Saturday, October 20, 2012

တရုတ်ပြည်နှင့် ဒီမိုကရေစီ

အောက်ပါစာစုမှာ “ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်” ဘာသာပြန်စာအုပ်၊ အခန်း (၇) မှ ခေါင်းစဉ်ငယ်တစ်ခုကို ထုတ်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။




အနောက်နိင်ငံများအနေဖြင့် တိုင်းပြည်တစ်ခု၏နိုင်ငံရေးကိုလေ့လာရာတွင် ယင်းတိုင်းပြည်အစိုးရမှ ဒီမိုကရေစီကျကျ အုပ်ချုပ်ခြင်းရှိမရှိ၊ ပါတီစုံစနစ်ကျင့်သုံးမှုရှိမရှိ စသည့်ပေတံများဖြင့် တိုင်းထွာလေ့ရှိကြသည်။ လွန်ခဲ့သည့် အနှစ် ၅၀ အတွင်း ဒီမိုကရေစီဟု တစ်နည်းနည်းဖြင့် သတ်မှတ်နိုင်သည့်နိုင်ငံများ အရေအတွက်သိသိသာသာ တိုးပွားလာသော်လည်း အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဗဟိုအာရှနှင့် တရုတ်ပြည်စသည့် ကမ္ဘာ့အရေးပါသောဒေသများမှာမူ ချွင်းချက်အဖြစ် ဒီမိုကရေစီစာရင်း မ၀င်သေးသည်ကို တွေ့ရသည်။ ဒီမိုကရေစီအခွင့်အရေးများမှာ အချိန်အခါသင့်၍ ယဉ်ကျေးမှုရေခံမြေခံ၌ အမြစ်တွယ်ပေါက်ဖွားနိုင်ပါက လိုလားအပ်သော အရာဖြစ်ကြောင်း ယုံမှားဖွယ်ရာမရှိပါချေ။ သို့ရာတွင် ဆိုက်မတူသည့် သူတစ်ပါးအင်္ကျီကို အငှားဝတ်မိသကဲ့သို့ဖြစ်ပါက ရလဒ်မှာ အကျိုးထက်အပြစ်က ပိုများရန်ရှိလေသည်။ အင်္ဂလိပ်-အမေရိကန် သေနတ်ပြောင်းအောက်မှ အဓမ္မပြဋ္ဌာန်းယူခဲ့သည့် အီရတ်နိုင်ငံ၏ ဒီမိုကရေစီနှင့် နောက်ဆက်တွဲများကို နမူနာကြည့်ပါ။ ဒီမိုကရေစီကား လေဖမ်းဒန်းစီး၍ မရနိုင်သော အရာဖြစ်ပါ၏။ 

          နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှုတို့နှင့်  ဆက်စပ်ခံယူခြင်းမဟုတ်ပဲ ဒီမိုကရေစီသာ အရေးအကြီးဆုံးဟု ဆိုပါက ယင်း၏ကောင်းကျိုးများကို မခံစားရသည်သာမက ဘေးဆိုးပင် ကြုံရနိုင်လေသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေး ပုံမှန်ဖွံ့ဖြိုးတိုးတက်ရေး၊ (လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံဖြစ်ပါက) တိုင်းရင်းသားအချင်းချင်း ညီညွတ်မျှတရေး၊ အကျင့်ပျက်ချစားမှုလျှော့ချရေး၊ ဥပဒေစိုးမိုးတည်ငြိမ်ရေးတို့မှာ ဒီမိုကရေစီထက် ပို၍ အရေးမကြီးလျှင်ပင် ယုတ်စွအဆုံး တန်းတူအရေးပါသည့် ကိစ္စများဖြစ်ပါသည်။ ဒီမိုကရေစီ ဆိုသည်ကား သမိုင်းကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အနေအထားတို့နှင့် ဆက်စပ်ရှုမြင်ရမည့် အရာဖြစ်ပါ၏။

            စီးပွားရေးတာထွက်နိုင်မှု၏ အရေးပါပုံကို ယနေ့ဒီမိုကရေစီတိုင်းပြည်ကြီးများ၌ပင် နားလည် သဘောပေါက်သူ နည်းပါးလှသည်။ ဗြိတိန်၏စက်မှုတော်လှန်ရေးမှာ ၁၈ ရာစု နှောင်းပိုင်းနှင့် ၁၉ ရာစု အစပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့၏။ ယင်းကာလ ၁၈၅၀ ပြည့်နှစ်၌ ဗြိတိန်ရှိ အမျိုးသားဦးရေ၏ ငါးပုံတစ်ပုံသာ မဲပေးခွင့်ရကြသည်။ ၁၈၈၀ ပြည့်နှစ်များ အရောက်မှသာ အမျိုးသားအားလုံး မဲပေးခွင့် ရရှိလာခြင်း ဖြစ်သည့်အပြင် စက်မှုတော်လှန်ရေးစတင်အပြီး နှစ်ပေါင်း ၁၃၀ ကျော်အကြာ ၁၉၁၈ ခုနှစ် ရောက်မှသာလျှင် အသက် ၃၀ နှစ် နှင့်အထက်အမျိုးသမီးများ မဲပေးခွင့်ရလာကြခြင်းဖြစ်သည်။ အခြားသော အနောက်ဥရောပနိုင်ငံများ၌လည်း ထိုနည်းနှင်နှင်ပင်။ စီးပွားရေးတာထွက်ခဲ့ပြီးမှ ဒီမိုကရေစီ အခွင့်အရေးများ ရလာခြင်းဖြစ်သည်။ စက်မှုတော်လှန်ရေးကာလအတွင်း ဥရောပနိုင်ငံ အများစု၏ အုပ်ချုပ်မှုပုံစံမှာ သက်ဦးဆံပိုင်ဘုရင်စနစ် သို့မဟုတ် ပါလီမန်ဘုရင်စနစ်သာ ရှိခဲ့သည်။

            အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရေစီအတွေ့အကြုံမှာ တစ်နည်းတစ်ဖုံကွဲပြားသည်။ လူဖြူအမျိုးသား အများစုမှာ ၁၈၆၀ ပြည့်နှစ်ကတည်းကပင် မဲပေးပိုင်ခွင့်ရှိကြ၏။ လူမည်းတို့မှာမူ ၁၉၆၅ ခုနှစ် နောက်ပိုင်းမှသာ ထိုအခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့ကြခြင်းဖြစ်သည်။ အမျိုးသမီးမဲပေးခွင့် မှာလည်း ၁၉၂၀ ပြည့်နှစ်နောက်ပိုင်းမှသာ ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်ရာ အမေရိကန်စီးပွားရေး တာထွက်လာ သည့်နှစ်များ၌ မဲပေးခွင့်ရှိသူများမှာ လူနည်းစုသာဖြစ်ကြောင်း သိသာလေသည်။ ဂျပန်၌လည်း အမျိုးသားအားလုံး တန်းတူအခွင့်အရေးကို မေဂျီပြုပြင်ရေးများ အရှိန်ရပြီး နှစ်ပေါင်းများစွာအကြာ ၁၉၂၅ ခုနှစ်မှသာ ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။  အနောက်နိုင်ငံများ မကြာခဏပြောဆိုလေ့ရှိသည့် ဒီမိုကရေစီအခွင့်အရေးသည် တိုးတက်မှုအဆင့်အတန်းနှင့်မဆိုင် ကမ္ဘာလုံးဆိုင်ရာစံထားချက်ဖြစ်သည် ဆိုသည့်အချက်မှာ ကြောင်သူတော်၏သီလစကားပင် ဖြစ်သတည်း။  

            အာရှကျားများကိုလည်းကြည့်ပါဦး။ တောင်ကိုရီးယားနှင့် တိုင်ဝမ်တို့ကို အမြှော်အမြင်ရှိသည့် စစ်အာဏာရှင်များမှ အုပ်ချုပ်ခဲ့ခြင်းဖြစ်၏။ ဟောင်ကောင်မှာ စီးပွားရေးတာထွက်စဉ်ကာလက ဗြိတိသျှကိုလိုနီဖြစ်ခဲ့၏။ စင်ကာပူကား အာဏာရှင်တစ်ပိုင်း၊ စည်းမျဉ်းခံဒီမိုကရေစီတစ်ပိုင်းဖြစ်၏။ ယခုအခါထိုနိုင်ငံများတွင် စီးပွားရေးတိုးတက်မှု၊ လူနေမှု အဆင့်အတန်း စသည်တို့မှာ အနောက်နိုင်ငံများ အဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ တောင်ကိုရီးယား၊ တိုင်ဝမ်တို့တွင် လူတိုင်းမဲပေးခွင့်၊ ပါတီစုံထူထောင်ခွင့်အပါအ၀င် ဒီမိုကရေစီအခွင့်အရေးများ တိုးတက်ပြဋ္ဌာန်းနိုင်သည့် အခြေသို့ ရောက်ခဲ့ကြပြီးဖြစ်၏။ စင်ကာပူ၏ အုပ်ချုပ်ရေးစနစ်မှာမူ ယခင်ပုံစံအတိုင်း ဆက်လက် တည်ရှိသည်။  ဟောင်ကောင်မှာ ၁၉၉၇ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်ပြည်နှင့် ပြန်လည်ပေါင်းစည်းခဲ့ပြီး ဒီမိုကရေစီအခွင့်အရေးများကို အကန့်အသတ်ဖြင့်သာ ရရှိနေ၏။ ဂျပန်အပါအ၀င် အာရှကျားတို့၏ ဥပမာများက စက်မှုလုပ်ငန်းများထူထောင်နိုင်ခြင်း၊ စီးပွားရေးချောင်လည်လာခြင်း စသည့် အခြေအနေများသည် ယေဘူယျအားဖြင့် ဒီမိုကရက်တစ်ပုံသဏ္ဌာန်များ ဖြစ်ထွန်းလာခြင်းကို အထောက်အကူပြုကြောင်း ညွှန်ပြနေကြသည်။

            သို့ဖြစ်ရာ ယနေ့တရုတ်ပြည်၌ ပါတီစုံစနစ်၊ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအခွင့်အရေးများအတွက် အဆင်သင့်ဖြစ်နေပြီဆိုခြင်းမှာ မပြည့်စုံသောအမြင်ဖြစ်လေသည်။ လက်တွေ့တွင်တရုတ်ပြည်မှာ စက်မှုတော်လှန်ရေး၏ လမ်းခုလတ်၌သာရှိသေး၏။ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ တောရွာများ တွင် နေထိုင်လုပ်ကိုင်ကြရဆဲဖြစ်သည်။ ဤနေရာတွင် အိန္ဒိယပြည်ကြီးမှာ တရုတ်ပြည်နှင့်စာလျှင် တိုးတက်မှု နိမ့်ပါးသော်လည်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည်ကို ညွှန်ပြနိုင်သည်။ သို့ရာတွင် အိန္ဒိယကား သမိုင်း၏ချွင်းချက်ပင်ဖြစ်တော့သည်။ ဒီမိုကရေစီအခြေမကျသေးသည့် အင်ဒိုနီးရှားကိုလည်း အလားတူအဖြစ် ညွှန်ပြနိုင်သည်။ သို့ရာတွင် ယနေ့တရုတ်အစိုးရ၏ ပထမဦးစားပေးမှာ စီးပွားရေးဖွံ့ဖြိုးရန်ဖြစ်ပေရာ အခြားကိစ္စများအတွက် အာရုံလွဲချော်စဉ်းစားမည် မဟုတ်ချေ။ သမိုင်းကြောင်းအရလည်း တရုတ်ပြည်သူများအဖို့ စီးပွားရေးအရရပ်တည်နိုင်ရေး၊ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်ရေးမှာ ပဓာနအကျဆုံးဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ပြည်သူတို့၏ သဘောထားမှာ အစိုးရ၌ထင်ဟပ်သည်ဟု ပြောနိုင်၏။ ပညာရှင်အများကောက်ချက်ချသကဲ့သို့ပင် တရုတ်ပြည်တွင်း၌အခြေခံသည့် ဒီမိုကရေစီရေးတောင်းဆိုမှုများမှာ မဆိုစလောက်သာဖြစ်လေသည်။

            တရုတ်ပြည်တွင်း၌ အနောက်တိုင်းဒီမိုကရေစီပုံစံကို တောင်းဆိုမှုများမှာ မဆိုစလောက်သာ ရှိသော်လည်း အောက်ခြေမှစကာ ပြည်နယ်အဆင့်၊ ဗဟိုအဆင့်ထိ အစိုးရအဖွဲ့အစည်းများ၏ လုပ်ရပ်များ စာရင်းအင်းနှင့် တိတိကျကျရှိရန် တောင်းဆိုသံများမှာမူ ကျယ်သည်ထက် ကျယ်လောင် ၍သာ လာနေသည်။ သို့ဖြစ်ရာ စာရေးသူတို့အနေဖြင့် တရုတ်ပြည်၏ ဒီမိုကရေစီမေးခွန်းကို မည်သို့ ချဉ်းကပ်မည်နည်း

             ယနေ့တရုတ်ပြည်အနေဖြင့် စီးပွားရေးတာထွက်သည်မှာ လမ်းခုလတ်ရောက်ပြီဟုဆိုနိုင်၏။ သို့သော်နောင်အနာဂတ် အနှစ် ၂၀ တွင် တရုတ်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းခွင် ၌သာ ရှိနေဦးမည်ဟုခန့်မှန်းကြသည်။ လက်ရှိပုံစံအတိုင်း စီပွားရေးဆက်လက်ဖွံ့ဖြိုးပြီး နိုင်ငံရေး တည်ငြိမ်ပါက ဒီမိုကရေစီသို့ဦးတည်သည့်ပြုပြင်မှုများ ထိုကာလအတွင်း ဖြစ်ထွန်းလာမည်ဟု မျှော်လင့် နိုင်ပါ၏။ တစ်ဆက်တည်းမှာပင် တရုတ်ပြည်၏ နိုင်ငံရေးနောက်ခံသမိုင်းကြောင်းအရ ဒီမိုကရေစီ လိုလားသည့်ပုံစံ၊ ဒီမိုကရေစီသို့ တူရူသည့်ပုံစံများ မရှိခဲ့သည်ကို မေ့မထားသင့်ပေ။ လျော့တိလျော့ရဲ စာရင်းဇယားစနစ်သာလျှင် ရှိခဲ့၏။ တိုင်းသူပြည်သားတို့အရေးထက် နိုင်ငံ့အရေးကဦးစားပေးဖြစ်၏။ အစိုးရအနေဖြင့် ကိုယ့်လုပ်ရပ်ကိုတာဝန်သိရန်၊ လောကပါလနှင့်အညီအုပ်ချုပ်ရန်ကား လိုအပ်လေသည်။ အချုပ်ဆိုရလျှင် တရုတ်အစိုးရ၏ လက္ခဏာများတွင် ကွန်ဖြူးရှပ်အဆုံးအမများမှ ဆင်းသက်လာသည့် တည်ကြည်ဖြောင့်မှန်ရန်၊ သစ္စာရှိရန်၊ စိတ်ချယုံကြည်ရရန်၊ တစ်သဝေမတိမ်းဆောင်ရွက်ရန် စသည်တို့ ပါဝင်လေသည်။ ကွန်မြူနစ်စံထားချက်များကား ပါလေဟန်သာဖြစ်ပါ၏။ လွတ်လပ်သည့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်၊ အရပ်ဘက်လူ့ဘောင် လှုပ်ရှားမှုမှာလည်း အစဉ်အလာရှိခဲ့သည်မဟုတ်ချေ။ ပါဝါမှာအစိုးရ၏လက်ထဲ၌ပင် လုံးလုံးလျားလျား ရှိ၏။ နယ်ပယ်အသီးသီးတွင် ၀ါသနာတူရာအစုအဖွဲ့များ အသီးသီး အသက အသက ရှိကြသော်လည်း အစိုးရနှင့်နားလည်မှုရယူရေးကိုသာ သိုသိုသိပ်သိပ် ဆောင်ရွက်လိုကြသည်။ မိမိတို့ယုံကြည်သည်များ ကို အစိုးရထံမှ မျက်နှာချင်းရင်ဆိုင်ကာ တောင်းဆိုရမည့်အစား ပါဝါရှိသူများနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှု ရယူကာ ဆောင်ရွက်လိုကြသည်

            တရုတ်ပြည်၏ ဒီမိုကရေစီမေးခွန်းကို ပိုမိုရှုပ်ထွေးစေသည့်ကိစ္စနှစ်ရပ်မှာ တိုက်ကြီးတစ်မျှ ကြီးမားလှသော ဧရိယာအကျယ်အ၀န်းနှင့် လူမျိုးရေး ကွဲပြားခြားနားမှုများပင်ဖြစ်သည်။ ယနေ့အထိ ရှိပြီးဖြစ်သည့် ဒီမိုကရက်တစ်အုပ်ချုပ်ရေးမှာ နိုင်ငံတစ်ခု၏ နယ်နိမိတ်အတွင်းမှ ပုံစံသာဖြစ်၏။ နိုင်ငံတကာအဆင့်၌ ဒီမိုကရက်တစ်အုပ်ချုပ်ရေးဟူ၍ မရှိသေးချေ။ အနီးစပ်ဆုံး ဥပမာမှာ ဥရောပသမဂ္ဂ (European Union) ဖြစ်သည်။ ဥရောပသမဂ္ဂအနေဖြင့် မဟုတ်ပဲ အဖွဲ့ဝင်နိုင်ငံများ၌သာ ဒီမိုကရက်တစ် ပုံစံအုပ်ချုပ်ရေး ကျင့်သုံးနေခြင်းဖြစ်သည်။ ဥရောပပါလီမန်၏ အမတ်များမှာ ရွေးကောက် တင်မြှောက်ခံရသူများ ဖြစ်ကြသော်လည်း ၎င်းတို့တွင် ပါဝါဟူ၍ မရှိသလောက်ဖြစ်သည်။ ထိုသို့ဆိုပါက တရုတ်ပြည်နှင့်အလားတူ တိုက်ကြီးတစ်မျှကြီးမားသည့် အိန္ဒိယ၌ ဒီမိုကရေစီအဘယ်ကြောင့်ထွန်းကားသနည်းဟု မေးနိုင်သည်။ အိန္ဒိယမှာ တရုတ်ပြည်နှင့်စာလျှင် တစည်းတလုံးတည်းတည်ရှိမှု ဒီဂရီနည်းပါးသည့်အပြင် သမိုင်းတစ်လျှောက် ဗဟိုမှချုပ်ကိုင် အုပ်ချုပ်သည့် ကာလမှာလည်း နည်းပါးလှခြင်းကြောင့် ဟုဖြေနိုင်ပါ၏။  အိန္ဒိယ၏ပြည်နယ်များမှာ သြဇာပိုမိုရှိကြပြီး အချို့ကိစ္စများ၌ နိုင်ငံငယ်များတစ်မျှ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ကြသည်။ တရုတ်ပြည်မှာမူ ယင်းသို့မဟုတ်ချေ။ အထက်၌ဆိုခဲ့ပြီးသကဲ့သို့  လက်တွေ့တွင် ဗဟိုနှင့် ပြည်နယ်အစိုးရများအကြား အာဏာကို မျှဝေညှိုနှိုင်းသုံးစွဲကြသော်လည်း  နိုင်ငံတကာ မျက်နှာစာ၌မူ နှစ်ထောင်ချီကာ စည်းလုံးညီညွတ်လာသော တစ်ပြည်ထောင်အဖြစ် ဂုဏ်ယူခဲ့ကြပြီး ဖြစ်၏။ စီပွားရေးတိုးတက်သည့် အရှေ့ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များ အနေဖြင့် ဒီမိုကရက်တစ်ပုံစံများကို လက်ခံကျင့်သုံးရန် ဖြစ်နိုင်ချေရှိသော်လည်း များစွာခေတ်နောက်ကျနေသေး သည့် ကုန်းတွင်းပိုင်းပြည်နယ်များ၏ မျက်နှာကို ငဲ့ရဦးမည်ဖြစ်၏။ တိုးတက်မှုအဆင့်မြင့်ပြီးဖြစ်သည့် ရှန်ဟိုင်း၊ ရှင်းကျင့် စသည့် မြိုကြီးများ၌ ဒီမိုကရေစီပြုပြင်မှုများကို ကနဦးစပ်သပ်ခြင်းမျိုးရှိနိုင်သည်။ အနာဂတ်တွင် မြို့တော်နှင့်ကျေးရွာကော်မီတီဝင်များ၏ ၇၀ ရာခိုင်နှုန်းကို ပြည်သူများမှ တိုက်ရိုက်ရွေးကောက်နိုင်မည်ဟု ရှင်းကျင့်မြို့တော်ဝန် ဇူဇောင်ဟင်း က ၂၀၀၈ ခုနှစ်တွင် ကြေညာခဲ့ဖူး၏။ ဟောင်ကောင်အုပ်ချုပ်ရေးမှုး ရာထူးကို ၂၀၁၇ ခုနှစ်မှ စ၍ တိုက်ရိုက်ရွေးကောက်စေနိုင်ရေး စဉ်းစားမည်ဟု ၂၀၀၇ ခုနှစ် ညီလာခံအပြီးတွင် တရုတ်ပြည်သူ့ အမျိုးသားကွန်ဂရက် (တရုတ်ပြည်သူ့လွှတ်တော်) ၏ အမြဲတမ်းကော်မီတီမှ ကြေညာခဲ့သည်။ တရုတ်ပြည်မှာ ယဉ်ကျေးမှုနိုင်ငံတော်ကြီးဖြစ်ပေရာ ယင်းသို့ကွဲပြားခြားနားသည့် နိုင်ငံရေးပုံစံအဆင့်များ ယှဉ်တွဲဖြစ်တည်နိုင်ခြင်းမရှိဟု မဆိုနိုင်ချေ။

            နောက်ဆုံးအနေဖြင့် စာရေးသူတို့ မမေ့အပ်သည့်အချက်တစ်ခုမှာ တရုတ်ပြည်သည် ကွန်ဖြူးရှပ် အတွေးအခေါ် မြစ်ဖျားခံရာဒေသဖြစ်သည်ဆိုခြင်းပင်။ ဂျပန်နှင့်ကိုရီးယားတို့၏ ကွန်ဖြူးရှပ်ဝါဒအပေါ် ခံယူမှုမှာ တရုတ်ပြည်နှင့်နှိုင်းစာလျှင် အဖျားအနားသာလျှင်ဖြစ်သည်။ သို့ဖြစ်ရာ ယင်းနိုင်ငံများအနေဖြင့် ဒီမိုကရေစီကို နိုင်ငံရေးအလွှာသစ်တစ်ခုအဖြစ် ထပ်တင် မိတ်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်တွင်လည်း ထိုလမ်းကြောင်းအတိုင်း လိုက်ရန်မဖြစ်နိုင် မဟုတ်ပါ။ သို့ရာတွင် ကွန်ဖြူးရှပ်လမ်းကြောင်းစစ်စစ်ပေါ်တွင် လျှောက်လှမ်းရန် ဆိုသည့် အသံများက အလွှာသစ်ကို လက်ခံရေး ပိုမိုခက်ခဲစေမည်ဖြစ်သည်။

            သို့ဖြစ်ရာ အနာဂါတ်တွင် ပိုမိုဆန်းသစ်၊ ခြားနား၊ ကြွယ်ဝသည့် လူ့ဘောင်တစ်ရပ် အနေဖြင့် ရေရှည်တွင် တရုတ်ပြည်သည် ဒီမိုကရေစီရေး ဖိအားပေးမှုများကို ကြံကြံ့ခံလာနိုင် မည်ဖြစ်သည်။ ထို့ပြင် တရုတ်ပြည်၏ ကိုယ်ပိုင် “ဒီမိုကရေစီ” ပုံစံ မည်သို့ရှိမည် ဆိုခြင်း မှာလည်း စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ရပ်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပါသည်။

            သေချာသည့်အချက်မှာ တရုတ်ပြည်၌ မည်သည့်နိုင်ငံရေးစနစ် ထွန်းကားလာသည် ဖြစ်ပါစေ ကွန်ဖြူးရှပ်အယူအဆများ၏ လောင်းရိပ်မှ ကင်းလွတ်ရန်မရှိခြင်းပင်။ ၂၀၀၇ ခုနှစ် မတ်လအတွင်းက ၀န်ကြီးချုပ် ၀မ်ကျားပေါင် က ဤသို့ မှတ်ချက်ပြုခဲ့ဖူးသည်။ 

            “ကွန်ဖြူးရှပ်မှသည် ဆွန်ယက်ဆင် အထိ တရုတ်နိုင်ငံတော်၏ ရိုးရာယဉ်ကျေးမှုတွင် တန်ဖိုးကြီးမားလှသည့် အစိတ်အပိုင်းများစွာပါဝင်၏။ လူသားတို့၏သဘာဝ၊ ဒီမိုကရေစီ စသည်တို့နှင့် လိုက်လျောညီထွေသည့် ဓလေ့များစွာကိုတွေ့နိုင်သည်။ ဥပမာ - တရုတ်ယဉ်ကျေးမှုသည် လူသား အချင်းချင်း ချစ်မြတ်နိုးခြင်း၊ လူ့အဖွဲ့အစည်း၊ အယူအဆကွဲလွဲမှုများ အကြားမှ သမူဟဖြစ်မှု၊ အချင်းချင်း မျှဝေခံစားခြင်း စသည်တို့ ပါဝင်နေသည်ကိုတွေ့နိုင်၏။” ဟူလို။

            ဟီနန်ပြည်နယ်တွင် ကွန်မြူနစ်ပါတီမှ အရာရှိများမှလည်း ကွန်ဖြူးရှပ်ဝါဒ၏ စံထားချက် များဖြစ်သည့် မိဘကို အလုပ်အကျွေးပြုစုခြင်း၊ မိသားစုတာဝန်ထမ်းခြင်း စသည်များအား ခံယူလာကြ သည်ကို တွေ့ရ၏။ အထက်တန်းကျောင်းများတွင် ကွန်ဖြူးရှပ်ဂန္တ၀င်များ သင်ကြားလာကြကာ ကွန်ဖြူးရှပ်မွေးနေ့များလည်း ကျင်းပလာကြပြီဖြစ်သည်။ ကွန်မြူနစ်ပါတီကေဒါများ အနေဖြင့် ၎င်းတို့ကိုယ်စားပြုသည့် လူထု၏အကျိုးစီးပွားကို တာဝန်ယူရန် ပါတီမှအလေးပေးညွှန်ကြားလာသည်။ ပါတီတွင်းသင်တန်းများမှ လက်တွေ့သင်ခန်းစာများတွင် အထက်အရာရှိထံမှ အကြံဥာဏ်တောင်းခံရေး အပြင် လူထုအသံကိုနားစွင့်ရေးကိုလည်း ထည့်သွင်းလာကြသည်။ ဥပမာ စီချွမ်မြေငလျှင်နှင့် အဆိပ်သင့်နို့မှုန့်ကိစ္စများတွင်  အစိုးရအရာရှိများမှ ၎င်းတို့၏ တာဝန်မကင်းမှုအတွက် ၀န်ချတောင်းပန်ကာ ရာထူးမှနှုတ်ထွက်သွားခြင်းကို အလေ့အထအသစ်တစ်ရပ်အဖြစ် ရှုမြင်နိုင်၏။ သိသာထင်ရှားလှသည့် အချက်တစ်ခုမှာ အစိုးရအထောက်အပံ့ဖြင့် ကမ္ဘာအနှံ့ တည်ထောင် ဖွင့်လှစ်လျှက်ရှိသည့် တရုတ်ယဉ်ကျေးမှုနှင့် ဘာသာစကားဆိုင်ရာစင်တာများကို ကွန်ဖြူးရှပ်သိပ္ပံ (Confucius Institute) ဟု အမည်ပေး ခေါ်ဝေါ်စေခြင်းပင်ဖြစ်သည်

            ကွန်ဖြူးရှပ်အယူအဆကို တရားသေ၀ါဒတစ်ရပ်အဖြစ် မှတ်ယူရန်မသင့်ချေ။ ကွန်ဖြူးရှပ်ဝါဒမှာ သမိုင်းအဆက်ဆက် အချိန်အခါကိုလိုက်၍ အသွင်အမျိုးမျိုးပြောင်း ခဲ့ပြီးဖြစ်၏။ ဆုန်မင်းဆက် (အေဒီ ၉၆၀ - ၁၂၇၉) တွင် တရုတ်ပြည်အ၀ှမ်း ထွန်းကားလာသည့် ဗုဒ္ဓဘာသာနှင့်  တာအိုဝါဒများကို ၎င်းတို့၏ ကိုးကွယ်မှုအတွင်းဆွဲသွင်းခဲ့သည့်  လက်သစ် ကွန်ဖြူးရှပ်ဝါဒ သမားများကိုကြည့်ပါ။ ကွန်ဖြူးရှပ်၏ အယူအဆများသည် ဒီမိုကရေစီကို အားမပေးဟုမှတ်ယူပါကလည်း မှာယွင်းမည်ဖြစ်သည်။ ဥပမာ ၁၉၁၁ ခုနှစ် တော်လှန်ရေး၏ ခေါင်းဆောင်နှင့် တရုတ်သမ္မတနိုင်ငံတော်၏ တည်ထောင်သူဖခင်ကြီး ဆွန်ယက်ဆင် ၏ရေးသားချက်တစ်ခု၌

            “ကျွန်ုပ်တို့၏ အခြေခံကြီးသုံးရပ် (အမျိုးသားရေးဝါဒ၊ နိုင်ငံသားအခွင့်အရေး၊ လူသားအခွင့် အရေး) မှာ မင်းရှပ် (ကွန်ဖြူးရှပ်၏ အန္တေ၀ါသိက တပည့်ကြီး) မှ အစပြု ခဲ့ခြင်းဖြစ်သည်။ မင်းရှပ် ကား ကျွန်ုပ်တို့ခေတ် ဒီမိုကရက်တစ် အတွေးအခေါ်များ၏ အဘိုးအဘေးကြီးပင် ဖြစ်တော့သည်။” ဟုရေးသားခဲ့ဖူး၏။

            အချုပ်ဆိုရလျှင် ကွန်ဖြူးရှပ်ဝါဒမှာ တစ်သွေး တစ်သံတစ်မိန့် အာဏာရှင်ဝါဒကို အားပေးသည်မှာ သိသာလှသော်လည်း အခြားတစ်ဖက်၌ ဒီမိုကရက်တစ်အခြေခံများနှင့် ဆက်စပ်မှုရှိသည်ကို တွေ့နိင်သည်။ အနာဂါတ်တရုတ်ပြည်၏ ဒီမိုကရေစီတွင် စကြာဝဠာလုံးဆိုင်ရာ ဒီမိုကရေစီလက္ခဏာများ ပါဝင်နေမည်မှာ မသွေမုချပင်ဖြစ်ပါ၏။ သို့ရာတွင် တရုတ်ရိုးရာယဉ်ကျေးမှု၌ အမြစ်တွယ်သည့် သီးသန့် လက္ခဏာများကိုလည်း တွေ့ရမည်ဖြစ်ပါသည်။ ကမ္ဘာ့သက်တမ်း အရင့်ဆုံးနှင့် အနက်နဲဆုံး အစိုးရစနစ်ဖြစ်ထွန်းခဲ့ရာ တရုတ်ပြည်အနေဖြင့် ယင်းအပြောင်းအလဲများ ကို ဖော်ဆောင်နိုင်ခြင်း ရှိမည်မဟုတ်ဟု  အထင်သေးရန်အကြောင်းမရှိပါချေ။ တရုတ်ပြည်အနေဖြင့် တိုင်းပြည်အုပ်ချုပ်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ်စနစ်၊ ဥရောပသမဂ္ဂစနစ်များကို စိတ်ဝင်တစားလေ့လာသည့်နည်းတူ ကမ္ဘာ့လူဦးရေ၏ငါးပုံတစ်ပုံကို တာဝန်ယူရသည့် တရုတ်အစိုးရဘက်မှလည်း ကမ္ဘာကြီးအတွက် ပုံစံသစ်တစ်ရပ် မွေးထုတ်မပေးဟု မပြောနိုင်ပါချေ။ တရုတ်ပြည်၏ နိုင်ငံကြီးအုပ်ချုပ်ရေးပုံစံသစ်မှာ ကမ္ဘာတစ်ဝန်း တစ်နေ့တခြား အရေးပါလာမည် ဟုသာ  ဟောကိန်းထုတ်လိုပါတော့သည်။

No comments:

Post a Comment