ တရုတ် ပြည်အနေဖြင့် စီးပွားရေးအရ မရင့်ကျက်မီ ငွေကြေးအရင်းအနှီးများ တိုင်းပြည် တွင်း/ပြင် သို့ အလွယ်တကူ စီးဆင်း ဝင်ထွက်နိုင်စေမည့် ဘဏ္ဍာရေးပြုပြင်မှုများ၊ လွတ်လပ်ခွင့်ပြုခြင်း များကိုမလုပ်မိရန် သတိကြီးစွာ ထားခဲ့ကြသည်။ ရင်မင်ဘီ (တရုတ်ယွမ်ငွေ) ကို ဈေးကွက် အတွင်း အရှင်မျှောလိုက်ခြင်းဖြင့် ငွေကြေးတိုက်ခိုက်ခံရမှုများဖြစ်ပေါ်လာနိုင်ပြီး တစ်တိုင်း ပြည်လုံး၏ စီးပွားရေးကို ဖင်ထိုင်ကျသည်အထိ ထိခိုက်နိုင်ကြောင်း တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားတို့၏ အတွေ့ကြုံများမှ သင်ခန်းစာ ယူခဲ့သည်။ သို့ဖြစ်ရာ ရင်မင်ဘီမှာ အမေရိကန်ဒေါ်လာ၊ ဂျပန်ယန်းငွေနှင့် ဥရောပ ယူရိုတို့ကဲ့သို့ မဟုတ်ဘဲ နိုင်ငံတကာ ငွေ ကြေးဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားခြင်း မပြုနိုင်သည့် ငွေကြေးအဖြစ် ယနေ့တိုင် ရပ်တည်ဆဲ ဖြစ်လေသည်။

တရုတ်ခေါင်းဆောင်များအနေဖြင့် စီးပွားရေးပြုပြင်မှု အရှိန်မြင့်စေရန် လုပ်ဆောင် ရာ၌ စီးပွားရေးရှော့ရိုက်ခြင်း၏ အရေးကြီးလှသည့် အပိုင်းတစ်ခုကိုမူ ရယူသုံးစွဲခဲ့ကြသည်။ ယင်းမှာ ၁၉၉ဝ ပြည့်နှစ်များအတွင်း သွင်းကုန် အကောက်ခွန် (tariff) တံတိုင်းများ ဖယ်ရှားပေးခဲ့ခြင်းနှင့် နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ အမြောက်အမြား ကို ခွင့်ပြုခဲ့ခြင်းပင် ဖြစ်သည်။ ထိုသို့ ခွင့်ပြုခြင်းမှာ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့တွင် ကျင့်သုံးခဲ့သော ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ဦးစားပေး ကာကွယ်သည့် ပေါ်လစီ နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ယင်းပေါ်လစီကြောင့် တရုတ် ပြည်တွင်းလုပ်ငန်းများမှာ ပိုမို ပြည့်စုံကြွယ်ဝသည့် နိုင်ငံခြားကုမ္ပဏီကြီးများ၏ ပြိုင်ဆိုင်မှုကို အလူးအလဲ ခံရလေတော့ သည်။ အခြားတစ်ဖက်တွင် တရုတ်ပြည်တွင်းသို့ နိုင်ငံခြားမှ အရင်းအနှီးများ အလုံးအရင်း ဝင်ရောက်လာစေပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းများကိုလည်း ပြင်ပကမ္ဘာထံမှ ရသမျှ သင်ယူနိုင်စေရန်ကိုလည်း တွန်းအားပေးသကဲ့သို့ ဖြစ်စေခဲ့သည်။ တရုတ်ကုမ္ပဏီများအဖို့ မူ ရေကူးတတ်စေရန် ရေထဲသို့ ကန်ချခံရခြင်းပင်တည်း။

          ပြုပြင်မှုများ၏ ကနဦးပိုင်း၌ ကျေးလက်စီးပွားရေးဖွံ့ဖြိုးမှုကို အာရုံစိုက် လုပ်ဆောင်ခဲ့ သော်လည်း ၁၉၈ဝ ပြည့်နှစ်များအဆုံး၌မူ စက်မှုစီးပွားရေး ပုံစံသို့ ပြတ်ပြတ်သားသား ရွှေ့ပြောင်းလာသည် ကိုတွေ့ရ၏။ ဟောင်ကောင်နှင့် နယ်ချင်းထိစပ်နေသော ဂွမ်ဒေါင်ပြည်နယ် ၏ စီးပွားရေးမှာ ၁၉၈ဝ ပြည့်နှစ်များကာလကပင် အနာဂတ်ကာလ တရုတ်ပြည်စီးပွားရေး၏ ပုံစံငယ်ကဲ့သို့ ပုံပေါ်လာခဲ့ပြီးဖြစ်၏၊ ဟောင်ကောင်မှ စက်ရုံပိုင်ရှင်များအနေဖြင့် လုပ်သား စရိတ်သက်သာသည့် ဂွမ်ဒေါင်သို့ လုပ်ငန်းများ ရွှေ့ပြောင်းခဲ့ကြရာ ထိုအချိန်ကာလ၌ပင် ဂွမ်ဒေါင်မှာ ဟောင်ကောင်၏ ကုန်ထုတ်လုပ်ရေးအခြေစိုက် ဖြစ်နေခဲ့ပြီ။ ထိုပုံစံမှာ ၁၉၉ဝ ပြည့်နှစ်များအရောက်တွင် ဂျပန်နှင့် အနောက်နိုင်ငံများမှ တစ်ဟုန်ထိုး ဝင်ရောက်လာသည့် မြှုပ်နှံမှုများကြောင့် မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ပါ ပျံ့နှံ့သွားခဲ့၏။ တရုတ်ပြည် အနေဖြင့် ၂ဝဝ၁ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးသို့ ဝင်ရောက်ခွင့်ရမည်ဟူသည့် မျှော်မှန်းချက်များဖြင့် လာရောက် မြှုပ်နှံကြခြင်းဖြစ်သည်။ ၁၉၇၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ် အထိ တရုတ်ပြည်တွင်းသို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ထောင်ပေါင်း ၅ဝဝ ကျော် ဝင်ရောက်ခဲ့ရာ ၁၉၄၅ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အတွင်း ဂျပန်နိုင်ငံ သို့ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၁ဝ ဆမျှပင် ရှိခဲ့လေသည်။ ၂ဝဝ၃ ခုနှစ်တွင် တရုတ်ပြည်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးလက်ခံရရှိသည့် နိုင်ငံ အဖြစ် အမေရိကန်ပြည်ထောင်စုကို ကျော်ဖြတ်နိုင်ခဲ့လေတော့သည်။ ယနေ့အခါ တရုတ် ပြည်ပပို့ကုန်၏ ၆ဝ ရာခိုင်နှုန်းမှာ နိုင်ငံခြား ကုမ္ပဏီများ၏ထုတ်လုပ်မှုဖြစ်၏။ နည်းပညာ အဆင့်မြင့်ပစ္စည်းများသက်သက် တိုင်းတာပါက ၈၅ ရာခိုင်နှုန်းမျှပင် ရှိလေသည်။ တရုတ် ပြည်ကား Workshop of the World “ကမ္ဘာ့အလုပ်ရုံကြီး” ဖြစ်လာခဲ့ပြီ။ အပေါစားနှင့် အလတ်တန်းစားပစ္စည်းများ ထုတ်လုပ်ရာတွင် တရုတ်ပြည်မှာ ကမ္ဘာ့ဈေးအပေါဆုံးဖြစ်လာ တော့သည်။ 



အာရှလေးနိုင်ငံသို့ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ကို ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ရာခိုင်နှုန်းဖြင့် ပြသပုံ။ (ယင်းနိုင်ငံများ၏ တိုးတက်မှုနှုန်း အမြင့်ဆုံးနှစ်များအတွင်း ယှဉ်ခြင်းဖြစ်၏)

 အခြားတစ်ဖက်တွင်မူ တင်သွင်းခွန် (tariff) များကို စနစ်တကျ လျှော့ချခဲ့ခြင်းက တရုတ်စီးပွားရေးကို နိုင်ငံခြားကုန်သွယ်မှုအပေါ်၌ အကြီးအကျယ် မှီခိုလာစေသည်။ နိုင်ငံ ခြား ကုန်သွယ်မှုမှာ တရုတ်တစ်ပြည်လုံး ထုတ်လုပ်မှု (GDP) ပမာဏ၏ ၇၅ ရာခိုင်နှုန်းမျှ ရှိရာ အခြားစီးပွားရေးနိုင်ငံကြီးများဖြစ်သော အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်၊ ဘရာဇီးတို့၏ ၃ဝ ရာခိုင်နှုန်းအောက်ဆိုသည့် ကိန်းဂဏန်းနှင့်နှိုင်းယှဉ်ပါက လွန်စွာမြင့်မား နေသည်ကို တွေ့ရမည်ဖြစ် သည်။ သို့သော် ယင်းအချက်ကပင် ကမ္ဘာ့ဇာတ်ခုံ၌ တရုတ် စီးပွားရေးကို ပိုမို ကြီးကျယ် ထင်ရှားစေသည်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှု၊ အမေရိကန် စီး ပွားရေး အကျပ်အတည်း၊ အနောက်တိုင်းမှ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒတို့ကြောင့် တရုတ်စီးပွားရေးအပေါ် သက်ရောက်နိုင်ခြေကိုလည်း ပိုမိုကြီးထွားစေလေသည်။

တရုတ်ပြည်မှာ မာ့ခ်စ်၏စကားအရဆိုလျှင် အမြုတေကာလ စုဆောင်းမှု၊ ခေတ် စကားအရဆိုလျှင် စီးပွားရေး တာထွက်သည့်အခြေသို့ ရောက်ခဲ့ပေပြီ။ လယ်ယာလုပ်ကိုင် သူ အများစုတို့ စက်မှုလုပ်ငန်းများသို့ ကူးပြောင်းလာကြသည့် ကာလဖြစ်၏။ ၁၉၅၂ ခုနှစ် မှ ၂ဝဝ၃ ခုနှစ်ကာလအတွင်း လယ်ယာလုပ်ငန်း၏ အချိုးအစားအနေဖြင့် တိုင်းပြည် ထုတ် လုပ်မှုတန်ဖိုး (GDP) ၏ ၆ဝ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ လျော့ကျသွားသကဲ့သို့ လယ်ယာလုပ်ကိုင်သူ အရေအတွက်မှာလည်း အလုပ်လုပ်သူဦးရေ စုစုပေါင်း၏ ၈၃ ရာခိုင် နှုန်းမှ ၅၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ လူတစ်ဦးချင်း ဝင်ငွေမှာ ၁၉၇၇ ခုနှစ်မှ ၁၉၈၇ အတွင်း နှစ်ဆတိုးလာခဲ့သည်။ အနောက်ကမ္ဘာမြင့်တက်လာစဉ်က ဗြိတိန်အနေဖြင့် လူတစ်ဦးချင်းဝင်ငွေ နှစ်ဆတိုးရန် ၅၈ နှစ် အချိန်ယူခဲ့ရပြီး အမေရိကန်ပြည်ထောင်စုအနေ ဖြင့် ၄၇ နှစ်မျှ အချိန်ယူခဲ့ရ၏။ သို့ရာတွင် နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်း ပျမ်းမျှ ၉ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အနှစ်သုံးဆယ်တာမျှ အရှိန်ရလာခဲ့ပြီး ဖြစ်သော်လည်း လူဦးရေ၏ ထက်ဝက်နီးပါးမှာ လယ်ယာလုပ်ငန်းဖြင့်သာ အသက်မွေးကြဆဲဖြစ်သည်။ နောင်အနှစ် ၂ဝ တွင်လည်း လူဦးရေ၏ ၂ဝ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် ဆက်လက်နေထိုင် ကြဦးမည်ဟု ခန့်မှန်းထားရာ ဈေးသက်သာသည့် ကာယလုပ်သားများ စဉ်ဆက်မပြတ် ဆက်လက် ထွက်နေဦးမည်ဖြစ်သည်။ သို့သော် ဂွမ်ဒေါင်ကဲ့သို့သော ပြည်နယ်များတွင် လုပ်အားခများ ယခင်ကကဲ့သို့ နိမ့်ကျနေဦးမည်ဟု မဆိုနိုင်တော့ချေ။ ဂွမ်ဒေါင်၌ လုပ်အားခများ မြင့်တက် လာသည်ကိုပင် တွေ့ရပြီးဖြစ်သည်။ ဆင်းရဲနွမ်းပါးသည့် ကုန်းတွင်းပိုင်းပြည်နယ်များ၌မူ လုပ်အားခများ ဆက်လက် နိမ့်ကျနေဦးမည်ဖြစ်ရာ နည်းပညာလိုအပ်မှု နည်း ပါးသည့် စက်မှုလုပ်ငန်းများ ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်းသွားကြရန် ရှိလေသည်။

တရုတ်ပြည်၏ စီးပွားရေးဖွံ့ဖြိုးလာမှုတွင် အဓိကကျသည့် အခြားတစ်ချက်မှာ ရင်းနှီး မြှုပ်နှံမှု ဖြစ်၏။ ကိန်းဂဏန်းအားဖြင့် ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၏ ၄ဝ ရာခိုင်နှုန်းမျှ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး ယခုအခါ ၄၅ ရာခိုင်နှုန်းနီးပါး ရှိနေပြီဖြစ်သည်။ မကြာမီ ၅ဝ ရာခိုင်နှုန်းသို့ ရောက်တော့မည် ဖြစ်၏။ ထိုသို့ မြင့်မားလှသော ရင်းနှီးမြှုပ်နှံမှု အချိုးအစား ရှိရခြင်းမှာ မြင့်မားသည့် ပြည်တွင်းစုဆောင်းမှုကြောင့် ဖြစ်သည်။ မြင့်မားသော စုဆောင်း မှု၊ မြင့်မားသော ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတို့က တရုတ်စီးပွားရေးကို တာထွက်စေခဲ့ခြင်း ဖြစ်သည်။ ၂ဝဝ၁ ခုနှစ်အတွက် ကိန်းဂဏန်းများအရ တရုတ်မိသားစုများအနေဖြင့် ဝင်ငွေ ၏ ၂၅ ဒသမ ၃ ရာခိုင်နှုန်းကို စုဆောင်းကြသည်။ အမေရိကန် အိမ်ထောင်စုများအနေဖြင့် ၂ဝဝ၂ ခုနှစ်အတွက် အလားတူ စုဆောင်းမှု ရာခိုင်နှုန်းမှာ ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိ လေသည်။ တရုတ်အိမ်ထောင်စုများ၏ များပြားလှသော စုဆောင်းငွေက စီးပွားရေး တာထွက်နိုင်ရေးကို သော့ချက်နေရာမှ ထောက်ပံ့နိုင်ခဲ့ခြင်းဖြစ်သည်။

 တရုတ်မိသားစုများ၏ ငွေစုဆောာင်းမှုနှုန်းထားမြင့်တက်လာပုံပြ ဂရပ်

         ဤနေရာ၌ တရုတ်နှင့် ရုရှားတို့၏ အတွေ့အကြုံများကို နှိုင်းယှဉ် လေ့လာနိုင်၏။ နှစ်နိုင်ငံ စလုံးမှာ ထိန်းချုပ်စီးပွားရေးမှ ဈေးကွက်စီးပွားရေးသို့ အသွင်ပြောင်းလာသူများ ဖြစ်ကြ၏။ ရုရှားမှာ အနောက်နိုင်ငံများ၏ ဆေးခါးကြီးဖြစ်သည့် စီးပွားရေး ရှော့ရိုက်ကုထုံး ကို သောက်သုံးခဲ့သူဖြစ်သည်။ ထိုကုထုံးကြောင့် ၁၉၉ဝ ပြည့်နှစ်များအတွင်း ပြည်တွင်းမှ ငွေကြေးအရင်းအနှီး အမြောက်အမြား ပြည်ပသို့ ထွက်သွားခြင်း၊ ငွေကြေးစနစ် ပြိုလဲခြင်း၊ နိုင်ငံခြား ကြွေးမြီများ မဆပ်နိုင်၍ လျှော်ပစ်ရခြင်းဟူသည့် ရလဒ်များ ကြုံတွေ့ခဲ့ရ၏။ တစ်ဆင့်ချင်း ပြောင်းလဲသည့်လမ်းကို လိုက်ခဲ့သည့် တရုတ်ပြည်မှာမူ လွန်လွန်ကဲကဲ ငွေကြေးဖောင်းပွမှုကို ရှောင်ရှားနိုင်ခဲ့သည်။ အစိုးရအနေဖြင့် နိုင်ငံတကာ၌ မြီရှင်အနေအထားဖြင့် ရပ်တည်နိုင်နေသည်ဖြစ် ရာ ငွေကြေးအရင်းအနှီးများ ပြည်ပသို့ စီးထွက်သွား ခြင်းမျိုးလည်း မကြုံခဲ့ရချေ။ ရုရှားတွင် နိုင်ငံပိုင်လုပ်ငန်းများကို အစိုးရနှင့် နီးစပ်သူများသို့ ငွေပေါ်လျှော့ဈေးဖြင့် လက်သိပ်ထိုး ရောင်းချခြင်းများ ဖြစ်ခဲ့၏။ တရုတ်တို့ကမူ နိုင်ငံပိုင် ကဏ္ဍလျှော့ချခြင်းကို အချိန်ယူကာ ဖြည်းဖြည်းချင်း ဆောင်ရွက်ခဲ့သည်။ ထိုလုပ်ရပ်၏ ရလဒ်ကို ကြည့်ပါ။ Forbes မဂ္ဂဇင်းကြီးမှ ထုတ်ပြန်သည့် ၂ဝဝ၇ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ အယောက် ၁ဝဝ စာရင်းတွင် ရုရှားမှ ၁၃ ဦးပါဝင်ပြီး တရုတ်ပြည်မှ တစ်ဦးမျှ ပါဝင်ခြင်း မရှိချေ။ အခြားတစ်ဖက်တွင်မူ ၁၉၉ဝ ပြည့်နှစ် တရုတ်ပြည်၏ ပြည်တွင်းထုတ် လုပ်မှု (GDP) မှာ ရုရှား GDP ၏ ထက်ဝက်မျှပင် မရှိသော်လည်း ၂ဝဝ၃ ခုနှစ်၌မူ ရုရှားတို့ ၏ ခြောက်ဆအထိ မြင့်တက်လာခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။

 တရုတ်နှင့်ရုရှားတို့၏ ထုတ်လုပ်မှုတန်ဖိုး (GDP) ကို မျဉ်းဂရပ်ဖြင့် နှိုင်းယှဉ်ပြပုံ


        ဤတွင် တရုတ်ခေါင်းဆောင်များသည် မြင့်မားလှသည့် စိတ်ရှည် သည်းခံနိုင်စွမ်း၊ နက်နဲ ရှုပ်ထွေးသည့် ပြဿနာအဆင့်ဆင့်ကို ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိသူများ ဖြစ် ကြောင်း တွေ့လာ ရလေသည်။ ဥပမာ ၁၉၉ဝ ပြည့်နှစ်များအကုန်၌ ခက်ခဲလှသည့် ပြည် တွင်း စိန်ခေါ်ချက်ကြီး သုံးရပ်ကို ရင်ဆိုင်ခဲ့ရသည်။ အရှုံးပေါ်နေသည့် အစိုးရ လုပ်ငန်း ကြီးများ ပိတ်သိမ်းရခြင်း၊ ပြန်မရနိုင် သည့် ကြွေး(ချေးငွေ)များဖြင့် ဝန်ပိနေသည့် နိုင်ငံပိုင် ဘဏ်လုပ်ငန်းများ အောက်ခြေသိမ်း ပြင်ဆင် ရခြင်း၊ အစိုးရ၏ ဘဏ္ဍာရေး ရသုံးငွေကို အားဖြည့်ရခြင်း စသည့်စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဆယ်စုနှစ်တစ်ခုအကြာ၌ အစိုးရအနေဖြင့် အခက်အခဲ များကို ကျော်လွှားနိုင်မည့် လမ်းကြောင်းပေါ်သို့ အခိုင်အမာ တက်လှမ်း လာနိုင်ခဲ့သည်ကို တွေ့ရလေသည်။

တရုတ်ပြည်စီးပွားရေး တိုးတက်ပြောင်းလဲလာသည့် ပမာဏနှင့် အမြန်နှုန်းမှာ လူ့သမိုင်းတွင် အပြောင်မြောက်ဆုံး ဖြစ်ရပ်တစ်ခုအဖြစ် တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် ခဲ့သည့် ဗြိတိသျှတို့၏ အောင်မြင်မှုထက်ပင် သာလွန်သည်ဟုဆိုနိုင်သည်။ ကျွမ်း ကျင်လိမ္မာ၍ အရှည်ကို မျှော်ကြည့်သည့် အစိုးရ၏စီးပွားရေးဗျူဟာမှာ လွန်စွာအောင်မြင်မှု ရခဲ့သည်။ ရလဒ်အဖြစ် ၁၉၉ဝ ပြည့်နှစ်တွင် လူတစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃၉ သာ ရှိခဲ့ရာမှ ၂ဝဝ၃ ခုနှစ်တွင် ဒေါ်လာ ၁ဝဝဝ အထိ မြင့်တက်လာခဲ့၏။ နောက် ၁ဝ နှစ်အတွင်း နှစ်ဆမြင့်တက်လာမည် ဆိုသည့် ခန့်မှန်းချက်မှာလည်း မဖြစ်နိုင်စရာ မရှိချေ။ စီးပွားရေးဖွံ့ဖြိုးမှုလှိုင်းမှာ တောင်ပိုင်း စီးပွားရေးဇုန်များ သက်သက်တွင်သာမဟုတ်တော့ဘဲ နိုင်ငံတစ်ဝန်းပြည်နယ်များအထိ ရိုက်ခတ်ခဲ့ပြီဖြစ်သည်။ တရုတ်ပြည်မှာ အချိန်တိုအတွင်း မှာပင် ဂလိုဘယ် ကုန်ထုတ်လုပ်ရေး ဗဟိုချက်ကြီးအဖြစ် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

“မိတ်အင်ချိုင်းနား” (Made in China) ဆိုသည်မှာ ကမ္ဘာအနှံ့ လူသုံးကုန်ပစ္စည်းများ အတွက် အမှတ်တံဆိပ်သဖွယ် ဖြစ်လာခဲ့ပြီ။ ကမ္ဘာအဝန်းသုံးစွဲနေသည့် မိတ္တူကူးစက်များ ၏ သုံးပုံနှစ်ပုံကို တရုတ်ပြည်မှာ လုပ်၏။ ထို့ပြင် ဖိနပ်များ၊ ကလေးကစားစရာများ၊ မိုက် ကရိုဝေ့ဖ် ဟင်းနွှေးစက်များ အရေအတွက်၏ သုံးပုံနှစ်ပုံကိုလည်း ထုတ်လုပ်သည်။ တစ် ကမ္ဘာလုံးရှိ ဒီဗီဒီပြစက်များ၊ ဒစ်ဂျစ်တယ် ကင်မရာများ၊ အဝတ်စများ၏ ထက်ဝက်ကိုလည်း ထုတ်လုပ်သည်။ စားပွဲတင်ကွန်ပျူတာ စုစုပေါင်း၏ သုံးပုံတစ်ပုံ၊ ရုပ်မြင်သံကြားစက်များ၊ လက်ကိုင်ဖုန်းများ၊ ကားကက်ဆက်များ စုစုပေါင်း၏ လေးပုံတစ်ပုံမှာလည်း မိတ်အင်ချိုင်းနား ပစ္စည်းများ ဖြစ်ကြလေသည်။

ကမ္ဘာ့အကြီးကျယ်ဆုံးသော ဆင်းရဲမွဲတေမှု လျှော့ချသည့် စီမံချက်ကြီးတစ်ခုကိုလည်း တရုတ်ပြည်သူတို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီ။ ၁၉၇၈ ခုနှစ် စီးပွားရေးတံခါး စတင်ဖွင့်စဉ်က တစ်ပြည်လုံးတွင် ဆင်းရဲသားလူဦးရေ သန်း ၂၅ဝ မျှ ရှိခဲ့ရာ ၁၉၉၃ ခုနှစ်တွင် သန်း ၈ဝ သို့ ကျဆင်းသွားခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ၂၉ ဒသမ ၂၇ သန်းသို့ ထပ်မံကျဆင်းခဲ့ရာ ထိုကာလအတွင်း တစ်ကမ္ဘာလုံး ဆင်းရဲသားလူဦးရေ လျော့ကျသွားသည့်ပမာဏ၏ လေးပုံ သုံးပုံမျှပင် ရှိလေသည်။ ပြည်ပပို့ကုန်ကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီကြီးများက ကြီးစိုးထားသည် ဆိုသော်လည်း တရုတ်ကုမ္ပဏီများဖြစ်သည့် Haier, Konka, TCL, Huawei, Galanz စသည် တို့မှာလည်း နေရာကောင်း ရခဲ့သည်ပင်။ အစိုးရကလည်း အပြင်ထွက် ရင်းနှီးမြှုပ်နှံရေး “Go Global” ဟု ငြာသံပေးကာ ထောက်ပံ့ခဲ့ရာ တရုတ်ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာ၌ လုပ်ငန်းခွဲများ၊ လက်အောက်ခံများ ထူထောင်လာကြသည်ကိုလည်း တွေ့ရ၏။ 

တရုတ် ပြည်ကား ပြောင်မြောက်လှသော စီးပွားရေး တိုးတက်မှုကို ရယူနိုင်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် အသွင်ပြောင်းရေးလုပ်ငန်းများ ပြီးမြောက်ပြီဟူ၍ကား မဆိုနိုင်ချေ။ တရုတ်ပြည်အနေဖြင့် (ဂျပန်ကို ကျော်ဖြတ်ကာ) ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံကြီးအဖြစ်သို့ ရောက်ရှိလာခဲ့ပြီ ဆိုသော်လည်း အဖြစ်မှန်မှာ များပြားလှသည့် လူဦးရေကြောင့်သာဖြစ်ပြီး စီးပွားရေးအဆင့် ပြီးပြည့်စုံလာခြင်းကြောင့် မဟုတ်ချေ။ တရုတ်ပြည်အနေဖြင့် ရရှိပြီးသား အောင်မြင်မှုအဟုန်ကို အသုံးချကာ စီးပွားရေး မဟာအင်အားကြီးတစ်ခုအဖြစ် ရောက်ရှိ လာလေမည်လား ဆိုသည်ကိုမူ စစ်ဆေးကြည့်ရန် လိုအပ်ပေသည်။

Saturday, November 10, 2012

အိမ်တံခါးများဖွင့်ပြီး စိတ်ချလက်ချအိပ်စက်ခြင်း




တစ်ခါက အမေရိကန်မိတ်ဆွေတစ်ဦးအား အမေရိကမှ လူနေရပ်ကွက်များအကြောင်း စာရေးသူ မေးကြည့်ဖူး၏။
“ခင်ဗျားတို့ဆီမှာ ရပ်ကွက်ထဲက အိမ်ကလေးတွေ အစီအရီဆောက်ထားတာ ကြည့်လို့တော့ကောင်းပါရဲ့။ ဒါပေမဲ့ တံခါးမရှိ၊ ဓားမရှိ ဆိုတဲ့ပုံစံမျိုးပဲ။ ခြံစည်းရိုးဆိုတာလည်း မည်ကာမတ္တ နိမ့်နိမ့်ကလေးတွေ။ အိမ်တံခါးတွေကလည်း ဖွင့်လိုဖွင့်၊ ပိတ်လိုပိတ်။ သာမန်လူတွေနေတဲ့ရပ်ကွက်ကို ပြောတာပါ။ သန်းကြွယ်သူဌေးကြီးများရဲ့ စံအိမ်တွေကို မဆိုလိုပါဘူး။ ခင်ဗျားတို့ဆီမှာ လက်နက်တွေ ဒီလောက်ပေါနေတာ၊ မတော် လူရမ်းကားတွေ၊ ဓားပြတွေ အိမ်ထဲဝင်လာဖို့ တဆိတ် မလွယ်လွန်းဘူးလား။”

မိတ်ဆွေက ရယ်ကျဲကျဲနှင့် ပြန်ပြောသည်။
“ငါတို့က ပုလိပ်တွေကို အားကိုးတယ်။ ယုံတယ်လေ။”

“ဟာ … မနောက်ပါနဲ့။ အကောင်းမေးတာပါ။”

ထိုအခါမှ မိတ်ဆွေက ဖြည်းဖြည်းပြောပါသည်။
“ငါ့အနေနဲ့ကတော့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေတာ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးလို့ ခံယူတယ်။ တစ်ယောက်ယောက်က မဖိတ်ခေါ်ပဲ ၀င်လာရင် သူဟာ ကျူးကျော်သူပဲ။ ပိုင်ရှင်က ကျူးကျော်သူကို ကြောက်ရမယ် ဆိုတာမျိုး ငါမတွေးမိဘူး။”

“ဟုတ်ပါတယ်။ ဒါပေမဲ့ သူက လက်နက်တွေ ဘာတွေနဲ့။ ရိုက်နှက်သွားမှာ၊ မတော်တဆ အသက်အန္တရာယ်တွေဘာတွေ မဖြစ်နိုင်ဘူးလား။”

“ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ကိုယ့်မှာလည်း လက်နက်ဆောင်ထားနိုင်တာပဲ။ ပြန်ချပေါ့။ ခံရလည်း ဘာဖြစ်လည်း။ အသက်နဲ့ကိုယ် အိုးစားမကွဲသရွေ့ကတော့ ပြန်စနိုင်တာပဲ။ ဒါနဲ့ .. ငါတစ်ခုပြန်မေးပါရစေ။ မင်းပြောသလို ခြံစည်းရိုးတွေခတ်၊ တံခါးတွေပိတ်ထားပေမဲ့ ကြောက်စိတ်ဝင်နေလို့ကတော့ လုံခြုံတယ်လို့ ခံစားရပါ့မလား။ နောက်တစ်ခုက တို့ဆီကလူတွေအဖို့ အလုပ်ထဲမှာ ရာထူးတက်ရေး၊ သားသမီးပညာရေး စတာတွေက အရေးကြီးနေတော့ အိမ်ထဲ ဘယ်သူဝင်လာမလဲ တွေးဖို့အချိန်မရဘူး။ ယုတ်စွအဆုံး ငါကတော့ မင်းမေးသလို မတွေးမိဘူး။ အကြမ်းဖက်မှု၊ ဓားပြမှုတွေ မရှိတာမဟုတ်ဘူး။ ဒါပေမဲ့ အိမ်ထဲမှာထက် လမ်းပေါ်မှာ၊ ဈေးဆိုင်တွေမှာ အဖြစ်များတယ်။” ဟု ရှည်ရှည်လျားလျား ရှင်းပြပါသည်။


နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ထိုမိတ်ဆွေနှင့်လည်း အဆက်အသွယ်ပြတ်ကာ ဘယ်ဆီဘယ်ဝယ်ရောက်သည် မသိရပါ။ ထိုစဉ်က စာရေးသူစိတ်ထဲ စွဲသွားသည်မှာ “ကိုယ့်အိမ်ထဲ ကိုယ်နေတာ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။” ဆိုသည့် စကားပင်ဖြစ်၏။ “အမေရိကန်တွေ ဒီလောက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလို့ ကမ္ဘာမှာ လူတွင်ကျယ်လုပ်နိုင်တာပဲ” ဟူ၍လည်း တွေးခဲ့မိ၏။ သို့သော် အမေရိကန်များသာ ထိုထိုသဘောရှိကြသည် မဟုတ်ကြောင်း မကြာမီ သိလာရလေသည်။

ထိုစဉ်က စာရေးသူမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေစဉ် မိတ်ဆွေတစ်ဦး၏ ကူညီစောင်မမှုဖြင့် သတင်းစာတိုက်တစ်ခု၌ အလုပ်ဝင်နေချိန်ဖြစ်သည်။ လုပ်ငန်းသဘာဝအရ ညဂျူတီကျလျှင် နံနက် နှစ်နာရီ၊ သုံးနာရီခန့်မှ အိမ်ပြန်ရလေ့ရှိ၏။ စာရေးသူ၏ အလုပ်မှာ သတင်းစာမျက်နှာများ ပြင်ဆင်ပြီးချိန်တွင် အင်တာနက်ပေါ်သို့ရောက်အောင် တင်ပေးရခြင်းဖြစ်၏။ ထိုစဉ်က ဆက်သွယ်ရေးနည်းပညာများ လွန်စွာမကျယ်ပြန့်သေးသည့်အချိန်ဖြစ်ရာ အင်တာနက်ဆိုသည်မှာ ရုံး၍သာရှိသော အရာဖြစ်ပြီး သတင်းစာအဖြစ် ပုံနှိပ်ရန် အဆင်သင့်ပြင်ပြီးသည်များကို ယခုခေတ်မှာကဲ့သို့ အီးမေးဖြင့် ပို့ပေးခြင်း စသည်များမရှိသေး။ ကွန်ပျူတာဖိုင်များကို Optical Disk ခေါ် လေဆာချပ်ထဲ၍သိမ်းဆည်းကာ ၀န်ထမ်းတစ်ယောက်က ဆိုင်ကယ်ဖြင့် မြို့ပြင်ပုံနှိပ်စက်သို့ ပို့ဆောင်ပုံနှိပ်စေရသည့် ပုံစံဖြစ်သည်။

အလုပ်ဝင်ခါစက စာရေးသူနေထိုင်ရန် ပေးထားသည့် ရုံးအနီးမှ တိုက်ခန်းမှာ စာချုပ်သက်တမ်းစေ့ပြီဖြစ်ရာ တစ်မိုင်ခန့်ဝေးသော အခြားတိုက်ခန်းတစ်ခုသို့ ပြောင်းရွှေ့ရလေသည်။ ပထမတစ်ရက်၌ ညဂျူတီအပြီး တက္ကစီဖြင့် အိမ်ပြန်ဖြစ်သော်လည်း နောက်ရက်များတွင်မူ လမ်းလျှောက်ဖြစ်သည်။ လမ်းတစ်လျှောက် လူပြတ်သည်ဟူ၍ မရှိသော်လည်း လူပါးလှသည်။ အံသြဖွယ်ရာ ကြုံရသည်မှာ အလုပ်ခွင်မှ ပြန်လာသည်ဟု ယူဆရသော လုံမငယ် တစ်ယောက်စ နှစ်ယောက်စကိုလည်း ရံဖန်ရံခါ တွေ့ရခြင်းပင်။ အနီးပတ်ဝန်းကျင် ဘတ်စကားမှတ်တိုင်မှ ဆင်းကာ လမ်းလျှောက်လာခြင်းဖြစ်မည်။ (စကားချပ်။ ဘန်ကောက်မြို့တွင် ဘတ်စကားများ ညလုံးပေါက်ပြေးဆွဲကြ၏။) ဒုစရိုက်မှုများ ထူပြောလှသည့် ဘန်ကောက်မြို့ကြီး၌ အကာလညအချိန် မိန်းမပျိုတစ်ဦးတည်း လမ်းလျှောက်အိမ်ပြန်ခြင်းကို ဖြတ်သွားဖြတ်လာ ဆိုင်ကယ်များ၊ မော်တော်ကားများ ပေါ်မှ အနှောက်အယှက်ပြုခြင်း၊ အော်ဟစ်လှောင်ပြောင်ခြင်း အလျဉ်းမတွေ့ရ။

ယင်းအဖြစ်ကို ရုံးမှ ထိုင်းအမျိုးသမီးသတင်းထောက်တစ်ဦးအား ပြောပြရာ “တော်တန်ရုံ အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ထားရင် ဘယ်သူမှ မစော်ကားပါဘူး။ ဒုစရိုက်သမားတွေ ဆိုတာလည်း သူ့အလွှာနဲ့သူပဲ။” ဟု မှတ်ချက်ပေး၏။ မြန်မာပြည်မှ ယခုမှရောက်လာသည့် စာရေးသူအဖို့ကား ကျားသားမိုးကြိုး အံ့သြစရာဖြစ်၏။ သူတို့အဖို့ကား ဘာမျှမထူးဆန်း။ ယုံကြည်စိတ်ချစွာဖြင့် ကိုယ့်လမ်းကိုယ်သွားကြခြင်းပင်တည်း။

အထက်ပါအဖြစ်အပျက်များမှ စေ့ဆော်လာသည့် မေးခွန်းမှာ တံခါးများဖွင့်ထားပါလျှက်၊ အကာလ ညအခါဖြစ်ပါလျှက်၊ နေ့စဉ်နှင့်အမျှ ဒုစရိုက်မှုသတင်းများ အထင်အရှားရှိနေပါလျှက် လုံခြုံမှုကို ခံယူစားသုံးနိုင်ရခြင်းမှာ အဘယ့်ကြောင့်နည်း ဟူ၍ဖြစ်သည်။ စာရေးသူတို့၏ မြန်မာပြည်တွင် အိမ်တံခါး၊ ခြံတံခါးများကို ချက်ချ၊ သော့ခတ်ပြီးမှ စိတ်ချလက်ချ အိပ်နိုင်ကြသည်။ ညအခါသည်လည်းကောင်း၊ လူပြတ်သော လမ်းများသည်လည်းကောင်း မိန်းကလေးတို့နှင့် မသင့်လျှော်။ သို့တည်းမဟုတ် မိန်မကောင်းတို့နှင့် မအပ်စပ်ဟု မှတ်ယူကြ၏။ အကယ်၍ ဖြတ်သွားဖြတ်လာ ပြုမိပါလျှင်လည်း ကိုယ်၊ နှုတ် စသည်တို့ဖြင့် စော်ကားသမှု အပြုမခံရလျှင်ပင် အထင်သေးသည့်မျက်လုံးများဖြင့် ကြည့်သည်ကို ခံကြရ၏။ မြန်မာနှင့် ထိုင်း၊ အမေရိကန် လူ့အဖွဲ့အစည်းများအကြား မည်သည့်အကြောင်းကြောင့် ဤသို့ ခြားနားရသနည်း။

ဤနေရာ၍ သတိပြုရန်မှာ စာရေးသူတင်ပြထားသော အတွေ့အကြုံနှစ်ရပ်သည် သက်ဆိုင်ရာလူ့ဘောင်များအား ကိုယ်စားပြု၊ မပြုကို မဆုံးဖြတ်နိုင်။ သီးသန့်အဖြစ်အပျက် ကွက်ကွက်ကလေးမျှသာ ဖြစ်နိုင်သည်ဆိုခြင်းပင်။ သို့တိုင်အောင်ပင် ထိုသို့ဖြစ်ပျက်စေရန် အထောက်အပံ့ပြုထားသော အခြေခံများကိုကား ဆွဲထုတ်ကြည့်နိုင်သည်။ ထိုင်းနှင့် အမေရိကန် လူ့ဘောင်များမှာ နောက်ခံယဉ်ကျေးမှုချင်း မတူသော်လည်း ပွင့်လင်းလွတ်လပ်သည့် အရာ၌မူ ယေဘူယျအားဖြင့် ဆင်တူသည်ဟု ဆိုနိုင်၏။ ထိုင်းနှင့် ယဉ်ကျေးမှုဆင်တူသော မြန်မာပြည်၌မူ ထိုအချိန်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသဖြင့် အဖက်ဖက်တွင် ကန့်သတ်ချုပ်ချယ်ထားခြင်းကို ခံနေရ၏။ “ပွင့်လင်းလွတ်လပ်မှု” ဆိုသည်ကို မတူသောလူ့ဘောင်များအကြား ဘုံတူညီချက်၊ ဘုံခြားနားချက် အဖြစ် မြင်ရလေသည်။

တစ်ဖန် ရလဒ်များကို နှိုင်းယှဉ်လေ့လာပါက ပွင့်လင်းလွတ်လပ်သော လူ့ဘောင်သည် ယုံကြည်မှု၊ အပြန်အလှန် လေးစားမှုများ ဖြစ်ထွန်းလာရန် အားပေးပြီး ကန့်သတ် ချုပ်ချယ်ထားသော လူ့ဘောင်သည် စိုးရိမ်ကြောင့်ကြရမှု၊ သံသယနှင့်၊ အထင်အမြင်သေးမှုများကို ပျိုးထောင်ကြောင်း ကောက်ချက်ချနိုင်ပါ၏။ တစ်နည်းဆိုရသော် “ယုံကြည်မှု” ကို ပွင့်လင်းလွတ်လပ်သော လူ့ဘောင်နှင့် တွဲဖက်မြင်ရပြီး “သံသယ” ကိုမူ ကန့်သတ်ချုပ်ချယ်ထားသော လူ့ဘောင်နှင့် ယှဉ်လျှက်တွေ့နိုင်ခြင်းဖြစ်သည်။ ထင်ရှားသော အမေရိကန် လူမှုသိပ္ပံပညာရှင် ဖရန်စစ် ဖူကူယားမား ကမူ လစ်ဘရယ်ဒီမိုကရေစီနှင့် အပြန်အလှန်ယုံကြည်မှုတို့ ဆက်စပ်ပုံကို ၎င်း၏ “TRUST: THE SOCIAL VIRTUES & THE CREATION OF PROSPERITY” စာအုပ်တွင် အကျယ်တ၀င့် ဆွေးနွေးထားလေသည်။

ယနေ့မြန်မာပြည်သည်ကား ယခင်နှင့် မတူတော့ပြီ။ ပွင့်လင်းလွတ်လပ်သော လူ့ဘောင်သို့ ဦးတည်နေပြီဟု ဆိုကြ၏။ နိုင်ငံရေးအခွင့်အလမ်းများ တိုးတက်လာသည့်နည်းတူ စီးပွားရေးလွတ်လပ်ခွင့်တွင် အိမ်နီးချင်းများဖြစ်သည့် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်တို့ ကို မမှီသေးသော်လည်း မီဒီယာလွတ်လပ်ခွင့်၌မူ ထိုနိုင်ငံများထက် သာလွန်ရှေ့ရောက်နေပြီဟု ဆိုကြ၏။ သို့သော် နယ်ပယ်အသီးသီး၌ မယုံကြည်မှု သံသယများ၊ အထင်အမြင်သေးမှု များကမူ အားကောင်းဆဲဖြစ်ကြောင်း သက်ဆိုးရှည်နေသေးသော ပြည်တွင်းစစ်၊ လူမျိုးရေးအဓိကရုဏ်းများ၊ မုန်းတီးရန်လိုမှုများက သက်သေခံနေကြ၏။ အမှန်စင်စစ် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်ကြသည့် မြန်မာနိုင်ငံကို ပွင့်လင်း လွတ်လပ်သည့်လူ့ဘောင်အဖြစ် ထူထောင်လိုသည်ဆိုပါက ယုံကြည်မှု တည်ဆောက်နိုင်ရေးသည် အခြားတိုင်းပြည်များထက် သာ၍ပင်အရေးကြီးလေသည်။ အရေးတကြီး သတိပြုရန်မှာ လွတ်လပ်ခွင့် အရာ၌ ရှေ့ပြေးနေသည် ဆိုသော မီဒီယာများအနေဖြင့် ယုံကြည်မှုအရာ၌လည်း နောက်မကျရေးပင်ဖြစ်သည်။ မီဒီယာများအနေဖြင့် လွတ်လပ်စွာရေးသားခွင့်ကို ကိုင်စွဲထားသည့်တိုင်  ယုံကြည်မှုတည်ဆောက်ရန် သတိမရ၊ ကျီးလန့်စာစား အာဘော်များကိုသာ ထုတ်ပြန်နေသည်ဆိုပါက ၎င်းတို့၏လွတ်လပ်ခွင့်မှာ သံသယမီးပွားများ ပိုမိုတောက်လောင်စေရန်သာ အသုံးကျမည်ဖြစ်၏။ ဥပမာ မြန်မာပြည်အား မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်များက အပိုင်ကြံနေသည်။ အကွက်ချ ကြံစည်နေကြသည် ဟူသော ရေးသားချက်များသည် ဆက်စပ်တွေးယူနိုင်သော အကြောင်းပြချက်လည်းမရှိ၊ စနစ်တကျလေ့လာထားသည့် အထောက်အထားလည်းမရှိသော လိုရာဆွဲတွေးသည့် တာဝန်မဲ့လှုံ့ဆော်ချက်များဖြစ်ရာ စာရေးသူရည်ညွှန်းလိုသည့် “ကျီးလန့်စာစား အာဘော်များ” အတန်းအစား၌ ပါဝင်လေသည်။ သံသယပွားမှု၊ မလုံခြုံမှုတို့က လူမျိုးကြီးဝါဒ၊ အစွန်းရောက်အမျိုးသားရေးဝါဒကို ဦးတည်စေမည်ဖြစ်၏။ အစွန်းရောက်ဝါဒသည် ပွင့်လင်းလွတ်လပ်သော လူ့ဘောင်၏ အသက်သွေးကြောဖြစ်သည့် အပြန်အလှန်လေးစားမှုကို ဆန့်ကျင်ပြီး ပဋိပက္ခများကို အင်အားသုံးဖြေရှင်းစေရန် အားပေး လေသည်။ အင်အားသုံးဖြေရှင်းရခြင်း ဆိုသည်ကိုမူ စာရေးသူ ရှည်ရှည်ဝေးဝေး ရှင်းပြရန် မလိုပါချေ။ ယနေ့ရေပန်းစားနေသည့် စကားတစ်ခုဖြစ်သော “နောက်ကြောင်းပြန်လှည့်သွားနိုင်ခြင်း” ဆိုသည်နှင့် တိုက်ရိုက်သက်ဆိုင်သည်ဟုသာ ဆိုချင်ပါတော့သည်။

နောက်ဆုံးသတိပြုရန်အချက်တစ်ခုလည်း ရှိသေးသည်။ ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ ထိုသို့သော “ကျီးလန့်စာစား အာဘော်များ” ကို ရှုတ်ချရန်မဟုတ်။  ပွင့်လင်းလွတ်လပ်သော လူ့ဘောင်နှင့် ယုံကြည်မှုတို့၏ ဆက်စပ်မှုကို ထင်ရှားစေရန် မီးမောင်းထိုးပြလိုရင်းသာဖြစ်၏။ လူကောင်းနှင့် လူဆိုး၊ မီးရှို့သူနှင့် မီးငြိမ်းသူ၊ ဒုစရိုက်နှင့် သုစရိုက်သမားများ သူ့အလွှာနှင့်သူ ရောထွေးယှက်တင်ရှိလာမည့် ပွင့်လင်းလွတ်လပ်သော မြန်မာ့လူ့အဖွဲ့အစည်းသစ်တွင် လုံခြုံစိတ်ချစွာ အိပ်စက်နိုင်ရန်မှာ သံသယပွားနေ၍မဖြစ်။ ရန်လိုနေ၍မဖြစ်။ ကိုယ့်ပိုင်နက် ကိုယ်တန်ဖိုးထားမှု၊ ကာကွယ်ပိုင်ခွင့်အပေါ် ယုံကြည်မှုတို့ဖြင့်သာ ဖြစ်နိုင်ကြောင်း တင်ပြလိုရင်းသာ ဖြစ်ပါသတည်း။ 

Image : http://business.time.com

Friday, November 2, 2012

နပန်းလုံးရသည့် အသုံးအနှုန်းများ


ဆရာသမားတစ်ဦးနဲ့ ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ် စာအုပ်အကြောင်း ပြောဖြစ်ရင်း သူက ခင်ဗျား ဝေါဟာရအသစ်တွေ မထွင်ရဘူးလားလို့ မေးလာပါတယ်။ အဲဒီတော့မှ ဟုတ်တယ်ဆရာ။ ကျွန်တော် ဦးနှောက်စားရတဲ့ စကားလုံးတွေရှိတယ်။ အချို့က အသစ်ဖြစ်နိုင်တယ်။ အချို့ကတော့ ဝေါဟာရ အသစ်မဟုတ်ပေမဲ့ စကားစုအနေနဲ့ ယခင်က မသုံးဖူးတာမျိုး ဖြစ်နိုင်တယ်လို့ ပြောရတယ်။ အဲဒီအထဲက စဉ်းစားရမိသမျှကို အောက်မှာ အမှတ်စဉ်တပ်ဖော်ပြလိုက်ပါတယ်။



၁။ Order - ၀ါစဉ်

Order ကို ကျွန်တော်တို့ အများစုလက်ခံထားတဲ့အတိုင်း “အမိန့်” သို့မဟုတ် “ပြန်တမ်း” လို့ တိုက်ရိုက်ပြန်ရင် The Birth of A New Global Order မှာ ပြဿနာတက်ပါတယ်။ “ကမ္ဘာလုံးဆိုင်ရာ အမိန့်သစ်တစ်ခုမွေးဖွားခြင်း” လို့ပြန်ရင် ဆိုလိုရင်းကိုမရောက်ပါ။ ဒါနဲ့ Order ရဲ့ နောက်အဓိပ္ပါယ် ဖြစ်တဲ့ “အစီအစဉ်” ဆိုတာကို ရွေးဖြစ်ပါတယ်။ “ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်သစ်တစ်ခု မွေးဖွားခြင်း” ဆိုတာလည်း သိပ်မနိပ်သေးပါ။ ဒီမှာ အနိမ့်အမြင့်သဘောကို ဘယ်လိုထည့်မလဲ။ ရဟန်းတော်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့သုံးတဲ့ “ထေရ်ဝါစဉ်” ဆိုတာကို သတိရပြီး ၀ါစဉ် ဆိုတာကို ရွေးဖြစ်ပါတယ်။ ဒါဆိုရင် ၀ါကြီးသူ၊ ၀ါငယ်သူ ဆိုတဲ့ အနိမ့်အမြင့်သဘော ပါသွားပြီပေါ့။ ဂလိုဘယ်အဆင့်မှာ အမေရိကန်နဲ့ အနောက်တိုင်းသားတို့ ထိပ်ဆုံးမှာ နေရာယူထားတဲ့ လက်ရှိအစီအစဉ်ကနေ အပြောင်းအလဲဖြစ်ပြီး အသစ်တစ်ခု ပေါ်လာတဲ့သဘော ဖြစ်ပါတယ်။

စကားမစပ် စာအုပ်ရဲ့ခေါင်းစဉ်နဲ့ ပတ်သက်ပြီး အခြေအတင်ဖြစ်ရတာကိုလည်း တစ်ဆက်တည်း ပြောချင်ပါတယ်။ Myanmar Heritage စာတည်းအဖွဲ့က “ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်” လို့ဆိုရင် သဒ္ဒါနည်းမကျတဲ့အတွက် “ကမ္ဘာကို တရုတ်တို့ကြီးစိုးချိန်” ဆိုပြီး သူတို့က ပထမ draft မှာ ပြင်လိုက်ပါတယ်။ သဒ္ဒါနည်းမကျဘူး ဆိုတကာကို ကျွန်တော် ဘယ်လိုတုံ့ပြန်ရမှန်းမသိပါ။ ကိုယ်ကမှ သဒ္ဒါကို သေချာမသိပဲကိုး။ When နဲ့ပတ်သက်လို့ကတော့ ရှင်းပါတယ်။ ဒီနေရာမှာ When ကို အချိန်အပိုင်းအခြားထက် If ဆိုတဲ့ သဘော သုံးထားတာ သိသာပါတယ်။ ဆိုတော့ If သဘောပါတဲ့ “အခါဝယ်” လို့ သုံးတာကို ရှင်းပြနိုင်ခဲ့ပါတယ်။ “ဤ” ဆိုတာကိုတော့ မြန်မာစာကျွမ်းကျင်တဲ့ ကိုအေးငြိမ်းကို မေး။ သူကလည်း ဒီအတိုင်းကြိုက်တယ်ဆိုတော့ နောက်ဆုံးမှာ ဒီအတိုင်းပဲထားပါလို့ ကျွန်တော် request လုပ်တာနဲ့ သူတို့က အလျှော့ပေးပြီး “ဤကမ္ဘာကိုတရုတ်တို့ကြီးစိုးသည့် အခါဝယ်” ဆိုတာ မပြောင်းဖြစ်တော့ပါ။ နိုင်ငံတကာမှာတော့ Rule ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး အငြင်းအခုံဖြစ်ရကြောင်း သိရပါတယ်။

၂။ Soft Power - အနုစားပါဝါ ။ Hard Power - အကြမ်းစားပါဝါ

“ပါဝါအပျော့” နဲ့ “ပါဝါအမာ” ဆိုပြီး ဆရာကျော်ဝင်းပြန်ပြီးသားပါ။ ဒါကို ကျွန်တော်က ဘာလို့ အနုစား၊ အကြမ်းစား ဖြစ်ချင်ရတာလဲ ဆိုရင် “အမာ” က ကိစ္စမရှိပေမဲ့  “အပျော့” ကို အားနည်းတယ်လို့ ယူဆလို့ဖြစ်ပါတယ်။ ဆရာကျော်ဝင်းကို မလေးစားလို့မဟုတ်ပါ။ Brain Storming ကို “ဦးနှောက်မုန်တိုင်းဆင်ခြင်း” လို့ သူဘာသာပြန်တာကို အရမ်းကြိုက်ပါတယ်။ အပျော့ နဲ့ အမာ ဆိုရင် တစ်ခုက အားနည်းပြီး တစ်ခုက အားကြီးနေသယောင် အမှတ်မှားနိုင်တယ်လို့ ယူဆတာကတစ်ကြောင်း၊ မြန်မာစကားမှာ အနုနည်း ၊ အကြမ်းနည်း တို့ရဲ့ သီးခြားစီအစွမ်းထက်ပုံကို နားလည်ကြပြီးဖြစ်တာကတစ်ကြောင်းကြောင့် “အနုစားပါဝါ” နဲ့ “အကြမ်းစားပါဝါ” လို့ သုံးဖြစ်ပါတယ်။

၃။ Necessary Evil - မရှိမကောင်း ရှိမကောင်း

အနောက်တိုင်းမှာ Government ကို ဘယ်လိုမှတ်ယူကြသလဲဆိုတာနဲ့ ပတ်သက်တာပါ။ မိန်းမတွေအကြောင်း၊ ပိုက်ဆံအကြောင်း ရေးထားတဲ့ စာပိုဒ်တွေထဲကနေ သတိရသွားတယ်လို့ ထင်ပါတယ်။

၎။ Tributary System - ပဏ္ဏာဆက်စနစ်

Tributary ကို အများစုက “လက်တက်” လို့ ဘာသာပြန်ကြပါတယ်။ The River Chindwin is a major tributary of the River Irrawaddy. ကို ဘာသာပြန်ရင် လက်တက်လို့ သုံးတာ ပိုပြီးသင့်တော်ပေမဲ့ tributary system ကို “လက်တက်စနစ်” လို့ပြန်လိုက်ရင် ဘာကိုဆိုလိုမှန်း နားလည်ဖို့မလွယ်ပါ။ ပဏ္ဏာဆက်စနစ် ဆိုရင်တော့ (tribute လုပ်တယ်ဆိုတဲ့) သာလွန်ကြောင်း အသိအမှတ်ပြုရတဲ့သဘော၊ အလေးအမြတ်ပြုရတဲ့သဘော၊ လက်ဆောင်ပဏ္ဏာဆက်သရတဲ့ သဘောများ ပါဝင်ကြောင်း သိသာမယ်လို့ ထင်ပါတယ်။

၅။ Middle Kingdom - ဇမ္ဗူဒီပါ၏အလယ်ဗဟိုနိုင်ငံတော်

အလယ်ခေတ်ဘုရင့်နိုင်ငံတော်လို့ မြန်မာပြန်စာအုပ်အချို့မှာ တွေ့ဖူးပါတယ်။ လုံးဝမှားယွင်းပါတယ်။ ရှေးဟောင်းတရုတ်ပြည်က သူ့ကိုယ်သူ ကမ္ဘာ့အလယ်ဗဟိုအဖြစ် သဘောထားပြီး Middle Kingdom လို့ ခေါ်တာဖြစ်ပါတယ်။ မြန်မာစကားမှာ ရှင်ဘုရင်နေတဲ့မြို့ကို နေပြည်တော်လို့ ခေါ်တဲ့သဘောမျိုးပါ။ စကြ၀ဠာ၏ဗဟို၊ ကမ္ဘာ့ဗဟို အမျိုးမျိုးစဉ်းစားပြီး နောက်ဆုံးမှာ Jambudipa ဆိုတာကို ပါဠိအဘိဓာန်နဲ့ တိုက်ကြည့်ပြီး ရွေးချယ်ဖြစ်ပါတယ်။

၆။ Union System - တစ်ပြည်ထောင်စနစ်။ Federal System - ပြည်ထောင်စုများစနစ်

Union ဆိုတာ တိုင်းပြည်အသီးသီးကို တစ်ပြည်တည်းအဖြစ် အုပ်ချုပ်တာဖြစ်ပြီး Federal ဆိုတာ တိုင်းပြည်အသီးသီးက တစ်ပြည်တည်းအဖြစ် စုပေါင်းရပ်တည်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ Union ကိုတော့ ပြည်ထောင်စုလို့ ဘာသာပြန်ပြီး Federal ကိုတော့ ဖက်ဒရယ် ဆိုပြီး မရှင်းမရှင်းလုပ်ထားတာကိုက နိုင်ငံရေး ရည်ရွယ်ချက်တစ်ခုရှိမယ်လို့ ထင်ပါတယ်။

၇။ Uniliteralism – ဧကစာဝါဒ

ဘယ်သူနဲ့မှ တိုင်ပင်ခြင်းမရှိပဲ ငါတကောကောတဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်ပါတယ်။ ရဟန်းတော်များ ပရိသတ်နဲ့ မရောနှောပဲ တစ်ပါးတည်းသီတင်းသုံးတာကို ဧကစာရီ ကျင့်တယ်ဆိုတဲ့ ဝေါဟာရကနေ ဆင့်ပွားယူပါတယ်။ ကျွန်တော်က ဧက၀ါဒ လို့ ရေးထားတာကို စာတည်းက ဧကစာဝါဒလို့ အမှန်ပြင်ပေးပါတယ်။

၈။ Sovereign Wealth Fund - အစိုးရပိုင်ဓနကုမ္ပဏီ

၉။ Globalization Hubris - ကမ္ဘာရွာပြုရေးသြဘာစာများ

Hubris ကို ပပလွှားလွှား ပြုမူတယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာ American Hubris ဆိုရင် “အမေရိကန်တို့၏ ပလွှားမှုများ” လို့  ပြန်နိုင်ပါလိမ့်မယ်။ “သြဘာစာ” ဆိုတာကတော့ နည်းနည်း ယဉ်ကျေးအောင် သုံးထားတာဖြစ်ပါတယ်။ နေရာတိုင်းအတွက် မှန်မယ်မထင်ပါ။

၁၀။ Fas Food Chains- အရန်သင့်စားသောက်ဆိုင်များ

Fast Food ကို အမြန်ရအစားအစာလို့ ဂျာနယ်အချို့မှာရေးတာ တွေ့ဖူးပါတယ်။ မမှားဘူးလို့ ထင်ပါတယ်။ အရန်သင့်ဆိုတာကို ပိုကြိုက်လို့ ရွေးဖြစ်ပါတယ်။

၁၁။ Patent - တီထွင်မှုလက်မှတ်

၁၂။ Humane Authority - ဗြဟ္မစိုရ်တရား လွှမ်းခြုံသည့်အာဏာ

“လူသားဆန်သည့် အာဏာ” လို့ ပြန်ရင်လည်း ရမှာပါ။ လူသားဆန်တယ်ဆိုတဲ့နေရာမှာ အနောက်တိုင်းနဲ့ အရှေ့တိုင်း ခြားနားချက်တွေ ၀င်ရှုပ်နေမှာ စိုးတဲ့အတွက်  မြန်မာတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဗြဟ္မစိုရ်တရားလွှမ်းခြုံသည့်အာဏာ လို့ ပြန်ဖြစ်ပါတယ်။  ဗုဒ္ဒဘာသာ မဟုတ်သူများတောင် ဗြဟ္မစိုရ်တရား ဆိုတာနဲ့ သိပ်မစိမ်းလှဘူးလို့ ယူဆလို့လည်း ဖြစ်ပါတယ်။


ဆက်လက်ဖော်ပြပါမည်။

Sunday, October 28, 2012

ရခိုင်ပြည်အရေးအခင်းများနှင့် အင်ဒိုနီးရှားနမူနာ



တစ်ကျော့ပြန်အရှိန်မြင့်လာတဲ့ ရခိုင်ပြည်က အကြမ်းဖက်မှုသတင်းနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားမိတ်ဆွေတစ်ယောက်က ICG က Jim Della ရဲ့ What Could Myanmar Learn from Indonesia? The Malino Accord ဆိုတဲ့ ဆောင်းပါးကို forward လုပ်ရင်း ဘယ်လိုသဘောရသလဲ ဆိုတာမျိုး မေးလာပါတယ်။ ဒါနဲ့ အဲဒီဆောင်းပါးထဲမှာ ရေးထားတဲ့အတိုင်းပါပဲ။ မတူတာတွေရှိသလို အတုယူစရာတွေလည်းရှိတယ်။ အင်ဒိုဒုသမ္မတဟောင်း မစ္စတာ ကာလာ (Jusuf Kalla) မြန်မာပြည် သွားပြီး သမ္မတဦးသိန်းစိန်နဲ့တွေ့တုံးကလည်း အဲသလို အကြံပေးခဲ့မှာပဲလို့ ပြောလိုက် ပါတယ်။ ဆောင်းပါးမှာပါတဲ့ အင်ဒိုနီးရှားက ခရစ်ယာန်-မူဆလင် အဓိကရုဏ်းနဲ့ လက်ရှိ ရခိုင်ပြဿနာမှာ မတူတာ သုံးချက်ရှိတယ်လို့လည်း ပြောဖြစ်ပါတယ်။ အဲဒါတွေကတော့
၁။ အခြေခံမတူ ၂။ အခြေအနေမတူ  ၃။ ကိုင်တွယ်ပုံမတူ တာဖြစ်ပါတယ်။ အခြေခံမတူဘူး ဆိုတာ အင်ဒိုနီးရှားနဲ့မြန်မာ နိုင်ငံတည်ထောင်မှု အခြေခံမတူခြင်းပါ။ အင်ဒိုနီးရှားနိုင်ငံကို မတူညီသူတွေရဲ့ အစုအစည်း (Unity in Diversity) အဖြစ် ဖောင်ဒေးရှင်းချခဲ့တာဖြစ်ပြီး ခေတ်သစ်မြန်မာနိုင်ငံ ကိုတော့ မြန်မာပြည်မကို ဗဟိုပြုထားတဲ့ ရှေးခေတ်ဘုရင့်နိုင်ငံရဲ့ သမိုင်းကြောင်းအပေါ်မှာ ထပ်ဆင့်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သူတို့က ကွဲပြားခြားနားမှုကို ဂုဏ်တင်တယ်။ ကျွန်တော်တို့ မြန်မာကတော့ ကွဲပြားမှုကို မငြင်းပယ်ပေမဲ့ အားနည်းချက်တစ်ရပ်အဖြစ် ရှုမြင်ပါတယ်။ “၀ါးအစည်းပြေသကဲ့သို့”  ဆိုတဲ့စကားနဲ့ ရှုတ်ချပါတယ်။

          ဒုတိယဖြစ်တဲ့ အခြေအနေမတူ ဆိုတာက အင်ဒိုနီးရှားမှာ ပဋိပက္ခဖြစ်တဲ့ နှစ်ဘက်စလုံးဟာ အင်ဒိုနိုင်ငံသားစစ်စစ်တွေ ဖြစ်ပါတယ်။ အဲဒါကို ငြင်းသူမရှိပါ။ ခရစ်ယာန်-မူဆလင် ပြဿနာ (၀ါ) ဘာသာရေးပြဿနာ သက်သက်ဖြစ်ပါတယ်။ ရခိုင်ကိစ္စမှာ ဘင်္ဂါလီ တို့အနေနဲ့ ရိုဟင်ဂျာတိုင်းရင်းသား ဆိုတဲ့အမည်နဲ့ နိုင်ငံသားဖြစ်မှုဟာ အကြီးအကျယ် အငြင်းပွားနေဆဲပါ။ အဲဒီအတွက်ကြောင့် လူမျိုးရေးပဋိပက္ခလား ဘာသာရေးလား သဲသဲကွဲကွဲ ခေါင်းစဉ်မတပ်နိုင်တာဖြစ်ပါတယ်။ အကိုင်အတွယ်မတတ်ရင် ဘာသာရေးပဋိပက္ခအဖြစ် လုံးလုံးပြောင်းသွားနိုင်တဲ့ အနေအထားလည်း ရှိပါတယ်။

          တတိယဖြစ်တဲ့ ကိုင်တွယ်ပုံမတူ ဆိုတာ အဲဒီအချိန်တုန်းက ဒီမိုကရေစီလမ်းပေါ် စမ်းသပ်လျှောက်နေတဲ့ (စမ်းသပ်လျှောက်နေကြတဲ့အဖြစ်ချင်းတော့တူပါတယ်) အင်ဒိုအစိုးရဟာ ပဋိပက္ခဖြေရှင်းရေးကို ပြတ်ပြတ်သားသား အားသွန်ခွန်စိုက် လုပ်ခဲ့တယ်။ ရေရှည်အတွက်ဆိုလည်း ဥပမာ အမေရိကန်ဒေါ်လာ ဆယ်သန်း ချက်ချင်းမတည်ပြီး ဒေသဖွံ့ဖြိုးရေး အစိုးရက ရှေ့တန်းတင် တယ်ဆိုတာပြတယ်။ မြန်မာအစိုးရမှာတော့ ဘယ်လိုသဘောထားရမလဲ ဆိုတာ ပြတ်ပြတ်သားသား မရှိတဲ့အတွက် အကောင်းဆုံးမှာ သတိအနေအထားနဲ့ ရန်စောင်နေ၊ အဆိုးဆုံးမှာ အင်အားသုံးဖြေရှင်း ဆိုတာမျိုးလောက်နဲ့ပဲ ကိုင်တွယ်နေပါတယ်။ အကဲခတ်ရသလောက်ဆိုရင် ဒေါသထွက်နေတဲ့ နှစ်ဘက် စလုံးကို ကိုယ့်ဒေါသကိုယ်ထိန်းကြလို့ပြောပြီး လုံခြုံရေးပေးရုံ၊ လိုအပ်ရင် စားရေရိက္ခာပေးရုံ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရုံလောက်ပဲ လုပ်နေတယ်လို့ ထင်ပါတယ်။ သီးခြား ဘတ်ဂျက် ဘာညာဆိုပြီး မတည်ပေးနိုင်တဲ့ အခြေအနေလည်း မရှိပါဘူး။ ရေရှည်အတွက် ဘယ်လိုဆိုပြီး အကြံပေးမယ့် စုံစမ်းရေးကော်မရှင် ဖွဲ့တာမျိုးလောက်သာ တတ်နိုင်ပါတယ်။ လတ်တလော ငြိမ်းချမ်းအောင် လက်တွေ့ကျကျ ဘယ်လိုလုပ်မယ်ဆိုတဲ့ အစီအစဉ်ဆိုတာလည်း မသိရပါ။

အတုယူစရာဆိုတာက အထက်မှာပြောခဲ့တဲ့ အင်ဒိုနီးရှားအစိုးရရဲ့ အားသွန်ခွန်စိုက် တုံ့ပြန်မှုမျိုးဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့် ပုဂ္ဂလိကအမြင်ကို ပြောရရင် အစိုးရအနေနဲ့ ရခိုင်ပြဿနာကို အလေးထားတယ်ဆိုရင် လတ်တလော တိုက်ခိုက်နေတာတွေ အခိုက်အတန့် တစ်ခုအထိ ပြေလည်ဖို့ ဦးစားပေးလုပ်သင့်တယ်လို့ ထင်ပါတယ်။ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ နိုင်ငံ့အရေးလို့ မှတ်ယူတယ်ဆိုရင် အစိုးရတစ်ခုတည်းသာမက အတိုက်အခံ နိုင်ငံရေး၊ လူမှုရေးအဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အင်အားကိုပါ ဖိတ်ခေါ် အကူအညီယူသင့်တယ်လို့ထင်ပါတယ်။ ကိုယ်မနိုင်တဲ့မီးကို ကြိတ်ပြီးငြိမ်းသတ်နေတာမျိုး မဖြစ်သင့်ပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် မေတ္တာရှေ့ထားကြတဲ့ သံဃာတော်များရဲ့ အကူအညီ အထူးလိုအပ်တယ်လို့ ထင်မြင်မိပါတယ်။

Thursday, October 25, 2012

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရုတ်ပြည်


အောက်ပါစာစုမှာ “ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်” ဘာသာပြန်စာအုပ် အခန်း (၆) မှ ခေါင်းစဉ်ငယ်တစ်ခုကို ထုတ်နှုတ်တင်ပြထားချက်ဖြစ်ပါသည်။
 
လူသားရင်းမြစ် ပေါများသလောက် သဘာဝရင်းမြစ် ရှားပါးလှသည့် တရုတ်ပြည်ကြောင့် ကမ္ဘာတဝန်း သက်ရောက်မှုများကား မနည်းလှပေ။ လုပ်သားများ ပိုလျှံနေခြင်း၏ အကျိုးဆက်ကြောင့် ကုန်ချောပစ္စည်းများ ဈေးပေါပေါဖြင့် ထုတ်လုပ်နိုင်စေသည်။ အခြား တစ်ဖက်၌မူ ကုန်ထုတ်လုပ် မှု မြင့်တက်လာခြင်းနှင့်အတူ တရုတ်ပြည်မှ လိုအပ်သည့် ကုန်မာပစ္စည်းများ၏ဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သည်မှာ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့စီး ပွားရေး အကျပ်အတည်း ဆိုက်ရောက်ချိန်ထိပင် ဖြစ်သည်။ ထိုအချက်ကပင် ကမ္ဘာ့စီးပွား ရေးတွင် တရုတ်ခေတ် ပါရာဒိုင်းအသစ်ကို ဖြစ်ထွန်းလာစေခဲ့၏။

တရုတ်စီးပွားရေး ဖွံ့ဖြိုးလာမှုကြောင့် ယနေ့အထိ အကြီးအကျယ် အမြတ်ထွက်ခဲ့ကြ သူများမှာ အခြားသူ မဟုတ်။ လူသုံးကုန်ပစ္စည်းများကို ဈေးပေါပေါဖြင့် သုံးစွဲလာနိုင်သည့် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ အခြေခံကုန်မာထွက်သည့် နိုင်ငံများသာ ဖြစ်၏။ နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (IEA)၏ ခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေး နာလန်ထူလာခြင်းနှင့်အတူ ရေနံဈေး များ ပြန်လည်မြင့်တက်လာပြီး ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် ရေနံစိမ်းတစ်စည်၏ ဈေးနှုန်း မှာ အမေရိကန်ဒေါ်လာ ၂ဝဝ ကျော် ရှိလာမည်ဟု သိရသည်။ (စကားချပ်။ လက်ရှိ ရေနံစိမ်းတစ်စည်၏ ပေါက်ဈေးမှာ ၈၈ ဒေါ်လာဖြစ်သည်။) ကုန်ကြမ်းဈေးတက်သည့် အတွက် ယခင်က ဈေးပေါခဲ့သည့် တရုတ်ပြည်လုပ် ကုန်ချောများလည်း ဈေးကြီးလာမည် ဖြစ်ရာ တရုတ်တို့အနေဖြင့် စွမ်းအင်များများ အသုံးချ ထုတ်လုပ်ရသည့် လက်ရှိ ဖွံ့ဖြိုးတိုး တက်ရေးပုံစံကို အချိန်အတိုင်းအတာတစ်ခုအထိသာ ကျင့်သုံးနိုင်မည် ဖြစ်သည်။ စွမ်း အင်နည်းနည်းဖြင့် ကုန်ချောများများ ထုတ်နိုင်သည့် နည်းလမ်းများ ရှာဖွေရတော့မည် ဖြစ် သည်။

သို့ရာတွင် ရာစုနှစ်နှင့်ချီ၍ သဘာဝရင်းမြစ်များကိုသာ ထုတ်ယူသုံးစွဲလာခဲ့သည့် တရုတ်ပြည်အနေဖြင့် လမ်းကြောင်းပြောင်းပြီး နည်းသစ်ရှာရန်မှာ လွန်စွာခက်ခဲမည်ပင်။ ပြည်တွင်းရှိ သဘာဝ သယံဇာတမှာလည်း နည်းပါးလွန်းလှ၏။ ပထဝီအနေအထားအရ တရုတ်ပြည်တောင်ပိုင်း၌ သာ အနည်းငယ်စိုစွတ်ပြီး လူဦးရေထက်ဝက်ခန့် နေထိုင်သည့် မြောက်ပိုင်းဒေသမှာ အလွန်အမင်း ခြောက်သွေ့ကာ ကမ္ဘာ့အကြီးဆုံး ကန္တာရကြီး ဖြစ်လာ ရန် တာစူလျက်ရှိသည်။ အစိုးရအဆက်ဆက်အနေဖြင့်လည်း မင်မင်းဆက် တူးမြောင်းများ အကြီးအကျယ် ဖောက်လုပ် ခဲ့ခြင်းမှသည် မျက်မှောက်ခေတ် “မြစ်ကျဉ်းသုံးခု ဆည်ကြီး”၊ (Three Gorges Dam) အထိ သဘာဝ ပတ်ဝန်းကျင်ကို လူသားတို့၏ အသုံးတော်ခံ အဖြစ်သာ ရှုမြင်ခဲ့ကြလေသည်။ အစိုးရပိုင်းနှင့် ပြည်သူများအကြား ပတ်ဝန်းကျင် ထိန်း သိမ်းရေးအသိ ယခင်ထက် တိုးတက်လာနေပြီဖြစ်သော်လည်း လွန်စွာ အားနည်းဆဲ ဖြစ် သည်။ ထို့ပြင် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် နှိုင်းယှဉ်ပါက တရုတ်လူထုမှာ ဆင်းရဲနွမ်းပါးဆဲဖြစ်၏။ ဆင်းရဲသည့် တိုင်းပြည်တစ်ခုအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဖွံ့ဖြိုးပြီးနိုင်ငံများ ကဲ့သို့ အလေးထားနိုင်မည် မဟုတ်ချေ။ လက်ရှိ တိုးတက်မှုနှုန်းအတိုင်း သွားမှသာလျှင် တရုတ်ပြည်သည် အနောက်နိုင်ငံများ၏ ၁၉၆ဝ ပြည့်နှစ် တိုးတက်မှုအဆင့်သို့ ၂ဝ၁၅ ခုနှစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ဥရောပ၏ တိုးတက်မှုနှုန်းနှင့် နှိုင်းယှဉ်ပါမူ တရုတ်ပြည် သည် ၁၈ ရာစုခေတ်မှ ၂၁ ရာစုခေတ်သို့ နှစ် ၃ဝ အတွင်း တက်လှမ်းလာခြင်းဖြစ်၏။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်အတွက် ရလဒ်ကား ရှင်းပါ၏။ ရာစုနှစ် နှစ်ခုကျော် ပုံမှန် သုံးစွဲရမည့် သဘာဝစွမ်းအင်ကို နှစ် ၃ဝ မျှနှင့် ကုန်ခန်းစေခဲ့ခြင်း ဖြစ်လေ သည်။ တရုတ် မြစ်ချောင်းများ၏ လေးပုံသုံးပုံကျော် ရေထုမှာ သောက်သုံးရန် သို့မဟုတ် ငါးဖမ်းရန်ပင် မသင့်တော်တော့ချေ။ လေထုအညစ်ညမ်းဆုံး ကမ္ဘာ့မြို့ကြီးများ ၂ဝ အနက် ၁၆ မြို့မှာ တရုတ်ပြည်မှ ဖြစ်၏။ တရုတ်ပြည် ဧရိယာ၏ သုံးပုံတစ်ပုံ၌ အက်စစ်မိုးများ ရွာသွန်းလေ့ ရှိ၏။ တိုင်းပြည်၏လေးပုံတစ်ပုံမှာ ကန္တာရ ဖုံးနေပြီး ၅၈ ရာခိုင်နှုန်းမျှသော မြေသားတို့မှာ မြေဆီ ခန်းခြောက်ပြီး ဖြစ်လေသည်။

          လက်ရှိအနေအထားအရ တရုတ်တို့အနေဖြင့် ချမ်းသာလာသည့်အခါတွင်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ရန် အခွင့်မသာတော့ချေ။ ရေနံဈေးနှုန်း သိသိသာသာ မြင့်တက်လာ သည်နှင့်အမျှ လောင်စာဆီသုံး မော်တော်ယာဉ်များအပေါ် အခွန် တိုးမြှင့် ကောက်ခံခြင်း၊ အခြား စွမ်းအင်သုံးစွဲနိုင်မှု နည်းပညာများကို လေ့လာခြင်းများ မလွဲမသွေ ပြုလုပ်ရမည် ဖြစ်သည်။ ယခုအခါ ရှန်ဟိုင်းမြို့တွင် ကားတစ်စီးဝယ်ယူပါက လောင်စာဆီ ခွန်အဖြစ် အမေရိကန်ဒေါ်လာ ၄ဝဝဝ ခန့် ပေးဆောင်ရန် သတ်မှတ်ထားသည်။ အခြား ပတ်ဝန်းကျင် ထိခိုက်မှုတစ်ခုမှာ ကမ္ဘာကြီး ပူနွေးလာခြင်းပင် ဖြစ်သည်။ ယင်းအတွက် အဓိက အကြောင်းရင်းဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ထုတ်လွှတ်မှုကို လျှော့ချ ရေးအားထုတ်ရာတွင် တရုတ်ပြည်လည်း ပါဝင်ရမည်ပင်။ CO2 ထုတ်လွှတ်မှု လျှော့ချရေး ၌ ချမ်းသာပြီး နိုင်ငံကြီးများနည်းတူ လိုက်နာရန်ကိုမူ တရုတ်တို့ သဘောမတူကြချေ။

အိန္ဒိယနိုင်ငံကလည်း တရုတ်နည်းတူ သဘောမတူချေ။ ၎င်းတို့၏ အကြောင်းပြချက်မှာ ချမ်းသာပြီးနိုင်ငံများအနေဖြင့် ဖန်လုံအိမ် ဖြစ်ပေါ်စေမည့် ဓာတ်ငွေ့များကို နှစ်ပေါင်းများစွာ စော၍ ထုတ်လွှတ်နေပြီးဖြစ်ရာ လက်ရှိပြဿနာကို ယင်းနိုင်ငံများမှ ပိုမိုတာဝန်ယူရန် ဖြစ် သည်ဟူ၍ ဖြစ်၏။ ထို့ပြင် တရုတ်ပြည်စက်ရုံများမှ ထုတ်လုပ်သမျှ၏ ၄ဝ ရာခိုင်နှုန်းကို အနောက်နိုင်ငံများသို့ တင်ပို့ရသည်ဖြစ်ရာ တရုတ်ပြည်တွင်း လေထုညစ်ညမ်းမှုအတွက် အနောက်နိုင်ငံများမှာလည်း တာဝန်ရှိကြောင်း ဆိုလေသည်။ ယင်းအချက်များကို ထောက်ခံသည့် ကျိုတိုသဘောတူညီချက် (Kyoto Protocol) ကိုမူ အမေရိကန်ပြည်ထောင် စုနှင့် သြစတြေးလျနိုင်ငံတို့က လက်မှတ်ထိုးရန် ငြင်းဆန်နေဆဲဖြစ်၏။ အခြားတစ်ဖက်တွင် မူ တရုတ်ပြည်အနေဖြင့် CO2 ထုတ်လွှတ်မှုတွင် အမေရိကထက် ပိုမိုနေပြီဖြစ်ရာ တရုတ်၊ အိန္ဒိယတို့၏ တောင်းဆိုချက်များမှာ ယုတ္တိမတန်တော့ချေ။ ဖန်လုံအိမ် အာနိသင်မှာ တရုတ်ပြည်၌လည်း သိသိသာသာ ခံစားနေရပြီဖြစ်၏။ မုန်တိုင်းများ၊ မိုးခေါင်မှုများ၊ ၂ဝဝ၈ ခုနှစ်ကကဲ့သို့ ရက်ရှည်လများ နှင်းမုန်တိုင်းကျမှုများကို ကြုံတွေ့လာရပြီး ဖြစ်သည်။ စွမ်း အင် ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ရာ တွင် ကျောက်မီးသွေး လှိုင်လှိုင် သုံးစွဲသည့် တရုတ်ပြည်၌ ပိုမိုသိသာလေသည်။ ကျောက်မီးသွေးမှ ကာဗွန်ဓာတ်ငွေ့ ထုတ် လွှတ်မှုမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စသည်တို့မှ ထုတ်လွှတ်မှုထက် သိသိသာသာ များ ပြား၏။ ဥပဒေအရ တားဆီးပြဋ္ဌာန်းမှုများ ပြုလုပ်လာသော်လည်း လက်တွေ့ လိုက်နာမှုတွင် အကြီးအကျယ် လျစ်လျူရှုကြဆဲဖြစ်သည်။ အစိုးရအနေဖြင့်လည်း ပတ်ဝန်းကျင် ထိန်း သိမ်းရေးကိစ္စများမှ စီးပွားရေးတိုးတက်မှု လမ်းကြောင်း၏ ခလုတ်တံသင်း ဖြစ်လာခြင်းကို မမြင်လိုပါချေ။ အဆိုပါပြဿနာ၏အရေးကြီးမှုကို ထိပ်တန်းခေါင်းဆောင်များကပါ တစ်နေ့ တခြား ပိုမိုလက်ခံလာခဲ့ပြီးဖြစ်ပါသည်။

သို့ဖြစ်ရာ တရုတ်တို့အနေဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ အခြား သန့်ရှင်း သည့် အရင်းအမြစ်များမှ စွမ်းအင်ထုတ်လုပ်မှု တိုးတက်ရေးတို့ကို သတ်သတ်မှတ်မှတ် လုပ်ဆောင် လာသည်ကို တွေ့ရ၏။ ယခုအခါ တရုတ်ပြည်မှာ လေရဟတ်များမှ ဓာတ်အား ထုတ်လုပ်ခြင်း အပါအဝင် သန့်ရှင်းရင်းမြစ်မှ ထုတ်လုပ်သည့် စွမ်းအင် အသုံးပြုရာ၌ ကမ္ဘာ့ အကြီးဆုံး ဖြစ်လာ ခဲ့ပြီဖြစ်၏။ လေ၊ နေရောင်ခြည်နှင့် ဟိုက်ဒရိုဂျင်တို့မှ စွမ်းအင်ထုတ်လုပ်ရေး သုတေသန လုပ်ငန်းများတွင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများ ပုံအော စိုက်ထုတ်လာ သည်ကို တွေ့ရသည်။ မဝေးတော့သည့် အနာဂတ်တွင် ဆိုလာဆဲလ်များမှ လျှပ်စစ်ဓာတ် အား ထုတ်လုပ်နိုင်သည့် တီထွင်မှုများကို အမေရိကန် ပြည်ထောင်စုအစား တရုတ်ပြည်က ပိုမို ပြုလုပ်နိုင်လာမည်ဟုပင် အချို့က ခန့်မှန်းထားကြ၏။ အကြီးဆုံး တရုတ်မော်တော်ကား ကုမ္ပဏီကြီးနှစ်ခုက ဓာတ်ဆီ/လျှပ်စစ် နှစ်မျိုးစလုံးဖြင့် မောင်းနှင်နိုင်သည့်ယာဉ်များ (hy­brid cars) ကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ တရုတ်ပြည်၏ စီးပွားရေးဖွံ့ဖြိုးမှု၌ ခေတ် နောက်ကျခြင်း၊ ခေတ်မီခြင်း များ ရောပြွမ်းနေသကဲ့သို့ ၎င်း၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားထုတ်မှုများမှာလည်း အရောရောအထွေးထွေး ဖြစ်၍သာနေတော့သည်။ ၂ဝဝ၈ ခုနှစ် အိုလံပစ် အားကစားပွဲများ မတိုင်မီ ဘေဂျင်းမြို့တော်၏ စိတ်ပျက်ဖွယ်ရာ လေထုညစ်ညမ်းမှု ကို သန့်စင်ရေးအတွက် မြို့တွင်းသို့ ကားများ မဝင်ရဆိုသည့် ကန့်သတ်မှုမျိုးပင်တည်း။