Tuesday, October 9, 2012

ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်




မာတိကာ


    ဘာသာပြန်သူ၏အမှာ                                                                                            
    အခန်း (၁) လောကပါလအပြောင်းအလဲ                                                                      

    အပိုင်း (၁)
    အနောက်ကမ္ဘာ၏နိဂုံး                                                                          ၂၁
     အခန်း (၂) အနောက်ကမ္ဘာမြင့်တက်လာစဉ်က                                                               ၂၃
    အခန်း (၃) ဂျပန်(သို့မဟုတ်) အနောက်မဆန်သည့်မော်ဒန်တိုင်းပြည်                                      ၄၁
     အခန်း (၄) တရုတ်ပြည်၏အတိတ်မှအမာရွတ်များ                                                            ၆၃
     အခန်း (၅) မျဉ်းပြိုင်ခေတ်မီမှုများ                                                                               ၉၅
    အပိုင်း (၂)                           
    တရုတ်တို့၏ခေတ်                                                                                              ၁၃၅
     အခန်း (၆) စီးပွားရေးအင်အားကြီးတရုတ်ပြည်                                                                ၁၃၇
     အခန်း (၇) ယဉ်ကျေးမှုနိုင်ငံတော်                                                                              ၁၇၃
     အခန်း (၈) ဇမ္ဗူဒီပါ၏ အလယ်ဗဟိုနိုင်ငံတော်                                                                 ၁၉၇
     အခန်း (၉) တရုတ်ပြည်နှင့် အိမ်နီးချင်းများ                                                                    ၂၂၉
     အခန်း (၁၀) ထွန်းသစ်စအင်အားကြီးတရုတ်ပြည်                                                             ၂၆၃
     အခန်း (၁၁) ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်                                                    ၂၉၉
     အခန်း (၁၂) နိဂုံးချုပ်မှတ်ချက်များ (တရုတ်ပြည်၏၀ိသေသလက္ခဏာရှစ်ချက်)                            ၃၅၅
     အခန်း (၁၃) နောက်ဆက်တွဲဖြစ်ရပ်များ -
    ကမ္ဘာ့ဘဏ္ဍာရေးကပ်ဆိုက်ပြီးနောက်ပိုင်းကာလ (သို့မဟုတ်) တရုတ်ကမ္ဘာစတင်ခြင်း                      ၃၇၇
    အက္ခရာစဉ်အညွှန်း                                                                                                ၄၁၃





ဘာသာပြန်သူ၏အမှာ


            ဤစာအုပ်သည် တရုတ်ဆန့်ကျင်ရေး ဟောပြောချက်မဟုတ်။ တရုတ်မျှော်စာတမ်းလည်း မဟုတ်။ ဤသို့ဖြစ်တော့မည် ဟူ၍ ခြောက်လှန့်ထားသည့် အနာဂတ္တိကျမ်းလည်း မဟုတ်ပါ။ ဤစာအုပ်သည် တရုတ်ပြည်၏ သဘောသဘာဝကို သမိုင်းနှင့်ယှဉ်ကာ၊ ပစ္စုပ္ပန် နှင့် ချိန်ထိုးကာ ခြေခြေမြစ်မြစ် လေ့လာထားချက်ဖြစ်သည်။ တရုတ်ပြည် အခြေမြင့်လာခြင်းနှင့် ဆက်စပ်ကာ ဂျပန်နှင့် အာရှကျားများအကြောင်း၊ တစ်ချိန်က ကြီးစိုးခဲ့သည့် ဥရောပ အကြောင်း၊ ယနေ့ကမ္ဘာကို ကြီးစိုးဆဲဖြစ်သည့် အမေရိကန်ပြည်ထောင်စုအကြောင်း စသဖြင့် အင်အားကြီးတိုင်းပြည်တို့၏ အောင်မြင်ခြင်း၊ ကျဆုံးခြင်းခရီးစဉ်များကို ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ်ထားချက်လည်း ဖြစ်သည်။ ဤစာအုပ်၏ အဓိက လှုံ့ဆော်ချက်မှာ မဟာအင်အားကြီး နိုင်ငံ ဖြစ်လာမည့် တရုတ်ပြည်သည် နိုင်ငံတကာဆက်ဆံရေး၊ အထူးသဖြင့် ၎င်း၏ အိမ်နီးချင်းများနှင့် ဆက်ဆံရေးတွင် မည်သို့ ပြုမူလာမည်နည်းဟူသော မေးခွန်းဖြစ်၏။

          အမှန်စင်စစ် မြန်မာနှင့်တရုတ်တို့မှာ ရှည်လျားသည့် သမိုင်းကြောင်း တစ်လျှောက် ဒိုးတူပေါင်ဖက် အိမ်နီးချင်းများဖြစ်ကြ သည်။ မြန်မာတို့အနေဖြင့် တရုတ်ပြည်အကြောင်းကို အကြိမ်ကြိမ်အလီလီ နဖူးတွေ့ဒူးတွေ့ ရှိခဲ့ကြပြီးပြီ။ စာအုပ်ဖတ် ထပ်မံလေ့လာရန် လိုပါသေးသလောဟု မေးရန်ရှိ၏။ ဤနေရာ၌ သတိချပ်ရန်မှာ အတွေ့အကြုံသည် အရေးကြီး၏။ အတွေ့အကြုံကို အခြေခံ၍ သင်ခန်းစာယူတတ်ခြင်းက သာ၍ အရေးကြီး၏ဟူသော အချက် ဖြစ်သည်။ ကျွန်ုပ်တို့် သင်ခန်းစာ ရယူနိုင်ခြင်း ရှိမရှိကိုကား ခေတ်အဆက်ဆက် နှင့် မျက်မှောက်ခေတ် မြင်ကွင်းများက သက်သေခံနေတော့သည်။ အရင်းစစ်ကြည့်လျှင် အကြောင်းခြင်းရာကို ဂဃနဏ မသိခြင်း၊ ဝေဖန်ပိုင်းခြားသမှု မပြုနိုင်ခြင်းတို့ အဝင်အပါဖြစ် ကြောင်းတွေ့နိုင်သည်။ အရပ်ပြော၊ ဇာတ်ပြောများနှင့်ရောင့်ရဲကာ ကမ္ဘာအရပ်ရပ်နှင့် နှိုင်း ယှဉ်သမှု မပြုကြသောကြောင့် ဖြစ်လေသည်။

           ဤစာအုပ်တွင် အတိတ်မှ တရုတ်ပြည်၏ ဒေသတွင်း လူမျိုးရေးသိမ်းသွင်းပုံလည်း ပါ၏။ မျက်မှောက်ခေတ် တရုတ်ပြည်၏ အာဖရိက၌ စီးပွားရေးခြေကုပ်ယူပုံလည်း ပါ၏။ အနာဂတ်တရုတ်ပြည်သည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားအဖြစ် အနောက်နိုင်ငံများ၏ အုပ်စီးထားမှုကို အဆုံးသတ်စေတော့မည့်အကြောင်းလည်းပါ၏။ “အရှေ့အာရှ၏ ဒေါက်တိုင် အနေအထားကို ပြန်လည်ရယူလာမည့် တရုတ်ပြည်ကြီးအနေဖြင့် ပတ်ဝန်းကျင်နိုင်ငံများအား လက်အောက်ခံ ပဏ္ဏာဆက်ဒေသများအဖြစ် မှတ်ယူလေ့ရှိသော ရှေးထုံးစံသည်လည်း အသွင်သစ်ဖြင့် ပြန်လည်ပေါ်ထွန်း လာဖွယ်ရှိသည်။” ဟူသော ထူးခြား သည့်ခန့်မှန်းချက်မျိုးလည်း ပါရှိလေသည်။ 

           စာဖတ်သူအနေဖြင့် ဤစာအုပ်ပါ ဆွေးနွေးချက်များအပေါ် သဘောတူသည်ရှိသလို သဘောမကျသည်များလည်း ရှိပါလိမ့်မည်။ ထိုသို့ အငြင်းပွားဖွယ်ရာ အချက်များစွာ ပါရှိ နေသည့်တိုင် ဗြိတိသျှလူမျိုး သမိုင်းပညာရှင် မာတင်ဂျာ့က်စ်၏ “WHEN CHINA RULES THE WORLD” စာအုပ်မှာ တရုတ်ပြည် အခြေမြင့်လာခြင်းနှင့် ပတ်သက်သည့် လေ့လာ ချက်များအနက် အပြည့်စုံဆုံး စာအုပ်တစ်အုပ်ဖြစ်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်း၌ မှတ်ချက်ပြုကြပါ၏။ ဥရောပအတွေးအခေါ်ပညာရှင် ဂျွန်ဂရေး (John N. Gray) ကဆိုလျှင် “နှစ်ပေါင်းများစွာအတွင်း ပုံနှိပ်ထုတ်ဝေခဲ့သော တရုတ်ပြည်အကြောင်း စာအုပ်များအနက် အကောင်းဆုံးဖြစ်သည်”ဟု မှတ်ချက်ပေးခဲ့သည်။ ဝေးလံခေါင်ဖျားမှ အနောက်တိုင်းသား တို့ပင်လျှင် ဤမျှ ဂရုပြုလေ့လာကြသည် ဆိုပါက နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံ ငယ်တစ်ခုတွင် နေထိုင်ကြသူများအဖို့ သာ၍ပင် အရေးကြီးသည်မဟုတ်ပါလော။ နားလည် သဘောပေါက်ခြင်းကသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အဓွန့်ရှည်ရှည် ထိန်းသိမ်းပေးနိုင်မည် မဟုတ်ပါလော။ ဤစာအုပ်က ယင်းလိုအပ်ချက်ကို အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ပါသည်။

             ဤစာအုပ်ကို ဘာသာပြန်ဆိုပြီးစီးချိန်တွင် မူရင်းကို အသစ်ထပ်မံ ဖြည့်စွက်ထုတ်ဝေ လိုက်သော Updated Edition ထွက်ရှိလာပါ၏။ သို့ဖြစ်ရာ အချို့သော ခေါင်းစဉ်များ၊ အချက်အလက်ဇယားများ၊ အခြေအနေပြ ဂရပ်များကို စာအုပ်အသစ်မှ ထုတ်ယူကာ ဖြည့် စွက်တင်ပြလိုက်ပါသည်။ စာအုပ်ဖြစ်မြောက်ရေး အကူအညီပေးခဲ့သူမိတ်ဆွေများ၊ Myanmar Heritage အဖွဲ့သား များနှင့် မြန်မာဘာသာပြန်ဆိုခြင်းကို လှိုက်လှိုက်လှဲလှဲ အားပေးခဲ့သည့် မူရင်းစာရေးဆရာတို့အား အထူးကျေးဇူးတင်ရှိပါသည်။ စာအုပ်ပါ အကြောင်းအရာ များအနက်မှ အဓိပ္ပာယ်ကောက်ယူမှု ကွဲလွဲခြင်းများ ပါရှိပါက ဘာသာပြန်သူ၏ တာဝန်သာ ဖြစ်ပါကြောင်း။




အခန်း (၁)

လောကပါလအပြောင်းအလဲ


             ၁၉၄၅ ခုနှစ်မှစတင်၍ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်ခဲ့သည်။ စစ်အေးတိုက်ပွဲ ကာလအတွင်းမှာပင် အမေရိကန်စီးပွားရေးမှာ ဆိုဗီယက်ယူနီယံ၏ နှစ်ဆမျှကြီးမား ခဲ့၏။ ဒုတိယကကမ္ဘာစစ်အပြီးမှစ၍ ဖွဲ့စည်းခဲ့သည့် ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ နေတိုး စသဖြင့် နိုင်ငံတကာအဖွဲ့များစွာ၏ အဓိက မောင်းနှင်အားလည်း ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံပြိုလဲခဲ့ခြင်းက အမေ ရိက၏ မဟာအင်အားကြီးအခြေအနေကို ထပ်မံ အားဖြည့်ပေးခဲ့သည်။ 

             အမေရိက၏ အဓိကရန်ဘက်ကြီး ကျဆုံးသွားခဲ့ပြီးနောက် အရှေ့အုပ်စုမှနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဈေးကွက်များကို ဖွင့်ပေးခဲ့ရပြီး အချို့မှာ အမေရိကထံမှ အထောက် အပံ့နှင့် အကူအညီကို လက်ဖြန့်တောင်းခဲ့ရသည်။ နိုင်ငံတစ်ခု၏အင်အား ဤမျှကြီးမား သည်ကို သမိုင်း၌ တစ်ကြိမ်မျှ မကြုံစဖူး။ ဗြိတိသျှအင်ပါယာ၏ ရွှေရောင်နေ့ရက်များကပင် ဤမျှကြီးကျယ်ခဲ့သည်မဟုတ်။ ဒေါ်လာ သည် ကမ္ဘာ့အရန်ငွေကြေး ဖြစ်လာခဲ့သည်။ ကမ္ဘာ့ ကုန်သွယ်မှု အားလုံးနီးပါးကို ဒေါ်လာဖြင့် ရောင်း ဝယ်ကြသည်။ အစိုးရများက ဒေါ်လာကို ငွေမာအဖြစ် စုဆောင်းကြသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများ အားလုံးလိုလိုတွင် အမေရိ ကန်တို့ ကြီးစိုးခဲ့ကြသည်။ ကမ္ဘာအနှံ့အပြားတွင် အမေရိကန်စစ်တပ် များ ဖြန့်ကြက်ချထားနိုင်ခဲ့သည်။ ပြန်လည်အန်တုနိုင်ဖွယ်ရာမရှိသော အနေအထားသို့ ရောက် ခဲ့ပြီး ထောင်စုသစ်၏ အရုဏ်တက်တွင် အမေရိကကို “အင်အားလွန်နိုင်ငံ (Hyperpower)”၊ “ထင်တိုင်းကြဲနိုင်သူ (Unipolarity)” စသည့် အသုံးအနှုန်းများဖြင့် တင်စားလာကြလေတော့သည်။ 

            တန်ခိုးရှင်၏ ကြိမ်စကြာတံကို အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းမပေးမီ လက် ဝယ်ကိုင်ထားခဲ့ကြသူများမှာ ဥရောပနိုင်ငံများ ဖြစ်သည်။ အထူးသဖြင့် ဥရောပအင်အား ကြီးနိုင်ငံများဖြစ်ကြသည့် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ၊ အစောပိုင်းတွင် တန်ခိုးထွားခဲ့ကြသည့် စပိန်၊ ပေါ်တူဂီနှင့် ဒတ်ခ်ျတို့ ဖြစ်ကြသည်။ ၁၈ ရာစုနှောင်းပိုင်း ဗြိတိန်၏ စက်မှုတော်လှန်ရေး အစမှသည် ၂ဝ ရာစု အလယ်အထိ ကမ္ဘာ့သမိုင်းကို လှုပ်ခါခဲ့သူမှာ ဥရောပဖြစ်သည်။ 

              ဥရောပတိုးတက်လာမှု၏ အင်ဂျင်မှာ စက်မှုတော်လှန်ရေးနှင့် ကိုလိုနီများအောင်မြင်ခြင်းဖြစ် ၏။ ဥရောပ၏အနေအထား ကျဆင်းလာသည့် ပထမကမ္ဘာစစ်အပြီး၊ ယတိပြတ်ဆိုရ လျှင် ၁၉၄၅ ခုနှစ်၌ ပါဝါအသစ်ဖြစ်လာသူ အမေရိကသည် ဥရောပယဉ်ကျေးမှု၏ထွက်ကုန် တစ်ခုအနေဖြင့် လည်းကောင်း၊ ကမ္ဘာဟောင်း (ဥရောပ)နှင့် ကမ္ဘာသစ် (အမေရိက)တို့ အကြား ကရုဏာနှင့် မုဒိတာတို့ ဖလှယ်ရာ ဒေသအနေဖြင့်လည်းကောင်း၊ ၎င်းနှင့် ဗြိတိန် အကြား အတိတ်မှ မလိုမုန်းထားမှုများ ကို မြှုပ်နှံကာ “အနောက်ကမ္ဘာ”ဟု တပေါင်းတစည်း တည်း ခေါ်ဆိုနိုင်သည်အထိ ဥရောပကို တွဲခေါ်ခဲ့သည်။ ဤသို့ဖြင့် ရာစုနှစ် နှစ်ခုကျော်မျှ ကမ္ဘာကြီးကို “အနောက်” (အစောပိုင်းရာစုတွင် ဥရောပ၊ နှောင်းပိုင်းရာစုတွင် အမေရိက) က ကြီးစိုးထားခဲ့လေသည်။

              အလားတူ သမိုင်းဝင် ပြောင်းလဲခြင်းကြီးတစ်ရပ်ကို စာရေးသူတို့ ယခုတစ်ဖန် မြင် တွေ့နေရပြန်ပါပြီ။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးပမာဏကို ဖွံ့ဖြိုးဆဲတို့၏ စီးပွားရေးက လျင်မြန်စွာ အမီလိုက်လာနေသည်။ ၁၉၇၃ ခုနှစ်က ကမ္ဘာ့တစ်ခုလုံး ထုတ်လုပ်မှု တန်ဖိုး (World GDP) ၏ ၆ဝ ရာခိုင်နှုန်းကို ဖွံ့ဖြိုးပြီးနိုင်ငံများက ဖြည့်ဆည်းခဲ့သော်လည်း ၂ဝဝ၁ ခုနှစ်တွင်မူ ၅ဝ ရာခိုင်နှုန်းအထိ လျှောကျသွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် တိုးတက်မှုလျင်မြန် လှသည်ဆိုပါစေ ဖွံ့ဖြိုးပြီးနိုင်ငံများကို စီးပွားရေးအရ၊ နည်းပညာအရ တစ်နိုင်ငံချင်း အမီ လိုက်ရန်မှာ ကာလများစွာ ကြာမြင့်ပေဦးမည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲတို့၏ အစုအပေါင်းမှာ လူဦးရေအရသော်လည်းကောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းအရသော်လည်းကောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံတို့ထက် များစွာ သာလွန်လျက်ရှိရာ ယင်းအချက်ကပင်လျှင် ကမ္ဘာ့အင်အား ချိန်ခွင်လျှာ သိသိသာသာ ပြောင်းလဲလာမှုကို ဖြစ်ပေါ်စေသည်။ နှစ်ဆယ့်တစ် ရာစု ဦးပိုင်းမှ စတင်၍ ဖွံ့ဖြိုးဆဲကမ္ဘာမှ ဝယ်လိုအားကြောင့် ဆယ်စုနှစ် နှစ်ခုကျော် တောက်လျှောက် ကျဆင်းနေခဲ့သည့် အခြေခံကုန်ပစ္စည်း (ရေနံ၊ ကောက်ပဲ သီးနှံ) ဈေးနှုန်းများ ပြန်လည် ဦးမော့လာခဲ့သည်မှာ ၂ဝဝ၈ ခုနှစ် စီးပွားရေးပျက်ကပ် ဆိုက်သည့် အချိန်ထိ ဖြစ်၏။ အရှေ့အာရှနိင်ငံများ စီးပွားရေးကောင်း လာသည်နှင့်အမျှ ၎င်းတို့ လက်ဝယ်ရှိ အရန်ငွေကြေး (ဒေါ်လာ) ပမာဏမှာလည်း ကြီးထွားလာခဲ့သည်။ ယင်းတို့ အနက်မှ စင်ကာပူ၊ တရုတ် စသည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ အရန်ငွေကြေး အချို့ အဝက်ကို Sovereign Wealth Funds ခေါ် အစိုးရပိုင် ဓနကုမ္ပဏီများ ဖွဲ့စည်းကာ ကမ္ဘာ အနှံ့ အမြတ်အစွန်း ပိုမိုရနိုင်မည့် လုပ်ငန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံကြပြန် သည်။ ရေနံထွက်ရာ အရှေ့အလယ်ပိုင်းမှ သူကြွယ်နိုင်ငံများကလည်း အလားတူ ရင်းနှီး မြှုပ်နှံ ရေးကုမ္ပဏီများ တည်ထောင်ကာ ဥစ္စာတိုးသည်ထက် တိုးအောင် ရှာဖွေလာကြသည်။ အနောက်ကမ္ဘာမှ စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးလုပ်ငန်းများ ငွေကြေး အကျပ်ဆိုက် သည့်ကာလတွင် အဆိုပါ ဓနကုမ္ပဏီများက ငွေလုံးငွေရင်းဖြင့် ဝင်ရောက်မြှုပ်နှံကြသည် ကို တွေ့လာရသည်။ 

            ကမ္ဘာ့စီးပွားရေးပါဝါ ပခုံးပြောင်းသွားခြင်းကို သိသိသာသာ မြင်ရသည့်အချိန်မှာ ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာလအတွင်း နယူးယောက်မြို့ ဝေါလ်စထရိမှ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ဘဏ်လုပ်ငန်းကြီး များ ပြိုလဲသည့်ကာလ၊ ယင်းဘဏ်များအနေဖြင့် ဆိုခဲ့သော ဓနကုမ္ပဏီများထံမှ အထောက်အပံ့ကို ရှာဖွေလာရသော ကာလပင်ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်၊ စီးပွားရေးပျက်ကပ်သည် ငွေကြေးကြွယ်ဝသူ၊ ဘတ်ဂျက်ပိုငွေပြနေသူ အရှေ့အာရှ နိုင်ငံများနှင့် ငွေကြေးအခိုင်အမာ မရှိ နှစ်ပေါင်းများစွာ ဘတ်ဂျက်လိုငွေပြလာသည့် အမေ ရိကန်ပြည်ထောင်စုတို့၏ ခြားနားချက်ကို သိသိသာသာ ပုံဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းငွေကြေးကုမ္ပဏီကြီးဖြစ်သည့် ဂိုးလ်ဒ်မန်း ဆက်စ်(Goldman Sachs) က ထုတ်ပြန်သည့် ခန့်မှန်းချက်များအရ ၂ဝ၅ဝ ပြည့်နှစ်တွင် ကမ္ဘာ့အကြီးဆုံး စီးပွားရေး နိုင်ငံမှာ တရုတ်ဖြစ်လာပြီး အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယတို့မှာ ခပ်ဝေးဝေးမှလိုက် ကာ ဒုတိယနှင့် တတိယနေရာတို့တွင် ရှိကြမည်ဟု ဆိုသည်။ ထိပ်ဆုံး ဆယ်နိုင်ငံစာရင်း တွင် ဥရောပမှ ဗြိတိန်နှင့် ဂျာမနီတို့မှာ နောက်ဆုံးနားတွင်သာ ကပ်၍ နေရာရမည်ဟု ဆို သည်။ ထိပ်သီး စာရင်းအင်းကုမ္ပဏီကြီးဖြစ်သော PricewaterhouseCoopers ၏ ခန့်မှန်းချက် အရလည်း ၂ဝ၅ဝ ပြည့်နှစ်တွင် ဘရာဇီးနိုင်ငံ၏ စီးပွားရေးပမာဏမှာ ဂျပန်ကို ကျော်လွန်သွား မည်ဖြစ်ပြီး ရုရှား၊ မက္ကဆီကိုနှင့် အင်ဒိုနီးရှားတို့၏ စီးပွားရေးပမာဏမှာ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့ ထက် ကြီးမားနေမည်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ခန့်မှန်းချက်များသာ လက်တွေ့ ဖြစ်လာခဲ့ ပါက နောင် အနှစ်လေးဆယ်ကမ္ဘာ သည် ယနေ့နှင့် လွန်စွာ ခြားနားနေပေလိမ့်မည်။
 

               ၂ဝဝ၁ ခုနှစ်ကဆိုလျှင် အမေရိကန်တို့ ကျဆုံးခြင်းဆိုသည်ကို အိပ်မက်ပင် မက်ကြသည် မဟုတ်ပါ။ စက်တင်ဘာလ ၁၁ ရက်နေ့ ဖြစ်ရပ်များအပြီးတွင် အမေရိကန်ပြည်ထောင် စုအနေဖြင့် တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံအဖြစ် မိမိကိုယ်မိမိ ရှုမြင်လာရုံသာ မက ကမ္ဘာ့ရေးရာ များတွင် နေရာယူပုံကို ထောက်လျှင် အမေရိကသည် အခြားနိုင်ငံများထက် သာလွန်ကြီးကျယ်သည် ဟူသောအမြင်ကို ထင်ဟပ်စေခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဒစ်ခ်ချေနီ၊ ဒေါ်နယ်ရမ်းစ်ဖဲလ်၊ ပေါလ်ဝုဖ်ဝဇ် အစရှိသူတို့ အပါအဝင် လက်သစ် ရှေးရိုးဝါဒီ များ (Neo Conservatives) ဖြင့် တည်ထောင်ခဲ့သည့် “အမေရိကန် ရာစုသစ်” (New American Century) အမည်ရှိ သုခမိန်များအုပ်စု၏ အခြေခံကြေညာချက်၌-
 

             “၂ဝ ရာစု နိဂုံးပိုင်းသို့ ချဉ်းကပ်လာသည်နှင့်အမျှ အမေရိကန် ပြည်ထောင်စု သည်လည်း ကမ္ဘာ့အကြီးကျယ်ဆုံး ပါဝါအဖြစ် ရပ်တည်လာပြီဖြစ်သည်။ စစ်အေးတိုက်ပွဲတွင် အနိုင်ရသည်အထိ အနောက်နိုင်ငံများကို ဦးဆောင်မှုပေးခဲ့သူ အမေရိက အနေဖြင့် အခွင့်အလမ်းတစ်ရပ်နှင့် စိန်ခေါ်ချက်တစ်ရပ်ကို ရင်ဆိုင်ရန် ရှိလာသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယခင် ဆယ်စုနှစ်များအတွင်း ရရှိခဲ့သော အောင် မြင်မှုရလဒ်များအပေါ်တွင် ထပ်ဆင့် တည်ဆောက်သွားနိုင်ရန် အမြော်အမြင် ရှိပါ သလား။ အမေရိကန်ပြည်ထောင်စုအနေဖြင့် လာမည့်ရာစုသစ်တွင် အမေရိကန် စံ အခြေခံများနှင့် အကျိုးစီးပွားတို့ကို မျက်နှာသာရစေအောင် ပုံဖော်သွားရန် ဆုံးဖြတ် ပြီးပြီလား။” 

             စသဖြင့် နောင်တက်လာမည့် သမ္မတ ဘုရှ်အစိုးရ၏ ပေါ်လစီသစ်ကို လမ်းကြောင်းပေး တင်ပြထားခဲ့ဖူးသည်။ ၂ဝဝ၄ ခုနှစ်တွင်လည်း သြဇာညောင်းလှသည့် လက်သစ် ရှေးရိုးဝါဒီ ချားလ်စ်ကရူသမ်မားက ဤသို့ ရေးခဲ့ဖူးသည်။
 

            “၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆိုဗီယက်ယူနီယံ ဇီဝိန်ချုပ်သွားခဲ့ သည့်နည်းတူ အသစ်တစ်စုံတစ်ရာသည်လည်း ပေါက်ဖွားလာခဲ့သည်။ စိန်ခေါ်မည့် သူ မရှိတော့သည့်၊ ကမ္ဘာ့မြေပုံ၏ မည်သည့်ထောင့်စွန်းကိုမဆို သက်ရောက်နိုင်သည့် တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံ ပေါ်ထွန်းလာပြီးနောက် ကမ္ဘာကြီးသည် လည်း တစ်ဖက်စောင်းနင်း ဖြစ်သွားခဲ့ပြီ။ ယင်းအဖြစ်အပျက်မှာ ရောမအင်ပါယာ ပြိုလဲ ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့သမိုင်းတွင် ပထမဆုံးဖြစ်သည်။”
 

             ယင်းသို့ဖြင့် ၂၁ ရာစုသည် မျက်စိအောက်တွင် ပေါ်ထွန်းလာသည့် အကြွင်းမဲ့ အမေရိကန်ပါဝါကို ခေါင်းညိတ် နှုတ်ဆက်ရင်း အရုဏ်တက်ခဲ့ရလေသည်။ သမ္မတဘုရှ်၏ မူဝါဒ အသစ်တွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား အဆမတန် သာလွန်ရေးကို အထူးဦးစားပေးလာသည်။ မဟာမိတ်များ၏အရေး သို့မဟုတ် နိုင်ငံတကာ သဘောတူညီ ချက်များအတိုင်း ဆောင်ရွက်ရေးတို့ကို ဘေးချိတ်ပြီး အမေရိက၏ အကျိုးစီးပွားကိုသာ
ငါ့လှေငါထိုး လုပ်လာခဲ့သည်။ စစ်အေးတိုက်ပွဲလွန် ကာလတွင် အမေရိကန်တို့၏ ကာကွယ် ရေး အသုံးစရိတ်မှာ ကျန်ကမ္ဘာ့နိုင်ငံများအားလုံး၏ သုံးစွဲမှု စုစုပေါင်းနီးပါးမျှ ကြီးမားလေရာ လူ့သမိုင်း၌ မကြုံဖူးသော စစ်ရေးမညီမျှမှု ဖြစ်သည်။ သမ္မတဘုရှ်လက်ထက် နိုင်ငံခြားရေး ပေါ်လစီသစ်အရ အကြမ်းဖက်မှု နှိမ်နင်းရေးစစ်ပွဲမှာ ခြွင်းချက်မဲ့ လိုအပ်ချက်ဖြစ်လာပြီး (မသူတော်) အစိုးရများ ဖြုတ်ချရေး (regime-change) မူဝါဒဖြင့် အီရတ်ကို ကျူးကျော် ဝင်ရောက်ခဲ့သည်။
လက်တွေ့တွင်မူ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ခဲ့ရသည်။ ကမ္ဘာ့ရေးရာများကို အမေရိကန်တို့၏လက်ဖြင့် ပုံဖော်နိုင်ခြင်းမျိုး ဖြစ်လာရမည့်အစား အီရတ်ကိစ္စတစ်ခုတည်း ဖြင့် ဖင်ထိုင်ကျသကဲ့သို့ ဖြစ်သွားခဲ့ပြီးနောက် နိုင်ငံတကာတွင် အမေရိကကို ထောက်ခံမှုမှာ ၁၉၄၅ ခုနှစ်နောက်ပိုင်းမှစတွက်လျှင် အနိမ့်ဆုံးသို့ ဆင်းသွားခဲ့သည်။ အဆမတန်သာလွန် သည့် စစ်အင်အားမှာ အီရတ်တွင် မဆိုစလောက်သာ သက်ရောက်နိုင်ခဲ့ပြီး အခြားတစ်ဖက် ၌မူ တန်ဖိုးရှိလှသည့် အမေရိက၏ “အနုစားပါဝါ” မှာ (ဂျိုးဇက်ညိုင်း၏ အဓိပ္ပာယ်ဖွင့်ချက် အရဆိုလျှင်- တိုင်းပြည်တစ်ခု၏ ပေါ်ပြူလာယဉ်ကျေးမှု၊ နှစ်လိုအားကျ ဖွယ်ရာ နိုင်ငံရေး အတွေးအခေါ် စသည်တို့ကြောင့် ရရှိလာသည့် သြဇာအရှိန်အဝါ) အလဟဿ ဆုံးရှုံးခဲ့ရ သည်။ လက်သစ် ရှေးရိုးဝါဒီတို့၏ နေရာယူမှုမှာ သမိုင်းကို ဝရုန်းသုန်းကား အဓိပ္ပာယ် ကောက်လွဲခြင်းအနေဖြင့်သာ ကိုယ်စားပြုခဲ့လေသည်။
 

               စစ်ရေးနှင့် နိုင်ငံရေးအင်အားမှာ စီးပွားရေးအင်အား တောင့်တင်းမှုပေါ်၌ တည်သည်။ ယနေ့အမေရိက၏ မဟာအင်အားကြီးနိုင်ငံဘဝဆိုသည်မှာ (အတိတ်ကာလ) ၁၈၇ဝ မှ ၁၉၅ဝ ပြည့်နှစ်များအတွင်း စီးပွားရေးတစ်ဟုန်ထိုး တိုးတက်ခဲ့ခြင်း၏ ရလဒ်များဖြစ်၏။ ဖြည့်ဆည်း ခဲ့သော စီးပွားရေးပါရမီကြောင့် ၂ဝ ရာစု၏ ဒုတိယပိုင်းတစ်လျှောက်လုံး ကမ္ဘာ့ အကြီးဆုံးနှင့် အင်တိုက်အားတိုက် အရှိဆုံး စီးပွားရေးနိုင်ငံအဖြစ် ရပ်တည်နိုင်ခြင်း ဖြစ်သည်။

             စီးပွားရေးသမိုင်းပညာရှင် အန်းဂတစ် မက်ဒီဆင်၏ အဆိုအရ ၁၈၇ဝ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး (GDP) မှာ ကမ္ဘာတစ်ခုလုံး၏ ၈ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သည်။ ၁၉၁၃ ခုနှစ်တွင်မူ ၁၈ ဒသမ ၉ ရာခိုင်နှုန်းအထိ ရင်သပ်ရှုမောဖွယ် ရာ မြင့်တက်လာခဲ့ပြီး ၁၉၄၄ ခုနှစ်တွင်မူကား ၃၅ ရာခိုင်နှုန်းဖြင့် အထွတ်အထိပ် သို့ ရောက်ခဲ့သည်။ ယင်းနောက်ပိုင်း ၁၉၅ဝ ပြည့်နှစ်တွင် ၂၇ ဒသမ ၃ ရာခိုင်နှုန်းဖြင့် တည်ငြိမ်စွာ ပြန်လည်ဆင်းသက် လာခဲ့ပြီး ယခုနှစ်များတွင် ၂ဝ ရာခိုင်နှုန်း ပတ်ဝန်းကျင်၌ ရပ်တည် နေသည်ဟု ဆိုသည်။ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၄ ဒသမ ၆ ရာခိုင်နှုန်းသာရှိသော အမေရိကအတွက် လက်ရှိ GDP အခြေအနေမှာ ကြီးကျယ်ဆဲပင် ဖြစ်၏။ သို့ရာတွင် ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေးပျက်ကပ်ကြီးက အမေရိက၏ ယိုယွင်းလာသော စူပါပါဝါအဖြစ်ကို အသိအမှတ်ပြုလာစေခဲ့သည်။ အမေရိကန်ပါဝါနှင့်သြဇာ မည်သို့မည်ပုံ ကျဆင်းသွားမည် နှင့် ပတ်သက်၍မူ နိုင်ငံရေးသုခမိန်တို့အနေဖြင့် အမျိုးမျိုး ပုံဖော်ကြဆဲ ဖြစ်လေသည်။

             ခန့်မှန်းချက်များအရ အီရတ်စစ်ပွဲသည် အမေရိကန်ပြည်ထောင်စုကို ဒေါ်လာ ၃ ထရီလီယံ (သန်းပေါင်း သုံးသန်း) ကုန်ကျမည်ဟုဆိုကြသည်။ ထို့ပြင် မမြင်ရသည့် အခြား ကုန်ကျမှုများမှာ ဆုံးရှုံးသွားရသည့် အတော်ဆုံး၊ အကောင်းဆုံးစစ်သည်တို့၏ အသက်များ ဖြစ်လေသည်။ ထို့ကြောင့်ပင် သမ္မတဘုရှ်အစိုးရအနေဖြင့် အခြား (ဘုရှ်၏စကားဖြင့်) “မိစ္ဆာဝင်ရိုးစွန်းနိုင်ငံများ” ဖြစ်သော အီရန်နှင့် မြောက်ကိုရီးယားတို့အပေါ် အီရတ်မှာကဲ့သို့ ကျကျနန အရေးယူရန် မဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကမ္ဘာအနှံ့မှ အမေရိကန် စစ် စခန်းပေါင်း ၈ဝဝ ကျော်ကို ထောက်ပံ့ရသည့် စရိတ်မှာလည်း GDP ၏ ၆ ဒသမ ၅ ရာခိုင် နှုန်းမျှသော အစိုးရဘတ်ဂျက်လိုငွေကို ဖန်တီးခဲ့သော အကြောင်းရင်းတစ်ခု ဖြစ်လေသည်။ ဤအတိုင်းသာ ဆက်လက်သွားပါက အနာဂတ်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်ရေး ကတိကဝတ်များကို လက်ရှိအနေအထားအတိုင်း ထောက်ပံ့ရန်မှာ အခက်အခဲ ရှိ လာမည် ဖြစ်သည်။ 

              ကုန်ပစ္စည်းထုတ်လုပ်မှုအပိုင်းတွင် အမေရိကန်ပြည်ထောင်စုနေဖြင့် ကမ္ဘာ့အကြီးဆုံး ပစ္စည်းထုတ်လုပ်သူ ရာထူးကို အရှေ့အာရှနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ရပြီး ဖြစ်သည်။ ထို့ပြင် အမေရိကန်အစိုးရနှင့် ပြည်သူများအနေဖြင့် ၁၉၈၂ နောက်ပိုင်းမှ စတင်ကာ ၎င်းတို့ စုဆောင်းနိုင်သည်ထက် ပိုမိုသုံးစွဲလာခဲ့ကြသည်။ ယင်းသို့ လိုငွေပြမှုအမျိုးမျိုး ဆက်တိုက် သယ်ဆောင်လာခြင်းက ၂ဝဝ၈ ခုနှစ် ဒေါ်လာတန်ဖိုးကျဆင်းမှုကို ဘီးတပ်ပေးခဲ့ကြသည်။ ထိုအချက်များက ဒေါ်လာ၏ ကမ္ဘာ့ အရန်ငွေကြေးအနေအထားနှင့် အမေရိက၏ ကမ္ဘာ့ ဘဏ္ဍာရေး အင်အားကြီးအဖြစ်ကို ခြိမ်းခြောက်လာခဲ့သည်။ 

                ထိုသို့ဆိုလိုက်ခြင်းဖြင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်း၏ လက်ရှိ စစ်ရေး အသုံးစရိတ်များကို ရုတ်ခြည်း လျှော့ချသွားတော့မည်ဟု မဆိုလိုပါ။ အထူးသဖြင့် အမေရိ ကန်တို့မှာ စစ်ရေးအင်အားကို အမျိုးသားရေးဂုဏ်တစ်ခုအဖြစ် မှတ်ယူကြခြင်းနှင့် စစ်အင် အားကို အဓိကရှေ့တန်းတင်ထားသည့် အမေရိကန်နိုင်ငံခြားရေးမူဝါဒ ရှိနေသည်။ သို့ရာ တွင် အင်ပါယာ၏ အရှင်သခင်အနေဖြင့် မဖြစ်မနေသုံးစွဲရမည့် အခြေအနေများကတစ်ဖက်၊ ကျဆင်းလာနေသည့် စီးပွားရေးအခြေအနေများကတစ်ဖက် ရှိနေပေရာ အနာဂတ်ကို လှမ်းမျှော်ကြည့်ပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်ရေးကဏ္ဍများတွင် ယနေ့ သုံးစွဲနေသလို မသုံးနိုင်၊ ယနေ့ အသာစီးရထားသလို မစိုးမိုးနိုင်တော့မည့် အခြေအနေမှာ မြင်သာလေသည်။

ကမ္ဘာသစ်တစ်ခု

              စာရေးသူတို့သည် ယနေ့အခါ၌ ကမ္ဘာအသစ်တစ်ခုကို ကူးပြောင်းတော့မည့် စပ်ကူးမပ်ကူး ကာလတွင် ရောက်နေကြသော်လည်း ထိုအဖြစ်ကို လက်ခံသဘောပေါက်ရန်မှာမူ မလွယ်လှချေ။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ကမ္ဘာ၏ ပါရာဒိုင်း(အစွဲ)များကို စာ ရေးသူတို့အနေဖြင့် အသားကျနေ၊ အရိုးစွဲနေသောကြောင့်ဖြစ်သည်။ အမေရိကန်သြဇာ အောက်၌ တစ်သက်လုံး နေခဲ့ရသည်ဖြစ်ရာ အနောက်ကမ္ဘာသည် မျိုးဆက်များစွာ လွှမ်း မိုးနေမည်ဟုသာ ထင်မှတ်စရာ ရှိလေသည်။ အနောက်နိုင်ငံများအနေဖြင့် ပြီးပြည့်စုံသော ကမ္ဘာကြီးကို အနောက်တိုင်းမျက်စိဖြင့်သာ မကြာခဏ ပုံဖော်ကြည့်လေ့ ရှိကြသည်။ အင် အားသာသူက ၎င်းတို့၏အမြင်၊ စံတန်ဖိုးများဖြင့် အင်အားနည်းသူများအပေါ် ပြဋ္ဌာန်းလေ့ ရှိသည်မှာ ဓမ္မတာဖြစ်၏။ အင်အားနည်းသူအနေဖြင့် ယင်းပြဋ္ဌာန်းချက်များကို ဒူးထောက် လက်ခံရုံပင်။ အသာတကြည် လက်မခံပါက အဆုံးစွန်သောအဆင့်တွင် အင်အားကြီးသူတို့ ဘက်မှ အင်အားသုံး ပြဋ္ဌာန်း လာမည်ဖြစ်သည်။ ယင်းသို့သော အစွဲ၊ အကြောင်းပြချက် များဖြင့် အသားကျနေသည့်အတွက် အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ အနေဖြင့် ၎င်းတို့၏သြဇာများ ယုတ်လျော့လာခြင်းကို ပုံမဖော်နိုင်၊ လက်မခံနိုင်ဖြစ်နေရခြင်း ဖြစ်သည်။

             ကမ္ဘာရွာပြုခြင်း (ဂလိုဘယ်လိုက်ဇေးရှင်း) ကို နမူနာကြည့်ပါ။ အနောက်တိုင်းသားတို့ ၏အမြင်၌ ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည်မှာ အနောက်တိုင်းဇာတ်သွင်းခြင်းသာ ဖြစ်သည်။ ဈေးကွက် စီးပွားရေး၊ ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း၊ အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု များ၊ ဥပဒေနှင့်အညီ အုပ်ချုပ်ခြင်း၊ လူ့အခွင့်အရေးအဖွဲ့များ၊ ဒီမိုကရေစီထုံးတမ်းများ အစ ရှိသည်တို့ကို လက်ခံကျင့်သုံးလာခြင်းဟု ၎င်းတို့က ရှုမြင်ကြသည်။ ယင်းသို့ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည် ဆိုသော မြို့တော်များတွင် အထပ်မြင့် တာဝါများ၊ အမြန်လမ်းမကြီးများ၊ လက်ကိုင်ဖုန်းများ အစရှိသဖြင့် အနောက်တိုင်း၏ အသွင်အပြင်သဘော ဖွဲ့တည်လာခြင်း ကို မြင်လာရလေသည်။ သို့ရာတွင် လူ့အဖွဲ့အစည်းအသီးသီး၌ ၎င်းတို့၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု စသည် တို့မှာ အမြစ်တွယ်ရင်း ရှိပြီးဖြစ်ရာ မူလဘူတ ကလာပ်စည်းများဖြစ်ကြသည့် မိသားစုပုံစံ၊ အစိုးရပုံစံ၊ အသင်းအဖွဲ့ပုံစံ စသည်တို့မှာ (အနောက်တိုင်းပုံစံဘက်သို့ တိမ်းညွတ်လာရမည့် အစား) ဆန့်ကျင်ဘက်သို့ ဦးတည်သွားခြင်းမျိုး ရှိလာနိုင်လေသည်။ ထို့ပြင် မိမိတို့၏ မူလ ဘူတလူမှုပုံစံနှင့် သမိုင်းကြောင်းအပေါ် ယုံကြည်မှုအပြည့်ရှိသည့် တိုင်းပြည်များအနေဖြင့် ပိုမို တိုးတက် ထွန်းကားနိုင်သည်ဖြစ်ရာ ထိုတိုင်းပြည်များမှာ အနောက်တိုင်းပုံစံများကို တစ်သဝေမတိမ်း အတုခိုးရန် လက်တွန့်ကြမည်ဖြစ်သည်။ ထိုသို့ဖြင့် ဂလိုဘယ်လိုက်ဇေး ရှင်းသည် (အနောက်ကမ္ဘာမှ ယူဆထားသကဲ့သို့) တစ်လမ်းသွားမဟုတ်တော့ဘဲ ရှုပ်ထွေးသော လမ်းကြောင်းများ ပုံစံ ဖြစ်လာသည်။ ဥပမာ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးကိစ္စများတွင် ၎င်း၏သြဇာတိက္ကမဖြင့် လိုသလို ဖန်တီးနိုင်ခဲ့သော်လည်း ယင်းလုပ်ရပ်များကြောင့် လက်တွေ့အကျိုးဖြစ်ထွန်းသူမှာ တရုတ်နိုင်ငံ ဖြစ်နေခြင်းမျိုး ဖြစ် သည်။

             ၁၉၆ဝ ပြည့်နှစ်မတိုင်မီကဆိုလျှင် အနောက်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် (ခေတ်နောက်ကျနေသေးသော) ကမ္ဘာကြီးတစ်ခုလုံးအပေါ်၌ စီးပွားရေး အသာစီးရထားခဲ့ ကြသည်။ တိုးတက် ဖွံ့ဖြိုးသော အနောက်ကမ္ဘာနှင့် ဆင်းရဲသော အခြားကမ္ဘာမှာ အစစ အရာရာ ကွာခြားလွန်းလှသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ တိုးတက်လာသည်နှင့်အမျှ အထူးသဖြင့် အရှေ့အာရှတွင် ယင်းသို့ ခွဲခြားရန် ပိုမိုခက်ခဲလာခဲ့သည်။ ကိုရီးယားနှင့် ထိုင်ဝမ်တို့ကို ဥပမာကြည့်ပါ။ ၎င်းတို့အနေဖြင့် (ရုပ်ဝတ္ထုပိုင်းဆိုင်ရာ) တိုးတက်မှုတွင် အနောက်တိုင်းအဆင့်ကို ရောက်ခဲ့ကြပြီဖြစ် သည်။ ယင်းသို့ တိုးတက်လာသည့်အတွက် ထိုနိုင်ငံများ အနောက်တိုင်း (ယဉ်ကျေးမှု) နှင့် (၁) ပိုမိုနီးစပ်လာပါသလား။ (၂) ပိုမိုဝေးကွာ သွားသည်လား။ (၃) မှုန်ဝါးဝါးဖြစ်သွားကြသလားဟု ဆန်းစစ်ကြည့်ပါက ပထမအဖြေကို ရွေးချယ်ရန် သိသိသာသာ ဖိအားတစ်ခု ရှိနေသည်ကို ခံစားရမည်ဖြစ်သည်။ သို့သော် လည်း ယင်းကို လက်မခံလိုသော အင်အားများလည်း အထင်အရှားရှိနေသည်ကို သိနိုင် ပြီး ထိုခွန်အားကမူ ပထမအဖြေနှင့် ဆန့်ကျင်ဘက်ကို သာ ရွေးချယ်ရန် တိုက်တွန်းသည်ကို တွေ့ရမည် ဖြစ်၏။ ယခင်ကမူ အနောက်တိုင်း ပင်မရေစီးကြောင်း၏ မှတ်ယူချက်မှာ “ခေတ်မီခြင်း၌ တစ်မျိုးသာ ရှိသည်။ ယင်းမှာ အနောက်တိုင်းဆန်ခြင်းဖြစ်သည်” ဟူလို။ ယခုအခါ ယင်းအချက်အပေါ် ငြင်းခုံမှုများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကမ္ဘာအနှံ့သို့ ပျံ့သွားခဲ့ ပြီး ဖြစ်လေသည်။
 

                 အထက်ပါဆန်းစစ်ချက်အတွက် အဆုံးအဖြတ်မှာ အနောက်တိုင်းနှင့် သဘောတူညီ သည်ဆိုပါက ကမ္ဘာသစ်သည် လက်ရှိကမ္ဘာနှင့် သိသိသာသာ ကွာခြားနေမည် မဟုတ်ပါ။ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး စသည်တို့သည် အနာဂတ်တွင် အနောက်တိုင်းနိုင်ငံများကဲ့သို့ ဖြစ်လာကြလိမ့်မည်။ ထိုပုံစံကို ဟောကိန်းထုတ်သူမှာ “စစ်အေး တိုက်ပွဲခေတ်လွန် ကမ္ဘာသည် လွတ်လပ်သော ဈေးကွက် စီးပွားရေး၊ ဒီမိုကရေစီရေးတို့ဖြင့် အနောက်တိုင်းပုံစံ ဖြစ်ထွန်းလာမည်”ဟု ဆိုခဲ့သူ ဖရန်စစ် ဖူကူယားမား ဖြစ်သည်။ အကယ်၍ အဆုံးအဖြတ်မှာ အနောက်တိုင်းနှင့် ကွဲပြား ခြားနားသည်ဆိုပါက အနာဂတ်ကမ္ဘာသစ်သည် ယနေ့ စာရေးသူတို့ နေထိုင်သောကမ္ဘာနှင့် သိသာစွာ ခြားနားနေမည် ဖြစ် သည်။
 

               ဤနေရာ၌ ခြွင်းချက်တစ်ခုမှာ ဂျပန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဒုတိယကမ္ဘာစစ် အပြီး စီးပွားရေး အတောင်ပေါက်သွားခဲ့သည့် ရှားရှားပါးပါးနိုင်ငံမှာ ဂျပန်ဖြစ်သောကြောင့် ပင်။ ဆိုဗီယက်ယူနီယံကို ထိုစာရင်းတွင် ထည့်သွင်း စဉ်းစားနိုင်သော်လည်း ၎င်း၏ လူ တစ်ဦးချင်းစီအတွက် GDP မှာ အနောက်နိုင်ငံများနှင့်ယှဉ်ပါက ပြောပလောက်ဖွယ်ရာ မရှိ ခဲ့ပေ။ ၁၉ ရာစု၏ နောက်ဆုံး နှစ်ဆယ့်ငါးနှစ်ပိုင်းကာလမှ စတင်၍ စက်မှုလုပ်ငန်းများ တည် ဆောက်လာခဲ့သည့် ဂျပန်သည် ဒုတိယကမ္ဘာစစ်မတိုင်မီအထိ အနောက်တိုင်းကလပ် (Western Club) ၏ အပြင်လူသာဖြစ်ခဲ့သည်။ ၁၉၄၅ ခုနှစ် နောက်ပိုင်းတွင်မူ အနောက် တိုင်းအတွက် ဂျပန်သည် စွမ်းအားကြီးလှသည့် စီးပွားရေးပြိုင်ဘက် ဖြစ်လာခဲ့ပြီး ၁၉၈ဝ ပြည့်နှစ်များအရောက်တွင်မူ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးပါဝါအဖြစ် အမေရိကန်ပြည် ထောင်စု၏နောက်တွင် ရပ်တည်လာခဲ့သည်။ ထိုသို့အခြေမြင့်တက် လာခဲ့သော်လည်း ဂျပန်တို့အနေဖြင့် အနောက်တိုင်း ဟန်ပန်ဓလေ့များ ရယူခြင်းကို ဟန်ပြအဖြစ်ထားကာ ကိုယ်ပိုင်သီးသန့်ယဉ်ကျေးမှု အစွမ်းအစများကို သိမ်းဆည်း ကွယ်ဝှက်ထားခဲ့သည်။ 

             ဂျပန်နိုင်ငံကို ကြည့်ပါ။ ဒုတိယကမ္ဘာစစ်တွင် ရှုံးနိမ့်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု ၏ သိမ်းပိုက်ခြင်းကို ၁၉၅၁ ခုနှစ်အထိ ခံခဲ့ရသည်။ စစ်တပ်အင်အား တည်ဆောက်ခြင်းမှ တားမြစ်ခြင်းခံထားရသည် (၁၉၅၁ အမေရိကန်-ဂျပန်စာချုပ်အရ ဂျပန်ကို အမေရိကမှ ကာကွယ်မည်)။ အမေရိကန်တို့ ရေးဆွဲသည့် အခြေခံဥပဒေကို လက်ခံကျင့်သုံးခဲ့ရသည်။ အမှန်စင်စစ် ဂျပန်၏အဖြစ်သည် အမေရိကန်၏ လက်အောက်ခံနိုင်ငံဟု မဆိုလျှင်ပင် အချုပ်အခြာအာဏာနှင့် ပတ်သက်လာလျှင် မှုန်ဝါးဝါးသာဖြစ်၏။ ယင်းအချက်ကြောင့်ပင် ဂျပန်အနေဖြင့် အနောက်တိုင်းမဆန်လှသော ၎င်း၏ သီးသန့်ယဉ်ကျေးမှု အစွမ်းအစများကို ကွယ်ဝှက်ထားပြီး အနောက်တိုင်းထုံးစံများကို ရှေ့တန်းတင်ပြခဲ့ခြင်း ဖြစ်တန်ရာသည်။

                ဂျပန်ကို ခြွင်းချက်အဖြစ် ဖယ်ရှားလိုက်ပါက မနေ့တစ်နေ့ကအထိ ခေတ်မီသောကမ္ဘာ ဆိုသည်မှာ ဥရောပ၊ အမေရိက၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ဖြင့် ဖွဲ့စည်းထား သည့်အနောက်တိုင်းကမ္ဘာသာဖြစ်သည်။ ဥရောပမှလွဲ၍ အခြားနိုင်ငံများဆိုသည်မှာလည်း အမှန်စင်စစ် ရွှေ့ပြောင်းသွားသော ဥရောပတိုက်သားများသာ ဖြစ်၏။ ယင်းတို့မှာ စီးပွား ရေး သမိုင်းပညာရှင် အန်းဂတ်စ်မက်ဒီဆင်၏စကားအရဆိုလျှင် “ဥရောပ၏ အမွေစား အမွေခံများ”သာ ဖြစ်ကြသည်။ သို့ဖြစ်ရာ စာရေးသူတို့ ယနေ့ ပြောဆိုနေသည့် ‘ခေတ်မီ ခြင်း’ဟူသည်မှာ လူသားထုအတွင်းမှ သေးငယ်သော အုပ်စုကလေးတစ်စု၏ အတွေ့အကြုံ သာ ဖြစ်၏။ ထိုကျဉ်းမြောင်းလှသည့်အချက်၊ ကိုယ်စားပြုမှု နည်းလှသည့်အချက်ကို အနောက်ကမ္ဘာက လွှမ်းမိုးလာခဲ့သည့် လွန်ခဲ့သော ရာစုနှစ်နှစ်ခု ကာလပတ်လုံး စာရေးသူ တို့ မကြာခဏ မျက်စိရှန်းခဲ့ကြသည်။ သမိုင်းကြောင်းရှည်လျားပြီး အနောက်တိုင်းနှင့် ကွဲပြားကာ ယဉ်ကျေးမှုအခြေခံ သန်စွမ်းခဲ့သည့်နိုင်ငံများ ခေတ်မီခြင်း လမ်းကြောင်းပေါ်သို့ တက်လှမ်းလာပြီး ၎င်းတို့၏ကိုယ်ပိုင် နည်းဟောင်းများကို အသုံးချလာသည့်အခါမှသာ ‘ခေတ်မီခြင်း’နှင့် ‘အနောက်ကမ္ဘာ၏ အတွေ့အကြုံ’ ဆိုသည်ကို ခွဲခြမ်း စိတ်ဖြာလာနိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ်များနှောင်း ပိုင်းတွင်မှ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ စသည့် နိုင်ငံများ၊ ၁၉၇ဝ ပြည့်နှစ်များနှောင်းပိုင်းတွင်မှ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ်ပြည် စသည့် အရှေ့အာရှတိုင်းပြည်များ စီးပွားရေးလမ်းကြောင်းပေါ် ရောက်လာကြခြင်း ဖြစ်သည်။ စာရင်းဇယားအရ ၁၉၅ဝ ပြည့်နှစ်တွင် အမေရိက၏ GDP မှာ အရှေ့အာရှနိုင်ငံများအားလုံး ပေါင်း၏ သုံးဆခန့်မျှရှိခဲ့၏။ ၂ဝဝ၁ ခုနှစ်သို့ ရောက်သောအခါတွင်မူ အမေရိက၏ GDP မှာ အဆိုပါနိုင်ငံများ စုစုပေါင်း၏ သုံးပုံနှစ်ပုံသာရှိတော့သည်ကို တွေ့ရမည်ဖြစ် သည်။
 

                 တိုးပွားလာသော ဖွံ့ဖြိုးဆဲနိုင်ငံများအရေအတွက်ကို စာရေးသူတို့ မျက်ဝါးထင်ထင် တွေ့လာရသည်။ ယင်းတို့အနက် တရုတ်ပြည်မှာ အရေးကြီးလှသောနေရာသို့ရောက်ရှိ လာ ခဲ့ပြီဖြစ်သည်။ တရုတ်ပြည်သည် ၎င်း၏စီးပွားရေးသြဇာကို အရှေ့အာရှဒေသ အမျိုးအနွယ် များ၊ တောင်အာရှ၊ အလယ်အာရှ၊ အာဖရိကနှင့် တောင်အမေရိကပါမကျန် ဆယ်စုနှစ် တစ်ခုကျော်အတွင်း လျင်မြန်စွာ ဖြန့်ကြက်နိုင်ခဲ့ခြင်းဖြင့် ကမ္ဘာသစ်ကို သယ်ဆောင်လာသူ ဖြစ်လာ၏။ ထို့ပြင် တရုတ်အနေဖြင့် ယခင် အာရှကျားများဖြစ်ကြသည့် ထိုင်ဝမ်၊ ထိုင်း စသည့်နိုင်ငံများနှင့် မတူသည့်အချက်မှာ အမေရိကန်၏ သြဇာခံမဟုတ်ခြင်းပင်ဖြစ်၏။

                 ထို့ပြင် တရုတ်ပြည်၌ များပြားလှသည့်လူဦးရေ ရှိသည်။ သို့ဖြစ်ရာ အခြေမြင့်လာသော တရုတ်ပြည်၌ အခြားသော အာရှကျားများနှင့် လားလားမျှမတူသည့် လက္ခဏာများ ရှိနေ သည်။ သို့ရာတွင် ပင်မရေစီးကြောင်းပေါ်မှ အနောက်တိုင်းသုခမိန်များကမူ မကြာသေးမီ ကာလအထိ တရုတ်ပြည် ခေတ်မီလာခြင်းသည် နောက်ဆုံး၌ ဒီမိုကရက်တစ်နိုင်ငံတစ်ခု အဖြစ် ပြီးပြည့်စုံသွားမည်ဟု ယုံကြည်ခဲ့ကြ၏။ ၎င်းတို့က ‘တရုတ်ပြည် အခြေမြင့်လာခြင်း သည် ကမ္ဘာကြီးအတွက် သိသာသောပြောင်းလဲမှုရှိမည် မဟုတ်’ဟု ရှုမြင်ကြသည်။
 

                ထိုအမြင်မှာ ယူဆချက် သုံးရပ်ပေါ်၌ အခြေခံ၏။ ပထမယူဆချက်မှာ တရုတ်၏ အခြေ မြင့်လာမှုမှာ အဓိကအားဖြင့် စီးပွားရေးသက်သက်သာဖြစ်မည်။ ဒုတိယ ယူဆချက်မှာ တရုတ်သည် သူလိုကိုယ်လို အနောက်တိုင်းပုံစံ နိုင်ငံတစ်ခု ဖြစ်လာမည်။ တတိယ ယူဆချက်မှာ တရုတ်ပြည်သည် နိုင်ငံတကာထုံးစံများနှင့် အကျွမ်းတဝင်ရှိလာပြီး ပိုနေမြဲ ကျား နေမြဲအတိုင်း ဆက်လက်ရှိနေမည်။ 

                စာရေးသူအနေဖြင့် ပြောရလျှင်မူ ထိုယူဆချက်များ မှာ မမှန်မကန်သုံးသပ်ထားခြင်း သာ ဖြစ်ပါသည်။ တရုတ်ပြည်အခြေမြင့်လာခြင်းက ကမ္ဘာ ကြီးကို မကြုံစဖူး ပြောင်းလဲစေမည်ဟု ယုံကြည်ပါ၏။ ယနေ့ဆိုလျှင် တရုတ်ပြည် အခြေမြင့်လာခြင်း၏ဂယက်က ကမ္ဘာတစ်ဝန်း သက်ရောက်နေပြီဖြစ်သည်။ သိသာသည့်အချက်မှာ အခြေခံ ကုန်ပစ္စည်းဈေးနှုန်းများ အတက် အကျနှင့် ပတ်သက်၍ဖြစ်၏။ အမေရိကန်ပြည်ထောင်စုထက် လူဦးရေ လေးဆမျှကြီးမားပြီးနှစ်စဉ် GDP တိုးနှုန်း ဂဏန်းနှစ်လုံး (၁ဝ ရာခိုင်နှုန်းနှင့် အထက်) ရှိနေခြင်းတို့ကြောင့် ၂ဝ၂၇ ခုနှစ်တွင် တရုတ်ပြည်သည် ကမ္ဘာ့အကြီးဆုံး စီးပွားရေးပါဝါအဖြစ် အမေရိကန်ပြည်ထောင်စု ကို ကျော်ဖြတ်သွားတော့ မည်ဖြစ်ကြောင်း ဂိုးလ်ဒ်မင်းဆက်စ် ဘဏ္ဍာရေးကုမ္ပဏီ ကြီးက ဟောကိန်းထုတ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အင်အားကြီး တရုတ်ပြည်အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်သာ ရှိဦးမည်ဖြစ်သည်။ ခေတ်မီခြင်းနှင့်ပတ်သက်၍ အစပျိုးရုံပင် ရှိ ဦးမည်ဖြစ်သည်။ ထိုအချက်များကို ထောက်ပြပြီး တရုတ်ပြည် အခြေမြင့်လာခြင်းကို စီး ပွားရေးသက်သက်ဟု စာရေးသူတို့ မှတ်ယူသင့်ပါသလော။ မြင့်တက်လာသည့် ပါဝါနိုင်ငံ များအနေဖြင့် ၎င်းတို့၏စီးပွားရေး ခွန်အားကို နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စစ်ရေး စသည်တို့၌ စမ်းသပ်ကြသည်သာ ဖြစ်သည်။ ယင်းလုပ်ရပ်ကပင် သြဇာတက်စေရန် ပါရမီဖြည့်ခြင်း တစ်မျိုးဖြစ်ပေရာ တရုတ်ပြည်အနေဖြင့်လည်း သေချာပေါက် စမ်းသပ်ဦးမည် ဖြစ်၏။
 

              ထို့ကြောင့်ပင် တရုတ်ပြည်သည် စာရေးသူတို့ အကျွမ်းဝင်သကဲ့သို့ အနောက်တိုင်းပုံစံ နိုင်ငံတစ်ခုဖြစ်လာနိုင်သည်ဟု မှတ်ယူခြင်းမပြုနိုင်ပါ။ တရုတ်ပြည်ကြီးအား အနောက်တိုင်း ပုံစံနှင့် လားလားမျှ မနီးစပ်သည့် ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် တည် ဆောက်လာခဲ့ခြင်းဖြစ်သည်ကို သတိချပ်ရန် လိုသည်။ တရုတ်ပြည်ကြီး အနောက်တိုင်း ပုံစံ ဖြစ်ထွန်းလာမည်ဟူသည့် အယူအဆမှာ သမိုင်းနှင့်ယဉ်ကျေးမှုကို ချန်လှပ်ပြီး ကမ္ဘာကို နည်းပညာနှင့် စီးပွားရေး နှစ်ခုတည်းဖြင့် ရှုမြင်ချက်သက်သက်သာ ဖြစ်ပေလိမ့်မည်။
 

              ယင်းသို့ခြားနားသည်ဆိုပါက ရေရှည်တွင် တရုတ်ပြည်အနေဖြင့် လက်ရှိပြဋ္ဌာန်းထား သည့် နိုင်ငံတကာထုံးစံများကို ဆက်လက်ကျင့်သုံးမည်လော၊ အခြေခံကျကျ ပြုပြင်ခြင်း များကို ဆော်သြမည်လောဟူသည့် မေးခွန်းကိုပါ ဆက်လက်ဆွေးနွေးရန် လိုအပ်လာလေ သည်။ တရုတ်ပြည်၏သမိုင်းကို-
၁။ မြို့ပြအင်ပါယာနိုင်ငံ
၂။ (ဟန်) လူမျိုး
၃။ ပဏ္ဏာဆက်နိုင်ငံများ
၎။စည်းလုံးညီညွတ်မှု
ဟူသည့် အခြေလေးချောင်းဖြင့် ထောက်ပံ့ထားခြင်းဖြစ်လေရာ အနောက်နိုင်ငံများနှင့် ခြားနားလှ၏။ အနာဂတ်တရုတ်ပြည်အနေဖြင့် အတိတ်ကို ပြန်လည်ပြဋ္ဌာန်းရန် ရှိ၊ မရှိ ကိစ္စမှာ ယခုကာလတွင် အမြင့်သို့ တက်လှမ်းလာခြင်း၏ အစောပိုင်းသာ ရှိသေးသည့် အတွက် တိတိပပဖြေဆိုရန် ခက်ခဲဆဲ ဖြစ်ပါသည်။



No comments:

Post a Comment