အောက်ပါစာစုမှာ “ဤကမ္ဘာကို
တရုတ်တို့ကြီးစိုးသည့်အခါဝယ်” ဘာသာပြန်စာအုပ် အခန်း (၁၀) မှ
ထုတ်နှုတ်တင်ပြ ထားချက်ဖြစ်ပါသည်။
တရုတ်တို့၏ မဟာဗျူဟာမြောက်အစီအစဉ်ကား အာဖရိကသို့
ထိုးဖောက်ရေးပင်ဖြစ်သည်။ တရုတ်တို့အနေဖြင့် အာဖရိကကို မျက်စိကျရခြင်းမှာ မထူးဆန်းလှ။
တရုတ်စီးပွားရေး တိုး တက်လာမှုကို လောင်စာဖြည့်ပေးရန် ကုန်ကြမ်းအမြောက်အမြား လို၏။ ၂ဝဝ၃
ခုနှစ် စာရင်းအရ တရုတ်ပြည်အနေဖြင့် ကမ္ဘာ့ရေနံစိမ်း သုံးစွဲမှု၏ ၇ ရာခိုင်နှုန်း၊ အလူမီနီယံ
သုံး စွဲမှု၏ ၂၅ ရာခိုင်နှုန်း၊ စတီးပစ္စည်းများ၏ ၂၇ ရာခိုင်နှုန်း၊ သံရိုင်း ၃ဝ ရာခိုင်နှုန်း၊
ကျောက်မီး သွေးစုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းနှင့် ဘိလပ်မြေ၏ ၄ဝ ရာခိုင်နှုန်းကို သုံးစွဲခဲ့၏။
အခန်း (၆) တွင် ဆိုခဲ့ပြီးသကဲ့သို့ တရုတ်တို့မှာ ပြည်တွင်း၌ သဘာဝသယံဇာတ ရှားပါးလှသည်ဖြစ်ရာ
အခြားနည်းလမ်းမရှိ။ ပြည်ပသို့ သာ အရှာထွက်ရတော့သည်။ အာဖရိကတိုက်မှာမူကား သဘာဝ သယံဇာတ
ကြွယ်ဝလှ၏။ အရှေ့ အလယ်ပိုင်းဒေသကဲ့သို့ အမေရိကန်တို့၏ မျက်လုံးဒေါက်ထောက် စောင့်ကြည့်ခံနေရခြင်းလည်း
မရှိ။
၂ဝဝ၆ ခုနှစ်သည်ကား တရုတ်-အာဖရိကဆက်ဆံရေး
တံခွန်ထူနိုင်ခဲ့သောနှစ်ပင် ဖြစ်၏။ အာဖရိကမြို့တော်များအနှံ့ သမ္မတ ဟူဂျင်တောင်း လှည့်လည်ခဲ့ပြီး
ထိုနှစ် နိုဝင် ဘာလတွင် အာဖရိက ၄၈ နိုင်ငံမှ နိုင်ငံ့အကြီးအကဲများအား ဘေဂျင်းသို့ ဖိတ်ခေါ်ကာ
အကြီးမားဆုံးသော ထိပ်သီးညီလာခံတစ်ရပ် ကျင်းပနိုင်ခဲ့သည်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင်
က ၂ဝ၁ဝ ပြည့်နှစ်တွင် တရုတ်-အာဖရိက ကုန်သွယ်မှု နှစ်ဆတိုးလာရေး ပြောခဲ့၏။ ဒေါ်လာ ၅ ဘီလီယံ
တရုတ်-အာဖရိက ဖွံ့ဖြိုးရေးရန်ပုံငွေထူထောင်ကာ တရုတ်ကုမ္ပဏီများ အာဖရိကတိုက်တွင် ရင်းနှီးမြှုပ်နှံရေး
အားပေးခဲ့သည်။ အာဖရိကရှိ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ များမှ ပို့ကုန်များအနက် အမျိုးအစားပေါင်း
၄၄ဝ ကို တရုတ်သို့ အခွန်လွတ် တင်သွင်းခွင့်ပြု ခဲ့သည်။
ကြွေးပြန်မဆပ်နိုင်သည့် အဆင်းရဲဆုံး အာဖရိကနိုင်ငံများ၏
တရုတ်ပြည်သို့ပေးရန် သက်တမ်းပြည့်ပြီးဖြစ်သော အကြွေးများကိုလည်း လျှော်ပစ်ခဲ့သည်။ သုံးနှစ်အတွင်း
အာဖရိကနိုင်ငံများမှ အစိုးရအရာရှိပေါင်း ၁၅ဝဝဝ ကျော်ကိုလည်း တရုတ်ပြည်သို့ ခေါ်ယူ သင်တန်းပေးရန်
ကမ်းလှမ်းခဲ့သည့်ပြင် တရုတ်စိုက်ပျိုးရေးကျွမ်းကျင်သူ ၁ဝဝ ကျော်ကို လည်း အာဖရိကနိုင်ငံများသို့
စေလွှတ်ခဲ့သည်။ အာဖရိက ကျေးလက်ဒေသများ၌ ဆေးရုံ ပေါင်း ၃ဝ ကျော်၊ ကျောင်းပေါင်း ၁ဝဝ ကျော်ကိုလည်း
တည်ဆောက်ပေးခဲ့သည်။ တရုတ် တက္ကသိုလ်များတွင် တက်ရောက်နေကြသည့် အာဖရိကကျောင်းသားများအား
တရုတ် အစိုးရက ပညာတော်သင်ကြေးပေးသည့် ဦးရေကို တစ်နှစ်လျှင် အယောက် ၂ဝဝဝ မှ ၂ဝဝ၉ ခုနှစ်တွင်
၎ဝဝဝ သို့ တိုးမြှင့်သွားရန် သဘောတူခဲ့သည်။ လက်မှတ်ထိုးခဲ့သော စီး ပွားရေးစာချုပ်များမှာလည်း
မနည်းလှ။ အီဂျစ်တွင် အလျူမီနီယံစက်ရုံတည်ရေး၊ ဇမ်ဘီ ယာတွင် ကြေးနီစီမံကိန်း၊ တောင်အာဖရိကတွင်
သတ္တုတူးဖော်ရေး စသည့် စီမံကိန်းကြီး များ ပါဝင်၏။
အာဖရိကမှ တရုတ်သို့ တင်ပို့ကုန်များ၏ ရာခိုင်နှုန်းထက်ဝက်ကျော်မှာ
ရေနံဖြစ်၏။ ယခုအခါ အင်ဂိုလာနိုင်ငံသည် ဆော်ဒီအာရေဗျကိုကျော်ကာ တရုတ်သို့ ရေနံအများဆုံး
တင်ပို့သူ ဖြစ်လာ၏။ တရုတ်ပြည် ရေနံတင်သွင်းမှု စုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းကို အာဖရိ
ကမှ ရယူသည်။ သစ်တင်သွင်းမှု စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းမှာ အာဖရိကမှ ဖြစ်၏။ ၂ဝဝ၆ ခုနှစ်စာရင်းများအရ
အမေရိကန်-အာဖရိက ကုန်သွယ်မှုမှာ ဒေါ်လာ ၇၁ ဒသမ ၁ ဘီလီယံ ရှိပြီး တရုတ်-အာဖရိက ကုန်သွယ်မှုမှာ
ဒေါ်လာ ၅ဝ ဒသမ ၅ ဘီလီယံ အသီးသီးရှိ၏။ အနှေးနှင့် အမြန်ဆိုသလို တရုတ်ပြည်သည် အာဖရိက၏
အကြီးဆုံးကုန်သွယ်ဘက် ဖြစ် လာပေတော့မည်။
ယနေ့အခါ တရုတ်တို့ကို အာဖရိက၏နေရာတိုင်းလိုလို၌
တွေ့နိုင်သည်။ ဇမ်ဘီယာမှ တရုတ်စားသောက်ဆိုင်များ၊ ဗဟိုအာဖရိကမှ တရုတ်သစ်ထုတ်လုပ်သားများ၊
ဇင်ဘာဘွေ မှ တရုတ်ခရီးသွားများ၊ တောင်အာဖရိကမှ တရုတ်သတင်းစာများ၊ ဆူဒန်မှ တရုတ် ဘူမိ
အင်ဂျင်နီယာများ၊ အာဖရိကတီဗွီအစီအစဉ်ထဲမှ တရုတ်လိုင်းများ စသည်တို့က တရုတ်တို့ ပျံ့နှံ့လာခြင်းကို
သက်သေထူနေကြ၏။ အာဖရိကတွင် အကြီးစားနှင့် အလတ်စား တရုတ် ကုမ္ပဏီ ၉ဝဝ ကျော် ဝင်ရောက် လုပ်ကိုင်နေကြ၏။
ဈေးဆိုင်ရောင်းချခြင်း စသဖြင့် လုပ် ကိုင်ကြသည့် လုပ်ငန်းရှင် အသေးစားကလေးများမှာလည်း
မနည်းလှချေ။ တရုတ်လက်လီ ဆိုင်များ မှိုလိုပေါက်လာပုံမှာ ဒေသခံများပင် စိုးရိမ်မကင်း
ရှိလာရသည်အထိ ဖြစ်ခဲ့၏။ နမီးဘီးယားနိုင်ငံတွင် ပထမဆုံး တရုတ်ဆိုင်ကို ၁၉၉၉ ခုနှစ်တွင်
ဖွင့်လှစ်ခဲ့၏။၂ဝဝ၄ ခုနှစ် တွင် ၂၂ ဆိုင်ဖြစ်လာပြီး ၂ဝဝ၆ ခုနှစ်တွင်မူ ၇၅ ဆိုင်ထက်မနည်း
ရှိလာခဲ့သည်။ ဆီနီဂေါ နိုင်ငံ မြို့တော်ဒါကာတွင် အထင်ကရ လမ်းမကြီးတစ်လျှောက် တရုတ်ဆိုင်တန်းများ
ရောင်းချနေကြသည်မှာ အရှည်မိုင်ဝက်ခန့်ပင် ရှိပေမည်။ အာဖရိကသို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်များတွင်
တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင်သူများ၊ ဆောက်လုပ် ရေး အလုပ်သမားများ အပြည့်အကျပ်
သွားလာနေကြ၏။ ယနေ့ အာဖရိကတွင် အနောက် တိုင်းသားလူဦးရေ တစ်သိန်းပတ်ဝန်းကျင် နေထိုင်ကြသော်လည်း
တရုတ်လူဦးရေမှာ လေးသိန်းကျော်နေပြီ။ အချို့မှာ အမြဲတမ်း အခြေချရန် စိတ်ကူးကြသူများဖြစ်၏။
ယနေ့ခေတ် တရုတ်ရွှေ့ပြောင်းသူများမှာ ယခင်
၁၉ ရာစု၊ ၁၉၅ဝ-၆ဝ ပြည့်နှစ်များမှ ရေကြည်ရာ မျက်နုရာ ရှာဖွေသူများနှင့် မတူကြ။ ယနေ့ခေတ်
ရွှေ့ပြောင်းသူများမှာ တရုတ်ပြည်အနှံ့အပြားမှ ဖြစ်ကြ ကာ ၎င်းတို့အား တရုတ်အစိုးရက အားပေးအားမြှောက်
ပြုထားခြင်းပင် ဖြစ်သည်။ တိုးရစ်အဖြစ် ခရီးသွားကြသူ တရုတ်အရေအတွက်မှာလည်း မနည်းချေ။
အထူးသဖြင့် ကင်ညာ၊ ဂမ်ဘီယာ စသည့်နိုင်ငံများသို့ သွားကြခြင်းဖြစ်သည်။ မကြာမီတွင် အာဖရိကသို့
လာရောက်သည့် တရုတ်ခရီးသွား အရေအတွက်မှာ နှစ်စဉ်သန်း ၁ဝဝ ကျော်မည်ဟု ခန့်မှန်းထားကြသည်။
တရုတ်တို့ ပျံ့နှံ့လာမှုကို မြင်ရ သည့် အခြားနယ် ပယ်တစ်ခုမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး
ထိန်းသိမ်းမှုတပ်များပင် ဖြစ်၏။ ၂ဝဝ၂ ခုနှစ်တွင် အာဖရိကရောက် ကုလငြိမ်းချမ်းရေးတပ်များ၌
တရုတ်တပ်သားဦးရေ ၁၁ဝ သာ ရှိရာမှ ၂ဝဝ၆ ခုနှစ်တွင် ၁၂၇၁ ဦးအထိ တိုးလာခဲ့သည်။ ယနေ့အထိ
တရုတ်တပ်သား ၃ဝဝဝ ကျော် ကုလငြိမ်းချမ်းရေးမစ်ရှင်အနေဖြင့် အာဖရိကသို့ သွားရောက် တာဝန်ထမ်းခဲ့ပြီး
ဖြစ် သည်။
တရုတ်တို့ကြောင့် အာဖရိကတိုက်အပေါ် သက်ရောက်မှုသည်
အများအားဖြင့် အပြု သဘောဆောင်သည်ဟုကား ဆိုနိုင်ပါ၏။ အာဖရိက၏ ပျမ်းမျှ စီးပွားရေးတိုးတက်မှုနှုန်းမှာ
၂ဝဝ၁ ခုနှစ်တွင် ၄ ဒသမ ၄ ရာခိုင်နှုန်း၊ ၂ဝဝ၅-ဝ၆ ခုနှစ်တွင် ၅-၆ ရာခိုင်နှုန်း၊ ၂ဝဝ၇
ခုနှစ် တွင် ၇ ရာခိုင်နှုန်း စသဖြင့် မြင့်တက်လာခဲ့သည်။ အကြောင်းရင်းများအနက် တရုတ်တို့မှ
အာဖရိကထွက် အခြေခံ ကုန်ပစ္စည်းများကို တစ်နှစ်ထက်တစ်နှစ် တိုးတက်ဝယ်ယူလာခြင်းလည်း ပါဝင်သည်။
ထို့ပြင် တရုတ်ပြည်မှ တင်သွင်းလာသော ဈေးနှုန်းသက်သာသည့် လူ သုံးကုန်ပစ္စည်းများက ဒေသခံများကို
အကျိုးဖြစ်စေခဲ့၏။ သို့ရာတွင် တောင်အာဖရိက၊ ကင်ညာ၊ မောရစ်သျှ စသည့်နိုင်ငံများမှ ထုတ်ကုန်များ မှာမူ
တရုတ်ပစ္စည်းများနှင့် ရင်ဆိုင် ယှဉ်ပြိုင်ရကာ အရှုံးပေါ်ခဲ့ကြသည်။ တရုတ်ချည်ထည်များက
အာဖရိက ချည်ထည်လုပ်ငန်းကို ဝင်ရောက်ထိုးဖောက်ခဲ့သည်။ စာရင်းချုပ်ရလျှင်မူ အာဖရိကနိုင်ငံများ အဖို့
အရှုံးထက် အမြတ်က ပိုများပါသည်။
အခြား အသိအမှတ်ပြုဖွယ်အချက်တစ်ခုမှာ အာဖရိကနိုင်ငံများအနေဖြင့်
အနောက် နိုင်ငံများ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ စသည်တို့အား လုံးလုံးလျားလျား
မှီခိုနေရခြင်းမှ ကင်းလွတ်ကာ ရွေးချယ်ခွင့် ရှိလာခြင်းပင်ဖြစ်၏။ ထင်ရှားသည့် ဖြစ်ရပ်
တစ်ခုမှာ ၂ဝဝ၇ ခုနှစ်က အင်ဂိုလာနိုင်ငံအနေဖြင့် ချေးငွေအတွက် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့နှင့်
ညှိနှိုင်းနေမှုကို ရုပ်သိမ်းကာ တရုတ်တို့နှင့် စာချုပ်ချုပ်ခဲ့ခြင်းပင် ဖြစ်သည်။ တရုတ်တို့က
ပိုမိုသက်ညှာသည့် စည်းမျဉ်း များဖြင့် ငွေချေးခဲ့သည်ဟူ၏။ တတိယအချက် မှာ တရုတ်အကူအညီများသည်
လမ်း၊ တံတား စသည့် အခြေခံတည်ဆောက်ရေးလုပ်ငန်း များ၊ ရုံးအဆောက်အအုံများ၊ နည်းပညာ စသဖြင့်
အစုအဝေးနှင့် ပေးအပ်ခြင်း ဖြစ်သည် ဟူ၏။ အနောက်တိုင်း ရင်းနှီးမြှုပ်နှံမှုများမှာမူ
ရေနံနှင့် အခြား အခြေခံ ထွက်ကုန်များကိုသာ အာရုံစိုက်သည်ဟု ဆိုကြသည်။
နောက်ဆုံးအချက်မှာမူ အကူအညီနောက်ကွယ်တွင်
နိုင်ငံရေးအရ နှောင်ကြိုးတည်း ပါဝင်မှု နည်းပါးခြင်းပင် ဖြစ်၏။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ
ငွေကြေးရန်ပုံငွေအဖွဲ့ စသည်တို့ အနေဖြင့် နိုင်ငံခြား ကုန်သွယ်မှု လွတ်လပ်ခွင့်ပေးရေး၊
အစိုးရစွက်ဖက်မှု လျှော့ချရေး၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး စသဖြင့် သဘောတရားရေးရာ ပြဋ္ဌာန်းချက်များ
ရှိသော်လည်း တရုတ်တို့၏အကူအညီမှာ ယင်းချုပ်နှောင်မှုများ နည်းပါးသည်။ အထူးသဖြင့် အနောက်
နိုင်ငံများမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး စသဖြင့် ကန့်သတ်မှုများရှိချိန်တွင် တရုတ်တို့မှာ
ယင်းသို့ တောင်းဆိုခြင်း မရှိ။ ထိုအချက်က တရုတ်တို့၏ သူတစ်ပါးအချုပ်အခြာကို လေး စားသည့်အချက်ကို
အတည်ပြုလေသည်။ ၂ဝဝ၆ ခုနှစ်၊ ဧပြီလက တရုတ်သမ္မတ ဟူဂျင် တောင်းမှ နိုက်ဂျီးရီးယားလွှတ်တော်သို့
မိန့်ခွန်းပြောကြားရာတွင် “တရုတ်ပြည် အနေဖြင့် ၎င်းတို့၏အချုပ်အခြာကို ကာကွယ်လိုသည့် အာဖရိကနိုင်ငံများ၏ဆန္ဒကို
ခိုင်ခိုင်မာမာ ထောက်ခံပါသည်။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင်လည်း နိုင်ငံအသီးသီး၏
အခြေ အနေအရ ၎င်းတို့ရွေးချယ်လိုသော လမ်းကြောင်းအတိုင်း လျှောက်ကြရန်ဖြစ်ပါသည်” ဟု ဆိုခဲ့လေ သည်။
ကမ္ဘာအရပ်ရပ်မှ ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင်
အာဖရိကနိုင်ငံများအား ဆက်ဆံရာ ဝယ် တရုတ်နှင့် အနောက်နိုင်ငံများအကြား ချဉ်းကပ်ပုံ မတူကြချေ။
တရုတ်တို့၏ ဖွံ့ဖြိုးရေး ပုံစံမှာ အစိုးရက ဦးဆောင်သည့် စီမံကိန်းကြီးများချမှတ်ကာ
အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ပါဝင်သည်။ အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက
ပေးအပ်သည့် အကူအညီ၌ နှောင်ကြိုးရစ်ပတ်ထားမှု နည်းသည်။ ထို့ပြင် တရုတ်ပြည်စီးပွားရေး
တစ်ဟုန် ထိုး တက်လာမှုနှင့် ဆင်းရဲမှုလျှော့ချလာနိုင်ခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်
စိတ်ဝင် တစား လေ့လာစရာ ဖြစ်လာသည်။ အခြား အရေးကြီးသော လက္ခဏာတစ်ရပ်မှာ တရုတ် ပုံစံ၌ အစိုးရကို
အင်အားတောင့်တင်းစွာ တည်ဆောက်ခြင်းနှင့် ဒီမိုကရေစီ စသည်တို့တွင် နှာစေးသည့်သဘောရှိရာ
အာဏာရှင်များထွန်းကားသည့် အာဖရိကနိုင်ငံ များအကြား ဆွဲ ဆောင်မှုတစ်ရပ်လည်း ဖြစ်လာသည်။
တရုတ်ပညာရှင် ကျန်ဝေဝေကမူ တရုတ်ပုံစံ၌ အသွင်အပြင်အမျိုးမျိုး ပေါင်းစပ်ပါဝင်သည်ဟု ဆိုသည်။
Washington Consensus ဟုခေါ်ဝေါ်သည့် အနောက်နိုင်ငံများ၏ စီးပွားရေးရှော့ရိုက်သည့်ကုထုံးနှင့်
ဆန့်ကျင်သည်။ အသင့်ရှိပြီးဖြစ်သော အဖွဲ့အစည်းများကိုအခြေခံကာ အဆင့်ဆင့် ပြောင်းလဲခြင်းကို
အား ပေးသည်။ စီးပွားရေးအသွင်ပြောင်း မှုကို ပထမ၊ နိုင်ငံရေးပြောင်းလဲမှုကို နောက်မှထား
သည့်ပုံစံ ဖြစ်သည်။ ယင်းကို Beijing Consensus ဟုလည်း ခေါ်ဝေါ်ကြသည်။ တရုတ်ပုံစံ၏ အကောင်းဆုံး
မဟုတ်သော်လည်း လက်တွေ့ဆန်သည့် အချက်ကို အာရှကျားများ၏ အတွေ့အကြုံက ညွှန်ပြနေလေသည်။
တရုတ်-အာဖရိက ဆက်ဆံရေးနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်
ရေရှည်အကျိုးရှိမည်၊ မရှိမည်ကို အဆုံးအဖြတ်ပေးရန်မှာ စောပါသေးသည်။ လက်ရှိအခြေအနေတွင်
တရုတ်နှင့် အာဖရိကမှာ စီးပွားရေး အဆင့်အတန်းအရ၊ လူဦးရေအရ ကွာခြားလှသည်ဖြစ်ရာ တရုတ်
ပုံစံ၊ အနောက်တိုင်းပုံစံ စသဖြင့် မည်သို့ပင်ခြားနားပါစေ အနောက်နိုင်ငံများနှင့် အာဖရိက
ဆက်ဆံရေးတွင် ပေါ်ပေါက်ခဲ့သည့် စိန်ခေါ်မှုများကို တရုတ်-အာဖရိက ဆက်ဆံရေးတွင် ပြန်လည်
ရင်ဆိုင်ရဖွယ်ရာ ရှိပါသည်။ အာဖရိက နိုင်ငံများအတွက် အန္တရာယ်ရှိလာနိုင် သည်မှာ (စက်မှုလုပ်ငန်းများ
ထွန်းကားမလာဘဲ) ကုန်ကြမ်း တင်ပို့သူသက်သက်အဖြစ်သာ စာရင်းချုပ်ရမည့်အရေး ဖြစ်၏။ တရားမျှတမှု
မရှိသည့် ကုန်သွယ်ရေး စာချုပ်များ၊ တရုတ် ပစ္စည်းများ၏ ယှဉ်ပြိုင်နိုင်မှု စသည်တို့ပေါ်တွင်
ပြည်တွင်းမှ ခြစားမှုများ၊ စက်မှု လုပ်ငန်းများ ထူထောင်ရေးအတွက် ပြင်းပြသည့်အာသီသနည်းပါးမှု
စသည်တို့ ထပ်ဆောင်းလာနိုင် သည်။ ၂ဝဝ၅ ခုနှစ်တွင် ဘေဂျင်းမြို့တော်၌ ကျင်းပသည့် ကွန်ဖရင့်တစ်ခုတွင်
တောင် အာဖရိက ပညာရှင်တစ်ဦးဖြစ်သူ မိုလက်ဆီ ဘီကီ (Moeletsi Mbeki) က ဤသို့ ပြောကြား
ခဲ့သည်။
“အာဖရိကက တရုတ်ကို ကုန်ကြမ်းတွေရောင်းပြီး တရုတ်က အာဖရိကကို ကုန်ချော ပစ္စည်းတွေ
ပြန်ရောင်းတယ်။ ဒါဟာ အင်မတန်အန္တရာယ်ကြီးတဲ့ ညီမျှခြင်း ပါ။ ကိုလိုနီခေတ် ကိုပြန်ရောက်သွားတဲ့အတိုင်းပါပဲ။
လက်ရှိညီမျှခြင်းအတိုင်း ရေရှည် မှာ မဖြစ်နိုင်ပါဘူး။ အာဖရိက အနေနဲ့ သဘာဝ သယံဇာတတွေ
မကုန်အောင် ထိန်း သိမ်းဖို့ လိုတဲ့အပြင် အနာဂတ်မှာ စက်မှုလုပ်ငန်းတွေ ကိုယ်တိုင်ကိုယ်ကျ
ထူထောင် တဲ့အခါမှာ သုံးဖို့လည်း ချန်ထားရပါဦး မယ်။ နောက်တစ်ချက်က တရုတ်ပြည်ရဲ့ ပို့ကုန်အသားပေး
ဗျူဟာကြောင့် အခြေအနေ အသင့်အတင့်ရှိတဲ့ အာဖရိကနိုင်ငံ အချို့က စက်မှုလုပ်ငန်းကလေးတွေ
နိဂုံးချုပ်ကုန်တဲ့ ဖြစ်ရပ် ပါ။ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား အတွက်ဆိုရင် ဒီလမ်းစဉ်ကို
ပြင်ဖို့လိုပါတယ်”
အထက်၌တင်ပြခဲ့သည့် မညီမျှမှုကို အကောင်းဆုံးထင်ဟပ်သည့်
တိုင်းပြည်မှာ ဇင်ဘာဘွေပင် ဖြစ်မည်ထင်သည်။ ထိုနိုင်ငံ၏ စီးပွားရေး၌ တရုတ်တို့ကို ထင်ထင်ရှားရှား
မြင်ရသည်။ မီးရထားပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး၊ ဇင်ဘာဘွေ လေ ကြောင်း၊
အမျိုးသားအသံလွှင့် လုပ်ငန်း စသည်တို့တွင် တရုတ်တို့သည် လုပ်ငန်းတစ်ခုလုံး အား ထိန်းချုပ်နိုင်သည့်
အစုရှယ်ယာ ပမာဏကို ပိုင်ဆိုင်ကြ၏။ အခြားတစ်ဖက်၌မူ အာဖရိ က နိုင်ငံများနှင့် ဆက်ဆံရေးအတွက်
တရုတ်တို့ ဘက်မှ စနစ်ကျနစွာ ပြင်ဆင်ထားသော် လည်း အာဖရိကနိုင်ငံများမှာမူ တစ်ယောက်တစ်ပေါက်
ရှိသည့်ပြင် တရုတ်ပြည်အကြောင်း ကိုလည်း ကောင်းစွာ နားလည်ထားခြင်း မရှိကြချေ။ အန္တရာယ်ရှိ သည့်
အလားအလာမှာ တရုတ်ပြည်သို့ သယံဇာတရောင်းချရေးကို သာသာထိုးထိုးဖြင့် စာချုပ်ချုပ်ခဲ့ကြ သည့်
နိုင်ငံများအနေဖြင့် ကာလတိုအတွင်း ရရှိလာသည့်ဝင်ငွေကို လူတစ်စုအကျိုးအတွက်သာ အသုံးပြုလိုက်မည့်
အရေးပင် ဖြစ်လေသည်။
တရုတ်တို့ရောက်လာခြင်းအား အာဖရိကတိုက် အနှံ့အပြားတွင်
စိတ်အားထက်သန်စွာ ကြိုဆိုကြသည်မှာ မှန်သော်လည်း စိုးရိမ်မကင်းဖြစ်သူများလည်း ရှိ၏။
၂ဝဝ၆ ခုနှစ် တွင် ဇမ်ဘီယာနိုင်ငံ ၌ ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ၌ အတိုက်အခံ သမ္မတလောင်း
မှာ တရုတ်ဆန့်ကျင်ရေးကို ပြင်းပြင်းထန်ထန်ကိုင်စွဲကာ ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ၎င်း၏ ကြွေးကြော်သံ မှာ
“ဇမ်ဘီယာဟာ တရုတ်ရဲ့ပြည်နယ်တစ်ခုလို၊ ခရိုင်တစ်ခုလို ဖြစ်လာ နေပြီ” ဟူသတတ်။ ၎င်းသည် အဆိုပါ ရွေးကောက်ပွဲ၌
စုစုပေါင်း မဲအရေအတွက်၏ ၂၉ ရာ ခိုင်နှုန်း ရရှိခဲ့လေသည်။ အာဖရိကရောက် တရုတ်ကုမ္ပဏီများအပေါ်
စောဒကတက်ခဲ့ကြ သည်များအနက် အဓိကတစ်ချက်မှာ ဝန်ထမ်းများ ခန့်ထားရာတွင် တရုတ်လူမျိုးများကိုသာ
ခန့်ထားခြင်းဖြစ်သည်ဆို၏။ အချို့ကုမ္ပဏီများတွင် တရုတ်လူမျိုး ဝန်ထမ်းဦးရေမှာ ၇ဝ ရာ
ခိုင်နှုန်းအထိပင် ရှိသည်ဟူလို။ အခြားကန့်ကွက်ချက်တစ်ခုမှာ တရုတ်လူမျိုး မန်နေဂျာများက ဒေသခံများအပေါ် အကောင်းမမြင်သည့်လက္ခဏာများ ပြသခြင်းဟု ဆိုကြသည်။ အထက်ပါ အချက်နှစ်ရပ်လုံး၏
အကြောင်းရင်းမှာ အခန်း (၈) ၌ တင်ပြခဲ့ပြီးသည့်အတိုင်း အသားအရောင် မည်းနက်သူများအပေါ်
တရုတ်တို့၏ သဘောထားနှင့် သက်ဆိုင်မည်ဖြစ် သည်။
သို့ရာတွင် အာဖရိကရောက် တရုတ်တို့၏လုပ်ရပ်သည်
အာဖရိက၏ အကျင့်ပျက် အစိုးရများအား ထောက်ပံ့သည့်ရာဇဝင် ရှိခဲ့သော အာဖရိကတိုက်ကို ကျွန်ပြုခဲ့ဖူးသည့်
အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမကောင်းလျှင်သာ ရှိရမည်၊ ပိုမို ဆိုးဝါးသည်ဟုကား
မဆိုနိုင်ပါချေ။ သီးခြားကိစ္စတစ်ခုမှာ အာဖရိကရောက် တရုတ်တို့သည်လည်း အကြမ်းဖက် တိုက်ခိုက်မှုများ၏
ပစ်မှတ်ဖြစ်လာခြင်း ဖြစ်၏။ နိုက်ဂျာမြစ်ဝကျွန်းပေါ်ဒေသ၊ အီသီယိုပီး ယား စသည့် အရပ်များတွင်
ဖြစ်၏။ ဒေသတွင်းသို့ တရုတ်တို့ အရောက်အပေါက် များလာကာ သြဇာကျယ်ပြန့်လာ သည်နှင့်အမျှ
အဆိုပါကိစ္စများကိုလည်း မလွှဲမရှောင်သာ ရင်ဆိုင်ရ တော့မည်ဖြစ်သည်။ တရုတ်တို့ အနေဖြင့်
အာဖရိက၌သာမက ကမ္ဘာ့အခြားနေရာများတွင်ပါ ဂလိုဘယ်ပါဝါတစ်ခု၏အဖြစ်နှင့် တာဝန် ကို မလွှဲမရှောင်သာ
ယူလာရမည်ဖြစ်ပါတော့ သည်။
တရုတ်တို့အနေဖြင့် အာဖရိကအပေါ် လျင်မြန်စွာ
သြဇာဖြန့်ကြက်လာနိုင်ခြင်းကို ထောက်ပါက မကြာမီ ထိုဒေသတွင်း အင်အားကြီးအဖြစ် ရပ်တည်လာနိုင်မည့်အခြေ
ရှိ လေသည်။ ယင်းအဖြစ်က အာဖရိကတိုက်တွင် သမိုင်းကြောင်း မကောင်းခဲ့သူ အနောက် နိုင်ငံများအား
ခံစစ်အသွင်သို့ ရောက် သွားစေသည်။ လက်ရှိအနေအထားတွင် အာဖရိကသို့ တရုတ်တို့ဝင်ရောက်ခြင်းနှင့်
ပတ်သက်၍ ၎င်းနှင့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများအကြား မည်သည့်တင်းမာမှုမျိုးမျှ
မပေါ်ပေါက်သေးသော်လည်း အခြေ အနေအရ ပြောင်းလဲနိုင်သည်။ မကြာသေးမီက အမေရိကန် ပြည်ထောင်စုက
အာဖရိက စစ်ဌာနချုပ်ကို ဖွဲ့စည်းထူထောင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ၎င်းအနေဖြင့် တရုတ်တို့
သြဇာပျံ့နှံ့လာခြင်းကို စိုးရိမ်ကြောင်း သိနိုင်သည်။ တရုတ်တို့အနေဖြင့်မူ တစ်ဖက်တွင်
အာဖရိကနိုင်ငံများအား အနောက်နိုင်ငံများထက် ပိုမိုဆွဲဆောင်မှုရှိသည့် စီးပွားရေး စာချုပ်
များဖြင့် သိမ်းသွင်းလာနိုင်သည့်နည်းတူ အခြားတစ်ဖက်တွင် အနောက်နိုင်ငံများကဲ့သို့ အတိတ်၏
နာမည်ဆိုး မရှိခဲ့ခြင်းက ၎င်းအား တစ်ပန်းသာစေသည်။ ဤနေရာ၌ တရုတ်တို့ ဘက်မှ ရေကြောင်းဗိုလ်ချုပ်ကြီး
ချန်ဟဲ၏ ၁၅ ရာစု အရှေ့အာဖရိက ခရီးစဉ်ကို အထူး အလေးပေး ပြောဆိုတတ်ကြသည်။ တရုတ်တို့အနေဖြင့်
အာဖရိကအပေါ် ဥရောပနိုင်ငံများ ကဲ့သို့ ကိုလိုနီပြုခြင်း၊ ငွေဝယ်ကျွန်များအဖြစ် ခေါ်ယူသွားခြင်း
မပြုခဲ့။ ထို့ပြင် မော်စီတုန်း ခေါင်းဆောင်စဉ်နှစ် များက တရုတ်ပြည်မှာ (ကိုလိုနီလက်အောက်ခံ)
အာဖရိကနိုင်ငံများ၏ လွတ်လပ်ရေး လှုပ်ရှားမှုများကို လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့သူဖြစ်သည်။
သို့ဖြစ်ရာ ကိုလိုနီအဖြစ်ကို ကိုယ်တိုင်ကြုံဖူးသူ၊ ကိုလိုနီ ဘဝမှ ရုန်းကန်လွတ်မြောက်လာသူ၊
ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်သူ တရုတ်ပြည်အနေဖြင့် အာဖရိကနိုင်ငံများနှင့် ပခုံးချင်းဖက်
ပေါင်းသင်းနိုင် သည်မှာ အံ့သြဖွယ်ရာ မဟုတ်ချေ။ ၂ဝဝ၇ ခုနှစ်တွင် အာဖရိကနိုင်ငံ ၁ဝ ခု၌
ကောက်ယူ ခဲ့သည့် Pew Global Attitude Survey စစ်တမ်းအရ အာဖရိကတိုက်သားတို့အနေဖြင့်
တရုတ်ပြည်အပေါ် အမေရိကန်ပြည်ထောင်စုထက် အဆများစွာ အကောင်းမြင်ကြခြင်း သည် ယင်းအချက်ကို
ထောက်ခံသည့် ဥပမာတစ်ရပ်ပင် မဟုတ်ပါလော။
No comments:
Post a Comment