ကျွန်တော်တို့ဆီမှာ “လူ”
နှင့် “မူ” အကြောင်း ပြောကြငြင်းခုံကြတာရှိပါသည်။
အနောက်တိုင်း မှာတော့ “ယဉ်ကျေးမှု” နှင့် “နိုင်ငံရေး” ဆိုသည့် ခေါင်းစဉ်အောက်၌ ဆွေးနွေးကြသည်။
အရှေ့တိုင်းမှာလည်း “အာရှ၏စံထားချက်များ” (Asian Values) ဆိုကာ ကျယ်ကျယ် လောင်လောင်ဖြစ်ခဲ့ကြသေးသည်။
မွိုင်နီဟန် (Daniel
Patrick Moynihan) ကမူ “လူ့အဖွဲ့အစည်းတစ်ခုရဲ့အောင်မြင်မှုကို အဆုံးအဖြတ် ပေးတဲ့အရာဟာ
နိုင်ငံရေးစနစ်မဟုတ်ပဲ သူတို့ရဲ့ယဉ်ကျေးမှုသာဖြစ်တယ်ဆိုတာ ကွန်ဆာဗေးတစ်ဝါဒဗဟိုပြု
အမှန်တရားဖြစ်ပြီး နိုင်ငံရေးစနစ်တစ်ခုဟာ လူတွေရဲ့ယဉ်ကျေးမှုကို အသွင်ပြောင်းလဲစေနိုင်တဲ့အပြင်
ဆက်လက်အဓွန့်ရှည်အောင် သယ်ဆောင်သွားနိုင်တယ် ဆိုတာကတော့ လစ်ဘရယ်ဝါဒဗဟိုပြု
အမှန်တရားဖြစ်ပါတယ်” ဟု လှလှပပ ဘောင်ခတ်ပေးခဲ့သည်။ သို့ရာတွင် ပညာရှင်တိုင်းက
မွိုင်နီဟန် သတ်မှတ်ပေးသည့်ဘောင်ထဲတွင် ရပ်ကြသည်တော့ မဟုတ်ပါ။ အထူးသဖြင့်
ယဉ်ကျေးမှုကိုအခြေခံသော တင်ပြချက်များမှာ ထိခိုက်လွယ်သဖြင့်(မည်မျှပင်ခိုင်လုံသောအချက်များရှိစေကာမူ)
အများစုက နှာစေးလိုကြသည်။ ဆက်စ် (Jeffrey Sachs) က အရင်းရှင်စီးပွားရေးအဆောက်အအုံ
များ နှင့်ပတိရူပဒေသ ဖြစ်မှုတို့ကို တိုးတက်မှု၏အကြောင်းရင်းများအဖြစ် သတ်မှတ်ပြီး
ဓလေ့ ထုံးတမ်းများ၏ အရေးပါမှုကို ခပ်ဝေးဝေး၌သာ ထားလိုသည်။ မည်သို့ပင်ဖြစ်ပါစေ ထို “လူ”
“မူ” အားပြိုင်မှုကို အသိအမှတ်ပြုလေ့လာခြင်းဖြင့် ကျွန်တော်တို့လူ့ဘောင်အတွက် အပြုသဘောဆောင်သောရလဒ်များ
ထုတ်နှုတ်နိုင်သည်ဆိုပါက အကျိုးမယုတ်ဟုဆိုချင်ပါသည်။
ယခုဆောင်းပါးတွင်
အသားပေးလိုသည်မှာ အာဂျင်တိုင်းလူမျိုးပညာရှင် မာရီယာနို ဂရွန်ဒိုနာ (Mariano Grondona) ၏ ယဉ်ကျေးမှုကိုအခြေခံသောလေ့လာချက်အပေါ်၊
လောရင့်ဟယ်ရစ်ဆင် (Lawrence E. Harrison) ဆိုသူက ထပ်ဆောင်း တင်ပြထားချက်ဖြစ်ပါသည်။ဟယ်ရစ်ဆင်မှာ
ပညာရှင်ကျောင်းဆရာတစ်ဦးဖြစ်ရုံသာမက၊ နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ
အမေရိကန်အေဂျင်စီ (USAID) တွင် အနှစ်နှစ်ဆယ်ကျော်ကြာအမှုထမ်းခဲ့သူ၊
စာတွေ့ရောလက်တွေ့ပါ မွှေနှောက်နိုင်သူဖြစ်သည်။ သူနှင့် ကွယ်လွန်သူ ပါမောက္ခ
ဟန်တင်တန် (Samuel P. Huntington) တို့တွဲဖက်တည်းဖြတ် ခဲ့သော Culture Matters အက်ဆေးများ
စာအုပ်ကား ပြောစမှတ်တွင်လောက်အောင် နာမည်ကျော်ခဲ့သည်။
ဂရွန်ဒိုနာ၏ဇယား (ဖွံ့ဖြိုးတိုးတက်မှုကို
အားပေးသည့်ယဉ်ကျေးမှု နှင့် ဆန့်ကျင်သည့်ယဉ်ကျေးမှုတို့၏ လက္ခဏာများ)
ယဉ်ကျေးမှုအခြေခံ
|
တိုးတက်မှုကိုအားပေးသည့်ယဉ်ကျေးမှု
|
တိုးတက်မှုကိုဆန့်ကျင်သည့်ယဉ်ကျေးမှု
|
လောကအမြင်
(World View)
၁။ ဘာသာရေး အဆုံးအမ
၂။ ဘ၀ရှေ့ရေး ခံယူချက်
၃။ မျက်မှောက်ပြုရာ ကာလ
၎။ ဥစ္စာဓန ရှာဖွေခြင်း
၅။ ပညာဗဟုသုတ ပေးဝေမှု
|
အကြောင်းအကျိုးဆင်ခြင်မှုနှင့် အောင်မြင်မှုရလဒ် တို့ကို မြေတောင်မြှောက်၊
လောကီဥစ္စာရှာဖွေမှုကို အားပေး၊ ပစ္ဇုပ္ပန်လောကကိုအာရုံစိုက်သည်။
လက်တွေ့ကျကျခံယူသည်။
မိမိဘ၀ရှေ့ရေး ကိုယ်တိုင်စိုးမိုးနိုင်သည်ဟု ယုံကြည်။
အနာဂတ်ကိုမျက်မှောက်ပြုခြင်းက ကြိုတင်ပြင်ဆင်မှု၊
အချိန်တိကျလိုက်နာမှုတို့ကိုမြှင့်တင်သည်။ ရရှိလာသောစည်းစိမ်၌ အချိန်မဆိုင်းပဲ
စံစားယစ်မူးခြင်းကို ရှောင်ကျဉ်သည်။
လူသား၏တီထွင်ဖန်တီးနိုင်မှုစွမ်းအားဖြင့် ဥစ္စာဓနတိုးပွားအောင်ဆောင်ရွက်နိုင်သည်။
လက်တွေ့ကျသည်။ပြန်လှန်ဆန်းစစ် နိုင်သည်။ (ဇာတ်လမ်း၊
ဇာတ်အိမ်ထက်) အချက်အလက် ခိုင်မာမှုက ပိုအရေးပါသည်။
|
အကြောင်းအကျိုးကိုငြင်းပယ်၊ လောကီဥစ္စာ ကိုရှောင်ဖယ်၊ ၀ိဥာဉ်လောက
စသည်တို့ကို အာရုံစိုက်သည်။ စိတ်ကူးယဉ်ဝါဒကို ခံယူသည်။
ကံကိုပုံချ၊လက်လျှော့အရှုံးပေး၊
အဆောင် လက်ဖွဲ့တန်ခိုးဖြင့် ဖြတ်လမ်းကလိုက်မည်။
ပစ္စုပ္ပန်သို့မဟုတ်အတိတ်ကို
မျက်မှောက်ပြုခြင်းက စီမံကိန်းထားလိုမှု၊ အချိန်တိကျလိုမှုတို့ကို အားယုတ်စေသည်။
ရရစားစားနေမည်။
မြစ်တစ်ဖက်မှာသောင်ထွန်းလျှင်
အခြား တစ်ဖက်၌ ကမ်းပြို။ တစ်ယောက် ချမ်းသာရေး အခြားတစ်ယောက် ဆင်းရဲရမည်။
အပေါ်ယံသုံးသပ်သည်။
သဘောတရားသက်သက်
လက်တွေ့မပါ၊ ဝေဖန်ဆန်းစစ်ရန်မဖြစ်နိုင်ပါ။
|
စံထားချက်များနှင့်
ကောင်းမှုလက္ခဏာ
(Values,
Virtues)
၆။ကိုယ်ကျင့် သိက္ခာပုဒ်များ
၇။စရိုက်ကောင်းများ
၈။ ပညာရေး (ပညာသင်ယူခြင်း)
|
သူတော်ကောင်းမလုပ်လျှင်နေ၊
သူယုတ်မာကား မဖြစ်စေရ။ လူအချင်းချင်းယုံကြည်မှုကို အားပေးသည်။
အလုပ်ဟူသမျှသပ်ရပ်သေချာလုပ်။ယဉ်ကျေးပျူငှာဖော်ရွေ။
အချိန်တိကျမှု အရေးကြီးသည်။
မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။
လွတ်လပ်မှုနှင့်ပြုပြင်ဖန်တီးနိုင်မှုကို
အားပေးသည်။
|
ငါ့စကားမှနွားရသည်။
အပြောတစ်ခြား အလုပ်တစ်ခြား ကိုယ်ကျင့်တရားကြောင့်
အချင်းချင်းသံသယပွားသည်။
တစ်ဖက်ပါအချက်များအရေး
မကြီးလှပါ။
ထိပ်တန်းလိုအပ်ချက်မဟုတ်။
အပြန်အလှန် မှီခိုမှုနှင့်အစဉ်အလာထိန်းသိမ်းမှုကို အားပေး သည်။
|
စီးပွားရေးရာ
အမူအကျင့်များ
(Economic Behavior)
၉။အလုပ်လုပ်ခြင်း နှင့် အောင်မြင်မှု
၁၀။ချွှေတာ စုဆောင်းခြင်း နှင့် ချမ်းသာကြွယ်ဝမှု
ဆိုသည်မှာ-
၁၁။စွန့်ဦးတီထွင် လုပ်ငန်းဆိုသည်မှာ ၁၂။စွန့်စားရယူလိုမှု ၁၃။ပြိုင်ဆိုင်မှုသည်- ၁၄။ အသစ်အဆန်း ဖော်ထုတ်မှု ၁၅။ရှေ့သို့တက်လှမ်း လာနိုင်မှုသည်- |
ဘ၀ရပ်တည်နေခြင်းမှာ အလုပ်လုပ်ဖို့ဖြစ်သည်။ အလုပ်လုပ်မှကြီးပွားချမ်းသာမည်။ ရင်းနှီးမြုပ်နှံရေး၏မိခင်ဖြစ်သည်။ ရင်းနှီးမြုပ်နှံမှုနှင့်တီထွင်ဆန်းသစ်မှု ဖြစ်သည်။ အသင့်အတင့်ရှိသည်။ အကောင်းတကာ့အကောင်းဆုံးထွက်ပေါ်ရန် လမ်းဖေါ်ပေးခြင်းဖြစ်သည်။ အသစ်အဆန်းဖော်ထုတ်မှုများကို တံခါးဖွင့်ထားပြီး မဆိုင်းမတွလက်ခံသုံးစွဲသည်။ ထိုက်တန်သောအရည်အချင်းရှိမှု၊ အဆက်အသွယ်ကောင်းရှိမှုတို့၌ အခြေခံသည်။ |
ဘ၀ရပ်တည်မှုအတွက်
အလုပ်လုပ်ရသည်။ အလုပ်လုပ်ရုံ သက်သက်ဖြင့်မကြီးပွားနိုင်။
“အလုပ်”(ဆိုသည့်ဝေါဟာရ)သည်
ဆင်းရဲသားတို့အတွက် ဖြစ်၏။
သာတူညီမျှမှုကို ခြိမ်းခြောက်သော အရာဖြစ်သည်။ ချွှေတာစုဆောင်းသူများ ချမ်းသာလာသည်နှင့်အမျှ ပတ်ဝန်းကျင်၏ မနာလိုမှုကိုလှုံ့ဆော်သည်။ ငါးပွက်ရာငါးစာချခြင်းဖြစ်သည်။ အဆက် အသွယ်ကောင်းလျှင် ၀င်ငွေကောင်းမည်။ နည်းပါးသည်။ ရန်စောင်မှု၏သင်္ကေင်္င်္တဖြစ်သည်။ သာတူညီမျှမှု၊ ထို့အပြင် (ကံထိုက်၍) ရသောအခွင့်ထူးကို ခြိမ်းခြောက်သော အရာလည်း ဖြစ်သည်။ အသစ်အဆန်းဖော်ထုတ်မှုကိုသံသယမြင်၊ တဖြည်းဖြည်းမှလက်ခံ။ မိသားစု(နှင့်/သို့) အသိုင်းအ၀ိုင်း အဆက်အသွယ်ကောင်းမှု၌ အခြေခံသည်။ |
လူမှုရေးရာ
အမူအကျင့်များ
(Social
Behavior)
၁၆။တရားဥပဒေစိုးမိုးမှု နှင့်အကျင့်ပျက်ခြစားမှု
၁၇။ကိုယ်ချင်းစာတရား နှင့်လူသားချင်းယုံကြည်မှု
၁၈။မိသားစု (အဓိပ္ပါယ်ဖွင့်ဆိုမှု) ၁၉။သင်းပင်းဖွဲ့ ဆောင်ရွက်မှု (လူမှုအရင်းအနှီး) ၂၀။တစ်သီးပုဂ္ဂလ နှင့် အစုအဖွဲ့ ၂၁။အခွင့်အာဏာသုံးစွဲမှု
၂၂။အထက်တန်းလွှာတို့ ၏ အခန်းကဏ္ဍ
၂၃။”ဘာသာ၊ သာသနာ”နှင့် အစိုးရ ၂၄။ ကျား၊မ ဆက်ဆံရေးနှင့် အခွင့်အရေး ၂၅။အိမ်ထောင်သားမွေးမှု |
ဥပဒေဘောင်အတွင်းသင့်တင့်
လျှောက်ပတ်စွာ နေထိုင်သည်။အကျင့်ပျက်ခြစားမှုကိုဥပဒေကြောင်း အရအရေးယူသည်။
ကိုယ်ချင်းစာတရားကျယ်ကျယ်ပြန့်ပြန့်ထွန်းကားသည် “မိသားစု”ဟူသောအဓိပ္ပါယ်သည် လူ့အဖွဲ့အစည်း ကျယ်ကျယ်ပြန့်ပြန့်အထိ အကျုံးဝင်ပတ်သက်သည်။ အချင်းချင်းယုံကြည်မှု၊ ကိုယ်ချင်းစာမှုတို့က ပူးပေါင်း ဆောင်ရွက်ရေး၊ လက်ဝေခံရေး၊ ပါဝင်ကူညီရေးတို့ကို မွေးဖွားပေးသည်။ တစ်သီးပုဂ္ဂလအယူအဆကိုအလေးပေးသည်။ သို့သော်အလွန်အကျွံ အားပေးခြင်းမဟုတ်။ ဖြန့်ဝေသုံးစွဲသည်။ ချိန်ခွင်လျှာမျှရန် ထိန်းသကဲ့သို့၊ အများသဘောကိုလည်းလက်ခံသည်။
လူ့ဘောင်အဖွဲ့အစည်းကိုတာဝန်ယူ
ကူညီသည်။
ပြည်ရွာအုပ်ချူပ်ရေးတွင် ဘာသာရေးက ၀င်ရောက် စွက်ဖက်ခြင်းကို တားမြစ်သည်။ ”ဘာသာ၊ သာသနာ” နှင့် အစိုးရကြား နံရံစည်းခြားသည်။
ကျား၊မ”အခွင့်အရေးတန်းတူမှု”
အပြည့်အ၀ကျင့်သုံး နိုင်ခြင်းမရှိလျှင်လည်း အနိမ့်ဆုံးအောက်ထစ် အနေဖြင့်
လူမှုရေးစံပြဌာန်းချက်များကိုမူ လိုက်နာ ကြသည်။
မိသားစုကလေးအရေအတွက်မည်ရွေ့မည်မျှဟူသောအချက်သည်မိဘများ၏ပြုစုပျိုးထောင်ပညာသင်ပေး
နိုင်မှု၊ တတ်နိုင်မှုတို့ပေါ်၌မူတည်သည်။
|
ငွေကြေးနှင့်အဆက်အသွယ်ကစကားပြောသည်။
အကျင့်ပျက်ခြစားမှုကို သည်းခံထားသည်။
မိမိနှင့်နီးစပ်ရာအသိုင်းအ၀ိုင်းလောက်အထိ သာ ကိုယ်ချင်းစာတရားပီပီပြင်ပြင်ထားသည်။ “မိသားစု”ဆိုသည်မှာ (မိမိနှင့်ဆွေမျိုးရင်းချာ များကို)ကျယ်ပြန့်သောလူ့အဖွဲ့အစည်းထဲတွင် ခံတပ်သဖွယ် ကာကွယ်ပေးထားသော အရာဖြစ်သည်။ အချင်းချင်းသံသယပွားမှုက အစွန်းရောက် ပုဂ္ဂလဓိဋ္ဌါန်ဝါဒနှင့် အထီးကျန်ချောက်ခြားမှု ကို မွေးဖွားပေးသည်။ အစုအဖွဲ့တစ်စုလုံးဆိုသည့် အယူအဆကို အလေးပေးသည်။ ခေါင်မှချုပ်ကိုင်ထားသောပုံစံဖြစ်သည်။ အပြန်အလှန် စောင့်ရှောက်မှုကင်းရှင်းသည်။ ပါဝါသုံးပြီးကိုယ်ကျိုးရှာ အမြတ်ထုတ်သည်။
ပြည်ရွာရေးရာကိစ္စများတွင်
ဘာသာရေးက အဓိကအခန်း ကဏ္ဍမှပါဝင်သည်။
ဘ၀၏အခန်းကဏ္ဍအများစုတွင်
မိန်းမသည် ယောက်ျား၏ လက်အောက်ခံသာဖြစ်သည်။
ကလေးများသည်ဘုရားသခင်၏လက်ဆောင်၊
သားသမီး များလေစီးပွားရေးမှာအားကိုး ပိုရလေဖြစ်သည်။
|
နိုင်ငံရေးသိပ္ပံပညာရှင်
အင်ဂယ်လ်ဟာ့တ် (Ronald
Inglehart)
က ဂရွန်ဒိုနာ၏
ဇယားကို “ကမ္ဘာ့စံထားချက်များစစ်တမ်း (World Values Survey)” နှင့်မှတ်ကျောက်တင်စစ်ဆေးကြည့် ရာ အခြေခံ၂၅
ခုအနက်၊ ၁၁ ချက်ကိုအထူးထောက်ခံ၊ ၃ ချက်ကို အသင့်အတင့် ထောက်ခံပြီး ၂
ချက်တွင်မသိသာ၊ ၉ ချက်မှာနှိုင်းယှဉ်မရဟု အဖြေထွက်ခဲ့သည်။ အဆိုပါစစ်တမ်းမှာ ၁၉၈၁ခု
မှစတင်၍ ပုံမှန်ကောက်ယူခဲ့ပြီး ဤစာတမ်းပြုစုချိန်တွင် နိုင်ငံအားဖြင့်၈၁နိုင်ငံ၊ လူဦးရေအားဖြင့်
ကမ္ဘာ့လူဦးရေ၏ ၈၅ရာခိုင်နှုန်းအတွင်း လူမှုရေးစံများနှင့်ခံစားတုန့်ပြန်မှုများကို လေ့လာခြင်းဖြစ်ရာ
ဂရွန်ဒိုနာ၏ သီအိုရီအတွက် အရေးပါသော ထောက်ခံမှုတစ်ရပ် ဖြစ်လေသည်။
ဟယ်ရစ်ဆင်၏အဆိုအရ
ဂရွန်ဒိုနာ၏ဇယားပါ လက္ခဏာများသည် ရိုးရိုးရှင်းရှင်းတင်ပြထားသော (ကိုယ်စားပြုယဉ်ကျေးမှုတစ်ခုစီ၏)
“စံ” များသာဖြစ်ပြီး လှေနံဓါးထစ်မှတ်ရန် မဟုတ်ပေ။ ထို့ပြင် ယဉ်ကျေးမှုတိုင်းတွင်
ပင်မရေစီးကြောင်းကို ကန့်လန့်ဖြတ်သန်းမှုများ (လူအုပ်ကြီးနှင့်မလိုက်လိုသူများ)
လည်း ရှိပါသည်ဟု သူကထောက်ပြသည်။ ဇယားပါလက္ခဏာများ တင်ပြထားပုံမှာ အတော်ပင်
ရှင်းရှင်းလင်းလင်းရှိပြီးဖြစ်သော်လည်း ဟယ်ရစ်ဆင်၏ အဓိပ္ပါယ်ဖွင့်ချက်များထဲ၌
စိတ်ဝင်စားဖွယ်ရာအချို့ကိုတွေ့ရပြန်သည်။ ဓလေ့ထုံးတမ်းများ၏ အရေးပါချက်ကို
ကာရစ်ဘီယံပင်လယ်ထဲမှ အစ်ပန်နီယိုလာကျွန်းကလေး၏ တစ်ဖက်စီ၌ နေရာယူထားကြသော
ဟေတီနိုင်ငံနှင့် ဒိုမီနီကန်ရီပါတ်ဘလစ်တို့၏ ပထ၀ီတူသော်လည်း တိုးတက်မှုမတူသော ဥပမာဖြင့်ပြသည်။
ခေတ်နောက်ပြန်ဆွဲသော ယဉ်ကျေးမှုများ၏ (လက်ငင်းအခြေအနေနှင့်အနာဂတ်ထက်) အတိတ်ကရွှေဖြစ်ခဲ့သည်များအား
မကြာခဏ ဦးတိုက်သည့်ဓလေ့ကို၊ မက္ကဆီကို၌ ရှေးဟောင်းကိုလံဘီယံခေတ်မတိုင်မှီ မည်မျှကြီးကျယ်ခမ်းနားခဲ့ကြောင်း
ပြန်လည်ဖော်ထုတ်လေ့ရှိပုံနှင့် နှိုင်းပြထားသည်။
“လူ့အဖွဲ့အစည်းတစ်ခုရှိ
စွန့်ဦးလုပ်ငန်းရှင်အချိုးအစားသည် ယဉ်ကျေးမှုပေါ်မူတည်၍ ပြောင်းလဲနိုင်သည်” ဟု
ဟယ်ရစ်ဆင်ကဆိုသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်တို့တွင် စက်မှုလုပ်ငန်းများနှင့်
ကူးသန်းရောင်းဝယ်ရေး တစ်ဟုန်ထိုးတိုးတက်လာခြင်းမှာ သန်းပေါင်းများစွာသော စွန့်ဦးလုပ်ငန်းရှင်များနှင့်
တိုက်ရိုက်ပတ်သက်နေသည်။ သူတို့အနက်အချို့မှာ စီးပွားရေးလုပ်ငန်းကြီးများ ဖြစ်လာကြပြီး
မြောက်များစွာသောလုပ်ငန်းအသေးစားများကိုလည်း ဖန်တီးပေးခဲ့ကြသည်။ ထို့ထက်ပို၍ဆိုရလျှင်
စွန့်ဦးတီထွင်သူများသည် ပုဂ္ဂလိကကဏ္ဍ၌သာ စုမနေဘဲ အစိုးရအုပ်ချုပ်ရေးပိုင်း၌လည်း
အသစ်ဖန်တီးသူများအနေဖြင့် တိုင်းပြည်တိုးတက်ရေးအတွက် အရေးပါအကျိုးရှိမည့်မူဝါဒများ
စိတ်ကူးချအကောင် အထည်ဖော်နိုင်သည်။
ထို့ပြင်စွန့်ဦးတီထွင်မှုနှင့် လက်ပွန်းတတီးဆက်နွယ်နေသော
ယဉ်ကျေးမှုအခြေခံမှာ စွန့်စားရယူလိုမှု (risk propensity) ဖြစ်သည်။ ကံကိုသာပုံချလေ့ရှိသောအမြင် ထွန်းကားသည့်
လူ့ဘောင်များတွင် မမြင်ရသောတန်ခိုးစွမ်းအားများက နေရာရသောကြောင့် စွန့်စားမှုဆိုသည်မှာ
“ကြိုတင်တွက်ဆရန်မဖြစ်နိုင်သောအရာ” ဟုမှတ်ယူဖွယ်ရာရှိသည်။ တစ်ဖက်မှကြည့်လျှင်လည်း
ယင်းသို့ မတွက်ဆနိုင်ခြင်းကပင် (မျက်ကန်းတစ္ဆေမကြောက်ဆိုသလို) စွန့်စားမှုဆန်ဆန်အပြုအမူများကို
တိုက်တွန်းသလိုဖြစ်စေပါသည်။ တိုးတက်မှုကိုအားပေးသော လူ့ဘောင်များ၌မူ လူသည် မိမိအနာဂတ်ကို
ပိုင်ဆိုင်သည်ဟူသောအမြင်နှင့် အရှိကိုအရှိအတိုင်း ရင်ဆိုင်လိုသောခံယူချက်
နှစ်ခုပေါင်းတို့က ကြုံလာနိုင်သည်များကို ခန့်မှန်းရန်အပြင်
မည်မျှဆုံးရှုံးနိုင်သည် (degree of risk) ကို တွက်ချက်ရန် လိုအပ်သောအစွမ်းအစကို မြေတောင်မြှောက်ပေးသည်။
“ဥစ္စာဓန” နှင့် “အကောင်းတကာ့အကောင်းဆုံးများ”ကို
အပြိုင်ကြိုးစားရယူရန်လိုသည်ဟူသော အချက်က ထိုလူ့အဖွဲ့အစည်း၏ တိုးတက်မှုလိုလားသော လက္ခဏာကိုပြသည်ဟု
ဂရွန်ဒိုနာက ဆိုသည်။ ပြိုင်ဆိုင်မှုသည် လုပ်ငန်းတစ်ခု၊ နိုင်ငံရေးသမားတစ်ယောက်၊
အသိပညာရှင်တစ်ဦး၊ အတတ်ပညာရှင်တစ်ဦး အစရှိသည်တို့၏အောင်မြင်မှုအတွက် ဗဟိုချက်ဖြစ်သည်။
တိုးတက်မှုကိုဆန့်ကျင်သော လူ့အဖွဲ့အစည်းများတွင်မူ သွေးစည်းညီညွတ်မှု၊
သစ္စာစောင့်သိမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့က ပြိုင်ဆိုင်မှုနေရာ၌ အစားထိုးဝင်လာကြသည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်မှုကို ချီးမွမ်းသော်ငြားလည်း (အရေးအကြောင်းရှိပါက) ပြိုင်ဆိုင်မှုကို
အားပေးသော လူ့ဘောင်များလောက် စည်လုံးမှုအားမကောင်းသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့်
ပြိုင်ဆိုင်မှုသည် ပူးပေါင်းဆောင်ရွက်ခြင်းတစ်မျိုးပင်ဖြစ်သည်ဟု ဂရွန်ဒိုနာက ငြင်းချက်ထုတ်သည်။
အကောင်းဆုံးအားထုတ်ရန် တွန်းအားပေးသောကြောင့် ပြိုင်ဘက်နှစ်ဦးလုံးအကျိုးရှိသော
အားကစားပွဲများကို သူက ဥပမာပေးလေသည်။
ဤနေရာ၌ ဟယ်ရစ်ဆင်၏တင်ပြချက်များကို
စိန်ခေါ်သူ၊ အပြစ်တင်သူများ၏ ဆွေးနွေးချက်များကိုလည်း လျစ်လျူရှုရန်မသင့်ပါ။ သူအဓိပ္ပါယ်ဖွင့်သော
တိုးတက်မှု(Progress) ဆိုသည်မှာ၊ အနောက်တိုင်း၏
စံထားချက်များကို အခြေခံသဖြင့် ကမ္ဘာသုံးမဖြစ်သင့်ဟု ပညာရှင်အများက စောဒကတက်ကြသည်။
မနုဿဗေဒပညာရှင် ရွှက်ဒါ (Richard Shweder) က “သမိုင်းတလျှောက်တွင် အကြွယ်ဝဆုံးနှင့် နည်းပညာအဆင့်အမြင့်ဆုံးသူတိုင်းသည်
သူတို့၏ ဘ၀နေနည်းကသာ အကောင်းဆုံး၊ သဘာဝအကျဆုံး၊ ဘုရားသခင်အလိုတော်ကျနှင့် ယုတ်စွအဆုံး
ချမ်းသာရေးအတွက် အမြန်လမ်းဖြစ်သည်ဟု ထင်မြင်လေ့ရှိကြသည်” ဟုရေးသည်။ စီးပွါးရေးပညာရှင်
ဂျက်ဖရီဆက်စ် က “ပညာရှင်အတော်များများသည် ဆင်းရဲမွဲတေခြင်းနှင့် ကြွယ်ဝချမ်းသာခြင်းတို့ကို
လူမှု “စံ” များ၏ ရောင်ပြန်ဟပ်မှုအဖြစ် အလွယ်တကူမှတ်ယူလေ့ရှိကြသည်။ သို့သော် ထိုအယူအဆမှာ
အသုံးဝင်မှု အလွန်နည်းသည်။” ဟု မှတ်ချက်ချသည်။ လူမှုရေးပညာရှင် ဘာဂျာ (Peter L. Berger) ကလည်း ဟယ်ရစ်ဆင်ကို
“မက်စ်ဝက်ဘာလက်သစ် (neo-Weberian) ဂိုဏ်း၏
အဓိကပုဂ္ဂိုလ်” ဟု ကင်ပွန်းတပ်သည်။ ဟယ်ရစ်ဆင်၏ဟောပြောပွဲတစ်ခုသို့
လာတက်သော တောင်အာဖရိကမှ အမျိုးသမီးတစ်ဦးကဆိုလျှင် (သူ၏အယူအဆမှာ)
“အစော်ကားခံရသူကိုအပြစ်တင်ခြင်းဖြစ်သည်” ဟု ခါးခါးသီးသီး စွပ်စွဲသည်။
ဟယ်ရစ်ဆင်ကမူ သူ၏တင်ပြချက်များမှာ
ကမ္ဘာ့လူသားအများစု လက်ခံဖွယ်ရာရှိသော အောက်ပါအခြေခံများမှ သွေဖည်ခြင်းမရှိပါဟု
ဆိုလေသည်။ ထိုအခြေခံများမှာ-
ရှင်သန်ခြင်းက သေဆုံးခြင်းထက်
ကောင်းသည်။
ကျန်းမာခြင်းက နာဖျားခြင်းထက်
ကောင်းသည်။
လွတ်လပ်ခြင်းက အနှောင်အဖွဲ့ခံရခြင်းထက်
ကောင်းသည်။
ကြီးပွားချမ်းသာခြင်းက
ဆင်းရဲမွဲတေခြင်းထက် ကောင်းသည်။
ပညာရှိခြင်းက ပညာမဲ့ခြင်းထက်
ကောင်းသည်။
တရားမျှတခြင်းက တရားမဲ့ခြင်းထက်
ကောင်းသည်...စသဖြင့် တို့ဖြစ်သည်။
စာဖတ်ပရိသတ်ထဲတွင်လည်း ဟယ်ရစ်ဆင်၏
ငြင်းချက်ထုတ်မှုများအပါအ၀င် ယဉ်ကျေးမှု အခြေခံသော ချည်းကပ်လေ့လာမှုကို
လက်ခံသူရှိသလို သဘောမကျသူများ ရှိနိုင်ပါသည်။ ဤဆောင်းပါးခေါင်းစဉ်ပါ
မေးခွန်းကိုလည်း စာဖတ်သူနှစ်သက်ရာ အဖြေပေးနိုင်ပါသည်။ ထို့ပြင် ဘာကြောင့်ဒီလိုမေးခွန်းမျိုးထုတ်ရသလဲဟု
ဝေဖန်နိုင်ပါသေးသည်။ တကယ်တော့ နိုင်ငံရေးနှင့် ပတ်သက်လျှင် ကျွန်တော်တို့တိုင်းပြည်ကစုံခဲ့ပြီ။သက်ဦးဆံပိုင်ဘုရင်စနစ်မှသည်
ကိုလိုနီခေတ်အလယ်၊ ပါလီမန်အုပ်ချုပ်ရေးနှင့် ဆိုရှယ်လစ်ပါမကျန် ရှင်ကြီးဝမ်း၊ရှင်ငယ်ဝမ်း
စုံအောင်ဝင်ခဲ့ဖူးပြီ။ ခေတ်တစ်ခုကိုကျော်ဖြတ်ပြီးတိုင်း
ကျွန်တော်တို့လုပ်လေ့ရှိသည်မှာ ထိုစနစ်၏အားနည်းချက်များနှင့် ဘေးပယောဂများကို
ထောက်ပြအပြစ်တင်ခြင်းသာဖြစ်သည်။ သို့သော် ကျွန်တော်တို့ကိုယ်တိုင် သမိုင်း၏ကြေးမုံပြင်ရှေ့မတ်တပ်ရပ်ပြီး
ဘယ်နှစ်ခါများ ကိုယ့်ကိုယ်ကို ရဲရဲကြည့်ဖူးပါသနည်း။ ကျွန်တော်တို့လူ့ဘောင်တွင်
မတွေးရသေးသော မေးခွန်းများစွာအတွက် ဤဆောင်းပါးက အုတ်တစ်ချပ်သဲတစ်ပွင့် ကူညီနိုင်မည်ဟုမျှော်လင့်ပါသည်။
Ref: Disaggregating Culture in The Central Liberal Truth by Lawrence E. Harrison Oxford University
Press 2006.
Graphic : http://wcfia.harvard.edu
Graphic : http://wcfia.harvard.edu
No comments:
Post a Comment