Saturday, August 3, 2013

ရှစ်လေးလုံးအရေးတော်ပုံ နှင့် မြန်မာ့သမိုင်းကြောင်းဆိုင်ရာ အယူအဆနှစ်ခု


မြန်မာစကားတွင် ရာဇ၀င်ဘီး တစ်ပတ်လည်သည် ဟူသော အသုံးအနှုန်း ရှိ၏။ သမိုင်းဖြစ်ရပ်များ တစ်ကျော့ပြန်လည်တတ်ခြင်းကို ရည်ညွှန်းသည်။ မြန်မာ့သမိုင်းကို ဆင်တူဖြစ်စဉ်များ အကြိမ်ကြိမ် တစ်ကျော့ပြန်နေသော သမိုင်းကြောင်းအဖြစ် ပညာရှင်အချို့က မှတ်ချက်ပြုခြင်းများရှိ၏။ ပထမ မြန်မာနိုင်ငံတော်၊ ဒုတိယ မြန်မာနိုင်ငံတော်၊ တတိယ မြန်မာနိုင်ငံတော် စသဖြင့် အကြိမ်ကြိမ် တည်ထောင်ခဲ့၊ ပြိုကွဲခဲ့သည့်တိုင်  နိုင်ငံတော် အုပ်ချုပ်ရေးဆိုင်ရာ အခြေခံများ မပြောင်းလဲ၊ ရှေးကနှင့် ပုံစံတူသည့်အဖြစ်ကို ၎င်းတို့က ထောက်ပြကြသည်။ ထိုအယူအဆကို တင်ပြခဲ့သူများတွင် အစောပိုင်း ဟာဗေး (G.E. Harvey) နှင့် နောက်ပိုင်း အောင်သွင် (Michael Aung-Thwin) တို့ ပါဝင်သည်။ ရှေးပုဂံခေတ် ကတည်းက ရှိခဲ့သည့် အယူအဆစွဲများအကြားမှ ရုန်းမထွက်နိုင်ပဲ သံသရာလည်နေသည့် ကုန်းဘောင်ခေတ် အုပ်ချုပ်ရေးကို ဝေဖန်ရာတွင် ဟာဗေး က ဤသို့ ဆိုခဲ့သည်။

‘၎င်းတို့၏ ၁၉ ရာစု အိုင်ဒီယာများမှာ ၉ ရာစုက အတိုင်းပင် (မပြောင်းမလဲ) ဆက်လက်ကျန်နေ၏။ ဘုရားတည်ရန်၊ သြဇာခံ နယ်စားပယ်စားများထံမှ သမီးကညာ ကောက်ယူရန်၊ ကျွန်အဖြစ် သိမ်းပိုက်ယူရေး စွမ်းစွမ်းတမံတိုက်ပွဲများဆင်နွှဲရန်၊ ဆင်ဖြူတော်များအတွက် စစ်တိုက်ရန် စသည့် ခံယူချက်များမှာ သူ့အချိန်သူ့အခါက လျှမ်းလျှမ်းတောက်ခဲ့ပေမည်။ သို့ရာတွင် ယင်းကို ကျော်၍ မရွှေ့နိုင်သော ဘုရင်စနစ်သည်ကား ပျက်ကိန်းနှင့် ကြုံရမည်မှာ မုချဖြစ်တော့၏။’ [1]

နောက်ပိုင်း အလားတူ အယူအဆကို နိုင်ငံတော်နှင့် လူ့ဘောင်အဖွဲ့အစည်းများအကြား ဆက်ဆံရေးဆိုင်ရာ ပါရာဒိုင်း တစ်ခုအဖြစ် အောင်သွင်က တည်ဆောက် တင်ပြခဲ့သည်။ သူ၏ ကြောင်လိမ်ဥပမာ စာတမ်း[2] တွင် ပါမောက္ခအောင်သွင်က ဤသို့ရေး၏။

‘၎င်းတို့ (မြန်မာ့အင်စတီကျူးရှင်းများ) ၏ ခွန်အားကို ကြောင်လိမ်လှည့်ပတ်သည့် စက်ဝိုင်းများပုံစံ ဖော်ထုတ်ခဲ့၊ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ အဟောင်းများကို ပယ်ဖျက်ကာ အခြေခံကျကျ သစ်လွင်သည်များကို ဖန်တီးရခြင်းအစား ရှိပြီးသားအင်စတီကျူးရှင်းတို့ ချဲ့ထွင်လာခြင်း၊ ကျုံ့သွားခြင်း ဖြစ်စဉ်ကိုသာ တွေ့ရ၏။ ထို ကြောင်လိမ်ပုံစံများက မြန်မာ့သမိုင်း၏ ခေတ်တစ်ခေတ်နှင့် နောက်တစ်ခေတ်အကြား ဆင်တူမှု ကွဲပြားမှုတို့ကို ထင်ဟပ်ပြနေသည်။’ [3]

၎င်း၏ အယူအဆအရ မြန်မာ့လူ့ဘောင်အနေဖြင့် အပြောင်းအလဲကို လက်ခံသည့်တိုင် အသစ် ပုံစံထုတ် တည်ဆောက်ရခြင်းအစား ပုံစံဟောင်းကို စံနမူနာထားလိုသည့် သဘောရှိပေရာ မြန်မာ့သမိုင်းကြောင်း၏ ဖွံ့ဖြိုးမှုသည် မျဉ်းဖြောင့် (linear) ပုံစံ မဟုတ်ပဲ ‘ပိုမိုဖြူစင်သော’ အတိတ်[4] သို့ ပြန်သွားလိုစိတ်ဖြင့် မောင်းနှင်သည့် အပြောင်းအလဲအဖြစ် ကြောင်လိမ် (spiral) ပုံစံ ဖြစ်ထွန်းလာကြောင်း သိရသည်။ ယနေ့ထိတိုင် ထိုအယူအဆများ လိုက်ပါဆဲ ရှိသည့်အဖြစ်ကို ၁၉၆၂ ခုနှစ် တပ်မတော်မှ အာဏာသိမ်းကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အဖြစ် ပြန်လည်ထူထောင်ရန် အားထုတ်ခြင်း၊[5] ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ကို အလယ်ပိုင်း ခြောက်သွေ့ရပ်ဝန်းရှိ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ခြင်း[6] တို့က သက်သေထူနေကြသည်ဟု အောင်သွင်က မှတ်ချက်ပြုသည်။

အခြားတစ်ဖက်တွင် ၁၈၈၆ ခုနှစ် ဗြိတိသျှအင်ပါယာအတွင်းသို့ သွတ်သွင်းခံရခြင်းက ခေတ်သစ်ပုံစံသစ်ကို ဖြစ်ထွန်းစေခဲ့သည့်တိုင် ကိုလိုနီခေတ်၏ ရှေ့ပိုင်း မြန်မာဘုရင်များ အုပ်ချုပ်သည့် ကာလများသည် လုံးဝ ရပ်တန့်နေသော၊ ထပ်တလဲလဲချည်းသာဖြစ်နေသာ သမိုင်းကြောင်းမဟုတ်ခဲ့ ဟူသည့် အယူအဆသည်လည်း အခိုင်အမာရှိ၏။ ထိုအယူအဆကို တင်ပြသူ လီဘာမန် (Victor Lieberman) က ၎င်း၏ မြန်မာ့သမိုင်းကို ဘာသာပြန်ခြင်း[7] စာတမ်း၌ ဤသို့ဆိုခဲ့သည်။

‘စာရေးသူ ဖတ်မိသမျှ အထောက်အထားများ အရမူ ၉ ရာစုမှ ၁၉ ရာစုနှောင်းပိုင်း ကာလအတွင်း မြန်မာပြည်အနေဖြင့် အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး အသွင်ပြောင်းမှုများ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ရသည်။ ထိုအပြောင်းအလဲများမှာ ၁၈၈၅ ခုနှစ်နောက်ပိုင်း ဖြစ်ပျက်သည်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ အကန့်အသတ်ရှိသည့်တိုင် ကိုလိုနီခေတ်မတိုင်မီ ကာလတစ်လျှောက် တရားစီရင်ရေး၊ (အုပ်ချုပ်မှု) ပုံစံ၊ (စနစ်ကို) မောင်းနှင်လည်ပတ်မှုတို့တွင် ပြောင်းလဲခဲ့သည့် အစုအပေါင်းကို အထင်ကရအဆင့် တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။’ [8]

လီဘာမန်က သူ့အယူအဆကို ထုတ်ဖော်ရာ၌ လွန်စွာ ဝေးကွာလှသည့် အရပ်မှ ကြည့်သည့်အခါ မြေမျက်နှာပြင်သည် တစ်ပြေးညီတည်းရှိသယောင် ထင်ရတတ်ခြင်းကို နမူနာပေးသည်။ မြန်မာ့ထီးနန်း၏ အပြောင်းအလဲဖြစ်လိုသည့် သဘောထား တိုးတက် ဖြစ်ထွန်းလာရာတွင် ကိုယ်တိုင် အားထုတ်စမ်းသပ်ခြင်း၊ နိုင်ငံခြားမှ ကျူးကျော်မှုများ၊ ပြည်တွင်း လယ်ယာနှင့် လူဦးရေပျံ့နှံ့မှု၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု စသည်တို့က တွန်းအားပေးခဲ့သည်ဟု သူကဆိုသည်။ ဥပမာအချို့ကို ကောက်နှုတ်ပြရလျှင် တောင်ငူခေတ်တွင် ဥရောပသား လက်နက်ကိုင်များ ကို ဆင်တပ်၊ ခြေလျှင်တပ်များနှင့် ပေါင်းစပ် ဖွဲ့စည်းလာခြင်းကို ထောက်ပြသည်။ အုပ်ချုပ်ရေးတွင် ဒုတိယ (တောင်ငူ) အင်းဝခေတ်မှ စတင်ကာ  ထိပ်တန်း မင်းညီမင်းသားများအား အထင်ကရမြို့များသို့ စေလွှတ်၍ အပိုင်စား နန်းစံစေမှုကို ပယ်ဖျက်ခဲ့သည်။ ထို့ပြင် ဆိပ်ကမ်းမြို့များ၏ ၀င်ငွေကို ဘုရင့် ဘဏ္ဍာတော်အဖြစ် ထည့်သွင်းစီမံလာခဲ့ရာ ရန်ကုန်ဆိပ်ကမ်း၏ တစ်နှစ်ဝင်ငွေသည် ကျောက်ဆည်ခရိုင်၏ တစ်နှစ်ဝင်ငွေကို ကျော်တက်သည်အထိ ဖြစ်ထွန်းလာခဲ့သည် ဟု ကိုးနစ် (William J. Koenig) ၏ စာတမ်းကို ကိုးကား တင်ပြထားသည်။ ၁၅ ရာစု နှောင်းပိုင်းမှသည် ၁၆ ရာစုဦးပိုင်းမှ စတင်ကာ (အခွန်တော်ငွေကို ထိခိုက်စေနိုင်သော) ဘာသာရေးအတွက် မြေလှုဒါန်းမှုများအစား ငွေကြေးလှုဒါန်းမှုများ ခေတ်စားလာသည်။ ထို့ပြင် စုစည်းအုပ်ချုပ်နိုင်သည့်အင်အား ပြောင်းလဲတိုးတက်လာပုံကို ပြဆိုရာဝယ် ပုဂံပျက်ပြီးနောက် တိုင်းပြည်အ၀န်း ဖရိုဖရဲဖြစ်ကာ စုစုစည်းစည်း မရှိခဲ့သည်မှာ နှစ်ပေါင်း ၂၆၈ နှစ်မျှ ကြာခဲ့သော်လည်း တောင်ငူပျက်ပြီးနောက် ၁၅ နှစ်အတွင်း တိုင်းပြည်ကို ပြန်လည်စုစည်းနိုင်ခဲ့သည့် အချက်ကို ထောက်ပြသည်။ မြန်မာ့ထီးနန်းအနေဖြင့် ၁၅ ရာစုနောက်ပိုင်းမှ စတင်ကာ ဆိပ်ကမ်းမြို့များ၏ အရေးပါမှုကို သိသိသာသာပင် လက်ခံလာပြီး အုပ်ချုပ်ရေး၊ ဘာသာရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်မှုများကို ဆက်လက် ဖော်ဆောင်လာခဲ့သည်မှာ ၁၈၈၅ ခုနှစ် ဘုရင်စနစ် အဆုံးသတ်သည်အထိဟု လီဘာမန်က ငြင်းချက်ထုတ်သည်။[9]

၁၉၆၂ ခုနှစ် နောက်ပိုင်း မဆလ အစိုးရမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့် နိုင်ငံရေး၊ စီးပွားရေး အပါအ၀င် နယ်ပယ်အသီးသီး၌ ဖော်ဆောင်ချက်များသည် အတိတ်သို့ ပြန်လည်ဦးတည်ခြင်း (၀ါ) ရာဇ၀င်ဘီး တစ်ပတ်ပြန်လည်ရန် အားထုတ်ခြင်းဖြစ်သည်ဟူသော အယူအဆကိုလည်း လီဘာမန်က လက်မခံချေ။ ၎င်းက ဤသို့ ချေပသည်။

အခြေခံ ခေတ်ပြိုင် အင်စတီကျူးရှင်းများ ထူထောင်ကာ ပိုလျှံသည့် လယ်ယာထွက်ကုန်များကို ဗဟိုမှ ချုပ်ကိုင်ဝယ်ယူခြင်း၊ ကြိတ်ခွဲပြုပြင်ခြင်း၊ အစိုးရမှ ကြပ်မတ်ကာ လူသုံးကုန်ပစ္စည်းများ ဖြန့်ဝေခြင်း၊ နိုင်ငံတော်အဆင့် ကျန်းမာရေး၊ ပညာရေး၊ ချေးငွေ လုပ်ငန်းများ စသည်တို့ကို ဆောင်ရွက်ရန်မှာ ကိုလိုနီခေတ်၏ စီးပွားရေး တော်လှန်မှုမတိုင်မီ ပုံစံအရ ဖြစ်နိုင်ဖွယ်ရာ မရှိချေ။ ခေတ်သစ်မတိုင်မီ မြန်မာ့သမိုင်းကို စက်ဝိုင်းပုံလည်ပတ်ခြင်းအဖြစ်၊ ၎င်း၏ လူမှုစည်းရုံးလှုပ်ရှားသည့် ပုံစံကို ပုံသေအဖြစ် သတ်မှတ်သည်ဆိုလျှင် လက်ရှိ (မဆလ) အစိုးရသည် မျဉ်းဖြောင့်ဖွံ့ဖြိုးမှု၊ စီးပွားရေးတိုးတက်မှု၊ လှုမှုဘ၀ပြုပြင်ခြင်း စသည်တို့ကို ဗြိတိသျှတို့၏ နည်းလမ်းများအတိုင်း လုပ်ဆောင်လာသည်ကို တွေ့ရမည်ဖြစ်သည်။[10]

ဆိုခဲ့သည့် အယူအဆနှစ်ခုတို့ ကြက်ခြေခတ် ဖြတ်သန်းသွားသကဲ့သို့ရှိရာတွင် ဆုံမှတ် (၀ါ) တူညီချက်မှာ ၁၈၈၆ ခုနှစ် ဗြိတိသျှ အင်ပါယာတွင်းသို့ သွတ်သွင်းခံရခြင်းက မြန်မာ့သမိုင်းအပေါ် စူးစူးနက်နက် သက်ရောက်စေခဲ့သည် ဆိုသော အချက်၌ဖြစ်သည်။[11] ဗြိတိသျှကျူးကျော်မှုကြောင့် တတိယမြန်မာနိုင်ငံတော် ပြိုလဲပြီး အုပ်ချုပ်ရေးပုံစံ လုံးဝပြာင်းလဲသွားသည်ဖြစ်ရာ မြန်မာ့သမိုင်းတွင် ကိုလိုနီခေတ် မတိုင်မီနှင့် ကိုလိုနီခေတ် ဟူသော ကာလအပိုင်းအခြားသည်လည်း ပေါ်ပေါက်လာသည်။ ဆရာအောင်သွင်၏ လမ်းကြောင်းအတိုင်း လိုက်ပါက ၁၈၈၆ - ၁၉၆၂ ခုနှစ်အကြား ၇၆ နှစ်တာ ကာလသည် မြန်မာ့သမိုင်း၏ ကွက်လပ်တစ်ခု ဖြစ်ပြီး ယင်းနောက်ပိုင်းမှသာ စတုတ္တမြန်မာနိုင်ငံတော်အဖြစ် [sic] နိုင်ငံကို ပြန်လည်တည်ဆောက်ရန် အားထုတ်ခဲ့သည်မှာ ယနေ့အထိဖြစ်သည်။[12]

ဤနေရာ၌ ‘ရှစ်လေးလုံးအရေးတော်ပုံ’ က မြန်မာ့သမိုင်းကို မည်သို့ သက်ရောက်စေသည်၊ မည်သည့်နေရာမှ သက်ရောက်စေသည် ဟူသော မေးခွန်းများမေးရန် လိုအပ်လာသည်။ အရေးတော်ပုံ ဟူသော မြန်မာစကားကို ကိုလိုနီခေတ် မတိုင်မီကတည်းက စတင်အသုံးပြုခဲ့ပြီး မင်းညီမင်းသား အထက်တန်းလွှာတို့အကြား ပါဝါအတွက် ရုန်းကန်မှု၊ ပုန်ကန်မှုကို ကိုယ်စားပြုသည် ဟု ပါမောက္ခ တေလာ (Robert H. Taylor) ကဆိုသည်။[13] သမိုင်းပညာရှင် ဒေါက်တာ ရီရီ၏ လေ့လာချက်အရ မြန်မာစာပေတွင် ကိုလိုနီခေတ် မတိုင်မီကာလက အရေးတော်ပုံ အမည်တပ် ကျမ်း ကိုးကျမ်းထက်မနည်း ပေါ်ထွက်ခဲ့ရာ ဓည၀တီ အရေးတော်ပုံ၊ ရာဇာဓိရာဇ် အရေးတော်ပုံ၊၊ ဟံသာဝတီ ဆင်ဖြူရှင် အရေးတော်ပုံ၊ ညောင်ရမ်းမင်း အရေးတော်ပုံ၊ အလောင်းမင်းတရာကြီး အရေးတော်ပုံ တို့မှာ ထင်ရှားကြောင်း သိရသည်။[14] ကိုလိုနီခေတ်တွင် ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ၊ တစ်ထောင့်သုံးရာပြည့် အရေးတော်ပုံ၊ မြန်မာ့လွတ်လပ်ရေး အရေးတော်ပုံ တို့မှာ  ဗြိတိသျှဆန့်ကျင်ရေး လှုပ်ရှားမှု၏ အထင်ကရ မှတ်တိုင်များ ဖြစ်လာကြသည်။

ယခုအခါ ရှစ်လေးလုံးအရေးတော်ပုံကို ကျောင်းသားများစတင်ခဲ့သည့် ဒီမိုကရေစီရေး ပြည်သူ့လှုပ်ရှားမှုကြီးအဖြစ် အသိအမှတ်ပြု လက်ခံထားကြသည်။ ထိုစဉ်က အာဏာရ အစိုးရ၏ နောက်ဆုံးသမ္မတအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာမောင်မောင်ကမူ ယင်းကို မင်းမဲ့စရိုက် လွှမ်းမိုးသည့် ရက်စက်ကြမ်းကြုပ်မှုများနှင့် ပြည်ပမီဒီယာ၏ ထိုးနှက်ချက် ဟု သတ်မှတ်သည်။[15] အခြားတစ်ဖက်၌မူ မင်းမဲ့စရိုက်များသည် အစိုးရမှ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့မှုဟု စွပ်စွဲခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ် လကုန်တွင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အကျဉ်းသား ၉၀၀၀ ကျော် လွတ်မြောက် (သို့မဟုတ်) လွှတ်ပေးခဲ့ခြင်းအတွက် အစိုးရမှ ဂဃနဏ ရှင်းမပြနိုင်ခဲ့ခြင်းကို စမစ် (Martin Smith) က အကိုးအကားများဖြင့် ထောက်ပြသည်။[16] တစ်ချိန်တည်းမှာပင် ရှစ်လေးလုံး အရေးတော်ပုံတွင် ဒီမိုကရေစီရေး တောင်းဆိုသံများ၏ နောက်ကျမှုကို တန်ပြန် ထောက်ပြမှုများ ရှိခဲ့သည်။ အရေးအခင်းများနှင့် ပတ်သက်၍ ထိုစဉ်က ရန်ကုန်မြို့တွင် တာဝန်ကျသည့် အနောက်တိုင်း သံတမန်တစ်ဦးက အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့သည်ဟု လစ်တနာ  ကို ကိုးကား၍ ဒေါက်တာမောင်မောင်က ဆိုသည်။[17]

‘ကျောင်းသားလှုပ်ရှားမှုနှင့် ၎င်းတို့ကို ဂရုဏာသက်ပြီး ၀န်းရံလာကြသည့် လူထုကြီးတွင် ထိုအချိန်ထိ (ဦးတည်ချက်တစ်ရပ်ကို) အာရုံစိုက်ခြင်းမျိုး လုံးဝမရှိခဲ့ချေ။ ယင်း၌ အခြေခံအားဖြင့် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု၊ ရက်စက်ကြမ်းကြုတ်ခြင်း (နှင့် နှိမ်နင်းမှုများ) ကို ဆန့်ကျင်မှု၊ အလဟဿ ပေါ်လစီများအပေါ် စိတ်ပျက်လက်ပျက် တုံ့ပြန်မှု၊ ဆန္ဒထုတ်ဖော်ခြင်း၊ မျှော်လင့်ချက်မဲ့နေသည့် ကျောင်းသားများ၊ အနာဂတ် ပျောက်ဆုံးခြင်း တို့ ရောပြွမ်းနေသည်။ ဦးတည်ရာမဲ့နေသည်။ နေ၀င်းက ပါတီစုံစနစ်ကို တင်သွင်းလိုက်သည့်အခါ အမှတ်မထင် ဦးတည်ချက်ချပေးသကဲ့သို့ဖြစ်သွားပြီး ထိုနောက်ပိုင်းမှစကာ ကျောင်းသားများ ဒီမိုကရေစီ အော်ကြလေတော့သည်။’ [18]

သို့ရာတွင် ရှစ်လေးလုံး အရေးတော်ပုံသည် လက်လွန်သွားသော အဓိကရုဏ်းများသာ ဖြစ်သည်ဟူသည့် ဒေါက်တာမောင်မောင် နှင့် အောင်သွင် တို့၏ အဆောတလျင် အဆုံးအဖြတ်ပေးမှု[19] ကို ဤဆောင်းပါးက လက်မခံပါ။ ထို့ပြင် ဤအရေးတော်ပုံသည် (မြန်မာ့သမိုင်းမှ အခြားသော အရေးတော်ပုံတို့ကဲသို့ပင်) ပါဝါအထက်တန်းလွှာများ၏ အားပြိုင်မှု တစ်ခုသာဖြစ်သည် ဟူသော ပါမောက္ခအောင်သွင်၏ အယူအဆ[20] ကိုလည်း ငြင်းပယ်သည်။ ပါဝါအားပြိုင်မှုများကား အထင်အရှားဖြစ်၏။ သို့သော် ယင်းအားပြိုင်မှုများမှာ (သမိုင်းတွင် ကြုံခဲ့ပြီးသည်များကဲ့သို့) အရေးတော်ပုံ၏ အကြောင်းရင်း (cause) မဟုတ်။ အရေးတော်ပုံ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများ (effects) အကြား မဖြစ်မနေ နေရာယူလာရာမှ ပေါ်ထွက်လာခြင်းသာ ဖြစ်၏။ ထို့ပြင် ရှစ်လေးလုံး အရေးတော်ပုံ၌ ထူးခြားသည့် သမိုင်းလက္ခဏာများ အောက်ပါအတိုင်း ရှိနေသည်ကိုလည်း ဤဆောင်းပါးက အသိအမှတ်ပြုသည်။

-        မြန်မာ့သမိုင်းတွင် အုပ်ချုပ်သူ အစိုးရမင်းကို ပြည်သူက လက်နက်မဲ့ ပုန်ကန် ခြင်းမှာ ပထမဆုံးဖြစ်၏။[21]

-        ပါဝါအထက်တန်းလွှာ (power elite) တို့မှ ဦးဆောင်သည့် အရေးတော်ပုံမဟုတ်။ ကျောင်းသားများမှ စတင်လှုံ့ဆော်ကာ အလုပ်သမား၊ အရပ်သားများ စသည့် လူထုကြီး ပါဝင်လာကြ ပြီးမှ ပါဝါအထက်တန်းလွှာတို့ ၀န်းရံလာခြင်းဖြစ်၏။[22]

-        ပါဝါအထက်တန်းလွှာများ အချင်းချင်း အားပြိုင်မှုကြောင့် အစောပိုင်း မြန်မာနိုင်ငံတော်များ ပြိုလဲခဲ့ရာတွင် အနိုင်ရသူက အုပ်ချုပ်သူ အသစ်ဖြစ်လာပြီး အခြေခံကျသည့် ပြောင်းလဲမှုများမရှိခဲ့ပဲ စနစ်ဟောင်းအတိုင်းသာ ဆက်လက် သယ်ဆောင်ခဲ့ကြသည်။ တတိယမြန်မာနိုင်ငံတော်မှာ ပြည်ပ ကျူးကျော်မှုကြောင့် ပြိုလဲခဲ့ခြင်းဖြစ်၏။ ကိုလိုနီ အုပ်ချုပ်ရေးက အခြေခံကျကျ ပြောင်းလဲမှုများကို ဖော်ဆောင်ခဲ့သော်လည်း တိုင်းတစ်ပါး၏ ပြဋ္ဌာန်းချက် အဖြစ်သာ နေရာရခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ကိုယ်ပိုင် ဖန်တီးခွင့်ရှိသည့် လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တည်ထောင်ကာ တံခါးပိတ်သည့် ပုံစံ (ဟောင်း) ကို အသက်သွင်းခဲ့ခြင်းမှာ သက်သေဖြစ်၏။ ရှစ်လေးလုံး အရေးတော်ပုံမှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည့်တိုင် ၎င်း၏ အမွေအဖြစ် နိုင်ငံရေးတွင် ပါတီစုံစနစ်ကို အသိအမှတ်ပြု ရှေးရှုခြင်း၊ ဈေးကွက် စီးပွားရေးကို ရှေးရှု ဖော်ဆောင်လာခြင်း[23] များအား သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာအုပ်ချုပ်သူများ ကိုယ်တိုင်မှ ကမကထပြု ဆောင်ရွက်လာစေခဲ့သည်။ ဤအခြေခံကျသော ပြောင်းလဲမှုများကို ပြင်ပမှ သြဇာညောင်း ပြဋ္ဌာန်းမှုကြောင့် အဓိကမဟုတ်ဘဲ ပြည်တွင်းကို အခြေပြုသည့် လှုံ့ဆော်မှု ‘အင်အား’ ကြောင့် ဖော်ဆောင်ရခြင်း (indigenous initiative) မှာလည်း ပထမဆုံးအကြိမ်ဖြစ်၏။[24]

ဆိုခဲ့သည့် ၀ိသေသ လက္ခဏာများက ရှစ်လေးလုံး အရေးတော်ပုံတွင် မြန်မာ့သမိုင်းကို အခြေခံကျကျ ပြောင်းလဲနိုင်မည့် အစွမ်းသတ္တိများ ရှိနေသည့်အချက်ကို အထင်အရှား ညွှန်ပြနေကြသည်။ တစ်ချိန်တည်းမှာပင် အရေးတော်ပုံ၏ ကနဦး သက်ရောက်မှုအဖြစ် ယနေ့ မြန်မာပြည်တွင် နိုင်ငံရေးစနစ်၊ စီးပွားရေးပုံစံနှင့် လူ့ဘောင်ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု အရွေ့များကို မြင်လာရသည်။ လီဘာမန်၏ အယူအဆနှင့် နီးစပ်သည့် သမိုင်းကြောင်းပုံစံ အားကောင်းလာသည့် သဘောဖြစ်၏။ ရေရှည်အတွက်မူ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းများ အနေဖြင့် ရှစ်လေးလုံး အရေးတော်ပုံ၏ အမွေကို မည်မျှဝေးဝေးထိ စုစုစည်းစည်း လက်ဆင့်ကမ်းသွားနိုင်မည်ဆိုသော အချက်ပေါ်တွင် မူတည်သည်။ တစ်ဖန် ထိုလက်ဆင့်ကမ်းနိုင်ခြင်းကပင် အနာဂတ် မြန်မာပြည်သည် ဆရာအောင်သွင် ယူဆသကဲ့သို့ ကြောင်လိမ်ဖြစ်စဉ်များ၏ တစ္ဆေခြောက်ခံရခြင်းမှ လွတ်မြောက်ဖွယ် ရှိမရှိကို အဆုံးအဖြတ် ပေးမည်ဖြစ်သည်။ ထိုအဖြစ်များ လွန်မြောက်ပြီးသည့် အခါမှသာ ရှစ်လေးလုံး အရေးတော်ပုံအား မြန်မာနိုင်ငံတော်၏ မာရသွန်ခရီးရှည်မှ တာထွက်ပွိုင့် အသစ်တစ်ခုအဖြစ် အနာဂတ် မျိုးဆက်များက လက်ခံလာကြမည် ဖြစ်ပါသည်။




မှတ်စုများ

[1] G. E. Harvey, History of Burma: From the Earliest Times to March 1824 The Beginning of the English Conquest. (London: Frank Cass & Co. Ltd.  1925 & 1967) p. 249.

[2] Michael Aung-Thwin, “Spirals in Early Southeast Asian and Burmese History” in Journal of Interdisciplinary History, Vol. 21, No. 4. (Spring, 1991), pp. 575-602.

[3] ၎င်း - p. 592.

[4] “purer” past  ၎င်း - p. 600.

[5] ၎င်း - p. 591. ထို့ပြင် Michael Aung-Thwin, “1948 And Burma’s Myth of Independence” in Josef Silverstein (ed,), Independent Burma at Forty Years: Six Assessments (Ithaca, 1989), pp. 19-34 လည်းရှု။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးသည် သာမန် ပြည်သူအများစုတို့၏ နေ့စဉ်ဘ၀ကို သက်ရောက်စေခဲ့ခြင်း မရှိသည့်ပြင် အထက်တန်းလွှာတို့အကြားမှ ကိုလိုနီစိတ်ကို ရပ်တန့်စေခဲ့ခြင်း မရှိ (၀ါ) ကိုလိုနီစနစ်ကို ရပ်တန့်စေခဲ့ခြင်းမရှိဟု ထိုဆောင်းပါးက သုံးသပ်သည်။ အခြားတစ်ဖက်တွင် ၁၉၆၂ ခုနှစ် အာဏာသိမ်းခြင်းမှာ မြန်မာတို့၏ ဘ၀င်ကို ခိုက်စေသည့် လွတ်လပ်ရေးအစစ်ကို ထူထောင်ခြင်းဟု ထောက်ပြသည်။ pp. 23-24 ရှု။

[6] From Rangoon to Pyinmana by Michael Aung-Thwin in Bangkok Post, 26 November 2005 (Obtained from http://www.burmanet.org/news/2005/11/28/bangkok-post-from-rangoon-to-pyinmana/ , accessed 25 July 2013). ထို့ပြင် အနှစ် ၂၃၀၀ နီးပါး သက်တမ်းရှိသည့် မြန်မာ့သမိုင်းတွင် တိုင်းပြည်၏ အာဏာထိုင်ခုံ (၀ါ) ရာဇပလ္လင်သည် နှစ်ပေါင်း ၂၁၇ နှစ်မှလွဲ၍ (ကျန်ကာလများတွင်) အလယ်ပိုင်း ခြောက်သွေ့ရပ်ဝန်း၌သာ တည်ရှိခဲ့သည် ဟူလို။ A History of Myanmar Since Ancient Times: Traditions and Transformations by Michael Aung-Thwin and Maitrii Aung-Thwin (Reaktion Books, 2012) p. 129 ရှု။

[7] Victor Lieberman, “Reinterpreting Burmese History” in Comparative Studies in Society and History, Vol. 29, No. 1 (Jan., 1987), pp. 162-194.

[8] ၎င်း - p. 164.

[9] ၎င်း - pp. 174-182. ကိုးနစ်၏ စာတမ်းအတွက် William J. Koenig. “The Early Kòn-baung Polity, 1752-1819: A Study of Politics, Administration and Social Organization in Burma” (Ph.D. diss., University of London, 1978) pp. 240-241 ကို ရည်ညွှန်းသည်။

[10] ၎င်း - p. 189.

[11] Aung-Thwin, 1948 And Burma’s Myth of Independence (20-21); Lieberman, Reinterpreting Burmese History (162-163)  

[12] Michael Aung-Thwin and Maitrii Aung-Thwin, A History of Myanmar (2012) pp. 245-246.  ဤနေရာ၌ ၁၉၆၂ (တပ်မတော် အာဏာသိမ်းချိန်) -၂၀၁၁ (ရွေးကောက်ပွဲများဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာချိန်) အပိုင်းအခြားကို ကာလတစ်ခုတည်းအဖြစ် သတ်မှတ်သည်။ 

[13] Robert H. Taylor, “Burmese Concepts of Revolution”, in: Mark Hobart and Robert H. Taylor (ed.) Context, Meaning and Power in Southeast Asia. Ithaca, Cornell University (1986), pp. 79-92. p. 82 ရှု။

[14] ဒေါက်တာ ရီရီ၊ “အရေးတော်ပုံကျမ်းများ ပြဿနာ” ကန်သာစိမ်းလဲ့ စာတမ်းများ (မင်းလှစာပေ ၁၉၆၉) စာ။ ၃၀-၆၂။

[15] Dr. Maung Maung, The 1988 Uprising in Burma (Yale University Southeast Asia Studies, 1999), pp. 172-173.

[16] Martin Smith, Burma: Insurgency and The Politics of Ethnicity (Revised and Updated, White Lotus, 1999) pp. 12-13. စမစ် က ၎င်း၏လက်ဝယ်ရှိ စာတမ်းတစ်စောင်ကို ကိုးကားတင်ပြရာတွင် ထိုစာတမ်း၌ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဦးနေ၀င်း နေအိမ်၌ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး လက်ရှိအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း၊ အတိုက်အခံ လှုပ်ရှားမှုကို ချေမှုန်းရန် နည်းဗျူဟာသစ်များ လိုအပ်သည့်အချက်ကို တက်ရောက်သူများက သဘောတူကြကြောင်း၊ ထိုဗျူဟာ၏ ပထမအဆင့်တွင် ကျောင်းသားများအား လူထုနှင့် ခွဲထုတ်ရန်၊ ဒုတိယအဆင့်တွင် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် ခေါင်းမာသူများကို ပွဲသိမ်းချေမှုန်းရန် ဖြစ်ကြောင်း၊ ယင်းအတွက် စစ်သားများကို နိုင်ငံအနှံ့သို့ လျှို့ဝှက်စေလွှတ်ကာ အဖျက်လုပ်ရပ်များ လုပ်ဆောင်စေရန်၊ ထိုမှတစ်ဆင့် လူထုနှင့် ကုန်သည်ပွဲစားတို့ အနေဖြင့် တပ်မတော်၏ အကာအကွယ်ကို မျှော်လင့်တောင်းခံလာရန်၊ အခြေအနေများ ဆက်လက် ယိုယွင်းလာသည်နှင့်အမျှ လူထုအနေဖြင့် ဦးတည်ရာမဲ့သည့် စိတ်ရှုတ်စရာ ပါတီစုံစနစ်ဆိုသည်ကို သဘောပေါက်လာစေရန် ရည်ရွယ်ကြောင်း၊ ယင်းသို့ဖြင့် မကြာမီမှာပင် တပ်မတော်မှ အာဏာသိမ်းနိုင်ရန် အခြေအနေပေးလာမည်ဖြစ်ကြောင်း၊ အချိန်ကိုက် လုပ်ဆောင်ရန်သာ လိုကြောင်း၊ မင်းမဲ့စရိုက်များ မြန်မြန်ဆန်ဆန် ကျယ်ပြန့်လာပါက တပ်မတော်အနေဖြင့် မြန်မြန် တာဝန်ယူနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပါက အဖျက်လုပ်ငန်းများကို တိုး၍ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အတွက် ထောင်တွင်းမှ ရာဇ၀တ်သားများကို လွှတ်ပေးကာ ၎င်းတို့သဘောရှိ ဖျက်ဆီးစေမည့်အကြောင်း များ ပါဝင်သည် ဆို၏။ ထိုစာတမ်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ သတင်းစာမှ ပထမဆုံး လက်ခံရရှိကာ ပုံနှိပ်ဖော်ပြခဲ့ပြီး ပျံ့နှံ့သွားခဲ့သည်ဟု ဆိုသည်။ မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ စက်တင်ဘာ လဆန်းတွင် တပ်မတော်ယူနစ်များမှ အစိုးရဂိုဒေါင်များကို ဖောက်ထွင်းပစ္စည်းယူငင်ပြီး လုယက်လိုသူများအတွက် တံခါးဖွင့်ပေးထားခဲ့သည့် သတင်းများလည်း ရှိခဲ့သည်။

[17] Dr. Maung Maung (The 1988 Uprising., 1999) p. 173.

[18] Bertil Lintner, Outrage: Burma’s Struggle for Democracy (Hong Kong, 1989), p. 126.

[19] Dr. Maung Maung (The 1988 Uprising., 1999) pp. 171-173; Aung-Thwins (A History of Myanmar., 2012) pp. 257-259. သို့ရာတွင် ၁၉၈၈ ခုနှစ် အရေးအခင်းများနှင့် ပတ်သက်၍ ပညာရှင် စာတမ်းများ ယနေ့ထိ ထွက်ပေါ်မလာသေးခြင်းကို အောင်သွင်က အသိအမှတ်ပြုသည်။ ၎င်း- p. 302.

[20] Michael Aung-Thwin, Myth and History in the Historiography of Early Burma: Paradigms, Primary Sources, and Prejudices (Athens and Singapore, 1998), p. 158.

[21] တစ်ထောင့်သုံးရာပြည့် အရေးတော်ပုံကို လက်နက်မဲ့ တော်လှန်ရေးအဖြစ် အသိအမှတ် ပြုနိုင်သော်လည်း ယင်းမှာ မြန်မာ အစိုးရမင်းကို ပုန်ကန်ခြင်းမဟုတ်၊ ဗြိတိသျှနယ်ချဲ့အုပ်ချုပ်ရေးနှင့် ၎င်း၏ အဆက်အနွယ် ဘီအိုစီ ကုမ္ပဏီကို ဆန့်ကျင်မှု၊ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

[22] ၁၉၈၈ ခု မေလနှင့် ဇွန်လတွင်း အငြိမ်းစား ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီး၏ အိပ်ဖွင့်ပေးစာများ ပေါ်ထွက်လာခြင်းမှလွဲ၍ သြဂုတ်လ နှောင်းပိုင်းမှသာ ပါဝါအထက်တန်းလွှာများ စတင် ၀န်းရံလာကြခြင်း ဖြစ်သည်။ “၁၉၈၈ - ၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲမှတ်တမ်းများ”  All Burma Students’ Democratic Front, (Mesarieng, Thailand 2003); Smith (Burma., 1999) pp. 8-9 လည်းရှု။

[23] ပုဂံခေတ်မှ မဆလ ခေတ်အထိ ကျင့်သုံးခဲ့သည့် စီးပွားရေးပုံစံမှာ အစိုးရမှ လက်ဝါးကြီးအုပ်ပြီး ဈေးကွက်ကို ဖိနှိပ်သည့် ပုံစံဖြစ်သည်။ သမိုင်းကြောင်း တင်ပြချက်များအဖြစ် Harvey (History of Burma, 1925); J. S. Furnivall, An Introduction to the Political Economy of Burma, Yangon 1931; ဒေါက်တာရီရီ။ “ကုန်းဘောင်ခေတ် စစ်တမ်းများ” မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် Vol. 48 No. 1 (June 1966) pp. 71-127; သန်းထွန်း။ “ရှေးမြန်မာတို့ ၀မ်းစာရှာပုံ” ၊ ပုဂံခေတ် လူမှုရေး (ရာစုစာအုပ်တိုက် ၂၀၀၅);  ရှု။

[24] ဤလက္ခဏာက အောင်သွင်၏ သီအိုရီမှ ဖယ်ခွာပြီး ကိုလိုနီခေတ်မတိုင်မီ မြန်မာ့ထီးနန်း၏ ကိုယ်တိုင်စမ်းသပ်အားထုတ်လိုခြင်းကို အသိအမှတ်ပြုသည့် လီဘာမန် လမ်းကြောင်းနှင့် ပြန်လည်ကိုက်ညီသွားခြင်းကို ညွှန်ပြသည်။

Friday, May 31, 2013

မြန်မာ့ပြုပြင်ပြောင်းလဲရေးခရီးနှင့် စိန်ခေါ်ချက်များ






အသန်စွမ်းဆုံးသူပင်ဖြစ်စေ ခွန်အားကို တရားအဖြစ်၊ နာခံမှုကို တာဝန်အဖြစ် အသွင်ပြောင်းမယူနိုင်သရွေ့ အလိုရှိရာ စေနိုင်သည့် အရှင်သခင်ဖြစ်လောက်အောင် သန်စွမ်းသည်ဟု မဆိုနိုင်။ (ရူးဆိုး)[1]

Overheat ဖြစ်ခြင်းအကြောင်း

လွန်ခဲ့သော ခြောက်လခန့်က အစိုးရပိုင်းမှ မိတ်ဆွေတစ်ဦးနှင့် စကားစမြည်ပြောဆိုရင်း မြန်မာပြည်အပြောင်းအလဲများ overheat (အပူလွန်လောင်ကျွမ်းမှု) ဖြစ်နိုင်၊ မဖြစ်နိုင်နှင့် အလားအလာများကို ဆွေးနွေးဖြစ်ခဲ့သည်။ Overheat ဖြစ်ခြင်း ဆိုသည်ကို စက်ကရိယာတစ်ခု ဥပမာထား၍ အလွယ်တကူနားလည်နိုင်၏။ မော်တော်ယာဉ် တစ်စီးအား မောင်းနှင်ရာ၌ ထုတ်လုပ်စဉ်က သတ်မှတ်ပေးလိုက်သည့် အမြန်နှုန်း၊ ၀န်ခံနိုင်ရည် စသည်တို့ကို ပမာမထားပဲ ပရမ်းပတာ မောင်းနှင်ပါက အင်ဂျင်ပူလောင် ပျက်စီးခြင်း၊ တာယာအက်ကွဲခြင်းတို့နှင့် ကြုံရနိုင်သည်။ ဤကား ပထမ ဥပမာဖြစ်၏။ နောက်တစ်ခုမှာ မော်တော်ယာဉ်တစ်စီးကိုပင်  သတ်မှတ်နှုန်းထားများအောက် အသုံးပြု၊ မောင်းနှင်သော်လည်း ဆီ၊ ရေ၊ လေ၊ ၀ိုင် စသည့် အခြေခံ အထောက်အပံ့များကို လိုသလို ဖြည့်ဆည်းမပေးသည့် အတွက် စက်ချွတ်ယွင်း ပျက်စီးမှုနှင့် ရင်ဆိုင်ရသည့် ဥပမာဖြစ်သည်။ သတိရှိသော ယာဉ်မောင်းသူများ အနေဖြင့် (အထူးသဖြင့် ခရီးဝေးမောင်းနှင်ပါက) လမ်းခုလတ်၌ ၎င်းတို့ယာဉ် overheat မဖြစ်စေရေး အမြန်နှုန်းကို ကြည့်ရှုမောင်းနှင်ရုံသာမက ဆီ၊ ရေ၊ လေ၊ ၀ိုင်၊ ၀န် စသည်တို့ကို ဂရုစိုက်ကာ လိုအပ်သလို စီမံ၊ ဖြည့်တင်းကြရသည်မှာ ဓမ္မတာဖြစ်သည်။

ယနေ့မြန်မာနိုင်ငံ၌ အပြောင်းအလဲများစွာ ဖြစ်ထွန်းလျှက်ရှိနေသည်။  ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲများဖြင့် အာဏာရလာသော သမ္မတဦးသိန်းစိန် အစိုးရသည် တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်မည်ဟု ကြွေးကြော်၏။ အုပ်ချုပ်ရေးပိုင်းတွင် နှစ်ငါးဆယ်အတွင်း ပထမဆုံးအဖြစ် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထားသည့် လက္ခဏာများ တွေ့လာရ၏။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းအား ဆိုင်းငံ့စေခြင်းမှာ ထင်ရှားသော သာဓကဟု ဆိုနိုင်၏။ ယခင်အစိုးရကို ပုန်ကန်သည့် လှုပ်ရှားမှုကြီးဖြစ်သော ၈၈၈၈ နှစ်ပတ်လည်ပွဲအတွက် လက်ရှိအစိုးရမှ အလှုငွေထောက်ပံ့သည်အထိ နိုင်ငံရေးအရ ပြောင်းလဲမှုများရှိလာသည်။ အတိုက်အခံအင်အားစုများနှင့် အစိုးရအကြားး ရင်းရင်းနှီးနှီး တွေ့ဆုံမှုများမှာ သတင်းထူးမဟုတ်တော့။ မီဒီယာကဏ္ဍ၌ အစိုးရ၏ ချုပ်ကိုင်ထားမှုများကို ဖြေလျှော့ကာ လွတ်လပ်ခွင့်များ ရရှိလာသည်။ စီးပွားရေး၌လည်း အစိုးရနှင့် အစိုးရခရိုနီများမှ လက်ဝါးကြီးအုပ်ထားမှုကို  သိသိသာသာ လျှော့ချပေးခဲ့သည်။ အထူးစီးပွားရေးဇုံများ သတ်မှတ်ကာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များအတွက် သွင်းကုန်ကန့်သတ်မှုများကို ပယ်ဖျက်ပေးခဲ့ခြင်းမှာ ထင်ရှားသော လုပ်ရပ်များဖြစ်၏။ ဘဏ္ဍရေး၌လည်း အမေရိကန်ဒေါ်လာ - ကျပ်ငွေ လဲလှယ်မှုနှုန်းထားကို ပုံသေ သတ်မှတ်ထာခဲ့းရာမှ ကြပ်မတ်နှုန်းရှင် (managed float)  အဖြစ်သို့ ပြောင်းလဲ ရောင်းဝယ်လာနိုင်ခဲ့သည်။ ပြည်တွင်းဘဏ်လုပ်ငန်းများအား အစိုးရနှင့်တန်းတူနီးပါး လုပ်ပိုင်ခွင့်များပေးလာ၏။ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ ပြေလျော့သွားခဲ့ပြီးနောက် ၂၀၁၂- ၁၃ ဘဏ္ဍာနှစ်၌ ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ငါးဆ တိုးတက်လာသည် ဟုဆိုသည်။[2] ခရီးသွားဧည့်သည်များလည်း ဆပွားတိုးတက်လာ၏။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများလောက၌ မြန်မာ့ဈေးကွက်ကို အာရှ၏ နယ်မြေသစ် (new frontier) အဖြစ် တင်စားပြောဆိုလာကြ၏။ ထိုထိုသော တိုးတက်ပြောင်းလဲမှုများမှာ နှစ်နှစ်တည်း ဟူသော အချိန်တိုအတွင်း  ဖြစ်ထွန်းခဲ့ပေရာ အံ့မခန်း (miracle)[3] ဟုပင် တင်စားခေါ်ဝေါ်စရာ ဖြစ်လာခဲ့လေသည်။ 

သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်၌ တွေ့ဆုံကြစဉ်
 
သို့ရာတွင် စင်းလုံးချောကား မဟုတ်။ ကောင်းသတင်းများ၏ နောက်ကွယ်တွင် လောင်ကျွမ်းမှုများကိုလည်း အထင်အရှား တွေ့နိုင်သည်။ မြောက်ပိုင်းမှ စစ်မီးတောက်များ အပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေးမှာ သောင်မတင် ရေမကျရှိနေဆဲ။ ၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အဓိကရုဏ်းများ၊ ၂၀၁၃ ခုနှစ်အတွင်း မိတ္ထီလာ အစရှိသော မြို့များတွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေးနှင့် ဆက်နွယ်သည့် တိုက်ခိုက်မှုများသည် အစိုးရ၏ နာမည်ကောင်းလက်မှတ်ကို လှောင်ပြောင် သရော်နေကြ၏။ ပြုပြင်ရေးလမ်းစဉ်၏ ခိုင်မာမှုကို သွေးတိုးစမ်းနေကြသည်။



ဆိုခဲ့သည့် အဖြစ်အပျက်များကို ထောက်၍ ဤသည်ကား overheat ဖြစ်သည့် လက္ခဏာဟု စာရေးသူမှ အဆုံးအဖြတ်ပေးရန် မဟုတ်ပါ။ စာဖတ်သူများ ကိုယ်တိုင် ဆင်ခြင်ကြည့်နိုင်ရန် ထောက်ပြလိုရင်းသာဖြစ်၏။ လက်ရှိအခင်းအကျင်းကို ၀န်းရံနေသည့် စိန်ခေါ်ချက်များအား အသိအမှတ်ပြု ကျော်လွှားနိုင်ရန် ဖော်ထုတ်လိုရင်းသာဖြစ်၏။ အသွင်ပြောင်းလဲရေး ခရီးစဉ်တစ်လျှောက် ဖြောင့်ဖြောင့်ဖြူးဖြူး မောင်းနှင်နိုင်ရန် “ဆီ၊ ရေ၊ လေ၊ ၀ိုင်” နှင့် အလားတူသည့် သတိပြုစရာ အထောက်အပံ့များအကြောင်း ဆွေးနွေးလိုရင်းသာဖြစ်၏။ နှစ်ခါလည်သား သက်တမ်းသာရှိသေးသည့် ဤခရီးတွင် နိုင်ငံရေးမှ အလိုအလျောက် ပြုပြင်လာမည့်အချိန် (maturity period) ကို မစောင့်ဘဲ ဆန္ဒစောသည်ဟု စောဒကတက်နိုင် ပါသေးသည်။ သို့သော် “မြန်မာပြည် ခေတ်နောက်ကျနေသည်” ဟူသော စကားကပင် စောင့်ဆိုင်းစရာ အချိန်မရှိသည့် အဖြစ်၊ စမ်းတ၀ါးဝါး အမှားများအတွက် နေရာကျဉ်းလှသည့် အဖြစ်ကို ညွှန်ပြနေသည် မဟုတ်ပါလော။


အစိုးရ၊ ကံရာဇာငယ်၏နည်းနာနှင့် စိန်ခေါ်ချက်များ


“ထိုအဘိရာဇာမင်းကြီး နတ်ပြည်စံတော်မူလျှင် သားတော် ကံရာဇာကြီး၊ ညီတော်ကံရာဇာငယ် မင်းညီနောင်နှစ်ပါးတို့ နန်းလုကြရာ အမတ်ပညာရှိတို့က xx xx xx ‘အသျှင်သားတို့ … အလှုမဏ္ဍပ်ကြီးစွာ တစ်ယောက်တစ်ဆောင်စီ ညဥ့်တွင်းချင်း ဆောက်လုပ်တော်မူကြရမည်၊ ယင်းသို့ ဆောက်လုပ်ရာ အလျင်ပြီးသသူ ခမည်းတော်အရာကို ခံ၍ မင်းပြုတော်မူရမည်’ ဟု အမတ်တို့ ဆိုပေသော် ကောင်းစွဟု ၀န်ခံပြီးလျှင် မင်းညီနောင်နှစ်ပါးတို့ တောင်တစ်ယောက်တစ်လုံးစီယူ၍ အလှုမဏ္ဍပ် ကြီးစွာ စီရင်ကြ၏၊ ယင်းသောအခါ နောင်တော် ကံရာဇာကြီး မူကား သစ်ကြီးဝါးကြီးတို့ဖြင့် စီရင်သောကြောင့် မပြီးလေ၊ ညီတော် ကံရာဇာငယ် မူကား သစ်ငယ် ၀ါးငယ်တို့ဖြင့် စီရင်ပြီးလျှင် ပုဆိုးဖြူ လွှမ်းလျက် ထုံးဖွေးဖွေး ဖွပ်၍ ပြီးလေ၏။” [4]

မှန်နန်းရာဇ၀င်အလိုအရ မြန်မာအစ တကောင်းက ဟု တွင်စေခဲ့သော တကောင်းမင်းဆက်ကို ဒုတိယမြောက် ဆက်ခံသူ ကံရာဇာငယ် မင်းသည် ရုတ်ချည်းဖြစ်ပေါ်လာသည့် အခြေအနေကို ယာယီမဏ္ဍပ် (ရေတိုဖြေရှင်းချက်) ဖြင့်တုံ့ပြန်ကာ ထီးနန်းသိမ်းပိုက်ခဲ့သော်လည်း မင်းဆက် သုံးဆယ့်သုံးခုတိုင် အဓွန့်ရှည် တည်တံ့သော တကောင်းမင်းဆက်ကို အုတ်မြစ်ချခဲ့သူဖြစ်သည်။ လက်ရှိအစိုးရ၏ ပြုပြင်ရေးလုပ်ရပ်နှင့် ရည်မှန်းချက်များကို ကံရာဇာငယ်၏ နည်းနာကို ဥပမာအဖြစ်ထားကာ နားလည် သဘောပေါက်နိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် “ရင့်ကျက်မှုရယူပြီးမှ တည်ဆောက်ခြင်း” မဟုတ်ဘဲ “ယာယီတည်ဆောက်၊ ရင့်ကျက်မှုရယူ၊ ပြီးမှ ပြန်လည်တည်ဆောက်” သည့် ဗျူဟာဖြစ်သည်။[5] အစိုးရသစ်အနေဖြင့် ဆိုခဲ့သည့်နည်းနာကိုသုံး၍ အပြောင်းအလဲများအား (ရုတ်တရက်) စတင်ခဲ့ရာတွင် အံ့အားသင့်ဖွယ်ရာ အောင်မြင်သည်ဟု ဆိုနိုင်သော်လည်း အခြားတစ်ဖက်၌မူ ယင်းအပြောင်းအလဲများကို ရေရှည်ထောက်ပံ့မည့် ဥပဒေများ၊ အခြေခံအဆောက်အအုံများ အဆင်သင့်မရှိသည်ကို တွေ့ရ၏။ စာပေစိစစ်ရေးဆိုင်ရာ တင်းကျပ်မှုများကို ဖြေလျှော့ပေးခဲ့ပြီး ဖြစ်သည့်တိုင် တည်ဆဲ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို အစားထိုးရမည့် ဥပဒေသစ်မှာ ယနေ့ထိတိုင် မူကြမ်းအဆင့်သာ ရှိသေးသည့်အဖြစ်မှာ သာဓကတစ်ခုပင်။ သို့သော် ထိုယာယီဖော်ဆောင်မှု၌ပင် လက်ငင်းခံစားနိုင်သည့် ရလဒ်အချို့ ပါရှိသည်ဖြစ်ရာ ၂၀၁၃ ခုနှစ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ညွှန်းကိန်း တွင် မြန်မာနိုင်ငံမှာ ၁၈ ဆင့်ခုန်ကျော်ကာ အဆင့် ၁၅၁ သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။[6] တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယာယီငြိမ်းချမ်းရေး တည်ဆောက်ထားနိုင်ခြင်းမှာလည်း ထိုသဘောပင်ဖြစ်၏။

ဤနေရာ၌ ယာယီဖြေရှင်းချက်များဖြင့် အစပြုခဲ့သည့် အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းစဉ်အတွက် ရင်ဆိုင်ရဖွယ်ရှိသည့် စိန်ခေါ်ချက်သုံးရပ်ကို ထောက်ပြနိုင်သည်။ ပထမ စိန်ခေါ်ချက်မှာ ပြုပြင်ရေးများ စတင်ခဲ့ပြီးဖြစ်သော်လည်း အထက်က ဆိုခဲ့သည့်အတိုင်းပင် စပြီးသမျှကို အထောက်အပံ့ပြုနိုင်၊ မောင်းနှင်နိုင်မည့် လိုအပ်သော အဖွဲ့အစည်း၊ ဥပဒေ အစရှိသည့် အခြေခံအဆောက်အအုံ (infrastructure) များ ပြည့်ပြည့်စုံစုံ၊ လုံလုံလောက်လောက် မရှိခြင်းပင်ဖြစ်၏။ အခြားတစ်ဖက်တွင် လူထု၏ လွတ်လပ်ခွင့် တောင့်တမှုများမှာ အချိန်ကြာသည်နှင့်အမျှ ဒီဂရီမြင့်တက်လာမည်ဖြစ်ရာ လိုက်လျောညီထွေ ဥပဒေများ၊ အားကောင်းမောင်းသန် လူ့ဘောင်အဖွဲ့အစည်းများ မရှိဘဲ ယင်းတောင့်တမှုများကို မည်သို့ ဖြည့်ဆည်းမည်နည်း၊ ထိန်းကျောင်းမည်နည်း။ ယင်းလစ်ဟာချက်ကြောင့် ပြုပြင်ပြောင်းလဲရေးကို မည်သို့သက်ရောက်နိုင်သနည်း။ အသံကြောင့် ဖားသေဖြစ်မည်လော။ Overheat ဖြစ်စေမည်လော စသဖြင့် ဆန်းစစ်ရန် အရေးတကြီး လိုအပ်လာသည်။ ဆင်ကန်းတောတိုး မဖြစ်သင့်။ သို့သော် ဆင်သွားရာ လမ်းဖြစ်ရေးအတွက် အဖြေရှာရန်မှာ တောတိုးရန် ရွေးချယ်ခဲ့သည့် အစိုးရ၌ အဓိက တာဝန်ရှိသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ မြေယာပိုင်ဆိုင်မှု၊ ရင်းနှီးမြုပ်နှံမှု၊ ငွေကြေးစနစ်၊ လူဝင်မှုကြီးကြပ်ရေး၊ အခွန်ကောက်ခံမှု စသဖြင့် ရေဖျဉ်းစွဲနေသော ကဏ္ဍများစွာအတွက် ခိုင်မာတိကျ၍ နိုင်ငံအနှံ့ တပြေးညီတည်းဖြစ်သော ဖြေရှင်းချက်ရရန်လိုလေသည်။

ဒုတိယ စိန်ခေါ်ချက်မှာ စနစ်ဟောင်းဖြင့် အသားကျပြီးဖြစ်သော အစိုးရယန္တရားတွင် စနစ်သစ်ကို ဖြောင့်ဖြောင့်ဖြူးဖြူး မောင်းနှင်နိုင်သည့် အရည်အသွေး (capacity) ချို့တဲ့ခြင်းပင်ဖြစ်သည်။ ထိုအချက်ကို ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အရေးအခင်းများနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် အစိုးရ၏ တာဝန်ပေးချက်အရ စုံစမ်းစစ်ဆေးခဲ့သည့် ကော်မရှင်များ၏ အစီရင်ခံစာများတွင် အထင်အရှား ထောက်ပြထား၏။[7] အစိုးရအနေဖြင့် ပြုပြင်ရေးလုပ်ငန်းများအား ရလဒ်ရှိရှိ ဆောင်ရွက်နိုင်စွမ်း (၀ါ) ဆင်သွားရာ လမ်းဖြစ်အောင် ဖန်တီးနိုင်စွမ်းသည် လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည် ဖော်ရသည့် နိုင်ငံရေးပုဂ္ဂိုလ်များ၊ ပြည်သူ့ဝန်ထမ်းများ၏ အရည်အသွေးပြည့်စုံမှုနှင့် တိုက်ရိုက် အချိုးကျလေသည်။ နည်းလမ်းတစ်ရပ်မှာ အစိုးရအနေဖြင့် နိုင်ငံတကာ ဖွံ့ဖြိုးမှုအကူအညီများကို ရယူရာ၌ အထောက်အပံ့၏ ရာခိုင်နှုန်းတစ်ခုကို စီမံကိန်း အသီးသီးတွင် ပါဝင်ရသည့် ပြည်သူ့ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ရေးအတွက် သီးခြားသတ်မှတ် သုံးစွဲစေခြင်းဖြင့် ဥစ္စာရင်လို ဥစ္စာရင်ခဲ အားထုတ်ခြင်းပင်ဖြစ်သည်။

တတိယ စိန်ခေါ်ချက်မှာ မြန်မာ့လူ့ဘောင်၏ လူမှုအသွင်သဏ္ဌာန်တစ်ခုဖြစ်သော ဆရာနှင့်တပည့်၊ ကျေးဇူးခံနှင့်ကျေးဇူးစား ဟူသော အထက်အောက် ဆက်ဆံရေး (patron-client relation) ဓလေ့၏ သက်ရောက်မှုပင်ဖြစ်သည်။ ထိုဆက်ဆံရေးက အနာဂတ်သို့ လှမ်းလိုသည့် လက်ရှိအာဏာရပါတီနှင့် အစိုးရကို အတိတ်တွင် ခြေတစ်ဖက် ကျန်ရစ်နေစေ၏။ ကနဦးတွင် ထိုဆက်ဆံရေးက အပြောင်းအလဲ စတင်ရန်အတွက် အသုံးဝင်သည့်အရာ (asset) ဖြစ်ကောင်းဖြစ်ခဲ့ပေမည်။ သို့ရာတွင် အသွင်ပြောင်းလဲမှု အဆင့်မြင့်လာသည်နှင့်အမျှ ယင်းသည် ရှေ့ခရီးအတွက် ၀န်ထုပ်ဝန်ပိုး (burden) ဖြစ်လာမည့် အခြင်းအရာကို လက်ရှိ အာဏာရ ခေါင်းဆောင်များအနေဖြင့် အထူး သတိပြုရန်လိုသည်။ စကော့ (James Scott) ကမူ ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင် (အနိုင်ရ) ခြင်းအားဖြင့် ကျေးဇူးစားတို့၏ ဈေးဆစ်နိုင်သည့်ပါဝါကို မြင့်တက်စေသည် ဟုဆိုသည်။[8] အထက်ကို အမှီပြုရယူခြင်းထက် ကိုယ်ပိုင် ပါဝါအခြေစိုက်များ တည်ဆောက်လာနိုင်ခြင်းပင် ဖြစ်၏။ တိုင်းပြည်မျက်နှာကိုထောက်၍ နှောင်ကြိုးကို ဖြတ်တောက်ရမည့် ဤကိစ္စတွင် ဆူဟာတိုခေတ်လွန် အင်ဒိုနီးရှားနိုင်ငံ၏ အသွင်ပြောင်းလဲရေးကို တာဝန်ယူခဲ့ကြသည့် အစိုးရများ၏လုပ်ရပ်မှာ အလေးထား လေ့လာသင့်သည့် နမူနာဖြစ်လေသည်။

အတိုက်အခံ နိုင်ငံရေးအင်အားစုများ၏ အခန်းကဏ္ဍ

အတိုက်အခံ နိုင်ငံရေးအင်အားစုများဟု ဆိုရာ၌ ယခင် တပ်မတော် အစိုးရနှင့် နိုင်ငံရေးအယူအဆ ကွဲလွဲရပ်တည်ခဲ့ပြီး ယခု အစိုးရလက်ထက်တွင်လည်း မိမိကိုယ်မိမိ အတိုက်အခံအဖြစ် အသိအမှတ်ပြုထားသူ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ကွန်ယက်များ၊ လူပုဂ္ဂိုလ်များ ပါဝင်သည်။ သမ္မတဦးသိန်းစိန် အစိုးရမှ ပြုပြင်ပြောင်းလဲရေးများ ရုတ်ချည်း အကောင်အထည်ဖော်လာသည့်နောက်ပိုင်း၌ ထိုအင်အားစု၏ အခန်းကဏ္ဍမှာ ပိုမိုသိမ်မွေ့လာသည်ဟု ဆိုနိုင်၏။ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် အာဏာရှင်စနစ် လက်အောက်မှ “တော်လှန်သော အတိုက်အခံ” ပုံစံမျိုးအစား ပါတီစုံ နိုင်ငံရေးစနစ် အတွင်းမှ “တိုင်းပြုပြည်ပြု အတိုက်အခံ” ပုံစံသို့ ပြောင်းလဲရပ်တည်နိုင်ရေးမှာ တိမ်မယောင်နှင့် နက်သည့် စိန်ခေါ်ချက်တစ်ရပ် ဖြစ်လာသည်။

တစ်ချိန်တည်း၌ လက်ရှိအစိုးရအနေဖြင့် အချိန်တိုအတွင်းမှာပင် နိုင်ငံတကာ မျက်နှာမွဲအဖြစ်မှသည် အတော်အတန် မျက်နှာပွင့်လန်းသူ ဖြစ်လာခြင်း၊ လက်ပံတောင်းတောင် ပဋိပက္ခကဲ့သို့သော ပြည်တွင်းရေး ပြဿနာအချို့၌လည်း အဓိကအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုကို ရရှိထားခြင်း၊ အစိုးရမှ ဦးဆောင်ဖွဲ့စည်းသည့် အကြံပေးကော်မရှင် စသည်များ၌ ထင်ရှားသော အတိုက်အခံပုဂ္ဂိုလ်များအား ဖိတ်ခေါ်ပါဝင်စေခြင်း[9] စသည်တို့ကြောင့် အမျိုးသားအဆင့်တွင် နိုင်ငံရေးပြိုင်ဆိုင်မှုကို မှုန်ဝါးဝါးဖြစ်စေသည်။[10] အစိုးရ၌ ချို့ယွင်းချက်များစွာရှိသည့်တိုင် ၎င်းအပေါ် သက်ရောက်ရမည့် အတိုက်အခံ ဖိအားကို ယဉ်ပါးလျော့ကျစေသည်။ အစွန်းရောက် အင်အားစုများကို စည်းအပြင်သို့ တွန်းပို့ရာရောက်စေသည်။

တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် အမျိုးသား အကျိုးစီးပွား (national interest) ကိစ္စများတွင် အစိုးရနှင့် အတိုက်အခံ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းအတွက် အကျိုးများစွာ ဖြစ်ထွန်းသည်မှာ အမှန်ပင်ဖြစ်၏။ သို့သော် အန္တရာယ်ရှိသည့်အချက်မှာ အစိုးရအနေဖြင့် ၎င်း၏လုပ်ရပ်များ အောင်မြင်နေသည်၊ ထောက်ခံမှုရနေသည်ဟု တလွဲအထင်ရောက်ကာ အခြေခံမပါသည့် ပြုပြင်မှုများအား အရှိန်မြှင့်လုပ်ဆောင်မည့် အရေးပင်ဖြစ်သည်။ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ကဏ္ဍများတွင် အစိုးရနှင့်  ပူးပေါင်းပါဝင်သည့် တစ်ချိန်တည်းမှာပင် အစိုးရ၏ လစ်ကွက်၊ ဟာကွက်များကိုပါ ပြည်သူသို့ စဉ်ဆက်မပြတ် သတိပေး၊ အသိပေး နေရန် တာဝန်ရှိသည်။ လိုအပ်ပါက ဗြိတိန်၊ ကနေဒါ အစရှိသည့် တိုင်းပြည်များ၌ ကျင့်သုံးသည့် ခြေရာခံ ကက်ဘိနက် (shadow cabinet)[11] ပုံစံကို နည်းနာယူသင့်လေသည်။

အပြောင်းအလဲ၊ ပြည်သူလူထုနှင့် လူ့ဘောင်အဖွဲ့အစည်းများ

မြန်မာပြည်သူတို့မှာ ခေတ်အဆက်ဆက် အစိုးရမင်းများ၏ လက်ဝေခံ ကျေးတော်မျိုး ကျွန်တော်မျိုး အဖြစ်သာ ရပ်တည်ခဲ့ရသည်ဖြစ်ရာ သာမန်အခြေအနေ၌် ၎င်းတို့၏ အခန်းကဏ္ဍမှာ လွန်စွာအရေးမပါခဲ့ချေ။ ၁၉၈၈ လူထုအုံကြွမှုက ထိုအစဉ်အလာအား ရိုက်ချိုးခဲ့ပြီနောက် ယနေ့ဖြစ်ပေါ်တိုးတက်မှုများကို ရလဒ်အဖြစ် မြင်ရသည်။ ယခုအခါ လက်ဝေခံဘ၀မှ ကိုယ်တိုင် ဖန်တီးပိုင်သည့် ဘ၀သို့ တက်လှမ်းစပြုလာပြီဖြစ်ရာ လွတ်လပ်သူများအဖြစ် မြန်မာတို့ မည်သို့ပြုမူမည် ဆိုသည့်အချက်သည် အစိုးရ၏ ပြုပြင်ရေး လုပ်ငန်းစဉ်များနည်းတူ အထူး အရေးပါလာမည်ဖြစ်၏။ အသွင်ပြောင်းခြင်း၏ အမြူတေ အဆင့်၌ လူ့ဘောင် အဖွဲ့အစည်းများ အားကောင်းမောင်းသန်ရှိပါလျှင် ပရမ်းပတာ အခြေအနေများကို ရှောင်ရှားနိုင်ပေမည်။ ရှေ့ပိုင်း၌ ရည်ညွှန်းခဲ့သော လောင်ကျွမ်းမှု ပဋိပက္ခမျိုး ရင်ဆိုင်ရပါကလည်း အေးဆေးသက်သာစွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ လူထုအပေါ် သြဇာညောင်းနိုင်သည့် အသင်းအဖွဲ့များ၊ လူထုခေါင်းဆောင်များ အနေဖြင့်လည်း ၀ါးလုံးခေါင်းထဲ လသာရရုံမျှဖြင့် တင်းတိမ်မနေဘဲ ဒီမိုကရေစီလူ့ဘောင်၏ သဘောသဘာဝ စသည်တို့ကို နိုင်ငံတကာနှင့်ယှဉ်ကာ လေ့လာ၊ လိုက်စား၊ လမ်းပြ၊ လှုံ့ဆော်သမှုပြုနိုင်ရန် အထူး အားထုတ်သင့်လေသည်။ 



စစ်ကိုင်း ဥမင်သုံးဆယ်ဘုရား
မိရိုးဖလာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အများစုဖြစ်သော မြန်မာ့လူ့ဘောင်၏ အနာဂတ်သည် ရှေးရိုးဝါဒီနှင့် လစ်ဘရယ်ဝါဒီများ အကြား အားပြိုင်ရသည့် ပုံစံထက် လက်တွေ့ကျခြင်း (pragmatism) နှင့် အစစ်အမှန် (orthodoxy) တို့အကြား လွန်ဆွဲရာမှ ပုံပေါ်လာမည်ဟု ခန့်မှန်းရသည်။

 ရေရှည်တွင် ပြုပြင်ပြောင်းလဲရေးများကြောင့် အခြေခံလူထုကြီး၏ စီးပွားရေးနှင့် လူနေမှုဘ၀ကို မည်မျှ အပြုသဘောဆန်ဆန် သက်ရောက်စေသည် ဆိုသည့်အချက်က လူထု၏ ရပ်တည်ချက်နှင့် တုံ့ပြန်မှုများအပေါ် သြဇာလွှမ်းမိုးလာမည်ဖြစ်၏။ ပစ္စက္ခ အခြေအနေ၌မူ အာဏာရ အစိုးရနှင့် ပင်မရေစီးကြောင်းပေါ်မှ အတိုက်အခံ အဖွဲ့အစည်းများ၏ ပျက်ကွက်မှု၊ အားနည်းမှုများက အစွန်းရောက်များအတွက် လှုံ့ဆော် အားဖြည့်ရန် လောင်စာများ ဖြစ်နေကြဦးမည်သာတည်း။


တပ်မတော်၏ အခန်းကဏ္ဍ

ယနေ့ မြန်မာ့တပ်မတော်အတွက် အဓိကစိန်ခေါ်ချက်မှာ မိမိကိုယ်မိမိ မည်သူမည်ဝါအဖြစ် ပုံဖော်နိုင်ရေးပင်ဖြစ်သည်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ အချုပ်အချာကို မယိမ်းမယိုင်အောင် ထိန်းသိမ်းထားခဲ့ရာတွင် တပ်မတော်အနေဖြင့် အဓိကနေရာမှ ပါဝင်ခဲ့သည် ဆိုသောအချက်မှာ အငြင်းပွားဖွယ်ရာမရှိချေ။ ၂၀ ရာစု ပထမပိုင်းအတွင်း ပထ၀ီနိုင်ငံရေး ရိုက်ခတ်ချက်များက မြန်မာ့တပ်မတော်ကို ပါဝါ၏ ဗဟိုချက်သို့ တွန်းပို့ခဲ့ခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့် မြန်မာ့သမိုင်းတွင် ဤသို့သော အဆင့်အတန်းကို မည်သည့်အခါကမျှ မရယူခဲ့စဖူး။ အမှန်စင်စစ်၌ စစ်တပ်ကို ဗဟိုပြုခြင်းသည် မြန်မာ့နိုင်ငံရေး၏ အစဉ်အလာမဟုတ်။ ဘုရင့်နောင်[12] မှလွဲ၍ မြန်မာနိုင်ငံတော်များကို တည်ထောင်ခဲ့ကြသူများသည် စစ်သူကြီးဘ၀မှ လာသူများ မဟုတ်ကြ။ အနော်ရထာသည် မင်းသားတစ်ပါးဖြစ်၍၊ အလောင်းမင်းတရားသည် ဦးအောင်ဇေယျအမည်ရှိ လယ်သမားတစ်ဦးဖြစ်ကာ၊ “ဗိုလ်ချုပ်” ဟု အမည်တွင်သည့် ဦးအောင်ဆန်းသည်ပင် တက်ကြွသူ (activist) တစ်ဦးအဖြစ် တာထွက်ပြီး နိုင်ငံရေးသမားဘ၀ဖြင့် ပန်းဝင်ခဲ့သူဖြစ်၏။ ထိုထက်မက ဆိုရလျှင် အခြေအနေ လိုအပ်ချက်အရ စစ်သူကြီးတစ်ဦးမှ ဘုရင်ဖြစ်လာသူ ကျန်စစ်သားမင်းသည် နန်းသွေးပါသူ (မြေးတော်)[13] သို့ ရင်ခွင်ပိုက်အရွယ်မှာပင် အာဏာလွှဲအပ်ပေးခဲ့ရသည့် သာဓကရှိသည် မဟုတ်ပါလော။ ကုန်းဘောင်ခေတ်ဦး စစ်သူကြီးများဖြစ်ကြသည့် မင်းခေါင်နော်ရထာ၊ ၀န်ကြီးမဟာသီဟသူရတို့၏ ထိပ်ထိပ်ကြဲသြဇာသည်ပင် နန်းတွင်း၏ အရိပ်အာဝါသ အောက်၌သာ တောက်ပရသည့် သာဓကရှိသည် မဟုတ်ပါလော။ သမိုင်းအစဉ်အလာအရ အုပ်ချုပ်သူ (မင်း) ကို သစ္စာခံသော ခိုင်မာတောင့်တင်းသည့် အဖွဲ့အစည်းအဖြစ်သည်သာ တပ်မတော်၏ မူလရုပ် (identity) အမှန်ဖြစ်လေသည်။


နေပြည်တော် တပ်မတော်စစ်ရေးပြကွင်းကို အုပ်မိုးကြည့်ရှုနေသည့် အနော်ရထာ၊ ဘုရင့်နောင် နှင့် အလောင်းမင်းတရားတို့၏ ရုပ်တုကြီးများ။
သမိုင်းအဆက်ဆက် မြန်မာနိင်ငံကို စည်းရုံးတည်ထောင်ခဲ့သူများအား စစ်ဘုရင်များအဖြစ် သမုတ်ခြင်းမှာ သမိုင်းကို စစ်ရေးတစ်ခုတည်းဖြင့် ဘောင်ခတ်ရှုမြင်ခြင်းပင်ဖြစ်၏။

 အခြားတစ်ဖက်တွင် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို ကြည့်ပါက ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်းနှင့်အတူ ကွန်မြူနစ်ဝါဒသည်လည်း အလဲထိုးခံခဲ့ရပြီးဖြစ်ရာ သမိုင်းနိဂုံးချုပ်ပြီ ဟု ကြွေးကြော်ကြသည်အထိ အခြေအနေများ ပြောင်းလဲခဲ့ပြီဖြစ်၏။ စီးပွားရေးကို အခြေခံသော ပထ၀ီ အခင်းအကျင်းသစ်များ ဖြစ်ထွန်းလာသည်။ သတင်းအချက်အလက်ခေတ် (Information Age) ဟု တင်စားကြသောကာလ၌ တိုင်းနိုင်ငံများအနေဖြင့် အချုပ်အချာ ရပ်တည်မှုအတွက် ရင်မြေကတုတ်လုပ်ကာ ကြံ့ကြံ့ခံ ခုခံရခြင်းထက် မိမိနိုင်ငံ၏ ထုတ်ကုန်ပစ္စည်း၊ ယဉ်ကျေးမှု၊ အနုပညာ စသည်တို့ကို ပျံ့နှံ့စေကာ သြဇာတည်ဆောက်ခြင်းဖြင့်  ပိုမိုထိရောက်စွာ အားထုတ်နိုင်ကြပြီဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံကို ဦးဆောင်နေကြသူများအနေဖြင့် ထိုအခြေအနေများ မျက်ဝါးထင်ထင် ရှိနေသည့်တိုင် တပ်မတော်ကို သီးသန့်ထားကာ အခြားကဏ္ဍများ၏ ပြုပြင်ပြောင်းလဲရေးကိုသာ အာရုံစိုက်နေပါက လက်ဆွဲဘရိတ် (hand brake) မလွှတ်ဘဲ ယာဉ်ကို မောင်းနှင်ရသကဲ့သို့ လိုသည်ထက်ပိုကာ အားစိုက် ရုန်းကန်ရမည့်အပြင် လိုရာခရီးသို့ ရောက်ရန်မှာလည်း ပိုမိုကြာမြင့်ဖွယ်ရာရှိသည်။

သို့ဖြစ်ရာ တပ်မတော်အား ယနေ့မြန်မာ့နိုင်ငံရေး၏ ခေါင်းကိုင်အဖြစ်မှ နေရာမှန်သို့ ပြန်ရောက်ရေး တည့်မတ်ပေးရန်မှာ ပြုပြင်ရေးလုပ်ငန်းများစဉ်နှင့် တန်းတူ အရေးကြီးသည့် တာဝန်တစ်ခု ဖြစ်၏။ မြန်မာ့သမိုင်းအပေါ် အမြင်စောင်း လွဲချော်နေခြင်းအား ပြင်ဆင်ပေးရမည့် သမိုင်းပေးတာဝန်လည်း ဖြစ်လေသည်။

နိဂုံး

ယနေ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပါဝင်နေကြသူ (အစိုးရနှင့် အတိုက်အခံ အပါအ၀င် တပ်မတော်၊ နိုင်ငံရေးအင်အားစုများနှင့် ပြည်သူများ) အားလုံးတွင် တူညီသော အာသီသ (will) တစ်ခုရှိသည်။ ယင်းကား မြန်မာ့လူ့ဘောင်ကို ပြန်လည်ထူထောင်ရန် ဟူ၍ဖြစ်၏။ မည်သည့်ပုံစံ၊ မည်သည့်နိင်ငံရေးဖြင့် ထူထောင်ကြမည် ဆိုသည့်အရာမှာ ခေတ်အလိုက် ရွေးချယ်မှုတစ်ရပ်သာ ဖြစ်ပေလိမ့်မည်။ သေချာသည့် အချက်မှာ မြန်မာ့လူ့အဖွဲ့အစည်းတွင် ရှေ့တိုးရန်အတွက် အားပြုလောက်သည့် အခြေခံတစ်ရပ် (၀ါ) အခင်းအကျင်းတစ်ခု အထင်အရှား ရှိနေခြင်းပင်။ သို့သော် ထို “အား” တစ်ခုတည်းဖြင့် လိုရာခရီးရောက်ရန် မသေချာသေး။ လွတ်လပ်ခြင်းကို အကြောင်းပြုကာ ပရမ်းပတာ မဖြစ်ရန်လိုသည်။ ပရမ်းပတာဖြစ်ခြင်းကို အကြောင်းပြကာ ဖိနှိပ်ချုပ်ချယ်ခြင်း မပြုရန်လိုသည်။ မည်သည့်ဘက်မဆို မည်သည့်အတွက် မည်သည့်အကွက်ကို နင်းသည်ဖြစ်စေ ကစားပွဲ၏ စည်းမျဉ်း (rule of the game) ကို သိရှိ လိုက်နာရန်လိုသည်။

သတိပြုရန်မှာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် စေတနာကို ရှေ့တန်းတင်ကာ မျှတသောခွန်အားနှင့် တွဲဖက် အသုံးချရန် အရေးကြီးသည်ဟူသော အချက်ပင်ဖြစ်၏။ စေတနာ တစ်ခုတည်းပါ၍ ခွန်အားမရှိပါက အဆုံးအဖြတ် မပေးနိုင်။ အချိန်ကုန် လူပန်း၍ ခရီးမတွင် ဖြစ်နိုင်သည်။ ခွန်အားကို ရှေ့တန်းတင်ပါက ပဋိပက္ခများ ပြေလည်မှု မရနိုင်။ စာနာသော လူ့ဘောင်ကို မရနိုင်။ နောက်ကြောင်းပြန်လှည့်နိုင်၏။ တစ်ချိန်တည်းမှာပင် ဆီ၊ ရေ၊ လေ၊ ၀ိုင် နှင့် သဘောဆင်တူသည့် အသီးသီးသော အထောက်အပံ့များ၊ စိန်ခေါ်မှုများကို မျက်ခြည်မပြတ်ရန်လိုသည်။ သို့မှသာ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး ခရီးစဉ်တွင် အထိအခိုက် အနည်းဆုံးဖြင့် ရှေ့တိုးနိုင်မည်ဖြစ်သည်။ အဆုံးသတ် အနေဖြင့် ဤဆောင်းပါးတွင် ခေါင်းစဉ်တပ် ဆွေးနွေးခဲ့သည့် သက်ဆိုင်သူ (stakeholder) အလိုက် ရင်ဆိုင်ရဖွယ် စိန်ခေါ်ချက်များကို နောက်ဆက်တွဲ (က) ပါ ဇယားဖြင့် ခြုံငုံ ဖော်ပြလိုက်ပါသည်။

နောက်ဆက်တွဲ (က) ကဏ္ဍအလိုက် စိန်ခေါ်ချက်များ



အစိုးရ
အတိုက်အခံ
ပြည်သူလူထု
တပ်မတော်
-   အခြေခံအဆောက်အအုံ ပိုင်းတွင် ယာယီပုံစံဖြင့် ခရီးရှည်ဆက်၍မရ။ အတွင်းကျကျ၊ စောက်နက်နက် ပြုပြင်ရန်လိုသည်။
-    အစိုးရယန္တယား၏ အရည်အသွေး မြှင့်တင်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ရန်လိုသည်။
-    ကျေးဇူးခံ ကျေးဇူးစား အချိတ်အဆက်များ ကို တိုင်းပြည်မျက်နှာ ထောက်ကာ ဖြုတ်ချချန်ခဲ့ရန် (အင်ဒိုနီးရှား နမူနာ)။
-   အာဏာရှင် လက်ထက် တော်လှန်သောအတိုက်အခံ အဖြစ်မှ တိုင်းပြုပြည်ပြု အတိုက်အခံ အဖြစ်သို့ အသွင်ပြောင်းရန်။
-   အစိုးရ၏ လစ်ကွက်၊ ဟာကွက်များကို ပြည်သူသို့ စဉ်ဆက်မပြတ် အသိပေးနေရန်  (ခြေရာခံ ကက်ဘိနက် နမူနာ)။
-        ရလာသည့် လွတ်လပ်ခွင့်ကိုသုံး၍ ငြိမ်းချမ်းသာယာသော မြန်မာ့လူ့ဘောင်အဖြစ် ပုံဖော်နိုင်ရန်လိုသည်။
-   သြဇာညောင်းသည့် အသင်းအဖွဲ့များ၊ ခေါင်းဆောင်များ အနေဖြင့် ဒီမိုကရေစီ၏ သဘောသဘာဝ စသည်တို့ကို နိုင်ငံတကာနှင့်ယှဉ်ကာ လေ့လာ၊ လိုက်စား၊ လမ်းပြ၊ လှုံ့ဆော်ရန် လိုသည်။
-   မိမိကိုယ်မိမိ မည်သူမည်ဝါ အဖြစ် ပုံဖော်နိုင်ရန်။
-   ယနေ့မြန်မာ့ နိုင်ငံရေး၏ ခေါင်းကိုင်အဖြစ်မှ သမိုင်း၏ နေရာမှန်သို့ ပြန်ရောက်ရန်။








[1] “The strongest is never strong enough to be the master, unless he transforms strength into right, and obedience into duty.” - Jean Jacques Rousseau (1712 – 1778) in The Social Contract.

[2] သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းဖော်ပြချက် - မြန်မာ့အလင်းသတင်းစာ ၂၀၁၃ ခုနှစ် မေလ ၁၃ ရက်

[3] မြန်မာ့အသွင်ပြောင်းလဲရေးနှင့်ဆက်စပ်၍ miracle ဟူသော အသုံးအနှုန်းကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်း BBC, Reuters, Myanmar Times စသည့် သတင်းရင်းမြစ်များတွင် စတင်အသုံးပြုလာကြသည်။

[4] တကောင်းမင်းဆက်များအကြောင်း မှန်နန်းရာဇ၀င်တော်ကြီး (ပထမတွဲ) မုံရွေးဇေတ၀န်ဆရာတော်နှင့် ပညာရှိများ ဆဋ္ဌမအကြိမ် ပုံနှိပ်ခြင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန ၂၀၀၃ ခုနှစ်

[5] သမ္မတ ဦးသိန်းစိန် ကမူ ယခင်တပ်မတော်အစိုးရသည် ဒီမိုကရေစီပြုပြင်ရေးများကို အနှစ်နှစ်ဆယ်ကျော်ကြာ အချိန်ယူပြင်ဆင်ခဲ့သည်ဟု ဆိုသည်။ (The New York Times သတင်းစာနှင့် အင်တာဗျူး - ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၈ ရက် - http://keller.blogs.nytimes.com/2012/09/30/a-conversation-with-president-u-thein-sein-of-myanmar/ မှ ရယူသည်။)

[6] http://en.rsf.org/ မှ ရယူသည်။

[7] လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ရခိုင်ပြည်နယ် အရေးအခင်းများအတွက် သက်ဆိုင်ရာ စုံစမ်းရေးကော်မရှင်များ၏ အစီရင်ခံစာများကို ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နှင့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့များတွင် အသီးသီး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

[8] James C. Scott, “Patron-Client Politics and Political Change in Southeast Asia”, The American Political Science Review, Vol. 66, No. 1 (Mar, 1972), p. 109 ရှု။

[9] ရခိုင်ပဋိပက္ခကော်မရှင်၊ လက်ပံတောင်းတောင်ကော်မရှင်၊ နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မရှင် ရှု

[10] ၂၀၁၃ ခုနှစ် မေလ ၂၀ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းတက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ သမ္မတဦးသိန်းစိန်က “though democracy means rivalry and competition, we must try to find ways to work together” ဟု ထည့်သွင်းပြောကြားခဲ့သည်။ http://www.networkmyanmar.org/images/stories/PDF14/SAIS-rev.pdf မှ ရယူသည်။

[11] Shadow Cabinet ဆိုသည်မှာ ပါလီမန်အတွင်းရှိ အတိုက်အခံပါတီမှ အစိုးရ၏ ၀န်ကြီးအဖွဲ့ပုံစံအတိုင်း ခြေရာခံ ဖွဲ့စည်းထားသည့် ကက်ဘိနက် ဖြစ်သည်။ ယင်းကက်ဘိနက်တွင် ခြေရာခံဝန်ကြီး (shadow minister) များ ပါဝင်ပြီး အစိုးရ၀န်ကြီးဋ္ဌာနများ၏ ပေါ်လစီများကို ဆန်းစစ် ဝေဖန်ခြင်း၊ ပေါ်လစီမူကွဲများ အကြံပြုခြင်းကို ဆောင်ရွက်သည်။ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ အစ္စရေး အစရှိသည့် တိုင်းပြည်များတွင် ကျင့်သုံး၏။

[12] ဘုရင့်နောင်ကျော်ထင်နော်ရထာသည် ယခင် ဟံသာဝတီပြည့်ရှင် တပင်ရွှေထီး၏ စစ်သူကြီးအဖြစ် တာဝန်ယူစဉ်ကပင် တပင်ရွှေထီး၏ နှမတော် (အမတော်) သခင်ကြီး နှင့် လက်ဆက်ထိမ်းမြားခဲ့ပြီး နန်းတက်သည့် အခါတွင်လည်း သခင်ကြီးကို မိဖုရားခေါင်ကြီး (chief queen) အဖြစ်ထားကာ ဘိသိက်ခံခဲ့သည်ဆို၏။ အသက် ၃၅  နှစ်အရွယ်တွင် လုပ်ကြံခံခဲ့ရသူ တပင်ရွှေထီး၌ သားသမီး ထွန်းကားသည်ဟူ၍ မှတ်တမ်းများတွင် မတွေ့ရချေ။ မှန်နန်းရာဇ၀င်တော်ကြီး (ဒုတိယတွဲ) ရှု။


[13] မှန်နန်းရာဇ၀င်တော်ကြီး (ပထမတွဲ) “အလောင်းစည်သူမင်းကြီးအကြောင်း” ရှု။

Photo Credits: Shelby Tucker; The Irrawaddy; AP.