Friday, November 2, 2012

နပန်းလုံးရသည့် အသုံးအနှုန်းများ


ဆရာသမားတစ်ဦးနဲ့ ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ် စာအုပ်အကြောင်း ပြောဖြစ်ရင်း သူက ခင်ဗျား ဝေါဟာရအသစ်တွေ မထွင်ရဘူးလားလို့ မေးလာပါတယ်။ အဲဒီတော့မှ ဟုတ်တယ်ဆရာ။ ကျွန်တော် ဦးနှောက်စားရတဲ့ စကားလုံးတွေရှိတယ်။ အချို့က အသစ်ဖြစ်နိုင်တယ်။ အချို့ကတော့ ဝေါဟာရ အသစ်မဟုတ်ပေမဲ့ စကားစုအနေနဲ့ ယခင်က မသုံးဖူးတာမျိုး ဖြစ်နိုင်တယ်လို့ ပြောရတယ်။ အဲဒီအထဲက စဉ်းစားရမိသမျှကို အောက်မှာ အမှတ်စဉ်တပ်ဖော်ပြလိုက်ပါတယ်။



၁။ Order - ၀ါစဉ်

Order ကို ကျွန်တော်တို့ အများစုလက်ခံထားတဲ့အတိုင်း “အမိန့်” သို့မဟုတ် “ပြန်တမ်း” လို့ တိုက်ရိုက်ပြန်ရင် The Birth of A New Global Order မှာ ပြဿနာတက်ပါတယ်။ “ကမ္ဘာလုံးဆိုင်ရာ အမိန့်သစ်တစ်ခုမွေးဖွားခြင်း” လို့ပြန်ရင် ဆိုလိုရင်းကိုမရောက်ပါ။ ဒါနဲ့ Order ရဲ့ နောက်အဓိပ္ပါယ် ဖြစ်တဲ့ “အစီအစဉ်” ဆိုတာကို ရွေးဖြစ်ပါတယ်။ “ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်သစ်တစ်ခု မွေးဖွားခြင်း” ဆိုတာလည်း သိပ်မနိပ်သေးပါ။ ဒီမှာ အနိမ့်အမြင့်သဘောကို ဘယ်လိုထည့်မလဲ။ ရဟန်းတော်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့သုံးတဲ့ “ထေရ်ဝါစဉ်” ဆိုတာကို သတိရပြီး ၀ါစဉ် ဆိုတာကို ရွေးဖြစ်ပါတယ်။ ဒါဆိုရင် ၀ါကြီးသူ၊ ၀ါငယ်သူ ဆိုတဲ့ အနိမ့်အမြင့်သဘော ပါသွားပြီပေါ့။ ဂလိုဘယ်အဆင့်မှာ အမေရိကန်နဲ့ အနောက်တိုင်းသားတို့ ထိပ်ဆုံးမှာ နေရာယူထားတဲ့ လက်ရှိအစီအစဉ်ကနေ အပြောင်းအလဲဖြစ်ပြီး အသစ်တစ်ခု ပေါ်လာတဲ့သဘော ဖြစ်ပါတယ်။

စကားမစပ် စာအုပ်ရဲ့ခေါင်းစဉ်နဲ့ ပတ်သက်ပြီး အခြေအတင်ဖြစ်ရတာကိုလည်း တစ်ဆက်တည်း ပြောချင်ပါတယ်။ Myanmar Heritage စာတည်းအဖွဲ့က “ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်” လို့ဆိုရင် သဒ္ဒါနည်းမကျတဲ့အတွက် “ကမ္ဘာကို တရုတ်တို့ကြီးစိုးချိန်” ဆိုပြီး သူတို့က ပထမ draft မှာ ပြင်လိုက်ပါတယ်။ သဒ္ဒါနည်းမကျဘူး ဆိုတကာကို ကျွန်တော် ဘယ်လိုတုံ့ပြန်ရမှန်းမသိပါ။ ကိုယ်ကမှ သဒ္ဒါကို သေချာမသိပဲကိုး။ When နဲ့ပတ်သက်လို့ကတော့ ရှင်းပါတယ်။ ဒီနေရာမှာ When ကို အချိန်အပိုင်းအခြားထက် If ဆိုတဲ့ သဘော သုံးထားတာ သိသာပါတယ်။ ဆိုတော့ If သဘောပါတဲ့ “အခါဝယ်” လို့ သုံးတာကို ရှင်းပြနိုင်ခဲ့ပါတယ်။ “ဤ” ဆိုတာကိုတော့ မြန်မာစာကျွမ်းကျင်တဲ့ ကိုအေးငြိမ်းကို မေး။ သူကလည်း ဒီအတိုင်းကြိုက်တယ်ဆိုတော့ နောက်ဆုံးမှာ ဒီအတိုင်းပဲထားပါလို့ ကျွန်တော် request လုပ်တာနဲ့ သူတို့က အလျှော့ပေးပြီး “ဤကမ္ဘာကိုတရုတ်တို့ကြီးစိုးသည့် အခါဝယ်” ဆိုတာ မပြောင်းဖြစ်တော့ပါ။ နိုင်ငံတကာမှာတော့ Rule ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး အငြင်းအခုံဖြစ်ရကြောင်း သိရပါတယ်။

၂။ Soft Power - အနုစားပါဝါ ။ Hard Power - အကြမ်းစားပါဝါ

“ပါဝါအပျော့” နဲ့ “ပါဝါအမာ” ဆိုပြီး ဆရာကျော်ဝင်းပြန်ပြီးသားပါ။ ဒါကို ကျွန်တော်က ဘာလို့ အနုစား၊ အကြမ်းစား ဖြစ်ချင်ရတာလဲ ဆိုရင် “အမာ” က ကိစ္စမရှိပေမဲ့  “အပျော့” ကို အားနည်းတယ်လို့ ယူဆလို့ဖြစ်ပါတယ်။ ဆရာကျော်ဝင်းကို မလေးစားလို့မဟုတ်ပါ။ Brain Storming ကို “ဦးနှောက်မုန်တိုင်းဆင်ခြင်း” လို့ သူဘာသာပြန်တာကို အရမ်းကြိုက်ပါတယ်။ အပျော့ နဲ့ အမာ ဆိုရင် တစ်ခုက အားနည်းပြီး တစ်ခုက အားကြီးနေသယောင် အမှတ်မှားနိုင်တယ်လို့ ယူဆတာကတစ်ကြောင်း၊ မြန်မာစကားမှာ အနုနည်း ၊ အကြမ်းနည်း တို့ရဲ့ သီးခြားစီအစွမ်းထက်ပုံကို နားလည်ကြပြီးဖြစ်တာကတစ်ကြောင်းကြောင့် “အနုစားပါဝါ” နဲ့ “အကြမ်းစားပါဝါ” လို့ သုံးဖြစ်ပါတယ်။

၃။ Necessary Evil - မရှိမကောင်း ရှိမကောင်း

အနောက်တိုင်းမှာ Government ကို ဘယ်လိုမှတ်ယူကြသလဲဆိုတာနဲ့ ပတ်သက်တာပါ။ မိန်းမတွေအကြောင်း၊ ပိုက်ဆံအကြောင်း ရေးထားတဲ့ စာပိုဒ်တွေထဲကနေ သတိရသွားတယ်လို့ ထင်ပါတယ်။

၎။ Tributary System - ပဏ္ဏာဆက်စနစ်

Tributary ကို အများစုက “လက်တက်” လို့ ဘာသာပြန်ကြပါတယ်။ The River Chindwin is a major tributary of the River Irrawaddy. ကို ဘာသာပြန်ရင် လက်တက်လို့ သုံးတာ ပိုပြီးသင့်တော်ပေမဲ့ tributary system ကို “လက်တက်စနစ်” လို့ပြန်လိုက်ရင် ဘာကိုဆိုလိုမှန်း နားလည်ဖို့မလွယ်ပါ။ ပဏ္ဏာဆက်စနစ် ဆိုရင်တော့ (tribute လုပ်တယ်ဆိုတဲ့) သာလွန်ကြောင်း အသိအမှတ်ပြုရတဲ့သဘော၊ အလေးအမြတ်ပြုရတဲ့သဘော၊ လက်ဆောင်ပဏ္ဏာဆက်သရတဲ့ သဘောများ ပါဝင်ကြောင်း သိသာမယ်လို့ ထင်ပါတယ်။

၅။ Middle Kingdom - ဇမ္ဗူဒီပါ၏အလယ်ဗဟိုနိုင်ငံတော်

အလယ်ခေတ်ဘုရင့်နိုင်ငံတော်လို့ မြန်မာပြန်စာအုပ်အချို့မှာ တွေ့ဖူးပါတယ်။ လုံးဝမှားယွင်းပါတယ်။ ရှေးဟောင်းတရုတ်ပြည်က သူ့ကိုယ်သူ ကမ္ဘာ့အလယ်ဗဟိုအဖြစ် သဘောထားပြီး Middle Kingdom လို့ ခေါ်တာဖြစ်ပါတယ်။ မြန်မာစကားမှာ ရှင်ဘုရင်နေတဲ့မြို့ကို နေပြည်တော်လို့ ခေါ်တဲ့သဘောမျိုးပါ။ စကြ၀ဠာ၏ဗဟို၊ ကမ္ဘာ့ဗဟို အမျိုးမျိုးစဉ်းစားပြီး နောက်ဆုံးမှာ Jambudipa ဆိုတာကို ပါဠိအဘိဓာန်နဲ့ တိုက်ကြည့်ပြီး ရွေးချယ်ဖြစ်ပါတယ်။

၆။ Union System - တစ်ပြည်ထောင်စနစ်။ Federal System - ပြည်ထောင်စုများစနစ်

Union ဆိုတာ တိုင်းပြည်အသီးသီးကို တစ်ပြည်တည်းအဖြစ် အုပ်ချုပ်တာဖြစ်ပြီး Federal ဆိုတာ တိုင်းပြည်အသီးသီးက တစ်ပြည်တည်းအဖြစ် စုပေါင်းရပ်တည်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ Union ကိုတော့ ပြည်ထောင်စုလို့ ဘာသာပြန်ပြီး Federal ကိုတော့ ဖက်ဒရယ် ဆိုပြီး မရှင်းမရှင်းလုပ်ထားတာကိုက နိုင်ငံရေး ရည်ရွယ်ချက်တစ်ခုရှိမယ်လို့ ထင်ပါတယ်။

၇။ Uniliteralism – ဧကစာဝါဒ

ဘယ်သူနဲ့မှ တိုင်ပင်ခြင်းမရှိပဲ ငါတကောကောတဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်ပါတယ်။ ရဟန်းတော်များ ပရိသတ်နဲ့ မရောနှောပဲ တစ်ပါးတည်းသီတင်းသုံးတာကို ဧကစာရီ ကျင့်တယ်ဆိုတဲ့ ဝေါဟာရကနေ ဆင့်ပွားယူပါတယ်။ ကျွန်တော်က ဧက၀ါဒ လို့ ရေးထားတာကို စာတည်းက ဧကစာဝါဒလို့ အမှန်ပြင်ပေးပါတယ်။

၈။ Sovereign Wealth Fund - အစိုးရပိုင်ဓနကုမ္ပဏီ

၉။ Globalization Hubris - ကမ္ဘာရွာပြုရေးသြဘာစာများ

Hubris ကို ပပလွှားလွှား ပြုမူတယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာ American Hubris ဆိုရင် “အမေရိကန်တို့၏ ပလွှားမှုများ” လို့  ပြန်နိုင်ပါလိမ့်မယ်။ “သြဘာစာ” ဆိုတာကတော့ နည်းနည်း ယဉ်ကျေးအောင် သုံးထားတာဖြစ်ပါတယ်။ နေရာတိုင်းအတွက် မှန်မယ်မထင်ပါ။

၁၀။ Fas Food Chains- အရန်သင့်စားသောက်ဆိုင်များ

Fast Food ကို အမြန်ရအစားအစာလို့ ဂျာနယ်အချို့မှာရေးတာ တွေ့ဖူးပါတယ်။ မမှားဘူးလို့ ထင်ပါတယ်။ အရန်သင့်ဆိုတာကို ပိုကြိုက်လို့ ရွေးဖြစ်ပါတယ်။

၁၁။ Patent - တီထွင်မှုလက်မှတ်

၁၂။ Humane Authority - ဗြဟ္မစိုရ်တရား လွှမ်းခြုံသည့်အာဏာ

“လူသားဆန်သည့် အာဏာ” လို့ ပြန်ရင်လည်း ရမှာပါ။ လူသားဆန်တယ်ဆိုတဲ့နေရာမှာ အနောက်တိုင်းနဲ့ အရှေ့တိုင်း ခြားနားချက်တွေ ၀င်ရှုပ်နေမှာ စိုးတဲ့အတွက်  မြန်မာတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဗြဟ္မစိုရ်တရားလွှမ်းခြုံသည့်အာဏာ လို့ ပြန်ဖြစ်ပါတယ်။  ဗုဒ္ဒဘာသာ မဟုတ်သူများတောင် ဗြဟ္မစိုရ်တရား ဆိုတာနဲ့ သိပ်မစိမ်းလှဘူးလို့ ယူဆလို့လည်း ဖြစ်ပါတယ်။


ဆက်လက်ဖော်ပြပါမည်။

2 comments:

  1. I think the meaning of "Order" in Global Order does not mean the level high and low. I think it's more like situational effect and relation to the world countries. so how about the usage "အကျိုးသက်ရောက်မှြူ့​ဖစ်စ​ဥ်"?

    ReplyDelete
    Replies
    1. ကျေးဇူးပါဗျာ။ ၀ါစဉ် ဆိုတာကလည်း probational ပါ။ အဲဒီအချိန်တုန်းက သူ့ထက်သင့်တော်မယ်ထင်တာကို စဉ်းစားလို့မရခဲ့ဘူး။ သက်ရောက်မှုအသစ်၊ order အသစ်၊ အစီအစဉ်အသစ် စသဖြင့် စဉ်းစားလိုက်ရင် ၀ါစဉ်အသစ်ဆိုတာလည်း ဖတ်ရတာစိမ်းနေပေမဲ့ ဆက်စပ်မှုရှိမယ် ထင်လို့ပါ။ ပြဿနာက ဝေါဟာရတစ်ခုဟာ သီးသန့်လက္ခဏာရှိဖို့လိုတဲ့အပြင် စကားလုံးကျစ်လစ်ဖို့ကိုလည်း ဂရုစိုက်ရသေးတာကိုး။ အခုအချိန်မှာ ပြန်ရမယ်ဆိုရင်တော့ order ကို ပြဋ္ဌာန်းချက် လို့ ပြန်မိမလားပဲ။ ဂလိုဘယ်ပြဋ္ဌာန်းချက်အသစ် ဆိုတာမျိုးပေါ့။ ဝေါဟာရအသစ်တစ်ခု တွင်တယ် မတွင်ဘူးဆိုတာကတော့ လက်ခံသုံးစွဲမှု ဘယ်လောက်ကျယ်ပြန့်သွားသလဲဆိုတဲ့အပေါ်မှာ မှီခိုပါလိမ့်မယ်။

      ၁၉၅၀ ပြည့်နှစ်တွေလောက်က Think-tank ကို ဆရာမောင်ဆုရှင်က အတွေးအိမ် လို့ ဘာသာပြန်သုံးစွဲကြောင်း ဖတ်ဖူးပါတယ်။ ယနေ့ ဆရာမောင်စူးစမ်း ကတော့ သင့်တင့်ခ် လို့ပဲ တိုက်ရိုက်သုံးတာ တွေ့ဖူးပါတယ်။ ကျွန်တော်ကတော့ သုခမိန်အဖွဲ့ လို့ ပြန်ကြည်ပါတယ်။ ကမ္ဘာကြီးနဲ့ ပိုမိုဆက်ဆံလာတဲ့ခေတ်မှာ ဘာသာပြန်ဆရာတွေ အပျင်းထူလို့ ဝေါဟာရအသစ်တွေ မထွက်တော့ဘူးဆိုရင် ဘာသာစကားရဲ့ ရေရှည်တည်တံ့ရေးကို အန္တရယ်မရှိလာနိုင်ဘူးလား။ ဘာသာပြန်သမျှ အဓိပ္ပါယ်မှန်ဖို့တော့ သတိပြုရမှာပေါ့။ ယနေ့ဂျာနယ်တွေမှာ တွေ့နေရတာကတော့ အားရစရာမရှိပါ။ “အိုင်ဒီယော်လော်ဂျီကို ရီဗြူးလုပ်ဖို့လိုပြီ” တို့ “Green ပရောဂျက် Award အတွက် တောပ့်စာရင်းဝင်သူများ” စသဖြင့် ဖတ်ရတာ စိတ်မချမ်းသာစရာပါ။ ကျွန်တော်တို့ဆီမှာ ကိုယ့်ကိုကို ဘယ်လိုဂုဏ်ယူရမလဲဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးကြဖို့၊ အကြံပေးကြဖို့ လိုနေပြီလို့လည်း ထင်မိပါတယ်။

      P/S: I've got to type this for a few times because all have gone missing after I press "Publish". My apologies if you have received this several times. With Best Regards.

      Delete