Monday, December 3, 2012

လက်ပန်းတောင်းတောင်အလွန်


 
လက်ပန်းတောင်းတောင် သပိတ်စခန်းအား အင်အားသုံးနှိမ်နင်းခဲ့ သည့်နေ့သည် ဒေသတွင်းသို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာချိန်နှင့် တိုက်ဆိုင်နေပြီး သူကိုယ်တိုင်က ပြဿနာကို ကြားဝင်ဖြေရှင်းပေးရန် ကမ်းလှမ်းသည့်အပေါ် နှစ်ဖက်စလုံးမှ (ဒေသခံပြည်သူများ နှင့် ကုမ္မဏီ) လက်ခံခဲ့ပုံရလေသည်။ အင်အားသုံးနှိမ်နင်းမှု၏ နောက်ဆက်တွဲရလဒ်ကိုမူ အစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းရဦးမည်ဖြစ်၏။ အမှန်စင်စစ် လက်ပန်းတောင်းတောင် အရေးအခင်းမှာ ပြဿနာဖြစ်နိုင်ချေရှိသော အက်ကွဲကြောင်းများ အနက်မှ တစ်ခုမျှသာဖြစ်သည်။ အနာဂတ်တွင် အလားတူဖြစ်ရပ်မျိုး ထပ်မံကြုံလာပါက မျှော်လင့်မထားသည်များ၊ အကြမ်းဖက်ပဋိပက္ခများ စသည်တို့မှ တတ်နိုင်သမျှရှောင်လွဲနိုင်ရန်၊ ပစ္စက္ခ အခြေအနေကို ကျော်လွန်၍ စဉ်းစားရန်၊ ကြည့်ရန် ရည်ရွယ်ချက်ဖြင့် ဤစာစုကို တင်ပြရခြင်း ဖြစ်ပါသည်။


ထိုသို့သော ပြဿနာမျိုး ကြုံလာသည့်အခါ လူထုခေါင်းဆောင်များအနေဖြင့် မည်သို့ တုံ့ပြန်ကြမည်နည်း။ “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” ဆိုသည့် တစ်ချိန်က ကိုဗဟိန်းကဲ့သို့ ရဲရဲတောက်လှုံ့ဆော်မည်လော။ “ကြေးနီတောင်၊ စံပယ်တောင် မရှိတော့ပါဘူး” ဆိုသည့် ကိုမင်းကိုနိုင်ကဲ့သို့ ကြားရသူစိတ်နှလုံးအား ယူကျုံးမရဖြစ်အောင် ဆွဲဆောင်ကာ ၀ိုင်းဝန်းကြရန် တိုက်တွန်းမည်လော။ “ကိုယ်လုပ်ချင်သလို မလုပ်ရဘူး။ ….. နိုင်ငံကြီးသားအမြင်နဲ့ ဖြေရှင်းရမယ်” ဟုဆိုသည့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အသိတရားရှေ့တန်းတင်ကာ လမ်းပြမည်လော။  ပြည်သူများကမူ အချိန်အခါနှင့်ယှဉ်ကာ ၎င်းတို့လက်ခံယုံကြည်သူနောက်သို့ လိုက်ကြမည်ဖြစ်သည်။


ထိုထိုပြဿနာများ အဘယ့်ကြောင့်ကြုံရသနည်း။ ခေတ်ဟောင်း၏ အမွေကို ဆက်ခံရသည့်အတွက်ကြောင့် ဟုသာ ရှင်းရှင်းပြောချင်ပါ၏။ မြစ်ဆုံဆည်၊ ရေနံပိုက်လိုင်း၊ ထားဝယ်စီမံကိန်း၊ လက်ပန်းတောင်းတောင် စသည်ဖြင့် အမွေဆက်ခံထားရသည်များမှာ မနည်းလှ။ ဤသည်မှာ အဆောက်အအုံ ထုနှင့်ထည်နှင့် မြင်ရသည်များကို ဆိုလိုခြင်းဖြစ်၏။ အဆောက်အဦအဖြစ် မမြင်သာသည့် လူဝင်မှုကြီးကြပ်ရေး၊ ကြွေးမြီ၊ ပညာရေး၊ ကျန်းမာရေး၊ အကျင့်စာရိတ္တ စသည်တို့ကိုလည်း ဆက်ခံထားရသေးသည်။


ပြဿနာတက်စေသည့် ထိုအမွေဆိုးများကို အဘယ်ကြောင့် ဆက်လက်ပုခုံးထမ်းထားရမည်နည်း။ လွှတ်ချ၍မရနိုင်ပြီလော ဟု မေးခွန်းထုတ်နိုင်ပါ၏။ ရာဇ၀င်များကမူ မြန်မာတို့သည် ကောင်းမွေဆိုးမွေကို ပဓာနမထား ကတိတည်သူများဖြစ်ကြောင်း ဆုံးမသည်။  မြေးကို ထီးနန်းအရိုက်အရာ ပေးပြီးမှ သားကိုတွေ့သည့်တိုင် ကတိမဖျက်သည့် ကျန်စစ်သားမင်းကို မင်းကောင်းမင်းမြတ်အဖြစ် ဖော်ပြသည်။ ဘုရားပြီးလျှင်ငြမ်းဖျက်သည် ဟုဆိုကာ အမတ်ကြီးရာဇသင်္ကြန်အပေါ် ထားခဲ့သည့်ကတိက၀တ်ကို မစောင့်သော နရသီဟပတေ့ (တရုတ်ပြေးမင်း) အား ပုဂံကို ပျက်စီးစေခဲ့သူ မင်းဆိုးမင်းညံ့အဖြစ် အပြစ်ဖို့သည်။ ၁၇၆၉ ခုနှစ်တွင် ၀န်ကြီးမဟာသီဟသူရဦးစီးသည့် စစ်ဗိုလ်ချုပ်များက ဘုရင့်အမိန့်မပါပဲ တရုတ်တို့နှင့် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည့်အတွက် ကုန်းဘောင်မင်း ဆင်ဖြူရှင်အနေဖြင့် အမျက်ခြောင်းခြောင်း ထွက်သည့်တိုင် စာချုပ်ကိုမူ ပယ်ဖျက်ခြင်းမပြုခဲ့။ မဝေးသေးသောအတိတ်မှ သာဓကတစ်ခုမှာမူ ထူးခြား၏။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအပါအ၀င် ပုဂ္ဂလိကပိုင်လုပ်ငန်းများကို ပြည်သူပိုင်သိမ်းပိုက်ခြင်းပင်ဖြစ်၏။ သို့ရာတွင် စီးပွားရေး၌ နိုင်ငံခြားသားများကြီးစိုးထားခြင်း ဟူသည့်အမွေကို အဆုံးသတ်ရန်ရည်ရွယ်ကာ ကတိဖျက်ခဲ့သည့် တော်လှန်ရေးကောင်စီနှင့် နောက်ဆက်တွဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အုပ်ချုပ်ရေးများ၏ ရလဒ်ကား အားလုံးအသိ သမိုင်း၏သက်သေပင် ဖြစ်တော့သည်။ ကတိက၀တ်တည်ခြင်းကို ဂုဏ်သိက္ခာရှိသော မြန်မာ့နိုင်ငံခြားရေးပေါ်လစီနှင့်သာမက အင်အားတောင့်တင်းသာယာသော ခေတ်လက်ထက်နှင့်ပါ ယှဉ်တွဲမြင်နိုင်လေသည်။ သို့ဖြစ်ရာ ယခုကဲ့သို့ ဒီမိုကရေစီစနစ် ပျိုးထောင်ကာ ပွင့်လင်းသိက္ခာရှိသော နိုင်ငံတော်တည်ဆောက်နေသည့်ခေတ်တွင် အမွေဆိုးများဖြစ်သည့်တိုင် ကတိရှိပြီးသည်ကို မပယ်ရှားပဲ လက်ခံရယူရေးမှာ ပို၍ လိုက်ဖက်ညီသော အချင်းအရာဖြစ်ပါသည်။

သို့သော် ထိုသို့လက်ခံရခြင်းသည် ပြဿနာကိုလက်ခံခြင်းပင်ဖြစ်၏။ ဖြစ်လာသမျှကို ခါးစည်းခံကြမည်လော။ ဤသည်မှာ တရားမျှတပါ၏လော။ မတရားဟု ဆိုပါက မည်သို့ ထွက်ပေါက်ရှာကြမည်နည်း။ အသံကြောင့်ကား ဖားမသေသင့်။ နိုင်ငံအကျိုး၊ ပြည်သူပြည်သားတို့၏အကျိုးကို ဦးထိပ်ပန်ကာ အဆိုးဆုံးအခြေအနေ၌ ကတိဖျက်ရလျှင်လည်းရှိစေတော့ဟု စိတ်ပိုင်းဖြတ်ပြီးသကာလ သက်ဆိုင်သူများနှင့် ဆွေးနွေး၊ ညှိုနှိုင်း၊ ခြိမ်းခြောက်၊ အကျပ်ကိုင်၊ ဈေးဆစ် ခြင်းများ မလွဲမသွေလုပ်ရမည်ဖြစ်၏။ ထိုသံန္နိဋ္ဌာန် ဖြင့် အားထုတ်ပါက မည်သည့်ရလဒ်ထွက်ပါစေ တရားသောအဖြေဖြစ်ပေမည်။ တိုင်းပြည်ကို ချစ်မြတ်နိုးသော သံတမန်များ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးကျွမ်းကျင်သူများ စွမ်းစွမ်းတမံ ဆောင်ရွက်ရမည့်အရာပေတည်း။

လက်ပန်းတောင်းတောင်စီမံကိန်းတည်းဟုသော အမွေအတွက် ပြဿနာများ ကြုံခဲ့၊ ကြုံရဆဲ ဖြစ်သည်မှာ လက်တွေ့ပင်။ မြစ်ဆုံဆည်စီမံကိန်းကား ဆိုင်းငံ့ထားခြင်းဖြစ်၏။ ရှေ့တိုးမည်၊ နောက်ဆုတ်မည် မသဲကွဲသေး။ အနာဂတ်၌ မည်သို့ဆုံးဖြတ်မည်ဖြစ်ပါစေ ပြည်သူများအကျိုးအတွက် ပြည်သူ့လွှတ်တော်ကဲ့သို့သော အဖွဲ့အစည်းများမှ ဦးဆောင်ကာ ယခုကပင် ကြိုတင် လေ့လာခြင်း၊ နှီးနှောခြင်း၊ တိုင်ပင်ခြင်းများ မပြုလုပ်သင့်ပါသလော။ ပြဿနာဖြစ်ပြီးမှ ကော်မရှင်ဖွဲ့ကာ အကြောင်းရင်းရှာမည့်အစား ကြိုတင်၍ စုံစမ်းအဖြေရှာခြင်းဖြင့် ပြဿနာကို မရှောင်ရှားသင့်ပါလော။ ထိုမျှမကသေး ရေနံ+ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြီးလည်း လာနေပြီ။ ထားဝယ်စက်မှုဇုန်လည်း လာတော့မည်။ ဟတ်ကြီးဆည်၊ သံလွင်မြစ်တစ်လျှောက်မှ ရေအားလျှပ်စစ်စီမံကိန်းများ စသဖြင့် အမွေအထပ်ထပ်အတွက် အဖြေအရပ်ရပ်ကို ပြင်ဆင်မထားသင့်ပါလော။

ဤနေရာ၌ ကျောက်ဖြူမှ ကူမင်းသို့ သွယ်တန်းမည့် ရေနံ+သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ အစွန်းရောက် ဥပမာတစ်ခုကို ပေးလိုသည်။ အိမ်နီးချင်းများဖြစ်ကြသော အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှာ နှစ်နိုင်ငံနယ်နိမိတ်ဒေသ ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြသူများဖြစ်၏။ ထိုအတွက်ပင် ၁၉၆၂ ခုနှစ်တွင် နယ်စပ်စစ်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက်စလုံးမှ စစ်သည်အင်အားနှစ်ထောင်ကျော် ကျဆုံးခဲ့ရဖူး၏။ အနာဂတ်တွင် အလားတူစစ် တစ်ဖန်ဖြစ်လာပါက တရုတ်တို့၏ စွမ်းအင် အသက်သွေးကြောတစ်ခုဖြစ်သည့် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းသည် အိန္ဒိယတို့အဖို့ မျက်စိကျစရာ ပစ်မှတ်ပင် မဟုတ်ပါလော။ အိန္ဒိယတို့မှ ယင်းရည်ရွယ်ချက်ဖြင့် ကျောက်ဖြူဆိပ်ကမ်းကို တိုက်ခိုက်ဖျက်ဆီးလာပါက မြန်မာတို့အနေဖြင့် မည်သို့တုံ့ပြန်မည်နည်း။ မြန်မာပြည်ကို ထိခိုက်သည့်အတွက် အိန္ဒိယကို စစ်ကြေညာမည်လော။ တရုတ်တို့ကိုသာ ရည်ရွယ်ရင်းဖြစ်သည့်အတွက် လက်ရှောင်နေမည်လော။ ဤကား ဖြစ်နိုင်ချေလွန်စွာနည်းသည့် အစွန်းရောက် ဥပမာဖြစ်ပါ၏။ သို့သော် ဖြစ်တန်ချေနည်းသည့်အတွက် စိတ်ကူးထဲပင် ထည့်မထားဟူ၍ကား မဖြစ်သင့်ချေ။ ယုတ်စွအဆုံး စဉ်းစားသင့်သည့်အချက်မှာ တရုတ်တို့အတွက် မဟာဗျူဟာမြောက်သည့် ပိုက်လိုင်း၏ လုံခြုံရေးကို မြန်မာတို့က မည်သို့တာဝန်ယူမည်နည်း၊ လိုအပ်ပါက တရုတ်တို့ဘက်မှ ၀င်ရောက်တာဝန်ယူမှုကို လက်ခံမည်လော စသည်တို့ပင်ဖြစ်၏။  အချုပ်အခြာပြဿနာသည် ယနေ့ကြုံနေရသည့် ပဋိပက္ခများထက်ပင် ပိုမိုလေးနက်ရှုပ်ထွေးမည်မှာ သေချာလေသည်။

အထက်၌ ဖော်ပြခဲ့သည်တို့ကား လက်ပန်းတောင်းတောင် အရေးအခင်းကို ကျော်လွန်ကာ တွေးတောချက်များဖြစ်ပါ၏။  အမွေကိစ္စများနှင့် ပတ်သက်၍ မည်သို့ ဆုံးဖြတ်သင့်သည် ဆိုခြင်းထက် မည်သည်က မည်သို့သက်ရောက်နိုင်သည် ဆိုခြင်းကို ချိန်ထိုးတင်ပြခြင်းဖြစ်ပါ၏။ ဤနေရာ၌ စီမံကိန်းအများစုမှာ မဟာအင်အားကြီးနိုင်ငံ ဖြစ်လာဦးမည့် အိမ်နီးချင်း တရုတ်ပြည်နှင့် ဆက်စပ်နေသည်ဖြစ်ရာ အနာဂတ်တွင် နိုင်ငံအချင်းချင်း တန်းတူဆက်ဆံသည့်စနစ် (Westphalian System) ဆက်လက် ထွန်းကားသည်ဖြစ်စေ၊ ရှေးဟောင်းတရုတ်ပြည်၏ ပဏ္ဏာဆက်စနစ် (Tributary System) တစ်ကျော့ပြန်ခေါင်းထောင် လာသည်ဖြစ်စေ မြန်မာတို့အဖို့မှာမူ လေ့လာပြင်ဆင်ထားခြင်း သည်သာလျှင် ပြဿနာပြေလည်ရေးအတွက် အသင့်တော်ဆုံးတုံ့ပြန်မှုကို ပေးနိုင်သည့် အာမခံဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Photo: www.nitsannthit.com