တစ်ခါက
အမေရိကန်မိတ်ဆွေတစ်ဦးအား အမေရိကမှ လူနေရပ်ကွက်များအကြောင်း စာရေးသူ မေးကြည့်ဖူး၏။
“ခင်ဗျားတို့ဆီမှာ
ရပ်ကွက်ထဲက အိမ်ကလေးတွေ အစီအရီဆောက်ထားတာ ကြည့်လို့တော့ကောင်းပါရဲ့။ ဒါပေမဲ့ တံခါးမရှိ၊ ဓားမရှိ ဆိုတဲ့ပုံစံမျိုးပဲ။ ခြံစည်းရိုးဆိုတာလည်း မည်ကာမတ္တ နိမ့်နိမ့်ကလေးတွေ။
အိမ်တံခါးတွေကလည်း ဖွင့်လိုဖွင့်၊ ပိတ်လိုပိတ်။ သာမန်လူတွေနေတဲ့ရပ်ကွက်ကို
ပြောတာပါ။ သန်းကြွယ်သူဌေးကြီးများရဲ့ စံအိမ်တွေကို မဆိုလိုပါဘူး။ ခင်ဗျားတို့ဆီမှာ
လက်နက်တွေ ဒီလောက်ပေါနေတာ၊ မတော် လူရမ်းကားတွေ၊ ဓားပြတွေ အိမ်ထဲဝင်လာဖို့ တဆိတ်
မလွယ်လွန်းဘူးလား။”
မိတ်ဆွေက
ရယ်ကျဲကျဲနှင့် ပြန်ပြောသည်။
“ငါတို့က
ပုလိပ်တွေကို အားကိုးတယ်။ ယုံတယ်လေ။”
“ဟာ …
မနောက်ပါနဲ့။ အကောင်းမေးတာပါ။”
ထိုအခါမှ
မိတ်ဆွေက ဖြည်းဖြည်းပြောပါသည်။
“ငါ့အနေနဲ့ကတော့
ကိုယ့်အိမ်ထဲမှာ ကိုယ်နေတာ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူးလို့ ခံယူတယ်။
တစ်ယောက်ယောက်က မဖိတ်ခေါ်ပဲ ၀င်လာရင် သူဟာ ကျူးကျော်သူပဲ။ ပိုင်ရှင်က
ကျူးကျော်သူကို ကြောက်ရမယ် ဆိုတာမျိုး ငါမတွေးမိဘူး။”
“ဟုတ်ပါတယ်။
ဒါပေမဲ့ သူက လက်နက်တွေ ဘာတွေနဲ့။ ရိုက်နှက်သွားမှာ၊ မတော်တဆ အသက်အန္တရာယ်တွေဘာတွေ
မဖြစ်နိုင်ဘူးလား။”
“ဖြစ်နိုင်တာပေါ့။
ဒါပေမဲ့ ကိုယ့်မှာလည်း လက်နက်ဆောင်ထားနိုင်တာပဲ။ ပြန်ချပေါ့။ ခံရလည်း ဘာဖြစ်လည်း။
အသက်နဲ့ကိုယ် အိုးစားမကွဲသရွေ့ကတော့ ပြန်စနိုင်တာပဲ။ ဒါနဲ့ ..
ငါတစ်ခုပြန်မေးပါရစေ။ မင်းပြောသလို ခြံစည်းရိုးတွေခတ်၊ တံခါးတွေပိတ်ထားပေမဲ့ ကြောက်စိတ်ဝင်နေလို့ကတော့
လုံခြုံတယ်လို့ ခံစားရပါ့မလား။ နောက်တစ်ခုက တို့ဆီကလူတွေအဖို့ အလုပ်ထဲမှာ
ရာထူးတက်ရေး၊ သားသမီးပညာရေး စတာတွေက အရေးကြီးနေတော့ အိမ်ထဲ ဘယ်သူဝင်လာမလဲ
တွေးဖို့အချိန်မရဘူး။ ယုတ်စွအဆုံး ငါကတော့ မင်းမေးသလို မတွေးမိဘူး။ အကြမ်းဖက်မှု၊ ဓားပြမှုတွေ မရှိတာမဟုတ်ဘူး။ ဒါပေမဲ့ အိမ်ထဲမှာထက် လမ်းပေါ်မှာ၊ ဈေးဆိုင်တွေမှာ
အဖြစ်များတယ်။” ဟု ရှည်ရှည်လျားလျား ရှင်းပြပါသည်။
နှစ်ပေါင်းများစွာ
ကြာခဲ့ပါပြီ။ ထိုမိတ်ဆွေနှင့်လည်း အဆက်အသွယ်ပြတ်ကာ ဘယ်ဆီဘယ်ဝယ်ရောက်သည် မသိရပါ။ ထိုစဉ်က
စာရေးသူစိတ်ထဲ စွဲသွားသည်မှာ “ကိုယ့်အိမ်ထဲ ကိုယ်နေတာ ဘယ်သူ့ကိုမှ
ကြောက်စရာမလိုဘူး။” ဆိုသည့် စကားပင်ဖြစ်၏။ “အမေရိကန်တွေ ဒီလောက် ကိုယ့်ကိုယ်ကို
ယုံကြည်မှုရှိလို့ ကမ္ဘာမှာ လူတွင်ကျယ်လုပ်နိုင်တာပဲ” ဟူ၍လည်း တွေးခဲ့မိ၏။ သို့သော်
အမေရိကန်များသာ ထိုထိုသဘောရှိကြသည် မဟုတ်ကြောင်း မကြာမီ သိလာရလေသည်။
ထိုစဉ်က
စာရေးသူမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေစဉ် မိတ်ဆွေတစ်ဦး၏
ကူညီစောင်မမှုဖြင့် သတင်းစာတိုက်တစ်ခု၌ အလုပ်ဝင်နေချိန်ဖြစ်သည်။ လုပ်ငန်းသဘာဝအရ
ညဂျူတီကျလျှင် နံနက် နှစ်နာရီ၊ သုံးနာရီခန့်မှ အိမ်ပြန်ရလေ့ရှိ၏။ စာရေးသူ၏
အလုပ်မှာ သတင်းစာမျက်နှာများ ပြင်ဆင်ပြီးချိန်တွင် အင်တာနက်ပေါ်သို့ရောက်အောင်
တင်ပေးရခြင်းဖြစ်၏။ ထိုစဉ်က ဆက်သွယ်ရေးနည်းပညာများ
လွန်စွာမကျယ်ပြန့်သေးသည့်အချိန်ဖြစ်ရာ အင်တာနက်ဆိုသည်မှာ ရုံး၍သာရှိသော အရာဖြစ်ပြီး
သတင်းစာအဖြစ် ပုံနှိပ်ရန် အဆင်သင့်ပြင်ပြီးသည်များကို ယခုခေတ်မှာကဲ့သို့
အီးမေးဖြင့် ပို့ပေးခြင်း စသည်များမရှိသေး။ ကွန်ပျူတာဖိုင်များကို Optical Disk
ခေါ် လေဆာချပ်ထဲ၍သိမ်းဆည်းကာ ၀န်ထမ်းတစ်ယောက်က ဆိုင်ကယ်ဖြင့်
မြို့ပြင်ပုံနှိပ်စက်သို့ ပို့ဆောင်ပုံနှိပ်စေရသည့် ပုံစံဖြစ်သည်။
အလုပ်ဝင်ခါစက
စာရေးသူနေထိုင်ရန် ပေးထားသည့် ရုံးအနီးမှ တိုက်ခန်းမှာ စာချုပ်သက်တမ်းစေ့ပြီဖြစ်ရာ
တစ်မိုင်ခန့်ဝေးသော အခြားတိုက်ခန်းတစ်ခုသို့ ပြောင်းရွှေ့ရလေသည်။ ပထမတစ်ရက်၌ ညဂျူတီအပြီး
တက္ကစီဖြင့် အိမ်ပြန်ဖြစ်သော်လည်း နောက်ရက်များတွင်မူ လမ်းလျှောက်ဖြစ်သည်။
လမ်းတစ်လျှောက် လူပြတ်သည်ဟူ၍ မရှိသော်လည်း လူပါးလှသည်။ အံသြဖွယ်ရာ ကြုံရသည်မှာ
အလုပ်ခွင်မှ ပြန်လာသည်ဟု ယူဆရသော လုံမငယ် တစ်ယောက်စ နှစ်ယောက်စကိုလည်း ရံဖန်ရံခါ
တွေ့ရခြင်းပင်။ အနီးပတ်ဝန်းကျင် ဘတ်စကားမှတ်တိုင်မှ ဆင်းကာ
လမ်းလျှောက်လာခြင်းဖြစ်မည်။ (စကားချပ်။ ဘန်ကောက်မြို့တွင် ဘတ်စကားများ
ညလုံးပေါက်ပြေးဆွဲကြ၏။) ဒုစရိုက်မှုများ ထူပြောလှသည့် ဘန်ကောက်မြို့ကြီး၌ အကာလညအချိန်
မိန်းမပျိုတစ်ဦးတည်း လမ်းလျှောက်အိမ်ပြန်ခြင်းကို ဖြတ်သွားဖြတ်လာ ဆိုင်ကယ်များ၊
မော်တော်ကားများ ပေါ်မှ အနှောက်အယှက်ပြုခြင်း၊ အော်ဟစ်လှောင်ပြောင်ခြင်း
အလျဉ်းမတွေ့ရ။
ယင်းအဖြစ်ကို
ရုံးမှ ထိုင်းအမျိုးသမီးသတင်းထောက်တစ်ဦးအား ပြောပြရာ “တော်တန်ရုံ အ၀တ်အစား
သပ်သပ်ရပ်ရပ် ၀တ်ထားရင် ဘယ်သူမှ မစော်ကားပါဘူး။ ဒုစရိုက်သမားတွေ ဆိုတာလည်း
သူ့အလွှာနဲ့သူပဲ။” ဟု မှတ်ချက်ပေး၏။ မြန်မာပြည်မှ ယခုမှရောက်လာသည့် စာရေးသူအဖို့ကား
ကျားသားမိုးကြိုး အံ့သြစရာဖြစ်၏။ သူတို့အဖို့ကား ဘာမျှမထူးဆန်း။
ယုံကြည်စိတ်ချစွာဖြင့် ကိုယ့်လမ်းကိုယ်သွားကြခြင်းပင်တည်း။
အထက်ပါအဖြစ်အပျက်များမှ
စေ့ဆော်လာသည့် မေးခွန်းမှာ တံခါးများဖွင့်ထားပါလျှက်၊ အကာလ ညအခါဖြစ်ပါလျှက်၊
နေ့စဉ်နှင့်အမျှ ဒုစရိုက်မှုသတင်းများ အထင်အရှားရှိနေပါလျှက် လုံခြုံမှုကို
ခံယူစားသုံးနိုင်ရခြင်းမှာ အဘယ့်ကြောင့်နည်း ဟူ၍ဖြစ်သည်။ စာရေးသူတို့၏ မြန်မာပြည်တွင်
အိမ်တံခါး၊ ခြံတံခါးများကို ချက်ချ၊ သော့ခတ်ပြီးမှ စိတ်ချလက်ချ အိပ်နိုင်ကြသည်။ ညအခါသည်လည်းကောင်း၊
လူပြတ်သော လမ်းများသည်လည်းကောင်း မိန်းကလေးတို့နှင့် မသင့်လျှော်။ သို့တည်းမဟုတ်
မိန်မကောင်းတို့နှင့် မအပ်စပ်ဟု မှတ်ယူကြ၏။ အကယ်၍ ဖြတ်သွားဖြတ်လာ ပြုမိပါလျှင်လည်း
ကိုယ်၊ နှုတ် စသည်တို့ဖြင့် စော်ကားသမှု အပြုမခံရလျှင်ပင်
အထင်သေးသည့်မျက်လုံးများဖြင့် ကြည့်သည်ကို ခံကြရ၏။ မြန်မာနှင့် ထိုင်း၊ အမေရိကန် လူ့အဖွဲ့အစည်းများအကြား
မည်သည့်အကြောင်းကြောင့် ဤသို့ ခြားနားရသနည်း။
ဤနေရာ၍
သတိပြုရန်မှာ စာရေးသူတင်ပြထားသော အတွေ့အကြုံနှစ်ရပ်သည် သက်ဆိုင်ရာလူ့ဘောင်များအား
ကိုယ်စားပြု၊ မပြုကို မဆုံးဖြတ်နိုင်။ သီးသန့်အဖြစ်အပျက် ကွက်ကွက်ကလေးမျှသာ
ဖြစ်နိုင်သည်ဆိုခြင်းပင်။ သို့တိုင်အောင်ပင် ထိုသို့ဖြစ်ပျက်စေရန်
အထောက်အပံ့ပြုထားသော အခြေခံများကိုကား ဆွဲထုတ်ကြည့်နိုင်သည်။ ထိုင်းနှင့် အမေရိကန်
လူ့ဘောင်များမှာ နောက်ခံယဉ်ကျေးမှုချင်း မတူသော်လည်း ပွင့်လင်းလွတ်လပ်သည့် အရာ၌မူ
ယေဘူယျအားဖြင့် ဆင်တူသည်ဟု ဆိုနိုင်၏။ ထိုင်းနှင့် ယဉ်ကျေးမှုဆင်တူသော
မြန်မာပြည်၌မူ ထိုအချိန်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသဖြင့် အဖက်ဖက်တွင်
ကန့်သတ်ချုပ်ချယ်ထားခြင်းကို ခံနေရ၏။ “ပွင့်လင်းလွတ်လပ်မှု” ဆိုသည်ကို မတူသောလူ့ဘောင်များအကြား
ဘုံတူညီချက်၊ ဘုံခြားနားချက် အဖြစ် မြင်ရလေသည်။
တစ်ဖန်
ရလဒ်များကို နှိုင်းယှဉ်လေ့လာပါက ပွင့်လင်းလွတ်လပ်သော လူ့ဘောင်သည် ယုံကြည်မှု၊
အပြန်အလှန် လေးစားမှုများ ဖြစ်ထွန်းလာရန် အားပေးပြီး ကန့်သတ် ချုပ်ချယ်ထားသော
လူ့ဘောင်သည် စိုးရိမ်ကြောင့်ကြရမှု၊ သံသယနှင့်၊ အထင်အမြင်သေးမှုများကို
ပျိုးထောင်ကြောင်း ကောက်ချက်ချနိုင်ပါ၏။ တစ်နည်းဆိုရသော် “ယုံကြည်မှု” ကို
ပွင့်လင်းလွတ်လပ်သော လူ့ဘောင်နှင့် တွဲဖက်မြင်ရပြီး “သံသယ” ကိုမူ
ကန့်သတ်ချုပ်ချယ်ထားသော လူ့ဘောင်နှင့် ယှဉ်လျှက်တွေ့နိုင်ခြင်းဖြစ်သည်။ ထင်ရှားသော
အမေရိကန် လူမှုသိပ္ပံပညာရှင် ဖရန်စစ် ဖူကူယားမား ကမူ လစ်ဘရယ်ဒီမိုကရေစီနှင့်
အပြန်အလှန်ယုံကြည်မှုတို့ ဆက်စပ်ပုံကို ၎င်း၏ “TRUST: THE SOCIAL VIRTUES & THE
CREATION OF PROSPERITY” စာအုပ်တွင်
အကျယ်တ၀င့် ဆွေးနွေးထားလေသည်။
ယနေ့မြန်မာပြည်သည်ကား
ယခင်နှင့် မတူတော့ပြီ။ ပွင့်လင်းလွတ်လပ်သော လူ့ဘောင်သို့ ဦးတည်နေပြီဟု ဆိုကြ၏။ နိုင်ငံရေးအခွင့်အလမ်းများ
တိုးတက်လာသည့်နည်းတူ စီးပွားရေးလွတ်လပ်ခွင့်တွင် အိမ်နီးချင်းများဖြစ်သည့်
ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တရုတ်တို့ ကို မမှီသေးသော်လည်း မီဒီယာလွတ်လပ်ခွင့်၌မူ ထိုနိုင်ငံများထက်
သာလွန်ရှေ့ရောက်နေပြီဟု ဆိုကြ၏။ သို့သော် နယ်ပယ်အသီးသီး၌ မယုံကြည်မှု သံသယများ၊
အထင်အမြင်သေးမှု များကမူ အားကောင်းဆဲဖြစ်ကြောင်း သက်ဆိုးရှည်နေသေးသော ပြည်တွင်းစစ်၊
လူမျိုးရေးအဓိကရုဏ်းများ၊ မုန်းတီးရန်လိုမှုများက သက်သေခံနေကြ၏။ အမှန်စင်စစ် လူမျိုးပေါင်းစုံ၊
ဘာသာပေါင်းစုံ နေထိုင်ကြသည့် မြန်မာနိုင်ငံကို ပွင့်လင်း လွတ်လပ်သည့်လူ့ဘောင်အဖြစ်
ထူထောင်လိုသည်ဆိုပါက ယုံကြည်မှု တည်ဆောက်နိုင်ရေးသည် အခြားတိုင်းပြည်များထက်
သာ၍ပင်အရေးကြီးလေသည်။ အရေးတကြီး
သတိပြုရန်မှာ လွတ်လပ်ခွင့် အရာ၌ ရှေ့ပြေးနေသည် ဆိုသော မီဒီယာများအနေဖြင့် ယုံကြည်မှုအရာ၌လည်း
နောက်မကျရေးပင်ဖြစ်သည်။ မီဒီယာများအနေဖြင့် လွတ်လပ်စွာရေးသားခွင့်ကို
ကိုင်စွဲထားသည့်တိုင်
ယုံကြည်မှုတည်ဆောက်ရန် သတိမရ၊ ကျီးလန့်စာစား အာဘော်များကိုသာ
ထုတ်ပြန်နေသည်ဆိုပါက ၎င်းတို့၏လွတ်လပ်ခွင့်မှာ သံသယမီးပွားများ ပိုမိုတောက်လောင်စေရန်သာ
အသုံးကျမည်ဖြစ်၏။ ဥပမာ မြန်မာပြည်အား မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊
မည်သည့်ဘာသာဝင်များက အပိုင်ကြံနေသည်။ အကွက်ချ ကြံစည်နေကြသည် ဟူသော
ရေးသားချက်များသည် ဆက်စပ်တွေးယူနိုင်သော အကြောင်းပြချက်လည်းမရှိ၊
စနစ်တကျလေ့လာထားသည့် အထောက်အထားလည်းမရှိသော လိုရာဆွဲတွေးသည့် တာဝန်မဲ့လှုံ့ဆော်ချက်များဖြစ်ရာ
စာရေးသူရည်ညွှန်းလိုသည့် “ကျီးလန့်စာစား အာဘော်များ” အတန်းအစား၌ ပါဝင်လေသည်။ သံသယပွားမှု၊
မလုံခြုံမှုတို့က လူမျိုးကြီးဝါဒ၊ အစွန်းရောက်အမျိုးသားရေးဝါဒကို ဦးတည်စေမည်ဖြစ်၏။
အစွန်းရောက်ဝါဒသည် ပွင့်လင်းလွတ်လပ်သော လူ့ဘောင်၏ အသက်သွေးကြောဖြစ်သည့်
အပြန်အလှန်လေးစားမှုကို ဆန့်ကျင်ပြီး ပဋိပက္ခများကို အင်အားသုံးဖြေရှင်းစေရန် အားပေး
လေသည်။ အင်အားသုံးဖြေရှင်းရခြင်း ဆိုသည်ကိုမူ စာရေးသူ ရှည်ရှည်ဝေးဝေး ရှင်းပြရန်
မလိုပါချေ။ ယနေ့ရေပန်းစားနေသည့် စကားတစ်ခုဖြစ်သော
“နောက်ကြောင်းပြန်လှည့်သွားနိုင်ခြင်း” ဆိုသည်နှင့် တိုက်ရိုက်သက်ဆိုင်သည်ဟုသာ
ဆိုချင်ပါတော့သည်။
Image : http://business.time.com
သိပ်ကောင်းတဲ့ ဆောင်းပါးလေးပါ။ ကိုဌေးနိုင်၊ ကိုအေးငြိမ်းတို့ကို ကျေးဇူးတင်ပါတယ်။
ReplyDeleteယုံကြည်ချက် Faith, Believe .. စီးပွားရေးစကားနဲ့ဆို Trust လို့ပြောရပါမယ်။
ဗီယက်နမ် ဟိုချီမင်းမြို့ လူဦးရေ ၈သန်းကျော် .. အမျိုးသမီးတွေ လုံလုံခြုံခြုံဝတ်ပြီး၊ ဂျာကင်၊ ဖုံကာမျက်နှာဖုံးနဲ့ သန်းကောင်ကျော်လည်း သွားလာနေကြပါတယ်။ လုံခြုံပါတယ်။ ဗိယက်နမ်မှာ သေနပ်လိုင်စင်ရဖို့ မလွယ်ပါဘူး။ အမေရိကန်လို ကိုယ့်အိမ်ကိုကျူးကျော်ခံရဖို့ ပြွတ်ကျပ်နေထိုင်တဲ့ ရပ်ကွက်၊အိမ်တန်းတွေမှာ ဥပဒေစိုးမိုးမှုရှိပါတယ်။ လုံခြုံရေးဝန်ထမ်းများစွာ ရှိနေပါတယ်။ ရဲဝတ်စုံတွေတော့ အမေရိကန်၊ စင်ကာပူ၊ ဟောာင်ကောင်၊ မလေးရှားတွေလို မတွေ့ရသလောက် နည်းပါတယ်။
အလုပ်အတူလုပ်တဲ့ ဖိလစ်ပင်းတယောက်နဲ့ စကားပြောဖြစ်တယ်။ သေနပ်လိုင်စင် လူတိုင်းရတဲ့ဖိလစ်ပိုင်နိုင်ငံ။ တရားမ၀င် သေနပ်တွေလည်း ၀ယ်ပြီး အမဲလိုက်၊သေနပ်ပစ်ကွင်းတွေ အပျင်းပြေသွားနိုင်တဲ့နိုင်ငံ (အမေရိကန်အသေးစားပေါ့)။ သူ့အိမ်ကို လူတွေဝင်လာပြီး သေနပ်နဲ့ပစ်မှာမစိုးရိမ်ပါ..တဲ့။ ငါ့မှာ လိုင်စင်သေနပ်တစ်လက်၊ ငါ့မိန်းမအတွက် ပစ္စတိုတခု၊ ငါ့အတွက် ပစ္စတိုအကြီးတခု၊ အမဲပစ်သေနပ်ကြီးတခု (၃)လက်က လိုင်စင်မဲ့ပဲ။ ကိုယ်ကအေးအေးနေတော့ ဘေးနားကလူဆိုးတွေလည်း လာမနှောက်ယှက်ပါဘူး။ ကြောက်လဲမကြောက်ပါဘူ...လို့ပြောတယ်။ ဒါက မလေးရှားထက် အများကြီးဆင်းရဲပေမဲ့ ပျော်ပျော်နေတတ်တဲ့ ဖိလစ်ပင်းများရဲ့ စရိုက်တခုပါ။ စိုးရိမ်မှုမရှိပါဘူး..။
မြန်မာပြည်တော့ ထိုင်းနိုင်ငံလိုဖြစ်ဖို့များပေမဲ့ ..လောလောဆယ်တော့ ဗီယက်နမ်လို စစ်အာဏာပိုင်များရဲ့ လက်ထဲမှာပဲ ကျုပ်တို့ရှိနေဆဲပါ။ အုပ်ချုပ်သူလူတန်းစားအတွက် (ကျုပ်ကအသက်ကြီးပြီဆိုတော့)၊ သူတို့ဆက်လက်နောင်တရပြီး ယုံကြည်ရတဲ့အစိုးရဖြစ်ဖို့ပဲ မျှော်လင့်ဆုတောင်းလိုက်ပါတယ်ဗျ။