Wednesday, March 20, 2013

မြန်မာပြည်ဖွင့်လှစ်ခြင်းအတွက် အိန္ဒိယသင်ခန်းစာ




"မြန်မာ့လူ့ဘောင်သည် ၎င်း၏အစွမ်းအစများကို အစွမ်းကုန်ဖော်ထုတ်ခွင့်ရရန် ယနေ့ထိတိုင် စောင့်ဆိုင်းနေရဆဲဖြစ်သည်။"  (အောင်ဆန်းစုကြည်)

"အိန္ဒိယသည် ပါရမီရင့်သော တိုင်းပြည်ကြီးဖြစ်သည်။ ၎င်း၏ အစွမ်းအစများကို ထွန်ယက်ပြီး မစိုက်ပျိုးပဲပစ်ထားသည့်နှယ်ဖြစ်၏။ အပြည့်အ၀အသုံးမချရသေး။"  (လီကွမ်းယူ)


ဤဆောင်းပါးခေါင်းစဉ်ကို " မြန်မာပြည်ဖွင့်လှစ်ခြင်း" ဟု အစပြုထားသော်လည်း စာတစ်ပုဒ်လုံးလိုလိုပင် အိန္ဒိယပြည်အကြောင်းများ ဖြစ်ပါ၏။ စာဖတ်ပရိသတ်အနေဖြင့် အိန္ဒိယစီးပွားရေးသမိုင်းကို ကျောရိုးပြုသည့် အတွေ့အကြုံများအပေါ် မြန်မာပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုများနှင့် ထင်ဟပ်ကြည့်နိုင်ရန်၊ နမူနာယူနိုင်ရန် ရည်ရွယ်ပါသည်။ မြန်မာတို့အတွက် မဇ္ဈိမတိုင်း အိန္ဒိယသည် အတိတ်သက်သက် မဟုတ်။ ပစ္စုပ္ပန်နှင့် အနာဂတ်၏ အစိတ်အပိုင်းများလည်း အထင်အရှားရှိနေသည်ဆိုခြင်းကိုလည်း ဤဆောင်းပါးက တစ်စိတ်တစ်ပိုင်း ဖော်ထုတ်ပြနိုင်မည်ဟု မျှော်လင့်ပါသည်။

တစ်ချိန်က အိန္ဒိယကား လျှမ်းလျှမ်းတောက်ဖြစ်ခဲ့ဖူး၏။ ခရစ္စတိုဖာကိုလံဘတ်၊ ဗတ်စကိုဒဂါးမား စသူတို့ ၁၅ ရာစု၏ နောက်ဆုံးနှစ်များအတွင် သမုဒ္ဒရာဖြတ် ရွက်လွှင့်ကြသောအခါ သူတို့၏ တစ်ခုတည်းသောဦးတည်ရာအရပ်မှာ အိန္ဒိယကမ်းခြေဖြစ်သည်။ ထိုခေတ်ထိုအခါက မဂိုအင်ပါယာ၏ ကြွယ်ဝမှုသတင်းများက စွန့်စွန့်စားစားကုန်သွယ်လိုသူ ဥရောပသားတို့ကို အထူးဆွဲဆောင်ခဲ့ခြင်းဖြစ်၏။ ထိုထက်ရှေးကျသော ကာလကဆိုလျှင် အိန္ဒိယပြည်ကြီးသည် အရှေ့တိုင်းယဉ်ကျေးမှု၏ ဗဟိုဌာနလည်းဖြစ်ခဲ့သည်။ လွန်ခဲ့သော အနှစ် ၁၅၀၀ ခန့်က အရှေ့တောင်အာရှဒေသအနှံ့အပြား ဟိန္ဒူနှင့် ဗုဒ္ဓယဉ်ကျေးမှုဆိုင်ရာ အနုပညာ၊ ဗိသုကာပညာ၊ စာပေနှင့် အယူအဆများ ပျံ့ပွားခဲ့ရာ ယနေ့တိုင်ကျန်ရစ်သည်။ ဆဒက်စ် (George Coede`s) ၏ စကားအရဆိုလျှင် အိန္ဒိယပြုခြင်း (Indianization) ပင်ဖြစ်၏။ ထိုမျှကြီးကျယ်ခဲ့သည့် အိန္ဒိယပြည်ကြီးမှာ ၁၆ ရာစု နောက်ပိုင်းမှစကာ နည်းပညာတိုးတက်သော အနောက်တိုင်းနိုင်ငံများ၏ ကိုလိုနီချဲ့ထွင်မှုစက်ဝန်းအောက်သို့ တဖြည်းဖြည်း သက်ဆင်းခဲ့ရသည်။ ၁၉ ရာစုအလယ်တွင်ကား ဗြိတိသျှအင်ပါယာအောက်သို့ လုံးလုံးလျားလျား ရောက်ခဲ့သည်မှာ ၁၉၄၇ ခုနှစ်ထိတိုင်ဖြစ်လေသည်။ လွတ်လပ်ရေးရပြီး အနှစ်လေးဆယ်ကျော်အကြာ ၁၉၉၀ ပြည့်နှစ်များ၏ အစောပိုင်းကာလမှစတင်၍ စီးပွားရေးတံခါးဖွင့်မှုများနှင့်အတူ အိန္ဒိယပြည်ကြီး တစ်ဖန်နိုးကြားလာခဲ့ပြီးဖြစ်သည်။ အိန္ဒိယပြည်သူတို့ မိမိကိုယ်မိမိ ပြန်လည် တွေ့ရှိခြင်းဖြစ်စဉ်ကား စာရေးသူတို့ မြန်မာပြည်အတွက် အားကျစရာ၊ သင်ခန်းစာယူစရာ (အဖြစ်ချင်းဆင်တူသည့်) ဇာတ်လမ်းတစ်ပုဒ်ပင် မဟုတ်ပါလော။

            ဤဆောင်းပါးအတွက် အဓိကအကိုးအကားမှာ THE TIMES OF INDIA သတင်းစာမှ ပင်တိုင်ကလောင်ရှင် ဂူချာရန်ဒါးစ် (Gurcharan Das) How a Rich Nation Became Poor and Will Be Rich Again ခေါင်းစဉ်ဖြင့် ရေးသားချက်ပင်ဖြစ်၏။ ဒါးစ် သည် အမေရိကန်ပြည်ထောင်စု အခြေစိုက် Procter & Gamble (P&G) ကုမ္ပဏီကြီး၏ မန်နေးဂျင်းဒါရိုက်တာအဖြစ်မှ အငြိမ်းစားယူခဲ့သူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် ထုတ်ဝေခဲ့သည့် သူ၏ India Unbound စာအုပ်မှာ နိုင်ငံတကာ၌ အရောင်းရဆုံးစာအုပ်များ (International Bestsellers) စာရင်းဝင်ခဲ့သည်။ 


အုပ်ချုပ်ရေးမြို့တော်နယူးဒေလီမှ အိန္ဒိယဂိတ်

ဒါးစ် ၏ ဆောင်းပါးတွင် အိန္ဒိယနိုးကြားလာခြင်းအတွက် အကြောင်းရင်းသုံးချက်ကို ထောက်ပြသည်။ ၎င်းတို့မှာ
() တံခါးဖွင့်စီးပွားရေးမူဝါဒ
() ဆူညံနှေးကွေးသော်လည်း ရေစိမ်ခံသည့် ဒီမိုကရေစီစနစ်နှင့်
() အမျိုးသားယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ခြင်း တို့ဖြစ်၏။ ဤနေရာ၌ သတိချပ်ရန်မှာ ဒီမိုကရေစီစနစ်သီးသန့်၊ သို့မဟုတ် တံခါးဖွင့်စီးပွားရေး သီးသန့်ဖြင့် အိန္ဒိယ နိုးကြားလာခြင်းမဟုတ်။ ဆိုခဲ့သည့် အကြောင်းရင်းသုံးရပ်စလုံး ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြစ်ထွန်းလာပြီးမှသာ တစ်တိုင်းပြည်လုံး နိုးကြားလာခြင်းဖြစ်သည်။ နိုင်ငံသားတို့၏ အိပ်မက်များကို ဖွင့်လှစ်လာနိုင်ဖြင်းဖြစ်သည်။ ဒီမိုကရေစီ တစ်ခုတည်းကိုသာ ရှေ့တန်းတင်ခြင်းအတွက် တိုင်းပြည်နစ်နာရသည့်အဖြစ်များပင် ရှိခဲ့သည်ဟုပင် ဒါးစ် က ဆိုထား၏။ 


နောက်ခံသမိုင်းကြောင်း

အမျိုးသားရေးဝါဒီ သမိုင်းပညာရှင်များက ကိုလိုနီခေတ်မတိုင်မီကာလကို အိန္ဒိယစီးပွားရေး၏ ရွှေခေတ် ဟု သတ်မှတ်ကြသည်။ မဂိုအင်ပါယာကြီးတွင် စိုက်ပျိုးနိုင်သော မြေရိုင်းများအလျှံပယ်ရှိသည့်အပြင် ကောက်ပဲသီးနှံအထွက်လည်းကောင်း၏။ စိုက်ပျိုးရေးသာမက ချည်ထည်လုပ်ငန်းမှာလည်း အထူးအောင်မြင်ပြီး ကျွမ်းကျင်လုပ်သားများ အလုံအလောက်ရှိသည်။ သက္ကရာဇ် ၁၇၀၀ ပြည့်နှစ်များအတွင်း အိန္ဒိယ၏ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) မှာ တကမ္ဘာလုံး၏ ၂၂.% အထိပင်ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် သူ့ခေတ်နှင့်သူ အထိုင်ကျပြီးသော ဘဏ်စနစ်နှင့်အတူ အားကောင်းမောင်းသန်တက်ကြွသော ကုန်သည်လူတန်းစားထုလည်း တွင်ကျယ်ခဲ့သည်။

သို့သော် ထိုမျှအလျှံပယ်ရှိနေသော ဘဏ္ဍာရေးပိုငွေ၊ ကျွမ်းကျင်လိမ္မာသော လက်မှုပညာရှင်များ၊ ကြီးမားသောပို့ကုန်ပမာဏ၊ အတော်အသင့်ကောင်းမွန်သော ကုန်ထုတ်လုပ်အားတို့ကို အရင်းတည်ပြီး ခေတ်မီ စက်မှုအခြေခံစီးပွားရေး ပေါ်ထွန်လာရမည့်အစား အဘယ့်ကြောင့် အိန္ဒိယပြည်ကြီး ဆင်းရဲသွားခဲ့ရသနည်း ဟု မေးခွန်းထုတ်စရာရှိလေသည်။ ဤနေရာ၌ ဒါးစ် က ၁၈ ရာစု အိန္ဒိယပြည်တွင် ကျယ်ပြန့်သော နိုင်ငံခြားကုန်သွယ်ရေးနှင့် ဈေးကွက်အင်အားကြောင့် ကူးသန်းရောင်းဝယ်ရေး အကြီးအကျယ်ဖြစ်ထွန်းခဲ့သည်မှာ မှန်သော်လည်း နည်းပညာအသုံးချမှု၊ အုပ်ချုပ်ရေးစနစ်၊ အတွေးအခေါ်လွတ်လပ်မှု စသည်တို့တွင် အနောက်ဥရောပထက် သိသိသာသာနောက်ကျနေခဲ့ခြင်းကို ထောက်ပြသည်။ စက်မှုတော်လှန်ရေးကိုအသာထား လယ်ယာကဏ္ဍပြုပြင်ရေးနှင့် သိပ္ပံပညာဆန်းသစ်တီထွင်မှုများပင် မဖြစ်ခဲ့ပါဟု သူကဆို၏။ ထို့ပြင် ဘဏ္ဍာရေးပိုငွေပြပြီး ကုန်သွယ်ရေးတိုးတက်နေသော်လည်း ၁၇၀၀ ပြည့်နှစ်များ အလယ်ပိုင်းတွင် အိန္ဒိယ၏ တစ်ဦးချင်းထုတ်လုပ်မှုတန်ဖိုး (GDP per capita) မှာ အင်္ဂလန်၊ ပြင်သစ် စသည်တို့၏ သုံးပုံနှစ်ပုံခန့်သာရှိခဲ့သည်ဟု ဆိုလေသည်။

ထိုကဲ့သို့ တိုင်းပြည်ချမ်းသာပြီး ပြည်သူများဆင်းရဲနေခြင်းအတွက် လွယ်ကူသောအဖြေမရှိပါချေ။ သေချာသည့်အချက်တစ်ခုမှာ ထိုခေတ်ထိုအခါကပင် အိန္ဒိယ၌ လူဦးရေထူပြောလှသည့်အပြင် ဈေးသက်သာသော လုပ်သားများ ပေါပေါလောလောရှိနေခြင်းပင်ဖြစ်သည်။ ဈေးပေါသောအလုပ်သမားများ ငှားရမ်းလုပ်ကိုင်ခြင်းက စက်ပစ္စည်းများဝယ်ယူခြင်းထက် စရိတ်သက်သာပြီး စီးပွားရေးအရ တွက်ခြေကိုက်သည့်အနေအထား ဖြစ်နေခဲ့သည်။ သို့ရာတွင် “ခေတ်သစ်စီးပွားရေးသဘောအရ တိုင်းပြည်ကြီးပွားရန် တစ်ဦးချင်းထုတ်လုပ်မှု (productivity) တိုးတက်ရန်လိုသည်။ ထိုသို့ တိုးတက်ရန်အတွက်မူ နည်းပညာ (technology) ရှိရန်လိုအပ်သည်။” ဟု ဒါးစ် က ထောက်ပြသည်။ ယင်းမှာ အတိတ်ကာလတွင်သာမက မျက်မှောက်ခေတ်အတွက်ပါ အကျုံးဝင်သော အချက်ဖြစ်၏။ လုပ်ငန်းနယ်ပယ်အသီးသီးတွင် လက်ငင်းအခြေအနေကို အားကိုး၊ အကြောင်းပြကာ နည်းပညာအသုံးပြုရန် ရှောင်လွှဲနေခြင်းကား ခေတ်မီရေးလမ်းကြောင်းတစ်လျှောက် ကိုယ်ရောင်ဖျောက်ဒုက္ခပေးမည့် နတ်ဆိုးကို ဖိတ်ခေါ်ခြင်းပင် ဖြစ်တော့သည်။

ကိုလိုနီစနစ်၏ သက်ရောက်မှု

အမျိုးသားရေးဝါဒီ သမိုင်းပညာရှင်များက အိန္ဒိယ၏ ဆင်းရဲမွဲတေမှုအတွက် ဗြိတိသျှအုပ်ချုပ်ရေးကို အပြစ်တင်ခဲ့ကြသည်။ အင်္ဂလိပ်တို့၏ ချည်မျှင်စက်ရုံများက ဒေသခံများ အစဉ်အဆက်လုပ်ကိုင်လာခဲ့သော လက်ယက္ကန်းစင်လုပ်ငန်းကို ဖျက်ဆီးခဲ့ရာ သန်းပေါင်းများစွာသော အိန္ဒိယတို့ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ နောက်ဆက်တွဲအနေဖြင့် အိန္ဒိယ၏ ချည်ထည်ပို့ကုန်လုပ်ငန်းအပြင် ထိုကုန်သည်များကို ထောက်ပံ့ခဲ့သော မိရိုးဖလာဘဏ်လုပ်ငန်းကိုပါ ပျက်စီးသွားစေခဲ့သည်။ ရှေးယခင်က ချည်ထည်ကုန်ချောတင်ပို့ခဲ့ရာမှ အင်္ဂလိပ်တို့ကြောင့် ချည်မျှင်ကုန်ကြမ်းတင်ပို့သူအဆင့်သို့ လျှောကျသွားခဲ့ရသည်ဟု ၎င်းတို့ကဆိုလေသည်။

ဗြိတိသျှတို့က လယ်ယာမြေအခွန်စနစ်ကိုလည်း ပြောင်းလဲပစ်ခဲ့သည်။ စနစ်သစ်အရ လယ်အထွက်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အခွန်ပေးဆောင်ရမည်ဖြစ်ရာ လယ်သမားထုကို အထိနာစေခဲ့သည်။ အကျိုးဆက်အနေဖြင့် ၁၈၉၆-၉၇ ခုနှစ်များတွင် ကောက်ပဲသီးနှံရှားပါးမှု ကပ်ဆိုက်ခဲ့ရာ လူပေါင်း ငါးသန်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် ဗြိတိသျှအစိုးရက အိန္ဒိယ၏ ကုန်သွယ်ရေးပိုငွေကို အသုံးချပြီး အင်ပါယာ၏ လိုငွေပြနေသော ကုန်သွယ်ရေးကို ကျားကန်မှုပြုခဲ့ရာ အိန္ဒိယဖက်မှကြည့်လျှင် အကြီးအကျယ် ဥစ္စဓနယိုစီးမှု (massive drain of wealth) ဖြစ်သည်ဟု စွဲချက်တင်ကြလေသည်။

အိန္ဒိယစီးပွားရေးအား ဗြိတိသျှတို့က နောက်ကျောမှ ဓါးဖြင့်ထိုးခဲ့သည် ဟူသည့် အမျိုးသားရေးဝါဒီတို့၏ စွပ်စွဲချက်ကို ဒါးစ်က သဘောမတူပါ။ ဘုံဘေ၏ ချည်ထည်စက်ရုံများမှာ အင်္ဂလန်မှ တိုက်ရိုက်ထောက်ပံ့သော ငွေကြေး၊ နည်းပညာ၊ စက်ပစ္စည်းများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မန်ချက်စတာရှိ စက်ရုံများကို ခြိမ်းခြောက်နိုင်သော ပြိုင်ဘက်များဖြစ်ခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် အိန္ဒိယ၏ မီးရထားလမ်းများသည် ကမ္ဘာ့တတိယအရှည်ဆုံး၊ ဂုန်လျှော်ထုတ်လုပ်မှုလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံး၊ ချည်ထည်လုပ်ငန်းတွင် စတုတ္ထအကြီးဆုံး၊ ကမ္ဘာ့အရှည်ဆုံး ဆည်မြောင်းစနစ်နှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ ၂.% ကို အိန္ဒိယမှ ပါဝင်ခဲ့သည်။ အိန္ဒိယ၏ မီးရထားလမ်းများသည် စက်မှုတော်လှန်ရေးကြီးအတွက် ဦးဆောင်လမ်းပြဖြစ်လာလိမ့်မည်ဟုပင် ကားလ်မာ့က်စ်က ဟောကိန်းထုတ်ခဲ့ဖူးသည် ဆို၏။ ဒါးစ်၏ အဆိုအရ အိန္ဒိယတွင် စက်မှုတော်လှန်ရေး မဖြစ်ထွန်းခဲ့ခြင်းမှာ အကြောင်းရင်း လေးခုကြောင့်ဖြစ်သည်။ ယင်းတို့မှာ
() မြို့ကြီးများတွင် စက်ရုံများပေါ်ပေါက်လာသော်လည်း လယ်ယာကဏ္ဍ၌မူ တိုးတက်မှုမရှိ၊ ရပ်တန့်နေခြင်း
() ပထမကမ္ဘာစစ်အပြီး ပေါ်ထွန်းလာသော ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒများနှင့် နောက်ဆက်တွဲ မဟာစီးပွားပျက်ကပ်ကြီးကြောင့် ကမ္ဘာ့ကုန်သွယ်ရေး အကြီးအကျယ်ကျဆင်းခဲ့ခြင်း
() ကိုလိုနီအစိုးရက ပြည်သူအများစုကြီး စာတတ်မြောက်ရေး အားမထုတ်ခဲ့ခြင်း
() သူ့ကျွန်ဘ၀ဟူသောအသိက လူလတ်တန်းစားတို့၏စိတ်ကို သံမှိုနှက်ထားသကဲ့သို့ စွဲနေခြင်း စသည်တို့ဖြစ်သည် ဟု ၎င်းကဆို၏။

            နိုင်ငံရေးအရ ကျွန်ပြုခံထားရချိန်တွင် စိတ်အထက်သန်ဆုံးသော စွန့်ဦးလုပ်ငန်းရှင်များပင် မိမိကိုယ်မိမိ ယုံကြည်မှု လျော့ပါးနေလေ့ရှိသည် ဟု ဒါးစ်ကပြောသည်။ ထို့ပြင် လယ်ယာကဏ္ဍကို ခေတ်မီအောင်မလုပ်ပဲ စက်မှုတော်လှန်ရေး မဖြစ်ထွန်းနိုင်။ စက်ရုံများကြောင့် တိုးပွားလာသော မြို့ပြလူဦးရေကို ကျွေးမွေးရန် စားနပ်ရိက္ခာ ပိုလျှံမှုရှိဖို့လိုသည် ဟု ဆိုလေသည်။

အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ ဗိုင်းငင်နေပုံ
ပြည်တွင်းဖြစ်ကိုအားပေးရေး လှုံ့ဆော်မှုမှာ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှု၏ ပြယုဂ်တစ်ခုဖြစ်ခဲ့သည်


ဗြိတိသျှတို့က အိန္ဒိယပြည်ကြီးကို ဆင်းရဲအောင်ပြုခဲ့သလော ဟူသည့် မေးခွန်းကိုလည်း ဆွေးနွေးထား၏။ ၁၇၀၀ ပြည့်နှစ်များ၌ အိန္ဒိယ၏ ဥစ္စဓနကို ဗြိတိသျှတို့ လုယက်ခဲ့ခြင်းမှာ အထင်အရှားဖြစ်သည်။ သို့သော် သမိုင်းတစ်လျှောက်ကို ကြည့်လျှင် အောင်နိုင်သူအားလုံး ဤသို့ပြုမူခဲ့ကြသည်သာ ဟု ဒါးစ်က ပြောသည်။ အင်္ဂလိပ်တို့၏ ချည်မျှင်စက်ရုံများက သန်းပေါင်းများစွာသော ယက္ကန်းလုပ်သားများအား အလုပ်လက်မဲ့ဖြစ်စေခဲ့သည်မှာလည်း အမှန်ပင်။ သို့သော် ယင်းကိစ္စမှာ ရှောင်လွှဲမရနိုင်။ အနောက်ဥရောပတွင်လည်း အလားတူအဖြစ်မျိုး ကြုံခဲ့ရသည်။ ကုန်သွယ်ရေးတွင် ကိုလိုနီအစိုးရအနေဖြင့် ဒေသခံများကို အကာအကွယ်ပေးသော အစီအမံ (tariff) စသည်များ မသတ်မှတ်ခဲ့ခြင်းကြောင့် အလုပ်သမားများ၊ လက်မှုလုပ်ငန်းကလေးများ အကြီးအကျယ် အထိနာခဲ့ရသည်။ ဗြိတိသျှတို့၏ အဓိကပျက်ကွက်မှုမှာ အိန္ဒိယလူထုကြီး စာတတ်မြောက်ရေးအတွက် အားမထုတ်ခဲ့ခြင်း ဟု ဒါးစ် က လက်ညှိုးထိုးသည်။ ကိုလိုနီပညာရေးစနစ်က မွေးထုတ်လိုက်သည်မှာ အထက်တန်းလွှာပညာတတ် အနည်းငယ်သာဖြစ်၏။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရချိန်တွင် အိန္ဒိယ၌ စာမတတ်သူ စုစုပေါင်းမှာ လူဦးရေ၏ ၈၃% မျှပင်ရှိခဲ့သည်။

သို့ရာတွင် ဗြိတိသျှတို့အနေဖြင့် အိန္ဒိယပြည်အတွက် ရေရှည်တွင် အကျိုးမဲ့စေမည့် အဖွဲ့အစည်း စသည်တို့ကို တည်ထောင်ခြင်း၊ အားပေးခြင်းများ မလုပ်ခဲ့သည်ကို အသိအမှတ်ပြုရပါမည် ဟု ဒါးစ်က သတိပေးသည်။ အခြားတစ်ဖက်တွင် ဗြိတိသျှအုပ်ချုပ်ရေးက ဒီမိုကရက်တစ်အဆောက်အအုံများ၊ ဥပဒေစိုးမိုးရေး၊ လွတ်လပ်သော တရားစီရင်ရေးနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်တို့ကို အုတ်မြစ်ချပေးခဲ့သည် ဟု သူကဆို၏။ မီးရထားလမ်းများ၊ တူးမြောင်းများ၊ သင်္ဘောဆိပ်များကို တည်ဆောက်ခဲ့သည်။ အိန္ဒိယပြည်ကြီးကို အနှစ်တစ်ရာနီးပါး အေးချမ်းစေခဲ့သည်။ ခေတ်မီအုပ်ချုပ်ရေးနှင့် “စံ” များကို ပြဋ္ဌာန်းခဲ့သော်လည်း ယဉ်ကျေးမှုနှင့် ဘာသာရေးတွင် စွက်ဖက်ခြင်းမပြုခဲ့။ ထိုအချက်ကြောင့်ပင် ရှေးဟောင်းအိန္ဒိယပြည်ကြီး၏ ၀ိညာဉ်ကို ဆက်လက်အမွေခံနိုင်ခဲ့သည်။ အိန္ဒိယတို့၏ ဘ၀ပုံစံဟောင်းကို ဆက်လက် သယ်ဆောင်နိုင်ခဲ့သည်။ ဇာတ်ခွဲခြားသည့်စနစ် အမြစ်မပြတ်ခြင်းအတွက် စိတ်ပျက်သူများရှိသော်လည်း ထို “ဘ၀ပုံစံဟောင်း” ကပင် ဂလိုဘယ်ယဉ်ကျေးမှု၏ ထိုးနှက်ချက်ကို တောင့်ခံထားသည်မဟုတ်ပါလော ဟု ၎င်းက ထောက်ပြသည်။

ဒါးစ် ၏အမြင်မှာ ဗြိတိသျှကိုလိုနီစနစ်ကို သမားရိုးကျ အပြစ်ပုံချခြင်းမဟုတ်ပဲ ရှုထောင့်သစ်မှ ချဉ်းကပ်ခြင်းဖြစ်သည်။ လက်တွေ့ဆန်၏။ အားနည်းချက်၊ အားသာချက်များကို မြင်လာစေ၏။ အမျိုးသားရေးဝါဒီတို့မှာမူ သဘောတရားရေးအရ ကြည်လင်ပြတ်သားသူများဖြစ်ကြသည်။ သတိပြုရန်မှာ ဒီမိုကရေစီသည်လည်းကောင်း၊ ဈေးကွက်စီးပွားရေးသည်လည်းကောင်း လက်တွေ့ကျကျတည်ဆောက်အောင်မြင်ရမည့် စနစ်များဖြစ်သည်ဆိုသည့် အချက်ပင်တည်း။


လွတ်လပ်ပြီး အိန္ဒိယနှင့် ဆိုရှယ်လစ်အိပ်မက်များ

လွတ်လပ်သောအိန္ဒိယတွင် ဒီမိုကရေစီ အမြစ်တွယ်ခဲ့သည်။ တိုင်းပြည်အုပ်ချုပ်ရေး၌ လူထုကြီး၏ ပြောရေးဆိုခွင့်များ တဖြည်းဖြည်းခိုင်မာလာပြီး ဇာတ်နိမ့်များကို လွှတ်တော်သို့ ရွေးကောက်တင်မြှောက်နိုင်သော နမူနာများပင်ရှိလာခဲ့သည် ဆို၏။ (စကားချပ်။ ၁၉၉၇ ခုနှစ်တွင် ဇာတ်နိမ့်တစ်ဦးဖြစ်သူ မစ္စတာ ကေ အာ နာရာယာနန် ကို အိန္ဒိယနိုင်ငံ၏ ဒသမမြောက်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်နိုင်ခဲ့ခြင်းမှာ အထင်ရှားဆုံးနမူနာဖြစ်၏။) စီးပွားရေးမှာ ဖေဘီယန်ဆိုရှယ်လစ် (Fabian Socialism) ပုံစံဖြစ်သည်။ ၀န်ကြီးချုပ်နေရူးနှင့် သူ၏ ကွန်ဂရက်ပါတီအစိုးရအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုနည်းပါးခဲ့သည်။ ယင်းသို့ဖြင့် အစိုးရမှာ အဓိကစွန့်ဦးလုပ်ငန်းရှင်ကြီး ဖြစ်လာတော့သည်။ ရလဒ်ကောင်းတစ်ခုမှာ ၁၉၇၀ ပြည့်နှစ်များ၏ လယ်ယာကဏ္ဍတော်လှန်ရေးဖြစ်သည်။ ကောက်ပဲသီးနှံအထွက်ကောင်းပြီး ပိုလျှံလာသည်။ စက်မှုကဏ္ဍ၌ ရင်းနှီးမြုပ်နှံမှု တိုးလာသော်လည်း စက်မှုတော်လှန်ရေးကား မဖြစ်ခဲ့ပါချေ။ နိုင်ငံခြားပို့ကုန်လုပ်ငန်းများ တိုးချဲ့ခြင်းမှ အကျိုးအမြတ်မရနိုင်ဟူသော အယူအဆကြောင့် အိန္ဒိယ၏ ကုန်သွယ်ရေးမှာ ၁၉၄၇ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှု၏ ၂.% ရှိခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်တွင်မူ ၀.% အထိ ကျဆင်းသွားခဲ့သည်။ ဟောင်ကောင်ကျွန်း၏ ပို့ကုန်ပမာဏသည်ပင် အိန္ဒိယတစ်ပြည်လုံးထက် ပိုများခဲ့သည် ဟု ဒါးစ် က စိတ်ပျက်လက်ပျက်ဆိုသည်။

ထို့ထက်ပိုဆိုးသောကိစ္စမှာ ပုဂ္ဂလိကကဏ္ဍကို ထိန်းချုပ်ကန့်သတ်မှုများဖြစ်၏။ စီးပွားရေးလိုင်စင်များမှာ ထူးထူးဆန်းဆန်းနှင့် အဆိုးဝါးဆုံးဖြစ်ခဲ့သည်။ ၁၉၅၁ ခုနှစ် စက်မှုလုပ်ငန်းလိုင်စင်ဥပဒေ အရ လုပ်ငန်းရှင်တစ်ဦးအနေဖြင့် လုပ်ငန်းတိုးချဲ့လိုပါက လုပ်ပိုင်ခွင့်ပါမစ် (လိုင်စင်) လျှောက်ထားရသည်။ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဌာနတွင် အတွေ့အကြုံမရှိ၊ သင်တန်းဆင်းလည်းမဟုတ်သော စာရေးစာချီများ၊ အင်ဂျင်နီယာများ၊ ရာထူးရာခံများက ထောင်နှင့်ချီသော လျှောက်လွှာများကို လက်တမ်းစစ်ဆေးကြရာ လပေါင်းများစွာ ကြာတတ်လေသည်။ ထို့နောက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရသည်။ ဤအဆင့်တွင် ၀န်ကြီး၏ ခွင့်ပြုမိန့်ရရန် လအနည်းငယ်စောင့်ရပြန်သည်။ စက်ပစ္စည်းများ ပြည်ပမှ တင်သွင်းရန်လိုပါက ထိုမျှနှင့်မပြီး။ သွင်းကုန်လိုင်စင်ရယူရန် ထပ်မံတင်ပြရသေးသည်။ လိုအပ်သောငွေကြေးအတွက် အစိုးရထံမှ ချေးငှားလိုပါက အစအဆုံး လျှောက်လွှာပြန်တင်ရလေသည်။ ပါမစ်တစ်ခု ထွက်လာရန် တစ်ခါတစ်ရံ နှစ်ချီပြီးကြာလေ့ရှိသည်။ ယင်းသို့ အဆမတန်နှေးကွေးသော ကြိုးနီစနစ်ကြောင့် အကျင့်ပျက်ခြစားလိုမှုများ ထွန်းကားရန် လွန်စွာအားပေးတော့သည်။ ကုမ္ပဏီကြီးများက နယူးဒေလီတွင် ကိုယ်စားလှယ်ထားပြီး လှုပ်ရှားကြသည်။ အဆင့်ကျော်၍ လိုင်စင်ရအောင်ယူကြသည်။ သာမန်လုပ်ငန်းရှင် အငယ်စားအတွက်မူ နှစ်ချီပြီးစောင့်ရသော လိုင်စင်ကျပြီးနောက် လုပ်ငန်းတိုးချဲ့မှုအောင်မြင်ခဲ့လျှင် နောက်ထပ်အခက်အခဲကြုံရပြန်သည်။ ကုန်ပစ္စည်းများကို လိုင်စင်၌ ခွင့်ပြုထားသော အရေအတွက်ထက် ပိုမိုထုတ်လုပ်ခဲ့လျှင် ဥပဒေအရ အပြစ်ပေးခံရနိုင်သည်။

၁၉၆၀ ပြည့်နှစ်များ၏ နှောင်းပိုင်း၌မူ လွတ်လပ်သောအိန္ဒိယပြည်ကြီး လမ်းကြောင်းအမှားပေါ်၌ ခြေချမိပြီးဖြစ်ကြောင်း ထင်ရှားလာခဲ့လေသည်။ သို့သော် လမ်းကြောင်းသစ်သို့ ဦးတည်မည့်အစား အင်ဒီရာဂန္ဓီအစိုးရက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဆန့်ကျင်ခြင်း၊ ဘဏ်များကို ပြည်သူပိုင်သိမ်းခြင်း စသော ကန့်သတ်မှုများ ထပ်မံလုပ်ခဲ့ပြန်သည်။ စက်မှုကဏ္ဍတိုးတက်မှုမှာ ၁၉၅၁-၆၅ ခုနှစ်အတွင်း နှစ်စဉ် ၇.% ရှိခဲ့ရာမှ ၁၉၆၆-၈၀ ခုနှစ်များတွင် ၄% သို့ ကျဆင်းသွားခဲ့သည်။ ၁၉၆၆-၈၀ ကာလကား အိန္ဒိယ၏ "စီးပွားရေးအမှောင်လွှမ်းသောခေတ်” ဖြစ်သည်ဟူသော မိုဟန် (Rakesh Mohan) ၏ တင်စားချက်ကို ဒါးစ်က ထောက်ခံသည်။

လိုင်စင်ချပေးသောစနစ် (License Raj) က မူလရည်ရွယ်ခဲ့သော စီးပွားရေးနှင့် လူမှုရေးဦးတည်ချက်များ ခရီးပေါက်အောင် ဆောင်ကျဉ်းမပေးနိုင်သော်လည်း ပြိုင်ဆိုင်မှု၊ စွန့်ဦးတီထွင်လုပ်ငန်းနှင့် တိုးတက်မှုတို့ကို ဟန့်တားရာ၌ အောင်မြင်ခဲ့သည် ဟု ဒါးစ်က ဆိုလေသည်။ မြန်မာပြည်၏ အတွေ့အကြုံနှင့် နှိုင်းယှဉ်ပါက ယခင်အစိုးရလက်ထက်တွင် လွန်စွာအားကောင်းခဲ့ပြီး ယနေ့တိုင် အရှိန်ရဆဲဖြစ်သော ခရိုနီစီးပွားရေးပုံစံမှာ အိန္ဒိယ၏ License Raj  နှင့် ဆင်တူသညိဟု ဆိုနိုင်၏။ အိန္ဒိယ၌ License Raj  ကြောင့်  စီးပွားရေးအမှောင်လွှမ်းသောခေတ်ကို ကြုံခဲ့ရသကဲ့သို့ မြန်မာပြည်တွင်လည်း သာမန်ပြည်သူတို့၏ တစ်ဦးချင်းဝင်ငွေ အရှေ့တောင်အာရှ၌ပင် ဓားမနောက်ပိတ်ခွေးဖြစ်နေချိန်၌ ပြည်တွင်းစီးပွားရေးကို အခြေပြုကာ သန်းကြွယ်သူဌေးကြီးများ အပြိုင်းအရိုင်း ပေါ်ထွန်းလာစေသည်အထိ ခရိုနီစီးပွားရေး လက်စောင်းထက်ခဲ့သည်ကို ဆင်ခြင်နိုင်ပါလိမ့်မည်။ အိန္ဒိယနိုးကြားလာခြင်း၏ လမ်းစသည် License  Raj  အပါအ၀င် တိုင်းပြည်စီးပွားရေးလမ်းကြောင်းမှ ခလုတ်တံသင်းများအား ဖယ်ရှားနိုင်ရာမှ ပေါ်ထွက်လာသည်ကို ဒါးစ် က ရှေ့တွင် မီးမောင်းထိုးပြထား၏။


ပြုပြင်ပြောင်းလဲရေးနှင့် နိုးကြားလာသောအိန္ဒိယ

အိန္ဒိယ၏ ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ အခြားမဟုတ်။ အစိုးရမှ အစစအရာရာ ထိန်းချုပ်ထားခြင်းကို ရှောင်ဖယ်ပြီး ပုဂ္ဂလိကအတွက် တံခါးဖွင့်ပေးလိုက်ခြင်းပင်ဖြစ်တော့သည် ဟု ဒါးစ် က ရေး၏။ အမေရိကန်ခေတ်လွန်ကမ္ဘာ (The Post American World) စာအုပ်ကို ရေးသားသူ ဇာကာရိယား (Fareed Zakaria) ကမူ အိန္ဒိယတိုးတက်လာခြင်းမှာ အစိုးရမှ ဦးဆောင်မှု ပေးခြင်းကြောင့်မဟုတ်၊ လက်ရှောင်ပေးလိုက်ခြင်းကြောင့် ဟု ပွင့်ပွင့်လင်းလင်းဆိုသည်။ ၁၉၉၁ ခုနှစ် ၀န်ကြီးချုပ် နာရာဆင်ဟာရောင်း အစိုးရတက်လာချိန်မှစပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်ရေးကို ပြတ်ပြတ်သားသား ဖွင့်ပေးခဲ့သည်။ သွင်းကုန်ကန့်သတ်မှုများကို ဖယ်ရှားပြီး အကောက်ခွန်များ လျှော့ချပေးခဲ့သည်။ အိန္ဒိယရူပီးကို တန်ဖိုးချပြီး တိုက်ရိုက်လဲလှယ်နိုင်အောင် လုပ်ပေးခဲ့သည်။ ပုဂ္ဂလိကကဏ္ဍတွင် လိုင်စင်ချပေးမှ အလုပ်လုပ်ရသည့် အထိန်းအကွပ်များကို ပယ်ဖျက်ပြီး အခွန်နှုန်းထားများ လျှော့ချပေးခဲ့သည်။ စီးပွားရေး၍ လက်ဝါးကြီးအုပ်ထားသော အစိုးရကော်ပိုရေးရှင်းကြီးများ ကိုလည်း ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ခဲ့လေသည်။ ရလဒ်မှာ ၁၉၉၀ ပြည့်နှစ်များအလယ်ပိုင်းတွင် နှစ်စဉ်တိုးတက်မှုနှုန်း ၇.% အထိ မြင့်တက်လာခြင်းဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှုန်း ၁၃% ရှိခဲ့ရာမှ ၁၉၉၃ ခုနှစ်တွင် ၆% သို့ ကျဆင်းလာခဲ့သည်။ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံသာရှိခဲ့ရာမှ ၁၉၉၃ တွင် ၂၀ ဘီလျံနှင့် ၂၀၀၃ တွင် ၁၀၀ ဘီလျံကျော် ရှိလာခဲ့သည်။ (စကားချပ်။ ။ ၂၀၁၃ ခုနှစ်စာရင်းအရ ၂၉၄ ဘီလျံဖြစ်၏။) အံ့အားသင့်ဖွယ်အချက်မှာ နောက်တက်လာသော အစိုးရအဆက်ဆက်က ထိုတံခါးဖွင့်လမ်းစဉ်အတိုင်း ဆက်လျှောက်ခဲ့ကြခြင်းဖြစ်သည်။ ၂၁ ရာစု၏အစတွင် အိန္ဒိယသည် အမြန်ဆုံးတိုးတက်လာနေသော စီးပွားရေးအင်အားကြီးနိုင်ငံများစာရင်းဝင် ဖြစ်လာခဲ့သည်။

 ၁၉၈၀ ပြည့်နှစ်များမှ ၂၀၀၇ ခုနှစ်အထိ အိန္ဒိယ၏ လူတစ်ဦးချင်းဝင်ငွေ တိုးတက်မှုပြဂရပ်

မိရိုးဖလာအိန္ဒိယတို့အနေဖြင့် အရောင်းအ၀ယ်လုပ်ခြင်း၊ ငွေကြေးရှာဖွေခြင်း စသည်တို့ကို အဆင့်အတန်း မြင့်မားသည်ဟု မယူဆကြပါ။ ဇတ်ကြီးလေးခုတွင် ကုန်သည် တို့မှာ ဗြဟ္မဏနှင့် ခတ္တိယ တို့နောက် တတိယနေရာ၌သာရှိ၏။ စီးပွားရေးပြုပြင်မှုများနောက်ပိုင်းတွင် ငွေကြေးရှာဖွေနိုင်ခြင်းမှာ တစ်နေ့တခြား ရေပန်းစားလာပြီး ဗြဟ္မဏနှင့် ခတ္တိယတို့၏ သားသမီးများလည်း MBA ရအောင်ယူရန်၊ စီးပွားရေးလုပ်ရန် စိတ်အားထက်သန်လာကြသည်။ သတင်းစာများ၏ စီးပွားရေးကော်လံများ ပိုမိုအသက်ဝင်လာကြသည်။ ယခင်က က္တွနြေ္ဒတစ်ခွဲသားနှင့်နေခဲ့သော ပြည်နယ်ဝန်ကြီးချုပ်များ ၎င်းတို့ဒေသတွင်းရင်းနှီးမြုပ်နှံမှုရရေး အပြေးအလွှားဖြစ်လာကြသည်။ ၀ါဏိဇ္ဇခုံရုံးများ၏ စီရင်ချက်များက ပိုပြီး မျှမျှတတဖြစ်လာကြသည်။ ယင်းအချက်များက အိန္ဒိယတွင် လူမှုတော်လှန်ရေးတစ်ခု ဖြစ်ထွန်းလာနေကြောင်း သက်သေပြနေကြသည် ဟု ဒါးစ်က ကောက်ချက်ချ၏။

တစ်ဆက်တည်းပေါ်လာသော အရေးကြီးသည့် ဖြစ်ရပ်မှာ အတွေးအခေါ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်သည်။ အမျိုးသားယုံကြည်မှုတည်ဆောက်နိုင်ခြင်းနှင့် ပတ်သက်၏။ ဗြိတိသျှတို့ထွက်ခွာသွားပြီးနောက် အိန္ဒိယတွင် အင်္ဂလိပ်စာအသုံးပြုမှုနှင့်ပတ်သက်၍ အစဉ်တစိုက် ဝေဖန်ပြစ်တင်ခဲ့ကြသည်။ သို့သော် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် အင်္ဂလိပ်စာမှာ အိန္ဒိယဘာသာစကားတစ်ခုအဖြစ် တိတ်တဆိတ်ခေါင်းထောင်လာခဲ့၏။ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရ တက်လာသည့်အချိန်နှင့် တိုက်ဆိုင်စွာ ကိုလိုနီဒဏ်ရာဒဏ်ချက်များ ပျောက်ကွယ်သွားကြခြင်းမှာ ထူးဆန်းသည်ဟုပင် ဆိုနိုင်သည်ဟု ဒါးစ်က မှတ်ချက်ပြု၏။ ယနေ့ခေတ် လူလတ်တန်းစားလူငယ်များက အင်္ဂလိပ်လို ပြောဆိုရေးသားနိုင်ခြင်းကို ကျွမ်းကျင်မှုတစ်ခုအဖြစ် မှတ်ယူလာကြသည်။ ပုဂ္ဂလိကရုပ်မြင်သံကြားလိုင်းများ၊ တီဗွီကြော်ငြာများ၏ လှုံ့ဆော်မှုကလည်း တစ်တပ်တစ်အားပင်။ ခေတ်သစ်အိန္ဒိယလူငယ်တို့မှာ အတိတ်နှင့်ပတ်သက်၍ စိတ်ပြေလက်ပျောက်ရှိလာကြပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုမိုရှိလာကြသောကြောင့်ဖြစ်မည်။ “အင်္ဂလိပ်စာကို ယုံကြည်မှုအပြည့်ဖြင့် ဖက်ပွေ့လိုက်သောအခိုက်မှာပင် သူတို့၏၀ိညာဉ်များ ကိုလိုနီကျွန်ဘ၀မှ အမှန်တကယ်လွတ်မြောက်သွားကြပြီ။” ဟု ဒါးစ် က ညွှန်းလေသည်။

 ၂၀၀၁ က ရုံတင်ခဲ့သည့် အာသောက ရာဇ၀င်နောက်ခံကားကြီး
ဘောလီးဝုဒ်ရုပ်ရှင်ကားများမှာ ကမ္ဘာအနှံ့ထင်ရှားလာနေပြီး
 ဒေါ်လာဘီလျံချီတန်သည့် စီးပွားရေးလုပ်ငန်းကြီးဖြစ်လာနေသည်။

ယနေ့အိန္ဒိယတို့၏ ခံယူချက်မှာ လွန်ခဲ့သော နှစ်တစ်ရာက ခေတ်စားသော အတွေးအခေါ်များနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း ဒါးစ် က ပြောသည်။ ယနေ့ခေတ်စာရေးဆရာများဖြစ်သော ရပ်ရှဒီ (Salman Rushdie) ရွိုင် (Arundhati Roy) တို့၏ အရေးအသားများက အရှိကို အရှိအတိုင်းလက်ခံပြီး မိမိကိုယ်ကို အာမခံသော အတွေးအခေါ်ကို ထင်ဟပ်ပြသည်။ မျိုးဆက်သစ် စွန့်ဦးလုပ်ငန်းရှင်များအနက် အမွေရပြီးချမ်းသာလာသူထက် ကိုယ်ပိုင်ထက်မြက်မှု၊ ကြိုးစားမှု၊ အတတ်ပညာကျွမ်းကျင်မှုတို့ကြောင့် ရှေ့ရောက်လာသူက ပိုများလာသည်။ မြို့ပြလူငယ်ထုအတွင်း ကိုယ်ပိုင်အယူအဆ၊ ဟန်ပန်တို့ ပေါ်ထွန်းလာသည်။ ဂီတပညာရှင်များ၊ တေးရေးဆရာများ၊ နောက်ပေါ် ဘောလီးဝုဒ် ပေါ့ပ်စတားများ၏ ကိုယ်ပိုင်ဟန်ဖြင့် တစ်ခဲနက်အောင်မြင်မှုအပြင်၊ လူငယ်စာရေးဆရာများ၊ အလှမယ်များ၊ ခရစ်ကက်စတားများ၊ ဖက်ရှင်ဒီဇိုင်နာများ၏ ထိုးဖောက်မှုက နိုးကြားလာသောအိန္ဒိယ၏ ပြယုဂ်များ ဖြစ်လာကြသည် ဟုဆိုလေသည်။

သင်ခန်းစာများနှင့် ရှေ့ခရီး

အိန္ဒိယသည် ဒီမိုကရေစီကို အရင်ကျင့်သုံးပြီး အရင်းရှင်စနစ်ကို နောက်မှလက်ခံခဲ့သည့် ကမ္ဘာ့တစ်ခုတည်းသော တိုင်းပြည်ဖြစ်၏။ ဒီမိုကရေစီ၏ ဖိအားကြောင့် မုန့်မျက်မီ ဖိုပေါ်မှချပြီး ဝေငှပေးရသော အဖြစ်များရှိခဲ့သည်။ “၀” မရှိခင်ကပင် “၀ိ” အကြောင်း ကြိုတင်စဉ်းစားထားရလေသည်။ လည်မျိုညှစ်ခံထားရသော စီးပွားရေးလုပ်ငန်းများ၊ လက်လွတ် ဆုံးရှုံးသွားသော အခွင့်အလမ်းများ၊ နှေးကွေးသောတိုးတက်မှု စသည်တို့က အခြေမကျသေးသော အရင်းရှင် စီးပွားရေးအပေါ်တွင် နိုင်ငံရေးသြဇာ အလွန်အကျွံသက်ရောက်ခြင်းကို ထင်ဟပ်ပြနေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဒီမိုကရေစီက များများ၊ အရင်းရှင်စီးပွားရေးက နည်းနည်းနှင့် အချိုးမညီဖြစ်နေခြင်းဟု ဒါးစ်က ပြောသည်။ 

အခြားအချက်တစ်ခုမှာ အိန္ဒိယ၏ မဲဆန္ဒရှင်အများစုသည် ဆင်းရဲသားထုကြီးဖြစ်ပြီး ၎င်းတို့၏ ၇၀% မှာ တောရွာ များ၌ နေထိုင်ကြခြင်းပင်ဖြစ်သည် ဟု ဒါးစ် က ထောက်ပြသည်။ ဆန်တစ်ကီလို ၅ ရူပီးဈေးပေါက်နေချိန်၌ နိုင်ငံရေးသမားတစ်ဦးက တစ်ကီလို ၂ ရူပီးဖြစ်စေရမည်ဟု မဲဆွယ်လျှင် ထိုသူရွေးကောက်ပွဲနိုင်ပြီ။ ၁၉၆၀ ပြည့်နှစ်များ၏ အလယ်ပိုင်းမှစကာ နိုင်ငံရေးသမားများသည် သူတို့အနိုင်ရပါက မည်သည့်ပစ္စည်းများတော့ အလကားရမည်၊ မည်သည့် အကျိုးဆောင်မှုများကို အခမဲ့ရစေမည် စသောမက်လုံးများ အပြိုင်အဆိုင်ပေး၍ မဲဆွယ်ခဲ့ကြသည်။ ဤသို့ဖြင့် စာသင်ကျောင်းအသစ် ဆောက်လုပ်ရန် သို့မဟုတ် အဟောင်းကိုပြုပြင်ရန် သုံးစွဲသင့်သောငွေမှာ ရွေးကောက်ပွဲကတိများကို ဖြည့်ဆည်းရာ၌ သုံးဖြစ်သွားလေတော့သည်။ အိန္ဒိယ GDP ၏ ၁၀% မျှရှိသော အစိုးရဘတ်ဂျက်လိုငွေပြမှုသည် အပြိုင်အဆိုင် မဲဆွယ်ရသောနိုင်ငံရေးတွင် အမည်းစက်တစ်ခုအဖြစ် စွန်းထင်းအရုပ်ဆိုးစေသည် ဆို၏။

သို့ရာတွင် အိန္ဒိယအစိုးရ၏ အုပ်ချုပ်ရေးအားနည်းချက်ပြဿနာမှာ မဲဆန္ဒရှင်များ စိတ်ကျေနပ်အောင် ဖြည့်စွမ်းပေးရခြင်းထက် ပိုမိုနက်ရှိုင်းသည် ဟု ဒါးစ် က ယူဆသည်။ ၁၉၇၀ ပြည့်နှစ်များကာလက ဒီမိုကရက်တစ် အဆောက်အအုံများကို ချိုးနှိမ်ခဲ့ခြင်းက အကျင့်ပျက်ခြစားမှု၊ နိုင်ငံရေးအကြမ်းဖက်မှုနှင့်၊ လူပြိန်းကြိုက်ပေါ်လစီများ စသည်တို့ကို ခေါင်းထောင်လာစေခဲ့သည်။ နောက်တစ်ချက်မှာ စနစ်ကျသော ပါတီအဖွဲ့အစည်းများ မရှိသေးခြင်းပင်ဖြစ်၏။ ထို့ကြောင့်ပင် ရွေးကောက်ပွဲအနိုင်ရရေး မဲဆွယ်ရာတွင် အခြားဒီမိုကရေစီများမှာကဲ့သို့ ခေါင်းဆောင်သူမှ တိတိကျကျ စီမံကိန်းများဖြင့် ဆော်သြနိုင်ခြင်းမရှိပဲ ပုဂ္ဂိုလ်ရေးဆွဲဆောင်နိုင်မှုကို အားကိုးရတော့သည် ဟု ၎င်းကထောက်ပြ၏။



 အိန္ဒိယ၏ e-governance စီမံကိန်း
တိုးတက်သော သတင်းအချက်အလက်နည်းပညာများက အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်လာကြသည်။ အိန္ဒိယ၏ e-governance စီမံကိန်းတွင် ၁.၂ ဘီလျံရှိသော နိုင်ငံသားများအား ဒစ်ဂျစ်တယ်နည်းဖြင့်မှတ်ပုံတင်ပြုလုပ်ပေးရေး အစီအစဉ်လည်းပါဝင်၏။


အိန္ဒိယ၏ အနာဂါတ်ပုံစံသည် ဇာတ်ခွဲခြားမှု၊ ဘာသာရေး၊ တောနေလူတန်းစားရှေးရိုးဝါဒီများ၊ နှစ်လေးဆယ်ကျော် တိုင်းပြည်၏ အသိပညာမျက်နှာဖုံးဖြစ်ခဲ့သော နေရူးဆိုရှယ်လစ်ဝါဒီများနှင့်၊ မြို့ပြလူတန်းစားသစ် ဂလိုဘယ်ဝါဒီများအကြား နေ့စဉ်အားပြိုင်မှုမှ ရုပ်လုံးပေါ်လာမည်ဟု ဒါးစ်က ခန့်မှန်းသည်။ သန်းပေါင်းများစွာသော ဒီမိုကရေစီကျညှိုနှိုင်းမှုများက စီးပွားရေးပြုပြင်မှုလုပ်ငန်းစဉ်ကို နှေးကွေးစေသည်မှာ အမှန်ဖြစ်၏။ သို့သော် ဤအချက်ကြောင့်ပင် အိန္ဒိယအနေဖြင့် အနာဂါတ်လမ်းကြောင်းတွင် (တရုတ်ပြည်နှင့်နှိုင်းယှဉ်ပါက) ပိုမိုတည်ငြိမ်သော၊ ငြိမ်းချမ်းသော၊ ကြိုတင်ညှိုနှိုင်းထားသော အပြောင်းအလဲကြားကာလများကို မျှော်လင့်နိုင်သည်။ ဘေးထွက်ဆိုးကျိုးများအတွက် ကြိုတင်ပြင်ဆင်ချိန်မရလိုက်သော ရုရှားကဲ့သို့ အလဲလဲအကွဲကွဲ အရင်းရှင်လူ့ဘောင်မျိုးမှလည်း ရှောင်ကွင်းနိုင်မည် ဟု အားတင်းသည်။ အိုမင်းနှေးကွေးသော အိန္ဒိယသည် ကိုယ်ပိုင်ဘ၀ပုံစံအပါအ၀င် သမိုင်းအစဉ်အဆက် အခြေတည်လာခဲ့သော ကွဲပြားခြားနားမှု၊ သည်းခံခြင်းနှင့်၊ ၀ိညာဉ်ဟောင်း စသည်တို့ကို ဆက်လက်သယ်ဆောင်သွားရန်အတွက် သန်စွမ်းနေဦးမည် ဟု ဒါးစ် က ယုံကြည်သည်။ နိဂုံးတွင် ပေါ့ပေါ့ပါးပါး တစ်ခုကိုလည်း ညွှန်းထားပါ၏။ အစစအရာရာ မပြည့်စုံမှုများအကြားမှ ဤမျှဖြစ်ထွန်းလာခြင်းအတွက် နိုင်ငံခြားမိတ်ဆွေများက အံ့သြတကြီးစပ်စုလာလျှင် “ကျုပ်တို့တိုင်းပြည်က ညဖက်မှာ တိုးတက်တယ်။ အစိုးရအိပ်ပျော်နေတဲ့အချိန်ပေါ့” ဟု အိန္ဒိယတို့က ဟာသနှော၍ ပြန်ဖြေလေ့ရှိကြသည် ဟူသတတ်။ 

မြန်မာနှင့် အိန္ဒိယမှာ ယဉ်ကျေးမှုအခြေခံ၊ ဘာသာတရား၊ ဘာသာစကား အခြေခံမှသည် ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရသည်အထိ ဆင်တူမှုများစွာရှိခဲ့သည့်တိုင် လွတ်လပ်ပြီးနောက် တစ်လမ်းစီလျှောက်ကာ ကွဲပြားသည့်အတွေ့အကြုံများ ရယူခဲ့ကြသည့် အိမ်နီးချင်းများဖြစ်ကြ၏။ အနာဂတ်လမ်းကြောင်း မည်သို့ ဆင်တူမည် (သို့မဟုတ်) ခြားနားမည်ကိုကား ခန့်မှန်း၍မရပါ။ ဒါးစ် တင်ပြခဲ့သည့် License Raj၊ တောရွာများ၌ နေထိုင်ကြသော ဆင်းရဲသားထုကြီး၏ ၇၀%၊ နိုင်ငံရေးပါတီများအနေဖြင့် ပုဂ္ဂိုလ်ရေးဆွဲဆောင်နိုင်မှုကို အားကိုးရခြင်း စသည်တို့မှာ  ထဲထဲဝင်ဝင် ထင်ဟပ်နိုင်သော ဆင်တူမှုများဖြစ်ပါ၏။ ယနေ့မြန်မာပြည်၏ ရှေ့ခရီးသည် ဒါးစ် တင်စားသကဲ့သို့ ၀ မရှိခင် ၀ိ လုပ်ရခြင်း မဟုတ်သည့်တိုင် စီးပွားရေးတံခါးဖွင့်မှုနှင့် ဒီမိုကရေစီအခွင့်အရေးများအား ပြိုင်တူဖော်ဆောင်ရမည့် အနေဖြစ်ရာ ဒီမိုကရေစီစနစ် ရေစိမ်ခံသန်စွမ်းလာရေး၊ တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးနိုးကြားလာရေး ကိစ္စများတွင် သန်းပေါင်းများစွာသော ဒီမိုကရေစီကျ ညှိုနှိုင်းရမှုများအပါအ၀င်ဖြစ်သော အိန္ဒိယတို့၏ အတွေ့အကြုံသည် မြန်မာတို့အတွက် နမူနာယူစရာများ ဖြစ်နိုင်သည်ကို အသိအမှတ်ပြုရပေမည်။ အလားတူပင် ဂလိုဘယ်ထိုးနှက်ချက်ကို ကြံ့ကြံ့ခံထားနိုင်သည့် အိန္ဒိယ၏ "ဘ၀ပုံစံဟောင်း"၊ ကိုလိုနီပြုသူ၏ ဘာသာစကားကို ယုံကြည်မှုအပြည့်ဖြင့် ပွေ့ဖက်ခြင်း စသည်တို့မှာလည်း ယဉ်ကျေးမှုထိန်းသိမ်းလိုသူ မြန်မာတို့အဖို့ စူးစမ်းကြည့်သင့်သည့်အရာများဖြစ်ပါ၏။ မြန်မာပြည်ကိုဖွင့်လှစ်ခြင်းဖြင့် အဓွန့်ရှည်တည်တံ့အောင် ဆောင်ရွက်နိုင်ကြရန် ဆန္ဒပြုပါသတည်း။


ရည်ညွှန်း။                                                                      
1. Gucharan Das, “India: How a Rich Nation Became Poor and Will Be Rich Again” in Developing Cultures: Case Studies, eds., Lawrence E. Harrison and Peter L. Berger (Routeledge, 2006).
2. Gucharan Das' Official Blog, http://gucharandas.blogspot.com
3. Aung San Suu Kyi, “Burma and India: Some Aspects of Intellectual Life under Colonialism” ( Indian Institute of Advanced Study, Shimla, in association with Allied Publishers, 1990).
4. Lee Kuan Yew, “The Grand Master's Insights on China, the United States, and the World”, Interview and Selections by Graham Allison and Robert D. Blackwill, with Ali Wyne (Belfer Center for Science and International Affairs, MIT, 2012).