အောက်ပါစာစုမှာ
“ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်” ဘာသာပြန်စာအုပ် အခန်း (၆) မှ ခေါင်းစဉ်ငယ်တစ်ခုကို
ထုတ်နှုတ်တင်ပြထားချက်ဖြစ်ပါသည်။
လူသားရင်းမြစ် ပေါများသလောက် သဘာဝရင်းမြစ်
ရှားပါးလှသည့် တရုတ်ပြည်ကြောင့် ကမ္ဘာတဝန်း သက်ရောက်မှုများကား မနည်းလှပေ။ လုပ်သားများ
ပိုလျှံနေခြင်း၏ အကျိုးဆက်ကြောင့် ကုန်ချောပစ္စည်းများ ဈေးပေါပေါဖြင့် ထုတ်လုပ်နိုင်စေသည်။
အခြား တစ်ဖက်၌မူ ကုန်ထုတ်လုပ် မှု မြင့်တက်လာခြင်းနှင့်အတူ တရုတ်ပြည်မှ လိုအပ်သည့် ကုန်မာပစ္စည်းများ၏ဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့သည်မှာ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့စီး ပွားရေး
အကျပ်အတည်း ဆိုက်ရောက်ချိန်ထိပင် ဖြစ်သည်။ ထိုအချက်ကပင် ကမ္ဘာ့စီးပွား ရေးတွင် တရုတ်ခေတ်
ပါရာဒိုင်းအသစ်ကို ဖြစ်ထွန်းလာစေခဲ့၏။
တရုတ်စီးပွားရေး ဖွံ့ဖြိုးလာမှုကြောင့် ယနေ့အထိ
အကြီးအကျယ် အမြတ်ထွက်ခဲ့ကြ သူများမှာ အခြားသူ မဟုတ်။ လူသုံးကုန်ပစ္စည်းများကို ဈေးပေါပေါဖြင့်
သုံးစွဲလာနိုင်သည့် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ အခြေခံကုန်မာထွက်သည့် နိုင်ငံများသာ
ဖြစ်၏။ နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (IEA)၏ ခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေး နာလန်ထူလာခြင်းနှင့်အတူ
ရေနံဈေး များ ပြန်လည်မြင့်တက်လာပြီး ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် ရေနံစိမ်းတစ်စည်၏ ဈေးနှုန်း
မှာ အမေရိကန်ဒေါ်လာ ၂ဝဝ ကျော် ရှိလာမည်ဟု သိရသည်။ (စကားချပ်။ လက်ရှိ ရေနံစိမ်းတစ်စည်၏
ပေါက်ဈေးမှာ ၈၈ ဒေါ်လာဖြစ်သည်။) ကုန်ကြမ်းဈေးတက်သည့် အတွက် ယခင်က ဈေးပေါခဲ့သည့် တရုတ်ပြည်လုပ်
ကုန်ချောများလည်း ဈေးကြီးလာမည် ဖြစ်ရာ တရုတ်တို့အနေဖြင့် စွမ်းအင်များများ အသုံးချ
ထုတ်လုပ်ရသည့် လက်ရှိ ဖွံ့ဖြိုးတိုး တက်ရေးပုံစံကို အချိန်အတိုင်းအတာတစ်ခုအထိသာ ကျင့်သုံးနိုင်မည်
ဖြစ်သည်။ စွမ်း အင်နည်းနည်းဖြင့် ကုန်ချောများများ ထုတ်နိုင်သည့် နည်းလမ်းများ ရှာဖွေရတော့မည်
ဖြစ် သည်။
သို့ရာတွင် ရာစုနှစ်နှင့်ချီ၍ သဘာဝရင်းမြစ်များကိုသာ
ထုတ်ယူသုံးစွဲလာခဲ့သည့် တရုတ်ပြည်အနေဖြင့် လမ်းကြောင်းပြောင်းပြီး နည်းသစ်ရှာရန်မှာ
လွန်စွာခက်ခဲမည်ပင်။ ပြည်တွင်းရှိ သဘာဝ သယံဇာတမှာလည်း နည်းပါးလွန်းလှ၏။ ပထဝီအနေအထားအရ
တရုတ်ပြည်တောင်ပိုင်း၌ သာ အနည်းငယ်စိုစွတ်ပြီး လူဦးရေထက်ဝက်ခန့် နေထိုင်သည့် မြောက်ပိုင်းဒေသမှာ
အလွန်အမင်း ခြောက်သွေ့ကာ ကမ္ဘာ့အကြီးဆုံး ကန္တာရကြီး ဖြစ်လာ ရန် တာစူလျက်ရှိသည်။ အစိုးရအဆက်ဆက်အနေဖြင့်လည်း
မင်မင်းဆက် တူးမြောင်းများ အကြီးအကျယ် ဖောက်လုပ် ခဲ့ခြင်းမှသည် မျက်မှောက်ခေတ် “မြစ်ကျဉ်းသုံးခု
ဆည်ကြီး”၊ (Three Gorges Dam) အထိ သဘာဝ ပတ်ဝန်းကျင်ကို လူသားတို့၏ အသုံးတော်ခံ အဖြစ်သာ
ရှုမြင်ခဲ့ကြလေသည်။ အစိုးရပိုင်းနှင့် ပြည်သူများအကြား ပတ်ဝန်းကျင် ထိန်း သိမ်းရေးအသိ
ယခင်ထက် တိုးတက်လာနေပြီဖြစ်သော်လည်း လွန်စွာ အားနည်းဆဲ ဖြစ် သည်။ ထို့ပြင် ဖွံ့ဖြိုးပြီး
နိုင်ငံများနှင့် နှိုင်းယှဉ်ပါက တရုတ်လူထုမှာ ဆင်းရဲနွမ်းပါးဆဲဖြစ်၏။ ဆင်းရဲသည့် တိုင်းပြည်တစ်ခုအနေဖြင့်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဖွံ့ဖြိုးပြီးနိုင်ငံများ ကဲ့သို့ အလေးထားနိုင်မည် မဟုတ်ချေ။
လက်ရှိ တိုးတက်မှုနှုန်းအတိုင်း သွားမှသာလျှင် တရုတ်ပြည်သည် အနောက်နိုင်ငံများ၏ ၁၉၆ဝ
ပြည့်နှစ် တိုးတက်မှုအဆင့်သို့ ၂ဝ၁၅ ခုနှစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ဥရောပ၏ တိုးတက်မှုနှုန်းနှင့်
နှိုင်းယှဉ်ပါမူ တရုတ်ပြည် သည် ၁၈ ရာစုခေတ်မှ ၂၁ ရာစုခေတ်သို့ နှစ် ၃ဝ အတွင်း တက်လှမ်းလာခြင်းဖြစ်၏။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်အတွက် ရလဒ်ကား
ရှင်းပါ၏။ ရာစုနှစ် နှစ်ခုကျော် ပုံမှန် သုံးစွဲရမည့် သဘာဝစွမ်းအင်ကို နှစ် ၃ဝ မျှနှင့်
ကုန်ခန်းစေခဲ့ခြင်း ဖြစ်လေ သည်။ တရုတ် မြစ်ချောင်းများ၏ လေးပုံသုံးပုံကျော် ရေထုမှာ
သောက်သုံးရန် သို့မဟုတ် ငါးဖမ်းရန်ပင် မသင့်တော်တော့ချေ။ လေထုအညစ်ညမ်းဆုံး ကမ္ဘာ့မြို့ကြီးများ
၂ဝ အနက် ၁၆ မြို့မှာ တရုတ်ပြည်မှ ဖြစ်၏။ တရုတ်ပြည် ဧရိယာ၏ သုံးပုံတစ်ပုံ၌ အက်စစ်မိုးများ
ရွာသွန်းလေ့ ရှိ၏။ တိုင်းပြည်၏လေးပုံတစ်ပုံမှာ ကန္တာရ ဖုံးနေပြီး ၅၈ ရာခိုင်နှုန်းမျှသော
မြေသားတို့မှာ မြေဆီ ခန်းခြောက်ပြီး ဖြစ်လေသည်။
လက်ရှိအနေအထားအရ တရုတ်တို့အနေဖြင့် ချမ်းသာလာသည့်အခါတွင်မှ
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ရန် အခွင့်မသာတော့ချေ။ ရေနံဈေးနှုန်း သိသိသာသာ
မြင့်တက်လာ သည်နှင့်အမျှ လောင်စာဆီသုံး မော်တော်ယာဉ်များအပေါ် အခွန် တိုးမြှင့် ကောက်ခံခြင်း၊
အခြား စွမ်းအင်သုံးစွဲနိုင်မှု နည်းပညာများကို လေ့လာခြင်းများ မလွဲမသွေ ပြုလုပ်ရမည်
ဖြစ်သည်။ ယခုအခါ ရှန်ဟိုင်းမြို့တွင် ကားတစ်စီးဝယ်ယူပါက လောင်စာဆီ ခွန်အဖြစ် အမေရိကန်ဒေါ်လာ
၎ဝဝဝ ခန့် ပေးဆောင်ရန် သတ်မှတ်ထားသည်။ အခြား ပတ်ဝန်းကျင် ထိခိုက်မှုတစ်ခုမှာ ကမ္ဘာကြီး
ပူနွေးလာခြင်းပင် ဖြစ်သည်။ ယင်းအတွက် အဓိက အကြောင်းရင်းဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်
(CO2) ထုတ်လွှတ်မှုကို လျှော့ချ ရေးအားထုတ်ရာတွင်
တရုတ်ပြည်လည်း ပါဝင်ရမည်ပင်။ CO2 ထုတ်လွှတ်မှု လျှော့ချရေး ၌ ချမ်းသာပြီး နိုင်ငံကြီးများနည်းတူ
လိုက်နာရန်ကိုမူ တရုတ်တို့ သဘောမတူကြချေ။
အိန္ဒိယနိုင်ငံကလည်း တရုတ်နည်းတူ သဘောမတူချေ။
၎င်းတို့၏ အကြောင်းပြချက်မှာ ချမ်းသာပြီးနိုင်ငံများအနေဖြင့် ဖန်လုံအိမ် ဖြစ်ပေါ်စေမည့်
ဓာတ်ငွေ့များကို နှစ်ပေါင်းများစွာ စော၍ ထုတ်လွှတ်နေပြီးဖြစ်ရာ လက်ရှိပြဿနာကို ယင်းနိုင်ငံများမှ
ပိုမိုတာဝန်ယူရန် ဖြစ် သည်ဟူ၍ ဖြစ်၏။ ထို့ပြင် တရုတ်ပြည်စက်ရုံများမှ ထုတ်လုပ်သမျှ၏
၎ဝ ရာခိုင်နှုန်းကို အနောက်နိုင်ငံများသို့ တင်ပို့ရသည်ဖြစ်ရာ တရုတ်ပြည်တွင်း လေထုညစ်ညမ်းမှုအတွက်
အနောက်နိုင်ငံများမှာလည်း တာဝန်ရှိကြောင်း ဆိုလေသည်။ ယင်းအချက်များကို ထောက်ခံသည့်
ကျိုတိုသဘောတူညီချက် (Kyoto Protocol) ကိုမူ အမေရိကန်ပြည်ထောင် စုနှင့် သြစတြေးလျနိုင်ငံတို့က
လက်မှတ်ထိုးရန် ငြင်းဆန်နေဆဲဖြစ်၏။ အခြားတစ်ဖက်တွင် မူ တရုတ်ပြည်အနေဖြင့် CO2 ထုတ်လွှတ်မှုတွင် အမေရိကထက် ပိုမိုနေပြီဖြစ်ရာ တရုတ်၊ အိန္ဒိယတို့၏
တောင်းဆိုချက်များမှာ ယုတ္တိမတန်တော့ချေ။ ဖန်လုံအိမ် အာနိသင်မှာ တရုတ်ပြည်၌လည်း သိသိသာသာ
ခံစားနေရပြီဖြစ်၏။ မုန်တိုင်းများ၊ မိုးခေါင်မှုများ၊ ၂ဝဝ၈ ခုနှစ်ကကဲ့သို့ ရက်ရှည်လများ
နှင်းမုန်တိုင်းကျမှုများကို ကြုံတွေ့လာရပြီး ဖြစ်သည်။ စွမ်း အင် ထုတ်လုပ်မှုကြောင့်
သဘာဝပတ်ဝန်းကျင် ထိခိုက်ရာ တွင် ကျောက်မီးသွေး လှိုင်လှိုင် သုံးစွဲသည့် တရုတ်ပြည်၌ ပိုမိုသိသာလေသည်။
ကျောက်မီးသွေးမှ ကာဗွန်ဓာတ်ငွေ့ ထုတ် လွှတ်မှုမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စသည်တို့မှ
ထုတ်လွှတ်မှုထက် သိသိသာသာ များ ပြား၏။ ဥပဒေအရ တားဆီးပြဋ္ဌာန်းမှုများ ပြုလုပ်လာသော်လည်း
လက်တွေ့ လိုက်နာမှုတွင် အကြီးအကျယ် လျစ်လျူရှုကြဆဲဖြစ်သည်။ အစိုးရအနေဖြင့်လည်း ပတ်ဝန်းကျင်
ထိန်း သိမ်းရေးကိစ္စများမှ စီးပွားရေးတိုးတက်မှု လမ်းကြောင်း၏ ခလုတ်တံသင်း ဖြစ်လာခြင်းကို
မမြင်လိုပါချေ။ အဆိုပါပြဿနာ၏အရေးကြီးမှုကို ထိပ်တန်းခေါင်းဆောင်များကပါ တစ်နေ့ တခြား
ပိုမိုလက်ခံလာခဲ့ပြီးဖြစ်ပါသည်။
သို့ဖြစ်ရာ တရုတ်တို့အနေဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊
အခြား သန့်ရှင်း သည့် အရင်းအမြစ်များမှ စွမ်းအင်ထုတ်လုပ်မှု တိုးတက်ရေးတို့ကို သတ်သတ်မှတ်မှတ်
လုပ်ဆောင် လာသည်ကို တွေ့ရ၏။ ယခုအခါ တရုတ်ပြည်မှာ လေရဟတ်များမှ ဓာတ်အား ထုတ်လုပ်ခြင်း
အပါအဝင် သန့်ရှင်းရင်းမြစ်မှ ထုတ်လုပ်သည့် စွမ်းအင် အသုံးပြုရာ၌ ကမ္ဘာ့ အကြီးဆုံး ဖြစ်လာ ခဲ့ပြီဖြစ်၏။
လေ၊ နေရောင်ခြည်နှင့် ဟိုက်ဒရိုဂျင်တို့မှ စွမ်းအင်ထုတ်လုပ်ရေး သုတေသန လုပ်ငန်းများတွင်
အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများ ပုံအော စိုက်ထုတ်လာ သည်ကို တွေ့ရသည်။ မဝေးတော့သည့်
အနာဂတ်တွင် ဆိုလာဆဲလ်များမှ လျှပ်စစ်ဓာတ် အား ထုတ်လုပ်နိုင်သည့် တီထွင်မှုများကို အမေရိကန်
ပြည်ထောင်စုအစား တရုတ်ပြည်က ပိုမို ပြုလုပ်နိုင်လာမည်ဟုပင် အချို့က ခန့်မှန်းထားကြ၏။
အကြီးဆုံး တရုတ်မော်တော်ကား ကုမ္ပဏီကြီးနှစ်ခုက ဓာတ်ဆီ/လျှပ်စစ် နှစ်မျိုးစလုံးဖြင့်
မောင်းနှင်နိုင်သည့်ယာဉ်များ (hybrid cars) ကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ တရုတ်ပြည်၏
စီးပွားရေးဖွံ့ဖြိုးမှု၌ ခေတ် နောက်ကျခြင်း၊ ခေတ်မီခြင်း များ ရောပြွမ်းနေသကဲ့သို့ ၎င်း၏
ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားထုတ်မှုများမှာလည်း အရောရောအထွေးထွေး ဖြစ်၍သာနေတော့သည်။
၂ဝဝ၈ ခုနှစ် အိုလံပစ် အားကစားပွဲများ မတိုင်မီ ဘေဂျင်းမြို့တော်၏ စိတ်ပျက်ဖွယ်ရာ လေထုညစ်ညမ်းမှု
ကို သန့်စင်ရေးအတွက် မြို့တွင်းသို့ ကားများ မဝင်ရဆိုသည့် ကန့်သတ်မှုမျိုးပင်တည်း။
No comments:
Post a Comment