Saturday, August 3, 2013

ရှစ်လေးလုံးအရေးတော်ပုံ နှင့် မြန်မာ့သမိုင်းကြောင်းဆိုင်ရာ အယူအဆနှစ်ခု


မြန်မာစကားတွင် ရာဇ၀င်ဘီး တစ်ပတ်လည်သည် ဟူသော အသုံးအနှုန်း ရှိ၏။ သမိုင်းဖြစ်ရပ်များ တစ်ကျော့ပြန်လည်တတ်ခြင်းကို ရည်ညွှန်းသည်။ မြန်မာ့သမိုင်းကို ဆင်တူဖြစ်စဉ်များ အကြိမ်ကြိမ် တစ်ကျော့ပြန်နေသော သမိုင်းကြောင်းအဖြစ် ပညာရှင်အချို့က မှတ်ချက်ပြုခြင်းများရှိ၏။ ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယ မြန်မာနိုင်ငံတော်၊ တတိယ မြန်မာနိုင်ငံတော် စသဖြင့် အကြိမ်ကြိမ် တည်ထောင်ခဲ့၊ ပြိုကွဲခဲ့သည့်တိုင်  နိုင်ငံတော် အုပ်ချုပ်ရေးဆိုင်ရာ အခြေခံများ မပြောင်းလဲ၊ ရှေးကနှင့် ပုံစံတူသည့်အဖြစ်ကို ၎င်းတို့က ထောက်ပြကြသည်။ ထိုအယူအဆကို တင်ပြခဲ့သူများတွင် အစောပိုင်း ဟာဗေး (G.E. Harvey) နှင့် နောက်ပိုင်း အောင်သွင် (Michael Aung-Thwin) တို့ ပါဝင်သည်။ ရှေးပုဂံခေတ် ကတည်းက ရှိခဲ့သည့် အယူအဆစွဲများအကြားမှ ရုန်းမထွက်နိုင်ပဲ သံသရာလည်နေသည့် ကုန်းဘောင်ခေတ် အုပ်ချုပ်ရေးကို ဝေဖန်ရာတွင် ဟာဗေး က ဤသို့ ဆိုခဲ့သည်။

‘၎င်းတို့၏ ၁၉ ရာစု အိုင်ဒီယာများမှာ ၉ ရာစုက အတိုင်းပင် (မပြောင်းမလဲ) ဆက်လက်ကျန်နေ၏။ ဘုရားတည်ရန်၊ သြဇာခံ နယ်စားပယ်စားများထံမှ သမီးကညာ ကောက်ယူရန်၊ ကျွန်အဖြစ် သိမ်းပိုက်ယူရေး စွမ်းစွမ်းတမံတိုက်ပွဲများဆင်နွှဲရန်၊ ဆင်ဖြူတော်များအတွက် စစ်တိုက်ရန် စသည့် ခံယူချက်များမှာ သူ့အချိန်သူ့အခါက လျှမ်းလျှမ်းတောက်ခဲ့ပေမည်။ သို့ရာတွင် ယင်းကို ကျော်၍ မရွှေ့နိုင်သော ဘုရင်စနစ်သည်ကား ပျက်ကိန်းနှင့် ကြုံရမည်မှာ မုချဖြစ်တော့၏။’ [1]

နောက်ပိုင်း အလားတူ အယူအဆကို နိုင်ငံတော်နှင့် လူ့ဘောင်အဖွဲ့အစည်းများအကြား ဆက်ဆံရေးဆိုင်ရာ ပါရာဒိုင်း တစ်ခုအဖြစ် အောင်သွင်က တည်ဆောက် တင်ပြခဲ့သည်။ သူ၏ ကြောင်လိမ်ဥပမာ စာတမ်း[2] တွင် ပါမောက္ခအောင်သွင်က ဤသို့ရေး၏။

‘၎င်းတို့ (မြန်မာ့အင်စတီကျူးရှင်းများ) ၏ ခွန်အားကို ကြောင်လိမ်လှည့်ပတ်သည့် စက်ဝိုင်းများပုံစံ ဖော်ထုတ်ခဲ့၊ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ အဟောင်းများကို ပယ်ဖျက်ကာ အခြေခံကျကျ သစ်လွင်သည်များကို ဖန်တီးရခြင်းအစား ရှိပြီးသားအင်စတီကျူးရှင်းတို့ ချဲ့ထွင်လာခြင်း၊ ကျုံ့သွားခြင်း ဖြစ်စဉ်ကိုသာ တွေ့ရ၏။ ထို ကြောင်လိမ်ပုံစံများက မြန်မာ့သမိုင်း၏ ခေတ်တစ်ခေတ်နှင့် နောက်တစ်ခေတ်အကြား ဆင်တူမှု ကွဲပြားမှုတို့ကို ထင်ဟပ်ပြနေသည်။’ [3]

၎င်း၏ အယူအဆအရ မြန်မာ့လူ့ဘောင်အနေဖြင့် အပြောင်းအလဲကို လက်ခံသည့်တိုင် အသစ် ပုံစံထုတ် တည်ဆောက်ရခြင်းအစား ပုံစံဟောင်းကို စံနမူနာထားလိုသည့် သဘောရှိပေရာ မြန်မာ့သမိုင်းကြောင်း၏ ဖွံ့ဖြိုးမှုသည် မျဉ်းဖြောင့် (linear) ပုံစံ မဟုတ်ပဲ ‘ပိုမိုဖြူစင်သော’ အတိတ်[4] သို့ ပြန်သွားလိုစိတ်ဖြင့် မောင်းနှင်သည့် အပြောင်းအလဲအဖြစ် ကြောင်လိမ် (spiral) ပုံစံ ဖြစ်ထွန်းလာကြောင်း သိရသည်။ ယနေ့ထိတိုင် ထိုအယူအဆများ လိုက်ပါဆဲ ရှိသည့်အဖြစ်ကို ၁၉၆၂ ခုနှစ် တပ်မတော်မှ အာဏာသိမ်းကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အဖြစ် ပြန်လည်ထူထောင်ရန် အားထုတ်ခြင်း၊[5] ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို အလယ်ပိုင်း ခြောက်သွေ့ရပ်ဝန်းရှိ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ခြင်း[6] တို့က သက်သေထူနေကြသည်ဟု အောင်သွင်က မှတ်ချက်ပြုသည်။

အခြားတစ်ဖက်တွင် ၁၈၈၆ ခုနှစ် ဗြိတိသျှအင်ပါယာအတွင်းသို့ သွတ်သွင်းခံရခြင်းက ခေတ်သစ်ပုံစံသစ်ကို ဖြစ်ထွန်းစေခဲ့သည့်တိုင် ကိုလိုနီခေတ်၏ ရှေ့ပိုင်း မြန်မာဘုရင်များ အုပ်ချုပ်သည့် ကာလများသည် လုံးဝ ရပ်တန့်နေသော၊ ထပ်တလဲလဲချည်းသာဖြစ်နေသာ သမိုင်းကြောင်းမဟုတ်ခဲ့ ဟူသည့် အယူအဆသည်လည်း အခိုင်အမာရှိ၏။ ထိုအယူအဆကို တင်ပြသူ လီဘာမန် (Victor Lieberman) က ၎င်း၏ မြန်မာ့သမိုင်းကို ဘာသာပြန်ခြင်း[7] စာတမ်း၌ ဤသို့ဆိုခဲ့သည်။

‘စာရေးသူ ဖတ်မိသမျှ အထောက်အထားများ အရမူ ၉ ရာစုမှ ၁၉ ရာစုနှောင်းပိုင်း ကာလအတွင်း မြန်မာပြည်အနေဖြင့် အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး အသွင်ပြောင်းမှုများ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရသည်။ ထိုအပြောင်းအလဲများမှာ ၁၈၈၅ ခုနှစ်နောက်ပိုင်း ဖြစ်ပျက်သည်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ အကန့်အသတ်ရှိသည့်တိုင် ကိုလိုနီခေတ်မတိုင်မီ ကာလတစ်လျှောက် တရားစီရင်ရေး၊ (အုပ်ချုပ်မှု) ပုံစံ၊ (စနစ်ကို) မောင်းနှင်လည်ပတ်မှုတို့တွင် ပြောင်းလဲခဲ့သည့် အစုအပေါင်းကို အထင်ကရအဆင့် တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။’ [8]

လီဘာမန်က သူ့အယူအဆကို ထုတ်ဖော်ရာ၌ လွန်စွာ ဝေးကွာလှသည့် အရပ်မှ ကြည့်သည့်အခါ မြေမျက်နှာပြင်သည် တစ်ပြေးညီတည်းရှိသယောင် ထင်ရတတ်ခြင်းကို နမူနာပေးသည်။ မြန်မာ့ထီးနန်း၏ အပြောင်းအလဲဖြစ်လိုသည့် သဘောထား တိုးတက် ဖြစ်ထွန်းလာရာတွင် ကိုယ်တိုင် အားထုတ်စမ်းသပ်ခြင်း၊ နိုင်ငံခြားမှ ကျူးကျော်မှုများ၊ ပြည်တွင်း လယ်ယာနှင့် လူဦးရေပျံ့နှံ့မှု၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု စသည်တို့က တွန်းအားပေးခဲ့သည်ဟု သူကဆိုသည်။ ဥပမာအချို့ကို ကောက်နှုတ်ပြရလျှင် တောင်ငူခေတ်တွင် ဥရောပသား လက်နက်ကိုင်များ ကို ဆင်တပ်၊ ခြေလျှင်တပ်များနှင့် ပေါင်းစပ် ဖွဲ့စည်းလာခြင်းကို ထောက်ပြသည်။ အုပ်ချုပ်ရေးတွင် ဒုတိယ (တောင်ငူ) အင်းဝခေတ်မှ စတင်ကာ  ထိပ်တန်း မင်းညီမင်းသားများအား အထင်ကရမြို့များသို့ စေလွှတ်၍ အပိုင်စား နန်းစံစေမှုကို ပယ်ဖျက်ခဲ့သည်။ ထို့ပြင် ဆိပ်ကမ်းမြို့များ၏ ၀င်ငွေကို ဘုရင့် ဘဏ္ဍာတော်အဖြစ် ထည့်သွင်းစီမံလာခဲ့ရာ ရန်ကုန်ဆိပ်ကမ်း၏ တစ်နှစ်ဝင်ငွေသည် ကျောက်ဆည်ခရိုင်၏ တစ်နှစ်ဝင်ငွေကို ကျော်တက်သည်အထိ ဖြစ်ထွန်းလာခဲ့သည် ဟု ကိုးနစ် (William J. Koenig) ၏ စာတမ်းကို ကိုးကား တင်ပြထားသည်။ ၁၅ ရာစု နှောင်းပိုင်းမှသည် ၁၆ ရာစုဦးပိုင်းမှ စတင်ကာ (အခွန်တော်ငွေကို ထိခိုက်စေနိုင်သော) ဘာသာရေးအတွက် မြေလှုဒါန်းမှုများအစား ငွေကြေးလှုဒါန်းမှုများ ခေတ်စားလာသည်။ ထို့ပြင် စုစည်းအုပ်ချုပ်နိုင်သည့်အင်အား ပြောင်းလဲတိုးတက်လာပုံကို ပြဆိုရာဝယ် ပုဂံပျက်ပြီးနောက် တိုင်းပြည်အ၀န်း ဖရိုဖရဲဖြစ်ကာ စုစုစည်းစည်း မရှိခဲ့သည်မှာ နှစ်ပေါင်း ၂၆၈ နှစ်မျှ ကြာခဲ့သော်လည်း တောင်ငူပျက်ပြီးနောက် ၁၅ နှစ်အတွင်း တိုင်းပြည်ကို ပြန်လည်စုစည်းနိုင်ခဲ့သည့် အချက်ကို ထောက်ပြသည်။ မြန်မာ့ထီးနန်းအနေဖြင့် ၁၅ ရာစုနောက်ပိုင်းမှ စတင်ကာ ဆိပ်ကမ်းမြို့များ၏ အရေးပါမှုကို သိသိသာသာပင် လက်ခံလာပြီး အုပ်ချုပ်ရေး၊ ဘာသာရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်မှုများကို ဆက်လက် ဖော်ဆောင်လာခဲ့သည်မှာ ၁၈၈၅ ခုနှစ် ဘုရင်စနစ် အဆုံးသတ်သည်အထိဟု လီဘာမန်က ငြင်းချက်ထုတ်သည်။[9]

၁၉၆၂ ခုနှစ် နောက်ပိုင်း မဆလ အစိုးရမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့် နိုင်ငံရေး၊ စီးပွားရေး အပါအ၀င် နယ်ပယ်အသီးသီး၌ ဖော်ဆောင်ချက်များသည် အတိတ်သို့ ပြန်လည်ဦးတည်ခြင်း (၀ါ) ရာဇ၀င်ဘီး တစ်ပတ်ပြန်လည်ရန် အားထုတ်ခြင်းဖြစ်သည်ဟူသော အယူအဆကိုလည်း လီဘာမန်က လက်မခံချေ။ ၎င်းက ဤသို့ ချေပသည်။

အခြေခံ ခေတ်ပြိုင် အင်စတီကျူးရှင်းများ ထူထောင်ကာ ပိုလျှံသည့် လယ်ယာထွက်ကုန်များကို ဗဟိုမှ ချုပ်ကိုင်ဝယ်ယူခြင်း၊ ကြိတ်ခွဲပြုပြင်ခြင်း၊ အစိုးရမှ ကြပ်မတ်ကာ လူသုံးကုန်ပစ္စည်းများ ဖြန့်ဝေခြင်း၊ နိုင်ငံတော်အဆင့် ကျန်းမာရေး၊ ပညာရေး၊ ချေးငွေ လုပ်ငန်းများ စသည်တို့ကို ဆောင်ရွက်ရန်မှာ ကိုလိုနီခေတ်၏ စီးပွားရေး တော်လှန်မှုမတိုင်မီ ပုံစံအရ ဖြစ်နိုင်ဖွယ်ရာ မရှိချေ။ ခေတ်သစ်မတိုင်မီ မြန်မာ့သမိုင်းကို စက်ဝိုင်းပုံလည်ပတ်ခြင်းအဖြစ်၊ ၎င်း၏ လူမှုစည်းရုံးလှုပ်ရှားသည့် ပုံစံကို ပုံသေအဖြစ် သတ်မှတ်သည်ဆိုလျှင် လက်ရှိ (မဆလ) အစိုးရသည် မျဉ်းဖြောင့်ဖွံ့ဖြိုးမှု၊ စီးပွားရေးတိုးတက်မှု၊ လှုမှုဘ၀ပြုပြင်ခြင်း စသည်တို့ကို ဗြိတိသျှတို့၏ နည်းလမ်းများအတိုင်း လုပ်ဆောင်လာသည်ကို တွေ့ရမည်ဖြစ်သည်။[10]

ဆိုခဲ့သည့် အယူအဆနှစ်ခုတို့ ကြက်ခြေခတ် ဖြတ်သန်းသွားသကဲ့သို့ရှိရာတွင် ဆုံမှတ် (၀ါ) တူညီချက်မှာ ၁၈၈၆ ခုနှစ် ဗြိတိသျှ အင်ပါယာတွင်းသို့ သွတ်သွင်းခံရခြင်းက မြန်မာ့သမိုင်းအပေါ် စူးစူးနက်နက် သက်ရောက်စေခဲ့သည် ဆိုသော အချက်၌ဖြစ်သည်။[11] ဗြိတိသျှကျူးကျော်မှုကြောင့် တတိယမြန်မာနိုင်ငံတော် ပြိုလဲပြီး အုပ်ချုပ်ရေးပုံစံ လုံးဝပြာင်းလဲသွားသည်ဖြစ်ရာ မြန်မာ့သမိုင်းတွင် ကိုလိုနီခေတ် မတိုင်မီနှင့် ကိုလိုနီခေတ် ဟူသော ကာလအပိုင်းအခြားသည်လည်း ပေါ်ပေါက်လာသည်။ ဆရာအောင်သွင်၏ လမ်းကြောင်းအတိုင်း လိုက်ပါက ၁၈၈၆ - ၁၉၆၂ ခုနှစ်အကြား ၇၆ နှစ်တာ ကာလသည် မြန်မာ့သမိုင်း၏ ကွက်လပ်တစ်ခု ဖြစ်ပြီး ယင်းနောက်ပိုင်းမှသာ စတုတ္တမြန်မာနိုင်ငံတော်အဖြစ် [sic] နိုင်ငံကို ပြန်လည်တည်ဆောက်ရန် အားထုတ်ခဲ့သည်မှာ ယနေ့အထိဖြစ်သည်။[12]

ဤနေရာ၌ ‘ရှစ်လေးလုံးအရေးတော်ပုံ’ က မြန်မာ့သမိုင်းကို မည်သို့ သက်ရောက်စေသည်၊ မည်သည့်နေရာမှ သက်ရောက်စေသည် ဟူသော မေးခွန်းများမေးရန် လိုအပ်လာသည်။ အရေးတော်ပုံ ဟူသော မြန်မာစကားကို ကိုလိုနီခေတ် မတိုင်မီကတည်းက စတင်အသုံးပြုခဲ့ပြီး မင်းညီမင်းသား အထက်တန်းလွှာတို့အကြား ပါဝါအတွက် ရုန်းကန်မှု၊ ပုန်ကန်မှုကို ကိုယ်စားပြုသည် ဟု ပါမောက္ခ တေလာ (Robert H. Taylor) ကဆိုသည်။[13] သမိုင်းပညာရှင် ဒေါက်တာ ရီရီ၏ လေ့လာချက်အရ မြန်မာစာပေတွင် ကိုလိုနီခေတ် မတိုင်မီကာလက အရေးတော်ပုံ အမည်တပ် ကျမ်း ကိုးကျမ်းထက်မနည်း ပေါ်ထွက်ခဲ့ရာ ဓည၀တီ အရေးတော်ပုံ၊ ရာဇာဓိရာဇ် အရေးတော်ပုံ၊၊ ဟံသာဝတီ ဆင်ဖြူရှင် အရေးတော်ပုံ၊ ညောင်ရမ်းမင်း အရေးတော်ပုံ၊ အလောင်းမင်းတရာကြီး အရေးတော်ပုံ တို့မှာ ထင်ရှားကြောင်း သိရသည်။[14] ကိုလိုနီခေတ်တွင် ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ၊ တစ်ထောင့်သုံးရာပြည့် အရေးတော်ပုံ၊ မြန်မာ့လွတ်လပ်ရေး အရေးတော်ပုံ တို့မှာ  ဗြိတိသျှဆန့်ကျင်ရေး လှုပ်ရှားမှု၏ အထင်ကရ မှတ်တိုင်များ ဖြစ်လာကြသည်။

ယခုအခါ ရှစ်လေးလုံးအရေးတော်ပုံကို ကျောင်းသားများစတင်ခဲ့သည့် ဒီမိုကရေစီရေး ပြည်သူ့လှုပ်ရှားမှုကြီးအဖြစ် အသိအမှတ်ပြု လက်ခံထားကြသည်။ ထိုစဉ်က အာဏာရ အစိုးရ၏ နောက်ဆုံးသမ္မတအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာမောင်မောင်ကမူ ယင်းကို မင်းမဲ့စရိုက် လွှမ်းမိုးသည့် ရက်စက်ကြမ်းကြုပ်မှုများနှင့် ပြည်ပမီဒီယာ၏ ထိုးနှက်ချက် ဟု သတ်မှတ်သည်။[15] အခြားတစ်ဖက်၌မူ မင်းမဲ့စရိုက်များသည် အစိုးရမှ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့မှုဟု စွပ်စွဲခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ် လကုန်တွင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အကျဉ်းသား ၉၀၀၀ ကျော် လွတ်မြောက် (သို့မဟုတ်) လွှတ်ပေးခဲ့ခြင်းအတွက် အစိုးရမှ ဂဃနဏ ရှင်းမပြနိုင်ခဲ့ခြင်းကို စမစ် (Martin Smith) က အကိုးအကားများဖြင့် ထောက်ပြသည်။[16] တစ်ချိန်တည်းမှာပင် ရှစ်လေးလုံး အရေးတော်ပုံတွင် ဒီမိုကရေစီရေး တောင်းဆိုသံများ၏ နောက်ကျမှုကို တန်ပြန် ထောက်ပြမှုများ ရှိခဲ့သည်။ အရေးအခင်းများနှင့် ပတ်သက်၍ ထိုစဉ်က ရန်ကုန်မြို့တွင် တာဝန်ကျသည့် အနောက်တိုင်း သံတမန်တစ်ဦးက အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့သည်ဟု လစ်တနာ  ကို ကိုးကား၍ ဒေါက်တာမောင်မောင်က ဆိုသည်။[17]

‘ကျောင်းသားလှုပ်ရှားမှုနှင့် ၎င်းတို့ကို ဂရုဏာသက်ပြီး ၀န်းရံလာကြသည့် လူထုကြီးတွင် ထိုအချိန်ထိ (ဦးတည်ချက်တစ်ရပ်ကို) အာရုံစိုက်ခြင်းမျိုး လုံးဝမရှိခဲ့ချေ။ ယင်း၌ အခြေခံအားဖြင့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု၊ ရက်စက်ကြမ်းကြုတ်ခြင်း (နှင့် နှိမ်နင်းမှုများ) ကို ဆန့်ကျင်မှု၊ အလဟဿ ပေါ်လစီများအပေါ် စိတ်ပျက်လက်ပျက် တုံ့ပြန်မှု၊ ဆန္ဒထုတ်ဖော်ခြင်း၊ မျှော်လင့်ချက်မဲ့နေသည့် ကျောင်းသားများ၊ အနာဂတ် ပျောက်ဆုံးခြင်း တို့ ရောပြွမ်းနေသည်။ ဦးတည်ရာမဲ့နေသည်။ နေ၀င်းက ပါတီစုံစနစ်ကို တင်သွင်းလိုက်သည့်အခါ အမှတ်မထင် ဦးတည်ချက်ချပေးသကဲ့သို့ဖြစ်သွားပြီး ထိုနောက်ပိုင်းမှစကာ ကျောင်းသားများ ဒီမိုကရေစီ အော်ကြလေတော့သည်။’ [18]

သို့ရာတွင် ရှစ်လေးလုံး အရေးတော်ပုံသည် လက်လွန်သွားသော အဓိကရုဏ်းများသာ ဖြစ်သည်ဟူသည့် ဒေါက်တာမောင်မောင် နှင့် အောင်သွင် တို့၏ အဆောတလျင် အဆုံးအဖြတ်ပေးမှု[19] ကို ဤဆောင်းပါးက လက်မခံပါ။ ထို့ပြင် ဤအရေးတော်ပုံသည် (မြန်မာ့သမိုင်းမှ အခြားသော အရေးတော်ပုံတို့ကဲသို့ပင်) ပါဝါအထက်တန်းလွှာများ၏ အားပြိုင်မှု တစ်ခုသာဖြစ်သည် ဟူသော ပါမောက္ခအောင်သွင်၏ အယူအဆ[20] ကိုလည်း ငြင်းပယ်သည်။ ပါဝါအားပြိုင်မှုများကား အထင်အရှားဖြစ်၏။ သို့သော် ယင်းအားပြိုင်မှုများမှာ (သမိုင်းတွင် ကြုံခဲ့ပြီးသည်များကဲ့သို့) အရေးတော်ပုံ၏ အကြောင်းရင်း (cause) မဟုတ်။ အရေးတော်ပုံ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများ (effects) အကြား မဖြစ်မနေ နေရာယူလာရာမှ ပေါ်ထွက်လာခြင်းသာ ဖြစ်၏။ ထို့ပြင် ရှစ်လေးလုံး အရေးတော်ပုံ၌ ထူးခြားသည့် သမိုင်းလက္ခဏာများ အောက်ပါအတိုင်း ရှိနေသည်ကိုလည်း ဤဆောင်းပါးက အသိအမှတ်ပြုသည်။

-        မြန်မာ့သမိုင်းတွင် အုပ်ချုပ်သူ အစိုးရမင်းကို ပြည်သူက လက်နက်မဲ့ ပုန်ကန် ခြင်းမှာ ပထမဆုံးဖြစ်၏။[21]

-        ပါဝါအထက်တန်းလွှာ (power elite) တို့မှ ဦးဆောင်သည့် အရေးတော်ပုံမဟုတ်။ ကျောင်းသားများမှ စတင်လှုံ့ဆော်ကာ အလုပ်သမား၊ အရပ်သားများ စသည့် လူထုကြီး ပါဝင်လာကြ ပြီးမှ ပါဝါအထက်တန်းလွှာတို့ ၀န်းရံလာခြင်းဖြစ်၏။[22]

-        ပါဝါအထက်တန်းလွှာများ အချင်းချင်း အားပြိုင်မှုကြောင့် အစောပိုင်း မြန်မာနိုင်ငံတော်များ ပြိုလဲခဲ့ရာတွင် အနိုင်ရသူက အုပ်ချုပ်သူ အသစ်ဖြစ်လာပြီး အခြေခံကျသည့် ပြောင်းလဲမှုများမရှိခဲ့ပဲ စနစ်ဟောင်းအတိုင်းသာ ဆက်လက် သယ်ဆောင်ခဲ့ကြသည်။ တတိယမြန်မာနိုင်ငံတော်မှာ ပြည်ပ ကျူးကျော်မှုကြောင့် ပြိုလဲခဲ့ခြင်းဖြစ်၏။ ကိုလိုနီ အုပ်ချုပ်ရေးက အခြေခံကျကျ ပြောင်းလဲမှုများကို ဖော်ဆောင်ခဲ့သော်လည်း တိုင်းတစ်ပါး၏ ပြဋ္ဌာန်းချက် အဖြစ်သာ နေရာရခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ကိုယ်ပိုင် ဖန်တီးခွင့်ရှိသည့် လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တည်ထောင်ကာ တံခါးပိတ်သည့် ပုံစံ (ဟောင်း) ကို အသက်သွင်းခဲ့ခြင်းမှာ သက်သေဖြစ်၏။ ရှစ်လေးလုံး အရေးတော်ပုံမှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည့်တိုင် ၎င်း၏ အမွေအဖြစ် နိုင်ငံရေးတွင် ပါတီစုံစနစ်ကို အသိအမှတ်ပြု ရှေးရှုခြင်း၊ ဈေးကွက် စီးပွားရေးကို ရှေးရှု ဖော်ဆောင်လာခြင်း[23] များအား သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာအုပ်ချုပ်သူများ ကိုယ်တိုင်မှ ကမကထပြု ဆောင်ရွက်လာစေခဲ့သည်။ ဤအခြေခံကျသော ပြောင်းလဲမှုများကို ပြင်ပမှ သြဇာညောင်း ပြဋ္ဌာန်းမှုကြောင့် အဓိကမဟုတ်ဘဲ ပြည်တွင်းကို အခြေပြုသည့် လှုံ့ဆော်မှု ‘အင်အား’ ကြောင့် ဖော်ဆောင်ရခြင်း (indigenous initiative) မှာလည်း ပထမဆုံးအကြိမ်ဖြစ်၏။[24]

ဆိုခဲ့သည့် ၀ိသေသ လက္ခဏာများက ရှစ်လေးလုံး အရေးတော်ပုံတွင် မြန်မာ့သမိုင်းကို အခြေခံကျကျ ပြောင်းလဲနိုင်မည့် အစွမ်းသတ္တိများ ရှိနေသည့်အချက်ကို အထင်အရှား ညွှန်ပြနေကြသည်။ တစ်ချိန်တည်းမှာပင် အရေးတော်ပုံ၏ ကနဦး သက်ရောက်မှုအဖြစ် ယနေ့ မြန်မာပြည်တွင် နိုင်ငံရေးစနစ်၊ စီးပွားရေးပုံစံနှင့် လူ့ဘောင်ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု အရွေ့များကို မြင်လာရသည်။ လီဘာမန်၏ အယူအဆနှင့် နီးစပ်သည့် သမိုင်းကြောင်းပုံစံ အားကောင်းလာသည့် သဘောဖြစ်၏။ ရေရှည်အတွက်မူ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းများ အနေဖြင့် ရှစ်လေးလုံး အရေးတော်ပုံ၏ အမွေကို မည်မျှဝေးဝေးထိ စုစုစည်းစည်း လက်ဆင့်ကမ်းသွားနိုင်မည်ဆိုသော အချက်ပေါ်တွင် မူတည်သည်။ တစ်ဖန် ထိုလက်ဆင့်ကမ်းနိုင်ခြင်းကပင် အနာဂတ် မြန်မာပြည်သည် ဆရာအောင်သွင် ယူဆသကဲ့သို့ ကြောင်လိမ်ဖြစ်စဉ်များ၏ တစ္ဆေခြောက်ခံရခြင်းမှ လွတ်မြောက်ဖွယ် ရှိမရှိကို အဆုံးအဖြတ် ပေးမည်ဖြစ်သည်။ ထိုအဖြစ်များ လွန်မြောက်ပြီးသည့် အခါမှသာ ရှစ်လေးလုံး အရေးတော်ပုံအား မြန်မာနိုင်ငံတော်၏ မာရသွန်ခရီးရှည်မှ တာထွက်ပွိုင့် အသစ်တစ်ခုအဖြစ် အနာဂတ် မျိုးဆက်များက လက်ခံလာကြမည် ဖြစ်ပါသည်။




မှတ်စုများ

[1] G. E. Harvey, History of Burma: From the Earliest Times to March 1824 The Beginning of the English Conquest. (London: Frank Cass & Co. Ltd.  1925 & 1967) p. 249.

[2] Michael Aung-Thwin, “Spirals in Early Southeast Asian and Burmese History” in Journal of Interdisciplinary History, Vol. 21, No. 4. (Spring, 1991), pp. 575-602.

[3] ၎င်း - p. 592.

[4] “purer” past  ၎င်း - p. 600.

[5] ၎င်း - p. 591. ထို့ပြင် Michael Aung-Thwin, “1948 And Burma’s Myth of Independence” in Josef Silverstein (ed,), Independent Burma at Forty Years: Six Assessments (Ithaca, 1989), pp. 19-34 လည်းရှု။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးသည် သာမန် ပြည်သူအများစုတို့၏ နေ့စဉ်ဘ၀ကို သက်ရောက်စေခဲ့ခြင်း မရှိသည့်ပြင် အထက်တန်းလွှာတို့အကြားမှ ကိုလိုနီစိတ်ကို ရပ်တန့်စေခဲ့ခြင်း မရှိ (၀ါ) ကိုလိုနီစနစ်ကို ရပ်တန့်စေခဲ့ခြင်းမရှိဟု ထိုဆောင်းပါးက သုံးသပ်သည်။ အခြားတစ်ဖက်တွင် ၁၉၆၂ ခုနှစ် အာဏာသိမ်းခြင်းမှာ မြန်မာတို့၏ ဘ၀င်ကို ခိုက်စေသည့် လွတ်လပ်ရေးအစစ်ကို ထူထောင်ခြင်းဟု ထောက်ပြသည်။ pp. 23-24 ရှု။

[6] From Rangoon to Pyinmana by Michael Aung-Thwin in Bangkok Post, 26 November 2005 (Obtained from http://www.burmanet.org/news/2005/11/28/bangkok-post-from-rangoon-to-pyinmana/ , accessed 25 July 2013). ထို့ပြင် အနှစ် ၂၃၀၀ နီးပါး သက်တမ်းရှိသည့် မြန်မာ့သမိုင်းတွင် တိုင်းပြည်၏ အာဏာထိုင်ခုံ (၀ါ) ရာဇပလ္လင်သည် နှစ်ပေါင်း ၂၁၇ နှစ်မှလွဲ၍ (ကျန်ကာလများတွင်) အလယ်ပိုင်း ခြောက်သွေ့ရပ်ဝန်း၌သာ တည်ရှိခဲ့သည် ဟူလို။ A History of Myanmar Since Ancient Times: Traditions and Transformations by Michael Aung-Thwin and Maitrii Aung-Thwin (Reaktion Books, 2012) p. 129 ရှု။

[7] Victor Lieberman, “Reinterpreting Burmese History” in Comparative Studies in Society and History, Vol. 29, No. 1 (Jan., 1987), pp. 162-194.

[8] ၎င်း - p. 164.

[9] ၎င်း - pp. 174-182. ကိုးနစ်၏ စာတမ်းအတွက် William J. Koenig. “The Early Kòn-baung Polity, 1752-1819: A Study of Politics, Administration and Social Organization in Burma” (Ph.D. diss., University of London, 1978) pp. 240-241 ကို ရည်ညွှန်းသည်။

[10] ၎င်း - p. 189.

[11] Aung-Thwin, 1948 And Burma’s Myth of Independence (20-21); Lieberman, Reinterpreting Burmese History (162-163)  

[12] Michael Aung-Thwin and Maitrii Aung-Thwin, A History of Myanmar (2012) pp. 245-246.  ဤနေရာ၌ ၁၉၆၂ (တပ်မတော် အာဏာသိမ်းချိန်) -၂၀၁၁ (ရွေးကောက်ပွဲများဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာချိန်) အပိုင်းအခြားကို ကာလတစ်ခုတည်းအဖြစ် သတ်မှတ်သည်။ 

[13] Robert H. Taylor, “Burmese Concepts of Revolution”, in: Mark Hobart and Robert H. Taylor (ed.) Context, Meaning and Power in Southeast Asia. Ithaca, Cornell University (1986), pp. 79-92. p. 82 ရှု။

[14] ဒေါက်တာ ရီရီ၊ “အရေးတော်ပုံကျမ်းများ ပြဿနာ” ကန်သာစိမ်းလဲ့ စာတမ်းများ (မင်းလှစာပေ ၁၉၆၉) စာ။ ၃၀-၆၂။

[15] Dr. Maung Maung, The 1988 Uprising in Burma (Yale University Southeast Asia Studies, 1999), pp. 172-173.

[16] Martin Smith, Burma: Insurgency and The Politics of Ethnicity (Revised and Updated, White Lotus, 1999) pp. 12-13. စမစ် က ၎င်း၏လက်ဝယ်ရှိ စာတမ်းတစ်စောင်ကို ကိုးကားတင်ပြရာတွင် ထိုစာတမ်း၌ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဦးနေ၀င်း နေအိမ်၌ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး လက်ရှိအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း၊ အတိုက်အခံ လှုပ်ရှားမှုကို ချေမှုန်းရန် နည်းဗျူဟာသစ်များ လိုအပ်သည့်အချက်ကို တက်ရောက်သူများက သဘောတူကြကြောင်း၊ ထိုဗျူဟာ၏ ပထမအဆင့်တွင် ကျောင်းသားများအား လူထုနှင့် ခွဲထုတ်ရန်၊ ဒုတိယအဆင့်တွင် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် ခေါင်းမာသူများကို ပွဲသိမ်းချေမှုန်းရန် ဖြစ်ကြောင်း၊ ယင်းအတွက် စစ်သားများကို နိုင်ငံအနှံ့သို့ လျှို့ဝှက်စေလွှတ်ကာ အဖျက်လုပ်ရပ်များ လုပ်ဆောင်စေရန်၊ ထိုမှတစ်ဆင့် လူထုနှင့် ကုန်သည်ပွဲစားတို့ အနေဖြင့် တပ်မတော်၏ အကာအကွယ်ကို မျှော်လင့်တောင်းခံလာရန်၊ အခြေအနေများ ဆက်လက် ယိုယွင်းလာသည်နှင့်အမျှ လူထုအနေဖြင့် ဦးတည်ရာမဲ့သည့် စိတ်ရှုတ်စရာ ပါတီစုံစနစ်ဆိုသည်ကို သဘောပေါက်လာစေရန် ရည်ရွယ်ကြောင်း၊ ယင်းသို့ဖြင့် မကြာမီမှာပင် တပ်မတော်မှ အာဏာသိမ်းနိုင်ရန် အခြေအနေပေးလာမည်ဖြစ်ကြောင်း၊ အချိန်ကိုက် လုပ်ဆောင်ရန်သာ လိုကြောင်း၊ မင်းမဲ့စရိုက်များ မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာပါက တပ်မတော်အနေဖြင့် မြန်မြန် တာဝန်ယူနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက အဖျက်လုပ်ငန်းများကို တိုး၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အတွက် ထောင်တွင်းမှ ရာဇ၀တ်သားများကို လွှတ်ပေးကာ ၎င်းတို့သဘောရှိ ဖျက်ဆီးစေမည့်အကြောင်း များ ပါဝင်သည် ဆို၏။ ထိုစာတမ်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ သတင်းစာမှ ပထမဆုံး လက်ခံရရှိကာ ပုံနှိပ်ဖော်ပြခဲ့ပြီး ပျံ့နှံ့သွားခဲ့သည်ဟု ဆိုသည်။ မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ စက်တင်ဘာ လဆန်းတွင် တပ်မတော်ယူနစ်များမှ အစိုးရဂိုဒေါင်များကို ဖောက်ထွင်းပစ္စည်းယူငင်ပြီး လုယက်လိုသူများအတွက် တံခါးဖွင့်ပေးထားခဲ့သည့် သတင်းများလည်း ရှိခဲ့သည်။

[17] Dr. Maung Maung (The 1988 Uprising., 1999) p. 173.

[18] Bertil Lintner, Outrage: Burma’s Struggle for Democracy (Hong Kong, 1989), p. 126.

[19] Dr. Maung Maung (The 1988 Uprising., 1999) pp. 171-173; Aung-Thwins (A History of Myanmar., 2012) pp. 257-259. သို့ရာတွင် ၁၉၈၈ ခုနှစ် အရေးအခင်းများနှင့် ပတ်သက်၍ ပညာရှင် စာတမ်းများ ယနေ့ထိ ထွက်ပေါ်မလာသေးခြင်းကို အောင်သွင်က အသိအမှတ်ပြုသည်။ ၎င်း- p. 302.

[20] Michael Aung-Thwin, Myth and History in the Historiography of Early Burma: Paradigms, Primary Sources, and Prejudices (Athens and Singapore, 1998), p. 158.

[21] တစ်ထောင့်သုံးရာပြည့် အရေးတော်ပုံကို လက်နက်မဲ့ တော်လှန်ရေးအဖြစ် အသိအမှတ် ပြုနိုင်သော်လည်း ယင်းမှာ မြန်မာ အစိုးရမင်းကို ပုန်ကန်ခြင်းမဟုတ်၊ ဗြိတိသျှနယ်ချဲ့အုပ်ချုပ်ရေးနှင့် ၎င်း၏ အဆက်အနွယ် ဘီအိုစီ ကုမ္ပဏီကို ဆန့်ကျင်မှု၊ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

[22] ၁၉၈၈ ခု မေလနှင့် ဇွန်လတွင်း အငြိမ်းစား ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီး၏ အိပ်ဖွင့်ပေးစာများ ပေါ်ထွက်လာခြင်းမှလွဲ၍ သြဂုတ်လ နှောင်းပိုင်းမှသာ ပါဝါအထက်တန်းလွှာများ စတင် ၀န်းရံလာကြခြင်း ဖြစ်သည်။ “၁၉၈၈ - ၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ”  All Burma Students’ Democratic Front, (Mesarieng, Thailand 2003); Smith (Burma., 1999) pp. 8-9 လည်းရှု။

[23] ပုဂံခေတ်မှ မဆလ ခေတ်အထိ ကျင့်သုံးခဲ့သည့် စီးပွားရေးပုံစံမှာ အစိုးရမှ လက်ဝါးကြီးအုပ်ပြီး ဈေးကွက်ကို ဖိနှိပ်သည့် ပုံစံဖြစ်သည်။ သမိုင်းကြောင်း တင်ပြချက်များအဖြစ် Harvey (History of Burma, 1925); J. S. Furnivall, An Introduction to the Political Economy of Burma, Yangon 1931; ဒေါက်တာရီရီ။ “ကုန်းဘောင်ခေတ် စစ်တမ်းများ” မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် Vol. 48 No. 1 (June 1966) pp. 71-127; သန်းထွန်း။ “ရှေးမြန်မာတို့ ၀မ်းစာရှာပုံ” ၊ ပုဂံခေတ် လူမှုရေး (ရာစုစာအုပ်တိုက် ၂၀၀၅);  ရှု။

[24] ဤလက္ခဏာက အောင်သွင်၏ သီအိုရီမှ ဖယ်ခွာပြီး ကိုလိုနီခေတ်မတိုင်မီ မြန်မာ့ထီးနန်း၏ ကိုယ်တိုင်စမ်းသပ်အားထုတ်လိုခြင်းကို အသိအမှတ်ပြုသည့် လီဘာမန် လမ်းကြောင်းနှင့် ပြန်လည်ကိုက်ညီသွားခြင်းကို ညွှန်ပြသည်။