Saturday, October 20, 2012

ကွဲပြားခြားနားမှုနှင့် တရုတ်တို့၏အမြင်

အောက်ပါစာစုမှာ “ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်” ဘာသာပြန်စာအုပ်၊ အခန်း (၈) မှ ခေါင်းစဉ်ငယ်တစ်ခုကို ထုတ်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။

        တစ်နေ့တွင် တရုတ်ပြည်သည်လည်း အခြားသော မဟာအင်အားကြီး နိုင်ငံများကဲ့သို့ပင် ကမ္ဘာကြီးအား ၎င်း၏သမိုင်းကြောင်းနှင့် စံထားချက်များကို အခြေခံကာ ရှုမြင်လာတော့မည်ဖြစ်သည်။ သို့ရာတွင် စာရေးသူတို့၏ ကမ္ဘာကြီးကား ထွေလီကာလီ ခြားနား ဆန်းပြားလှသည် ဖြစ်ပေရာ တရုတ်ပြည်သာမက မည်မျှကျယ်ဝန်းလှသည့်တိုင်းပြည်ပင်ဖြစ်ပါစေ ကမ္ဘာကြီး၏ ကိုယ်စားပြု ပုံစံငယ်အဖြစ် အကြမ်းဖျင်းသဘော ရပ်တည်ရန်ပင် မဖြစ်နိုင်ပါချေ။ သို့ဖြစ်ရာ သူတစ်ပါးတို့၏ မွေးရာပါဖြစ်သည့် အမျိုးမျိုးသော ယဉ်ကျေးမှုများ၊ သမိုင်းကြောင်းများ၊ လူမျိုးစုများ၊ စံထားချက်များ စသည့် မတူကွဲပြားမှုအပေါ် တရုတ်တို့၏ သဘောထားမှာ သိသိသာသာ အရေးပါလာတော့မည် ဖြစ်သည်။ ၎င်းတို့နှင့်မတူ ခြားနားသူများအား တရုတ်တို့ မည်သို့ဆက်ဆံသနည်း။ ၎င်းတို့အပေါ် လေးစားသမှုဖြင့် မည်သို့ နားလည်ပေးမည်နည်း။ ယင်းမေးခွန်းများကား ဖြေဆိုရန် ခက်ခဲလှ၏။ ပထမအကြောင်းရင်းမှာ အိမ်နီးချင်းများနှင့် ဆက်ဆံရေးမှလွဲ၍ တရုတ်ပြည် သမိုင်းကြောင်း တစ်လျှောက်မှာ ကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက်နေခဲ့သောကြောင့် ပင်ဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာမူ ရိုးရိုးရှင်းရှင်းပင်ဖြစ်၏။ မေးခွန်းများ၏ အဖြေမှာ မကြုံရသေးသည့် အနာဂတ်တွင်သာ ရှိနေသောကြောင့်ပင်တည်း။ ယနေ့ တရုတ်ပြည်၏ ပြုမူချက်များက ယင်းအဖြေ၏ တစ်စိတ်တစ်ပိုင်းကိုသာ လှစ်ဟပြနေကြသည်။ ဤသည်မှာလည်း ၎င်း၏ မျက်မှောက်အင်အားကြီး အဆင့်အတန်းမှာ နောင်ဖြစ်လာမည့်အဆင့်၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးသောကြောင့် ဖြစ်၏။ သို့ရာတွင် ထိုမေးခွန်းများ၏ အဖြေအတွက် ရှေ့တွင် ဆွေးနွေးမည့်အချက်အချို့ကို ထည့်သွင်း စဉ်းစားနိုင်ပါသည်။
          
           လူမျိုးရေးနှင့်ပတ်သက်၍ တရုတ်တို့၏အတွေ့အကြုံမှာ သီးသန့်ထူးခြား၏။ တစ်ချိန်က လူမျိုးစုပေါင်းမြောက်မြားစွာ ကွဲပြားခဲ့ကြသည်မှာ မှန်သော်လည်း ယနေ့အခါ၌မူ တရုတ်လူမျိုး (ဟန်လူမျိုး) ကို လူမျိုးစုတစ်ခုတည်း အဖြစ်သာ မှတ်ယူကြ၏။ တိုင်းရင်းသားများဟု ခေါ်ဝေါ်ခံရသည့် လူနည်းစုလူမျိုးစုတို့မှာ လူဦးရေစုစုပေါင်း၏ ၉ ရာခိုင်နှုန်းမျှပင် မရှိချေ။ ဇီဝသိပ္ပံပညာရှင် ဝမ်ရှောင်ဒေါင် ပြောစမှတ်ပြုသကဲ့သို့ပင် “တရုတ်အချင်းအချင်းတွင် မူလမျိုးနွယ် အရင်းအမြစ် ကွဲပြားကောင်း ကွဲပြားနိုင်သော်လည်း ၉၅ ရာခိုင်နှုန်းသော တရုတ်တို့က ၎င်းတို့သည် မျိုးနွယ်တစ်ခုတည်းမှ ဆင်းသက်လာသည်”ဟု ယုံကြည်ကြ၏။ တရုတ်ပြည်၏ ရှည်လျားလှသော သမိုင်းကြောင်းတစ်လျှောက် ဖန်တီးမှုများ၏ ရလဒ်ပင်တည်း။ အကျိုးဆက်မှာ တရုတ်တို့အနေဖြင့် လူမျိုးစုကွဲပြားခြင်းကို အလေးမထား၊ လျစ်လျူရှုလာကြခြင်းပင် ဖြစ်တော့သည်။ လူနည်းစု လူမျိုးကွဲများအပေါ် အလေးပေး အသိအမှတ်ပြုမှု နည်းပါးခြင်း၊ အထင်အမြင်သေးခြင်း၊ တန်းတူနေရာမပေးလိုခြင်းများပင် ဖြစ်တော့သည်။ အိန္ဒိယအပါအဝင် ကမ္ဘာ့လူဦးရေအများဆုံး တိုင်းပြည်များဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ အင်ဒိုနီးရှား စသည်တို့တွင် မတူကွဲပြားသည့် လူမျိုးစုများ အတူတကွ နေထိုင်ကြခြင်းကို အသိအမှတ်ပြုရုံမျှမက ဂုဏ်ယူဝင့်ကြွားခြင်းပင် ရှိ၏။ တရုတ်ပြည်၌မူ တရားဝင်ကြေညာထားခြင်း မရှိသော်လည်း (လူများစု ဟန်တရုတ်တို့က) လူမျိုးတစ်မျိုးတည်း၏ တိုင်းပြည်အဖြစ် ခံယူထားသည့် ဆန့်ကျင်ဘက်သဘောကို တွေ့နိုင်လေသည်။
         
           “တရုတ်တွေက သူတို့ကိုယ်တိုင် လူမျိုးတစ်မျိုးတည်းလို့ ခံယူထားတော့ အခြားလူမျိုးတွေကိုလည်း သူတို့လိုပဲ ထင်ကြတယ်။ အိန္ဒိယတို့၊ အာဖရိကန်တို့ ဆိုတာလည်း သူတို့လို လူမျိုးတစ်မျိုးတည်းလို့ ထင်ထားကြတယ်” ဟု တရုတ်ပညာရှင် ဟွမ်ပင်းက သုံးသပ်ပြသည်။ သို့ဖြစ်ရာ ပြင်ပကမ္ဘာ၏ လူမျိုးရေး ကွဲပြားမှုသဘာဝမှာ တရုတ်တို့အဖို့ နားလည်ရခက်သည့် ပြဿနာတစ်ခု ဖြစ်လာခဲ့ လေတော့သည်။ တရုတ်ပြည်တွင်းမှ တိဗက်လူမျိုးစုများ၊ ဝီဂါများအပေါ် ဟန်တရုတ်တို့၏ သဘောထားနှင့် ဆက်ဆံပြုမူပုံများမှာ စာရေးသူတို့ သိပြီးပင်ဖြစ်သည်။ ဟွမ်ပင်းကမူ ဤသို့ ဝန်ခံ၏။

          “တရုတ်ပြည်ကား လေ့လာစရာများစွာ ကျန်သေးတော့သည်။ အခြေခံအကျဆုံးအနေဖြင့် ကျွန်တော်တို့ မည်သူမည်ဝါ ဖြစ်သည်၊ မည်သည့်အရပ်မှလာသည်၊ မည်သို့ဖြစ်ထွန်းလာသည် စသည့်အချက် များစွာကို လေ့လာရန်လိုပါသည်။ တရုတ်ဆိုသည့်အဖြစ်ကို အလိုအလျောက် ရလာသည်ဟု မမှတ်ယူသင့်ပါ။ ထိုအဖြစ်မှာ သမိုင်းတစ်လျှောက် လုပ်ဇာတ်ခင်းခဲ့ ကြသောကြောင့် သာ ဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် ပြင်ပကမ္ဘာသို့ သင်ခန်းစာတစ်ခုခု ပေးနိုင်ပါ၏။ သို့ရာတွင် ကျွန်တော်တို့ကိုယ်တိုင် သင်ယူစရာ မြောက်မြားစွာကို လေ့လာပြီးမှသာ ဖြစ်သင့်ပါသည်။”

        သို့ရာတွင် ရာစုနှစ်များချီကာ အမြစ်တွယ်ခဲ့သည့် အမြင်တစ်ခုကို ပြောင်းလဲရန်မှာ အချိန်တိုအတွင်း ဖြစ်နိုင်ဖွယ်ရာ မရှိချေ။ ပစ္စက္ခအခြေအနေ၌မူ လူမျိုးပေါင်းစုံတွင် တရုတ်တို့ကထိပ်ဆုံး၊ ထို့နောက် လူဖြူများ၊ ထို့နောက် အခြားလူမျိုးများ၊ အောက်ဆုံး၌ အသားအရောင် မည်းနက်သူများ စသဖြင့် ထူးခြားရှုပ်ထွေးလှသည့် တရုတ်တို့၏ လူမျိုးရေးအမြင်မှာ အားကောင်းမောင်းသန်ဖြင့် ကမ္ဘာကြီးအပေါ် သက်ရောက်ဖွယ်ရာ ရှိလေသည်။

          တရုတ်တို့၏ အခြားသော လက္ခဏာတစ်ရပ်မှာ ထက်သန်လွန်းသည့် မိမိကိုယ်မိမိ ယုံကြည်မှုပင်ဖြစ်၏။ ထိုင်ဝမ်မှ တရုတ်စာရေးဆရာ ဘိုယန်၏ ၁၉၈၆ ခုနှစ်ထုတ် “အရုပ် ဆိုးသည့် ကိုတရုတ်” (The Ugly Chinaman) အမည်ရှိ စာအုပ်မှာ တရုတ်ပြည်တွင်း၌ ခေတ်စားလှ၏။ ယင်းစာအုပ်တွင် တရုတ်တို့ကို အမြဲတမ်း အစွန်းနှစ်ဖက်အတွင်း ရွေ့လျားနေသူများ အဖြစ် ဖော်ပြထားသည်။

           “နာတာရှည်စွဲနေသည့် အောက်ကျနောက်ကျနိုင်မှုနှင့် လွန်လွန်ကဲကဲ ပလွှားမှုများအကြား ဖြစ်၏။ သိမ်ငယ်သည့်အခါများတွင် သူသည် ကျွန်တစ်ဦး ဖြစ်၏။ ပလွှားသည့်အခါများတွင်မူ သူသည် လူရမ်းကားတစ်ဦး ဖြစ်လေသည်။ သိမ်ငယ်သည့်အခါများတွင် မည်သူမဆို သူ့ထက်သာလွန်၏။ ပလွှားသည့်အခါ၌မူ ထိုနေ့အဖို့ သူနှင့် တူသူတန်သူ မရှိတော့ပြီတည်း” ဟူလို။

           ယင်းကား ရာစုနှစ်တစ်ခုကြာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရခြင်းက တရုတ်တို့၏ အဇ္ဈတ္တကို မည်မျှထိခိုက်စေခဲ့ကြောင်း ပြသခြင်းပင်တည်း။ မည်သို့ပင် ထိခိုက်ခဲ့ပါစေ တရုတ်တို့အနေဖြင့် လူသားမျိုးနွယ်၏ ထိပ်ဆုံးအဆင့်၌ ၎င်းတို့ရှိနေသည်ဟု ယုံကြည်ဆဲဖြစ်သည်မှာလည်း မှတ်သားစရာ ဖြစ်လေသည်။ အခြား ထိုင်ဝမ်စာရေးဆရာတစ်ဦးဖြစ်သူ လူလင်းကလည်း ဤသို့ မှတ်ချက်ပြုခဲ့သည်။ 

           “တရုတ်တို့အနေဖြင့် ၎င်းတို့မှာ အနောက် တိုင်းသားများ အပါအဝင် လူမျိုးအားလုံးထက် သာလွန်သည်ဟု မှတ်ယူကြသည်” ဟူသတတ်။ 

            မည်သည့်ဖွံ့ဖြိုးဆဲနိုင်ငံ၏ နိုင်ငံသားများမှ ဤသို့သော မိမိကိုယ်မိမိ သရဖူမကိုဋ် ဆောင်းထားသည့် ယုံကြည်မှုမျိုး မထားကြသည်မှာ အမှန်ပင်တည်း။ ထိုသို့ မိမိကိုယ်မိမိ အထင်ကြီးပလွှားမှုကို လူမျိုးရေးလက္ခဏာ သက်သက်အဖြစ် မမြင်အပ်ပေ။ လူမျိုးရေး အပါအဝင် နှစ်ထောင်ချီသယ်ပိုးလာ ခဲ့သည့် ယဉ်ကျေးမှုအစုအဝေး၏ ထင်ဟပ်ချက်တစ်ရပ် အဖြစ်သာ ရှုမြင်သင့်၏။ စာရေးသူတို့ လေ့လာခဲ့သည့်အတိုင်း သမိုင်းတစ်လျှောက် တရုတ်တို့မှ လူမျိုးခြားတို့အပေါ် သဘောထားမှာ ရံဖန်ရံခါ၌ တရုတ်နည်းအတိုင်း လိုက်နာကျင့်သုံးနိုင်စွမ်း မရှိသူများအဖြစ်လည်းကောင်း၊ ရံဖန်ရံခါ၌မူ သိမ်းသွင်းဆွဲဆောင် ကာ (တရုတ်လူမျိုးအဖြစ်) ဝါးမျိုရန် ဖြစ်နိုင်သည့်သူများအဖြစ်လည်းကောင်း တရုတ်တို့ကိုယ်တိုင်၏ မိမိကိုယ်ကို ယုံကြည်မှု အခြေအနေပေါ် မူတည်ကာ ပြောင်းလဲလေ့ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။ “တရုတ်” လူမျိုးဟု ဆိုခြင်းကပင် ရာစုနှစ်များစွာ ချဲ့ထွင်ခြင်းနှင့် သိမ်းသွင်းခြင်းတို့အပေါ်တွင် ကမ္ပည်းတပ်ခဲ့သည် မဟုတ်ပါလား။ တရုတ်နန်းရိုးမဟုတ်သည့် “ကျင်” (မန်ချူး) မင်းဆက်ကို ဥပမာကြည့်ပါ။ (တရုတ်) လူမျိုး ဖြစ်မှုမှာ ပုံသေအေးခဲနေခြင်း မဟုတ်ဘဲ တဖြည်းဖြည်း အမြစ်တွယ်ခြင်းနှင့် ရေရှည်တွင် ဝါးမျိုခြင်းအဖြစ် မြင်ရမည် ဖြစ်ပါသည်။

           အခြား လူသားမျိုးနွယ်များထက် သာလွန်မြင့်မြတ်သည်ဟူသော တရုတ်တို့၏ သဘောထားမှာ ကမ္ဘာကြီးအတွက်မူကား ပြဿနာတစ်ရပ် ပင် ဖြစ်ချေတော့သည်။ ထိုသဘောထားမှာ တရုတ်ပြည်ကြီး ဆင်းရဲကာ အင်အားချည့်နဲ့ချိန်၌ ပြဿနာရှိသကဲ့သို့ တရုတ်ပြည်ကြီး အင်အားတောင့်တင်းကာ ကမ္ဘာတစ်ခွင်သို့ သြဇာညောင်းလာချိန်၌လည်း ပြဿနာအကြီးအကျယ် ရှိလေသည်။ ဥရောပနှင့် အနောက်တိုင်းနိုင်ငံများ၌လည်း ထိုသို့သော သာလွန်မြင့်မြတ်သည်ဟူသည့် သဘောထားများ တရုတ်တို့နှင့် အပြိုင်ရှိသည်မှာ အမှန်ပင်။ သို့ရာတွင် တရုတ်တို့နှင့် အနောက်တိုင်း လူမျိုးကြီး အယူအဆများအကြား ခြားနားချက်နှစ်ခု ရှိသည်။ ပထမအချက်မှာ တရုတ်တို့၏ သွေးနားထင်ရောက်မှု သည် ပိုမိုရှည်လျားသော သမိုင်းကြောင်းရှိ၏။ အခြားအချက်တစ်ခုမှာ ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံကို တရုတ်တို့က ကိုယ်စားပြုထားခြင်းပင်တည်း။ ယင်းမှာ အမေရိကန်ပြည်ထောင်စု သို့မဟုတ် ဗြိတိန်တို့၏ ခေတ်အကောင်းဆုံး ကာလကထက် များစွာ သာလွန်လေသည်။ ထိုအသာစီးရမှုကြောင့် မဟာအင်အားကြီးတရုတ်တို့ကို မည်သို့ပြုမူစေမည်နည်း ဆိုသည့် မေးခွန်းမှာ လွန်စွာအရေးပါလေသည်။

            တရုတ်တို့အနေဖြင့် အင်အားကြီးနိုင်ငံအဖြစ် ကမ္ဘာ့ခေါင်းဆောင်ပိုင်း နေရာကို ရထိုက်သည် ဟု ယုံကြည်၏။ လွန်ခဲ့သောရာစုနှစ် နှစ်ခုကာလကိုမူ ၎င်းတို့၏ သမိုင်းကြောင်းမှ သွေဖည်သွားသော အစိတ်အပိုင်းအဖြစ် မှတ်ယူကြသည်။ သို့ဖြစ်ရာ အသစ်တက်လာသည့် တရုတ်ခေါင်းဆောင်တိုင်းက အတိတ်မှဖြစ်ရပ်ကို ပြန်လည်အဖတ်ဆယ်ရန်၊ တရုတ်ပြည်၏ ဂုဏ်သိက္ခာကို ပြန်လည်တင်မြှောက်ရန် သမိုင်းပေးတာဝန်အဖြစ် ကြိုးပမ်းလာခဲ့ကြ၏။ တရုတ်ပြည် ပြန်လည်မြှင့်တင်ရေးအတွေးအခေါ်ကို အတိအလင်းဖော်ထုတ်သူမှာ ထိပ်တန်းနိုင်ငံတကာဆက်ဆံရေး ပါရဂူ ရန်ရှုတောင်ပင် ဖြစ်၏။

           “တရုတ်ပြည် အခြေမြင့်လာခြင်းမှာ သဘာဝဖြစ်စဉ်ပါပေ။ တရုတ်တို့ကား သမိုင်းတစ်ခေတ်မှ ၎င်းတို့၏ အောင်မြင်မှုနှင့် ယဉ်ကျေးမှုကို ဂုဏ်ယူကြသူများ ဖြစ်၏။ လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝဝ ကျော်အတွင်း တရုတ်ပြည်မှာ မဟာအင်အားကြီးနိုင်ငံ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးပြီ။ တရုတ်တို့မှာ အတိတ်သမိုင်းအတွက် ဂုဏ်ယူသလောက် မျက်မှောက်ခေတ်တရုတ်ပြည်ကြီး၏ နိုင်ငံတကာအဆင့်ကို ကြည့်ကာ စိတ်မချမ်းမြေ့ဖြစ်ကြရသည်။ တရုတ်တို့အနေဖြင့် တရုတ်ပြည် အခြေမြင့်လာခြင်းသည် အသစ်ရရှိလာခြင်း မဟုတ်။ နိုင်ငံတကာစင်မြင့်သို့ တစ်ဖန် ပြန်ရောက်ရှိလာခြင်းဟုသာ မှတ်ယူကြ၏။”

            သို့ဖြစ်ရာ တရုတ်ပြည်မြင့်တက်လာခြင်းနှင့် နံပါတ်တစ်နေရာသို့ ပြန်လည်ရယူခြင်းမှာ သမိုင်း၏ ရှောင်လွှဲ၍ မရနိုင်သော ဖြစ်စဉ်တစ်ရပ်ဟုသာ ၎င်းတို့အနေဖြင့် မှတ်ယူကြလေသည်။ တရုတ်တို့၏ ကွဲပြားခြားနားခြင်းအပေါ် ရှုမြင်ပုံ၊ အပေါ်စီးမှစိတ်ထား၊ ကြီးကျယ်မြင့်မြတ်လိုမှု တို့၏ ရေသောက်မြစ်များမှာ နှစ်ပေါင်းထောင်ချီ တည်ဆောက်လာသည့် ယဉ်ကျေးမှုနိုင်ငံတော်၌ အခြေတည်ခဲ့ခြင်းဖြစ်၏။ ယင်းတို့အနက် ပထမတစ်ခုမှာ တရုတ်တို့သည် ယဉ်ကျေးမှုအရာ၌ အထက်တန်းကျသူများဟူသော ခံယူချက်ပင်ဖြစ်၏။ ဒုတိယတစ်ခုမှာ ၎င်းတို့သည် သာလွန်မြင့်မြတ်သော အမျိုးအနွယ်ဖြစ်သည် ဆိုခြင်းပင်။ ထိုခံယူချက်များကပင် ဇမ္ဗူဒီပါ၏ အလယ်ဗဟို နိုင်ငံတော်ဆိုသည့် စိတ်ဘဝင်ကို ဖော်ညွှန်းနေကြခြင်း မဟုတ်ပါလား။
  
         ထိုရှေးကျလှသည့် အယူအဆကား ရှေးဟောင်း အီဂျစ်၊ ဂရိနှင့် ရောမနိုင်ငံတော်များမှ အမြင်များနှင့် ခေတ်ပြိုင်ပင် ဖြစ်ချေတော့၏။ သို့ရာတွင် အတိတ်မှ ရွှေခေတ်ကို အနာဂတ် အတွက် နည်းပေးလမ်းပြအဖြစ် ခံယူရန် မျက်မှောက်ခေတ် အီဂျစ်လူမျိုးများ၊ ဂရိသို့မဟုတ် အီတာလျံတို့အနေဖြင့် စိတ်ကူးထဲပင် ထည့်ကြမည် မဟုတ်ချေ။ ဤနေရာ၌ တရုတ်တို့၏ ခံယူချက် ပြောင်းပြန်ကျပုံမှာ ဆန့်ကျင်ဘက် ကွက်တိဟုပင် ဆိုနိုင်လေသည်။ ထိုခံယူချက်က ထူးခြားလှသည့် တရုတ်သမိုင်း၏ ကြံ့ကြံ့ခံ အရှိန်အဝါကြီးမှုကို ဖော်ပြနေသည့်အပြင် ထိုသို့သောအမြင်များ မကြာမီအနာဂတ်တွင် ပြောင်းလဲသွားရန် ဖြစ်နိုင်ခြေမရှိကြောင်းကိုပါ ညွှန်ပြနေကြလေသည်။ တရုတ်ပြည် အခြေမြင့်လာခြင်းက ယင်းသဘောထားကို ပိုမိုခိုင်မာစေရန် တွန်းအားပေးသကဲ့သို့ပင် ရှိတော့သည်။

           တရုတ်ပြည်အပေါ် အနောက်တိုင်းမှ သုံးသပ်ချက်များ၏ ပြဿနာမှာ တရုတ်ပြည်၏ နိုင်ငံရေး စနစ် (ဒီမိုကရေစီ အခွင့်အရေးများ နည်းပါးခြင်းနှင့် ကွန်မြူနစ်စနစ်ဖြစ်နေခြင်း) အပေါ် အထူးပြုထားခြင်းပင် ဖြစ်၏။ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်မှုကို ထည့်တွက်ထားသော်လည်း မဆိုစလောက်သာဖြစ်၏။ အမှန်၌ တရုတ်ပြည် အခြေမြင့်လာခြင်းမှ ပေါ်ထွက်လာမည့် စိန်ခေါ်မှုမှာ အခြားမျက်နှာစာများထက် မိမိကိုယ်မိမိ ဇမ္ဗူဒီပါ၏ အလယ်ဗဟို နိုင်ငံတော်ဖြစ်သည် (ဝါ) အခြားသူတို့ထက် သာလွန်မြင့်မြတ်သည် ဟူသည့် သဘောထားကို အခြေခံသော ယဉ်ကျေးမှုပိုင်းဆိုင်ရာ စိန်ခေါ်မှုပင် ဖြစ်နိုင်လေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် တရုတ်ပြည် အခြေမြင့်လာခြင်းမှ ပေါ်ထွက်လာသည့် ဖြေဆိုရန်အခက်ခဲဆုံးမေးခွန်းမှာ “ဒီမိုကရေစီ ဖြစ်ထွန်းလာနိုင်၊ မလာနိုင်” ဆိုခြင်းမဟုတ်။ “ကွဲပြားခြားနားမှုကို တရုတ်တို့ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း” ဆိုသည့် မေးခွန်းသာလျှင် ဖြစ်တော့သည်။

            ဥရောပနိုင်ငံများ အခြေမြင့်လာစဉ်က ရေကြောင်းချဲ့ထွင်မှု၊ ကိုလိုနီပြုခြင်းများဖြင့် အင်အားပြခဲ့ကြ၏။ အမေရိကန်တို့ တစ်ခေတ်ထွန်း လာသည့်အခါ လေကြောင်းအသာစီးရမှု၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိုးမိုးနိုင်မှု တို့ဖြင့် အင်အားပြခဲ့သည်။ ယခု တရုတ်တို့ကလည်း ပုံစံအသစ်ဖြင့် ပါဝါပြဦးမည်မှာ အသေအချာပင်ဖြစ်၏။ စကြဝဠာလုံးဆိုင်ရာ အယူအဆ၊ ယဉ်ကျေးမှုဖြန့်ချိရေး စသည်တို့တွင် အနောက်တိုင်းနှင့် ဆင်တူမှုများ ရှိသော်လည်း တရုတ်တို့၏ ထုံးတမ်းများမှာ သိသိသာသာ ခြားနားလှ၏။ တရုတ်တို့၏ လောကအမြင်၌ လူမျိုး၊ ယဉ်ကျေးမှု အတန်းအစား အနိမ့်အမြင့်ကို နက်နက်ရှိုင်းရှိုင်း လက်ခံထားလေရာ တရုတ်ပြည်ကြီး ဂလိုဘယ်ပါဝါအဖြစ် အခြေမြင့်တက်လာခြင်းကြောင့် စာရေးသူတို့ ကမ္ဘာကြီးတွင် ယဉ်ကျေးမှုနှင့် လူမျိုးရေးဆိုင်ရာဝါစဉ်များ တရုတ်တို့၏ရှုမြင်ပုံအတိုင်း ပြောင်းလဲဖြစ်ထွန်းလာရန် ရှိလေသည်။ ကမ္ဘာ့တိုက်ကြီးများ၊ နိုင်ငံများအား တရုတ်ပြည်၏စက်ဝန်းအတွင်း တစ်စစသိမ်းသွင်းလာသည်နှင့်အမျှ (စကားချပ်။ အာဖရိကတိုက်မှာ ထိုအခြေသို့ ဆိုက်နေပြီးဖြစ်၏။ စာရေးသူ) ထိုနိုင်ငံများ အနေဖြင့် တောင့်တင်းလှသည့် တရုတ်အင်ပါယာ၏ စီးပွားရေးအဖြည့်ခံအဖြစ်သာမက ယဉ်ကျေးမှုနှင့် အမျိုးအနွယ်ဆိုင်ရာတို့တွင် တရုတ်တို့ ရှုမြင်ထားသည့် အနိမ့်အမြင့်ပုံစံအတိုင်း လက်ဝေခံများအဖြစ် ပါဝင်လာရန်သာ ရှိပါသတည်း။

No comments:

Post a Comment