Tuesday, September 18, 2012

မြန်မာနှင့် အိန္ဒိယ [ကိုလိုနီခေတ် ပညာတတ်တို့အကြောင်း တစေ့တစောင်း]

ဤစာစုမှာ ဒေါ်အောင်ဆန်းစုကြည် ၁၉၈၇ ခုနှစ်တွင် Indian Institute of Advanced Study ၌ ခြောက်လတာ သုတေသနပြုခဲ့စဉ်က ပုံနှိပ်ခဲ့သော Burma and India: Some Aspects of Intellectual Life Under Colonialism ခေါင်းစဉ်ပါ စာအုပ်မှ ကောက်နုတ်ဘာသာပြန်ချက်များ ဖြစ်ပါသည်။ စာအုပ်တစ်အုပ်လုံးကို ပြန်ဆိုထားခြင်းမဟုတ်ပါ။ သို့သော် စာအုပ်၏အများစုဖြစ်ပါသည်။ ပြည်ပတွင် မြန်မာဘာသာဖြင့်ထုတ်ဝေသည့်ဂျာနယ်တစ်စောင်၌ အခန်းဆက်ထည့်သွင်းရန် ပြန်ဆိုခဲ့ခြင်းဖြစ်ရာ အခန်း (၁) တစ်ခုလုံးနှင့် အိန္ဒိယပညာတတ်များအကြောင်း အသေးစိတ်တင်ပြထားချက်အချို့ကို ချန်လှပ်ထားခဲ့ရပါသည်။ သို့အတွက် ဤစာမူ၌ အဓိပ္ပါယ်ကောက်ယူမှုလွဲခြင်း၊ အမှားအယွင်း၊ လစ်ဟာချက် တစ်စုံတစ်ရာပါရှိပါက ကျွန်တော်၏တာဝန်သာ ဖြစ်ပါသည်။

ထိုစာအုပ်ငယ်ကို ၂၀၀၆ ခုနှစ်က စင်ကာပူအမျိုးသားတက္ကသိုလ်စာကြည့်တိုက်တွင် အမှတ်မထင်တွေ့ခဲ့ပါသည်။ ထိုစဉ်က ကျွန်တော့်မှာ ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေချိန်ဖြစ်သဖြင့် လှန်လှောကြည့်ရုံမှတစ်ပါး အထူးသတိမထား မိခဲ့ပါ။ သုံးနှစ်ကြာပြီးသည့်အခါမှ တစ်ဖန်ငှားရမ်းပြီး အသေအချာ ဖတ်ရှုဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ စာအုပ်ပါ အကြောင်းအရာ တော်တော်များများမှာ ကျွန်တော်တို့ ကြားဖူးနားဝရှိပြီး၊ ဖတ်ရှုမှတ်သားပြီး၊ သိပြီးသားများဖြစ်ပါ၏။ သို့ရာတွင် ကျွန်တော်တို့မှာ သိရုံသာသိပြီး ထိုးထွင်းမြင်ထားခြင်း မဟုတ်ကြောင်း ဤစာအုပ်ကိုဖတ်ပြီးမှ ဆင်ခြင်မိလာပါသည်။

အကယ်၍များ တစ်စုံတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်သည် နိင်ငံရေးအသိအမြင်နည်းပါးသူ၊ မြန်မာပြည်အကြောင်း ဂဃနဏမသိသူ၊ ဘုမသိဘမသိ စင်ပေါ်ရောက်လာသူ စသဖြင့် ပြောလာပါက ထိုစာအုပ်ငယ်ကို အရင်ဖတ်ကြည့်ရန် ညွှန်းဖြစ်ပါလိမ့်မည်။ မြန်မာစာဖတ်သူဆိုလျှင်လည်း ဤစာစုကို တစ်စောင် ကော်ပီကူးပေးလိုက်မည်ဟု စိတ်ကူးထားပါသည်။




(၁)


၁၉၀၆ ခုနှစ်တွင် ခရစ်ယာန်လူငယ်များအသင်း YMCA ကို အတုယူ၍ ရန်ကုန်ကောလိပ်မှ၊ ကျောင်းသားတစ်စုဦးဆောင်ကာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (၀ိုင်အမ်ဘီအေ) ကို တည်ထောင်ခဲ့ကြသည်။ ရန်ကုန်ကောလိပ်တွင် ၁၉၀၄ ခုနှစ်မှ စတင်၍၊ဗုဒ္ဓဘာသာအသင်း ရှိပြီးဖြစ်သော်လည်း ၀ိုင်အမ်ဘီအေ ၌ ပိုမိုကျယ်ပြန့်သောအယူအဆနှင့်၊ နောက်ပိုင်းတွင် မြန်မာပြည်၏ ပထမဆုံးသောအမျိုးသားရေးအဖွဲ့အစည်းအဖြစ် ပေါ်ထွန်းလာရန် ရှိလေသည်။ ၀ိုင်အမ်ဘီအေ ၏ မူလအဖွဲ့ဝင်များသည် ပါတော်မူပြီးမျိုးဆက်၏ အစောပိုင်းမှဖြစ်ကြပြီး အင်္ဂလိပ်စနစ်ယိမ်းသည့် ပညာရေးကို၊မစ်ရှင်ကျောင်းများ၊ အစိုးရကျောင်းများတွင် သင်ယူခဲ့ကြသူများဖြစ်သည်။


ထိုသို့သောစနစ်မှ မွေးထုတ်လိုက်သည့် “ခေတ်သစ်ဗမာ” လူတန်းစား၏အသွင်အပြင်ကို ဘိလပ်ပြန် ၀တ်လုံလုလင်တစ်ဦးအဖြစ် ၀ိုင်အမ်ဘီအေ အသင်းကြီးသို့ ၁၉၀၈ ခုနှစ်၌ ၀င်ရောက်ခဲ့သူ ဦးမေအောင်က ပုံဖော်ရေးပြရာတွင် -


အပြင်ပန်းကြည့်ပါက ဗမာတစ်ယောက်ထက် ဘာမျှမပိုသော်လည်း အတွင်းစိတ်၌ သူများနှင့်မတူ ခြားနားနေသူ ဖြစ်ရာ၏။ ငယ်စဉ်က ကျောင်းနေဖက်သူငယ်ချင်းများမှာ ထိုသူ့အတွက် ရယ်ဖွယ်ရာလူသားများ ဖြစ်နေတော့သည်။ ထိုသူတို့ကား ငါ့လောက် လောက၏ ဖြစ်တည်သမှုကို မသိချေတကား။ သူတို့၏ယုံကြည်မှုနှင့် အယူသည်းခြင်းတို့သည် ကလေးဆန်၏၊ သူတို့ဘ၀နေထိုင်ပုံမှာ မသက်မသာရှိလှချေ၏။ အတိုချုပ်ဆိုရလျှင် - သူ့အနေဖြင့် ၎င်းတို့ထံမှ လေ့လာဆည်းပူစရာ မရှိချေပြီဟု မှတ်ယူလေတော့သည်။


ထိုမှတဖန်- ယင်းသို့ရှုမြင်ခြင်းသည် ငါတို့မျိုးဆက်အတွက် အပြင်းထန်ဆုံးသော ကျိန်စာဖြစ်ချေပြီတကား။ ထိုလုလင်ငယ်များကား မြန်မာမှုအတွေးအမြင်များကို လွှတ်ချရန်အားထုတ်ကြပေမည်။ ဘိုးဘွားတို့၏ ဓလေ့ထုံးစံများကို မေ့လျော့ခြင်း၊ ရှုတ်ချခြင်းများပင် လုပ်ကြပေမည်။ သို့ရာတွင် လူမျိုးခြားထုံးစံနောက် ကောက်ကောက်ပါအောင် လိုက်ခြင်းကား အကောင်းထက်အဆိုးသာများတော့မည်ဟု နှလုံးပိုက်ပြီးသကာလ-

အကြင်သူကား ညက်ညောသာယာစည်းစိမ်ကို နှစ်ခြိုက်ရာ၏၊ သို့သော် သိုးဆောင်းလူမျိုးတို့ကဲ့သို့ တစိုက်မတ်မတ် မခံစားရာ။ ဥစ္စာကို ပြည့်မောက်စေရာ၏၊ သို့သော် မဇ္ဈိမတိုင်းသားတို့ကဲ့သို့ ဇော မပွားရာ။ ထိသိခံစားမှုကို နှစ်လိုရာ၏၊ သို့သော် စိနတိုင်းသား တို့ကဲ့သို လက်လွတ်စပယ်မဖြစ်ရာ။

ခေတ်သစ်မြန်မာတစ်ယောက်ကို ပုံဖော်ရာတွင် အထက်ဖော်ပြပါစာပိုဒ်အပြင် အခြားအကျုံးဝင်သော အချက်များစွာ ရှိမည်ဖြစ်ပါသည်။ ဤနေရာ၌ ထောက်ပြလိုသည်မှာ ထိုစာပိုဒ်ပါရည်ညွှန်းချက်များမှာ အောက်မြန်မာပြည်ကို ဆိုလိုရင်းဖြစ်ကြောင်းပင်။ ဦးမေအောင် ကိုယ်တိုင် ရခိုင်တိုင်းရင်းသား တစ်ယောက်ဖြစ်သော်လည်း တနသာင်္ရီနှင့် ရန်ကုန်တွင် ကြီးပြင်းခဲ့သူဖြစ်သည်။ အင်္ဂလိပ်အုပ်ချုပ်ရေး သက်တမ်းရှည်ကြာခဲ့သော အောက်မြန်မာပြည်နှင့် တစ်မူခြား၍ အထက်ပြည်အညာသားတို့မှာ သူတို့၏ယဉ်ကျေးမှုနှင့် ဇာတိဂုဏ်ကို ထိန်းသိမ်းနိုင်ခဲ့ကြသည်ဟု အများက လက်ခံထားကြပါသည်။ ထိုကြောင့်ပင် မြန်မာ့ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်ရန် လိုအပ်သည့်အခါတိုင်း ခေတ်မီပညာတတ် ရန်ကုန်သားတို့အနေဖြင့် အထက်မြန်မာပြည်သား မိရိုးဖလာသုခမိန်များကို ချဉ်းကပ်ရခြင်းဖြစ်သည်။ ယင်းတို့အထဲမှ တစ်ယောက်ကို ပြပါဆိုလျှင် မြန်မာ့စာပေနှင့် နိုင်ငံရေးလောကတွင် ဦးဆောင်ဦးရွက် ပုဂ္ဂိုလ်ဖြစ်လာမည့် “သခင်ကိုယ်တော်မှိုင်း” ဟု နောက်ပိုင်းထင်ရှားခဲ့သူ “ဆရာလွန်း” ကို ပြရပေမည်။


“ဆရာမှိုင်း” ကို (၁၈၇၅) ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ အင်္ဂလိပ်တို့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့စဉ်က သာမဏေငယ်အဖြစ်ဖြင့် မန္တလေးတွင် သူရှိနေခဲ့သည်။ ပညာသင်ရာ ကျောင်းတိုက်အတွင်းမှ သီပေါဘုရင်နှင့် တော်ဝင်မိသားစုတို့၏ ကြေကွဲဖွယ်ရာ ထွက်တော်မူခရီးကို ကိုယ်တိုင်မြင်ခဲ့ရသူဖြစ်သည်။ ထိုအတွေ့အကြုံက ဆရာမှိုင်း၏မျိုးချစ်စိတ်ကို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်စေခဲ့ပြီး နောက်ပိုင်း သူဖန်တီးမည့် စာပေအတွက် အခြေခံယန္တရားတစ်ခု ဖြစ်စေခဲ့သည်ဟု ဆိုကြပါသည်။


ဆရာမှိုင်း၏ ငယ်စဉ်ဘ၀နှင့်ပတ်သက်၍ အသေးစိတ်လေ့လာထားခြင်း မရှိသေးသော်လည်း သူ၏ ဂန္တ၀င်စာပေ ဆည်းပူးချက်များမှာ အထက်မြန်မာပြည် ကျောင်းတိုက်ကြီးများတွင် အုတ်မြစ်တည်ခဲ့ကြောင်း သိရပါသည်။ နောက်ပိုင်းတွင် ရဟန်းဝတ်ဖြင့်ပင် အေက်မြန်မာပြည် မော်လမြိုင်သို့ ဆင်းလာပြီး သတင်းစာဆောင်းပါးများ စတင်ရေးသားခဲ့သည်ဆို၏။ ထိုခေတ်ထိုအခါက စာရေးစာချီအလုပ်များအတွက် ၀င်ပေါက်ဖြစ်သော အစိုးရ (၇)တန်း စာမေးပွဲကိုလည်း ဖြေဆိုခဲ့ဖူးကြောင်း သိရပါသည်။ သို့ရာတွင် ဆရာမှိုင်းအနေဖြင့် ၎င်း၏ခေတ်မီပညာရေးကို လက်တွေ့အသုံးချခဲ့သည်ကြောင်း မတွေ့ရချေ။


ရဟန်းဘ၀မှ လူထွက်ခဲ့ပြီးဖြစ်သော်လည်း သူ၏လက်ရာ ပြဇာတ်များ၊ သတင်းစာ ဆောင်းပါးများ၊ သမိုင်းစာပေနှင့် ကဗျာစာပေ အရေးအသားများမှာ မိရိုးဖလာပုံစံအတိုင်း တစ်သဝေမတိမ်းဖြစ်လေသည်။ ဆရာမှိုင်း၏စာများထဲတွင် မျက်မှောက်ခေတ်၌ ဖြစ်ပျက်နေသော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကိစ္စများကို ထင်သာမြင်သာ တွေ့ရသည်။ ဥပမာ ရှည်ရှည်လျားလျား ဖွဲနွဲ့ထားသည့် “ဋီကာ” ဟု ခေါ်သည့် စာများတွင် ထိုခေတ်က နိုင်ငံရေးအရ နိုးကြားလာပြီဖြစ်သော လူထုကိုဖမ်းစားထားသည့် အဖြစ်အပျက်များ၏ မြင်ကွင်းကို ဖျိုးခနဲဖျတ်ခနဲ တန်ဖိုးရှိရှိပေးလေသည်။


ဥပမာ ၁၉၁၃ ခုနှစ် တွင် ရေးသားခဲ့သော “ဗိုလ်ဋီကာ” ၌ အထက်မြန်မာပြည်တွင် တောရွာစီးပွားရေးပြိုလဲခြင်းနှင့် အမျိုသမီးများ နိုင်ငံခြားသားများကို လက်ထပ်ယူကြခြင်း (ယင်းကို ဆရာမှိုင်းက စီးပွားရေးကျပ် တည်းမှုကြောင့်ဟု) ကွက်ကွက်ကွင်းကွင်း တင်ပြထားသည်။ ၁၉၁၇ ခုနှစ်တွင်မူ ၀ိုင်အမ်ဘီအေမှ ထိုသို့သော လူမျိုးခြားလက်ထပ်မှုများကို ရှုတ်ချသည့် ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံခြားသားများသို့ မြေယာများ လွှဲပြောင်းချထားခြင်းကို ကာကွယ်ရန် ၀ိုင်အမ်ဘီအေမှ အစိုးရသို့ တိုက်တွန်းနိုင်ခဲ့ပါသည်။ ဤသို့ဖြင့် ဆရာမှိုင်းသည် မိရိုးဖလာပညာရှိများ၏ ကိုယ်စားပြုဖြစ်လာခဲ့ပြီး ကိုလိုနီခေတ်လူ့ဘောင်၏ ဖျားနာမှုများအား နောက်ပိုင်းတွင် အမျိုးသားရေးလှုပ်ရှားမှုခေတ်ဦး၏ ခေါင်းဆောင်များဖြစ်လာမည့် ခေတ်မီပညာတတ်များထက် ရှေးဦးမဆွကပင် တင်ပြခဲ့ကြောင်း တွေ့ရပါသည်။


ဦးမေအောင်အနေဖြင့် သူ၏သင်ခန်းစာဖြစ်သော “ခေတ်သစ်ဗမာ-သူ့ဘ၀သူ့အမြင်” ၌ ညွှန်ပြခဲ့သလိုပင် “ခေတ်သစ်ဗမာ” မျိုးဆက်သည် သူတို့၏အမြင်သစ်များကို ဘ၀တွင် နှစ်နှစ်ကာကာ ပေါင်းစည်းကျင့်သုံးခြင်း မပြုရသေး။ အမြင်ဟောင်းများကို အသစ်ဖြင့် အစားထိုးရုံအဆင့်သာ ရှိသူများဟု ဆိုလိုပါသည်။ (အထက်၌ တင်ပြခဲ့ပြီးဖြစ်သည့် ဦးမေအောင်၏ စာ ကောက်နှုတ်ချက်ကို ကြည့်ပါ။)


ဤနေရာတွင် အဟောင်းနှင့်အသစ်ကို ယှဉ်တွဲအသိအမှတ်ပြုခြင်း၏ သာဓကအဖြစ် ဦးမေအောင်၊ ဦးဘဖေ (၀ိုင်အမ်ဘီအေကိုထူထောင်ရန် အကြံဖြစ်သူ) အစရှိသည့် ခေတ်မီပညာတတ်များအနေဖြင့် မြန်မာ့ဂန္တ၀င်ထုံးတမ်းများနှင့် ပတ်သက်လာလျှင် ဆရာမှိုင်းကဲ့သို့သော မိရိုးဖလာပညာရှိများထံ ချဉ်းကပ်လေ့လာခြင်းကို ညွှန်ပြနိုင်ပါသည်။ သို့ရာတွင် ၎င်းတို့မျိုးဆက်၌ မြန်မာ့ဂန္တ၀င်ထုံးတမ်းများနှင့် ခေတ်မီယဉ်ကျေးမှုတို့အကြား ဟန်ချက်ညီညီဖြစ်ပေါ်မှုကို မတည်ဆောက်နိုင်ခဲ့ပါချေ။ အကြောင်းမှာ ခေတ်မီသူများအနေဖြင့် အမြင်သစ်များကို မိရိုးဖလာသမားများလက်ခံနိုင်လောက်သည့် အဆင်အပြင်ဖြင့် တင်ပြခြင်းမျိုး မရှိခဲ့သလို၊ မိရိုးဖလာသမားများဘက်မှလည်း ဂန္တ၀င်များကို ခေတ်မီလောက၏ မှတ်ကျောက်တင်ခံများဖြစ်ရန် အားမထုတ်ခဲ့သောကြောင့်ဖြစ်သည်။


ဆရာမှိုင်းကို မဟာအမျိုးသားကဗျာဆရာအဖြစ် အိန္ဒိယကဗျာဆရာကြီး တဂိုး နှင့် နှိုင်းယှဉ်ပြောဆိုကြပါသည်။ အမျိုးသားရေးဆိုသည်ကို နိုင်ငံရေးတစ်ခုတည်းသာမက ပိုမိုကျယ်ပြန့်သောယဉ်ကျေးမှုနယ်ပယ်အထိ သတ်မှတ်နိုင်မှသာ ထိုနှိုင်းယှဉ်မှုအကျုံးဝင်သည်ဟု ဆိုရပါမည်။






(၂)


ရာဘင်ဒြာနတ် တဂိုး သည် ဆရာမှိုင်းထက် ဆယ်စုနှစ်တစ်စုကျော်စော၍ မွေးဖွားခဲ့သူဖြစ်သော်ငြားလည်း အတွေးအခေါ်တိုးတက်မှုနှင့် အတွေ့အကြုံပိုင်းတွင် ငြင်းစရာမလိုအောင် ဆရာမှိုင်းထက်ပိုပြီး ခေတ်မီသူဖြစ်ပါသည်။


ကြွယ်ဝပြီးခေတ်ဆန်သူ ဒွာကာနာ့သ် တဂိုး၏မြေး၊ ခေတ်သစ်ဗြဟ္မာဏဂိုဏ်းကြီးကို အသက်သွင်းခဲ့သူ ဒေဗင်ဒရာနာ့သ် ၏ သားတစ်ယောက်ဖြစ်သူ၊ ရာဘင်ဒြာနာ့သ် သည် ခေတ်သစ်ကမ္ဘာကြီးအလယ်တွင် အိန္ဒိယ၏တည်တံ့မှုကို အာမခံပေးမည့် လူမှုရေးနှင့် ဘာသာရေးဆိုင်ရာစံထားချက်များကို ပြန်လည်ဖော်ထုတ်ရန်ပြင်းပြသော ဆန္ဒအမွေကို ဆက်ခံနိုင်ခဲ့သူဖြစ်ပါသည်။


တဂိုးသည် ငယ်စဉ်ကတည်းက အင်္ဂလိပ်စာပေကို ကျွမ်းဝင်သူဖြစ်ပေရာ ဘာသာခြား အသွင်များကို သူ၏စာပေလက်ရာများတွင် ပေါင်းစပ်နိုင်ပုံမှာ ပြီးပြည့်စုံလှ၏။ ဤသည်ကပင် တဂိုး၏ သူမတူသော လူရည်လူသွေးများ တနံတလျားထဲမှ အရေးပါသောတစ်ခုဖြစ်တော့သည်။


တဂိုး၏ ဘာသာရေးဆိုင်ရာ အယူအဆများကို ဟိန္ဒူ ဥပနိသျများနှင် ဗောဓိကျင့်စဉ် စာပေများက သြဇာညောင်းကြသည်။ တဂိုး၏လက်ရာများ မှာ ဘင်္ဂါလီစာပေနယ်ပယ် အပြင်ဘက်သို့ ၁၉၁၂ နောက်ပိုင်းတွင်မှ ရောက်လာကြသည်။ အင်္ဂလိပ်ဘာသာပြန်ထားသော တဂိုး၏ကဗျာများကို စိတ်အားထက်သန်စွာ သက်ဝင်ခဲ့ကြသော W.B. Yeats နှင့် Ezra Pond တို့ကဲ့သို့သော စာပေလောကမျက်နှာဖုံးများ၏ ကောင်းမှုဖြင့် ဤမျှထင်ရှားလာခြင်းဖြစ်သည်။


တဂိုး စံနမူနာထားသော အိန္ဒိယ၏သွင်ပြင်မှာ သူ၏ ကျော်ကြားလှသော ဂီတဉ္ဇလီ ကဗျာစာပိုဒ်များထဲမှ တွေးဆချက်များပေါ် အခြေခံလေသည်။






စိတ်ထဲမှာ အကြောက်တရားမရှိ...ခေါင်းကို မတ်မတ်မော့ထားတဲ့...နေရာ


သုတတွေကို အလျှံပယ်ပေးဝေတဲ့...နေရာ


ကမ္ဘာကို သေးသိမ်တဲ့ လမ်းကြားနံရံလေးတွေနဲ့ ပိုင်းခြားမထားသေးတဲ့...နေရာ


အမှန်တရားကသာ စကားလုံးတွေကို ဖွင့်အန်တဲ့...နေရာ


အနားမနေသူတွေက အကောင်းတကာ့အကောင်းဆုံးကို လက်လှမ်းလို့...အဲဒီနေရာ


အကျိုးအကြောင်းတွေက ကြည်လင်တဲ့စမ်းရေလို စီးလို့..၀မ်းနည်းစရာဟောင်းနွမ်းတဲ့ ကန္တာရထဲ မပျောက်ဆုံးမယ့်...နေရာ


စိတ်အာရုံတွေကို... အတိုင်းမရှိကျယ်ပြောတဲ့အကြံအစည်နဲ့ လုပ်ရပ်တွေက ရှေ့ကိုဆွဲခေါ်ကြမယ့်....နေရာ


လွတ်လပ်တဲ့နိဗ္ဗာန်ဆီ အိုဖခင်.. အကျွန်ုပ်၏တိုင်းပြည်ကို နိုးထပါစေလော့...။

သုတ၊ လွတ်လပ်မှု၊ သာတူညီမျှရေး၊ အမှန်တရား၊ အကျိုးအကြောင်းသင့်လှုပ်ရှားမှုများနှင့် သမထားသည့် ဘာသာတရားဘောင်ထဲမှ တွေးတောဆင်ခြင်မှု စသော အိန္ဒိယနိုးကြားလာခြင်း၏ ဦးတည်ချက်နှင့်၊ စံထားချက်များကို စာကြောင်းအနည်းငယ်အတွင်း၌ ရစ်ပတ်ဖွဲ့နွဲ့ထားခြင်း ဖြစ်ပါသည်။


တဂိုးကို အမျိုးသားပြယုဂ်အဖြစ် လက်ခံထားကြသော်လည်း အမျိုးသားရေးဝါဒီအဖြစ် အမြဲတမ်းမြင်ကြသည်တော့မဟုတ်ပါ။ ဂန္ဓီ၏ အနောက်တိုင်းယဉ်ကျေးမှုအပေါ် မျက်နှာလွှဲခဲပစ် ရှုတ်ချခဲ့ခြင်း၌ တဂိုးနှင့် ဂန္ဓီတို့ သဘောကွဲလွဲကြသည်မှာ လူသိရှင်ကြားဖြစ်ပါသည်။ ထိုကိစ္စကပင် တဂိုး၏ နာမည်ကျဆင်းမှုအတွက် အကြောင်းရင်းဖြစ်ခဲ့သည်။


ဂန္ဓီကား လက်လုပ်လက်စားနှင့် သာမန်ပြည်သူလူထုတစ်ရပ်လုံး၏ မျိုးချစ်စိတ်တက်ကြွရေးကို ကိုယ်စားပြုခဲ့သူဖြစ်သည်။ တဂိုး၏ ကမ္ဘာလုံးဆန်ဆန် အတွေးအခေါ်များမှာ မကြာခဏဆိုသလို လူထုနှင့်ကင်းကွာစေခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးစလုံးကို လေးစားသူ နေရူးက ဂရုဏာလွှမ်းသော နှိုင်းယှဉ်ချက် စာတစ်ပိုဒ် ရေးခဲ့လေသည်။


တဂိုးကား တွေးခေါ်သူပင်။ ဂန္ဓီကမူ အလုပ်ကို အဆက်မပြတ် လုပ်နေလိုသူဖြစ်သည်။ သူတို့နှစ်ဦးတွင် ခြားနားသော လောကအမြင် ရှိသော်ငြားလည်း နှစ်ဦးစလုံး အိန္ဒိယသားစစ်စစ်ကြီးများ ဖြစ်ကြသည်။ သူတို့နှစ်ဦး၏ တကွဲတပြားစီ ကိုယ်စားပြုခြင်း၌ပင် ဘက်ညီသောအိန္ဒိယ၏အသွင်ကို ဆောင်ကြသည်။ အိန္ဒိယအတွက် အပြန်အလှန် ပါရမီဖြည့်ကြလေသည်။

ဆရာမှိုင်း၏ တဂိုးနှင့် နီးစပ်ချက်မှာ တွေးခေါ်သူတစ်ဦးဖြစ်ခြင်းပင်။ သို့ရာတွင် သူ၏နိုင်ငံရေးခံယူချက်က ဂန္ဓီနှင့်ပို၍ နီးစပ်လေသည်။ ဆရာမှိုင်း၏စာအများစုမှာ ထိုခေတ်က ဖြစ်ပျက်နေသည့် မျက်မှောက်ကာလ အမျိုးသားရေးကိစ္စ ကြီးငယ်မဟူတို့ကို ထင်ဟပ်သည်။ ဗြိတိသျှဧည့်ခံပွဲတစ်ခုသို့ မြန်မာဝတ်စုံဖြင့် တက်ရောက်ခဲ့သော ဦးမေအောင်ကိုသူ့စာထဲတွင် ဖော်ထုတ် ချီးမွမ်းခဲ့သည်။ ၀ိုင်အမ်ဘီအေ အသင်းလူကြီးများ လန်ဒန်အထိသွား၍ မြန်မာတို့အမြင်ကို ဗြိတိသျှအစိုးရထံ တင်ပြခြင်းအတွက် အားရ၀မ်းသာရှိခဲ့သည်။ ပုလိပ်အဖွဲ့၏ အဖမ်းအဆီးကို အကြိမ်ကြိမ်၊ ရှောင်ကွင်းလွတ်မြောက်နေသော ဓားပြဗိုလ်သည် သူ့၏စာများတွင် ပုံပြင်ထဲမှ ဟီးရိုးဖြစ်နေသည်။ သူ၏အရေးအသားကို ဖတ်ရှုပါက တိုင်းပြည်သားများ၏စိတ်ဝယ်၊ ဖြစ်ပျက်နေသောသဏ္ဌာန်ကို မှန်းဆမြင်စေနိုင်သည်အထိ အစွမ်းထက်သူ လူထုကြီး၏ဘက်တော်သား ဖြစ်လေသည်။


ဆရာမှိုင်း၏စာများက မျက်မှောက်ရေးရာများအပေါ် ပြည်သူအများအာရုံစိုက်လာအောင် ဆွဲဆောင်၍ ချီးမွမ်း၊ ရှုတ်ချခြင်းများပြုသော်လည်း အမျိုးသားရေးလှုပ်ရှားမှုများအတွက် ထွက်ပေါက်ပေးသော အတွေးအခေါ် စသည်တို့ကို လမ်းညွှန်နိုင်ခြင်း မရှိခဲ့ပါချေ။ အခြားတစ်ဖက်မှကြည့်လျှင် ချီးမွမ်း၊ ရှုတ်ချခြင်းဆိုသည့် စာရေးဟန်မှာ မြန်မာ့ဂန္တ၀င်စာပေ၏ ရိုးရာအင်္ဂါရပ်ဖြစ်သည်ဟု ဆိုနိုင်လေသည်။ မြန်မာ့ရာဇ၀င်တွင် အုပ်ချုပ်သူ မင်း ကို ဝေဖန်သော အရေးအသားများ (အထူးသဖြင့် သိသာသောဆုံးရှုံးမှုများ ထိုမင်းလက်ထက်တွင် ကြုံခဲ့ပါက) ရံဖန်ရံခါ တွေရတတ်သည်။ ထို့အတူ ဘုရင်မင်းတရား၏ စွမ်းဆောင်ချက်များ အောင်မြင်မှုများကို အထူးမြှောက်ပင့်ခြင်းမှာလည်း မထူးဆန်းသောကိစ္စ ဖြစ်လေသည်။


ဤနေရာတွင် ‘မေတ္တာစာ’ ဟုခေါ်သော မြန်မာ့ဂန္တ၀င် အရေးအသားတစ်မျိုးလည်း ရှိသေးသည်။ ရဟန်းတော်များမှ မင်းဧကရာဇ်များထံသို့ ပစ္စည်းလေးပါးအလှုခံသောစာများမှ အစပြုခဲ့ပြီး နောက်ပိုင်းတွင် အသနားခံစာ၊ အကြံပေးစာနှင့် ကြော်ငြာစာများပင် ပါရှိလာလေသည်။ (မြန်မာ့လူ့ဘောင်၌) စာပေပညာရှင်များ ဆုံးမသူနေရာ၌ ယူလေ့ရှိခြင်းသည် ခေတ်ဟောင်းမှာကတည်းက ရှိခဲ့သလို (၂၀) ရာစုဦးပိုင်းလက်ရာများအထိ ဆက်လက်တွေ့ရသည့် အရာလည်းဖြစ်သည်။


မြန်မာစာအရေးအသားမှာလည်း ပြောင်းလဲရန်အစပြုလာပြီဖြစ်သည်။ အိန္ဒိယရှိ စာပေအရေးအသားများ ခေတ်မီပုံစံအဖြစ်၊ ပြောင်းလဲလာအောင် သြဇာလွှမ်းခဲ့သော အနောက်တိုင်းစာပေ၊ ပုံနှိပ်လုပ်ငန်းများတိုးတက်လာမှု၊ သတင်းစာများပျံ့နှံ့လာခြင်း၊ စာဖတ်သူများပြားသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခြင်းတို့၏ စနက်ပင်ဖြစ်သည်။ တစ်ချိန်တည်း၌ ဂန္တ၀င်မြန်မာစာမှာလည်း အငှားသုံးထားသော ပါဠိစာလုံးများ၊ ခေါက်ရိုးကျိုးနေသော အရေးအသားများ၊ စာကွန့်စာညွန့်များဖြင့် လေးလံနေပြီးဖြစ်၏။ အစောပိုင်းမြန်မာသတင်းစာများမှ သတင်းဆောင်းပါးအများမှာ ရှေးမူကိုထိန်းသိမ်းကြသည်။ ဥပမာချစ်သူများ သေကြာင်းကြံသွားကြသည်ဟူသော ရင်သပ်ရှုမောသတင်းမျိုးကို လက်တမ်းလင်္ကာဖွဲ့၍ ဖော်ပြတတ်ကြသည်။ သို့ရာတွင် သတင်းပေးပို့မှု လျှင်မြန်ဖြစ်ထွန်းလာခြင်းက သတင်းရေးသားမှုတွင် အချက်အလက်ကိုအခြေခံသည့် တိုတိုရှင်းရှင်းပုံစံကို ဖြစ်ထွန်းလာစေခဲ့သည်။ ဤနေရာတွင် အပြောင်းအလဲဖြစ်ပေါ်ရေးအတွက် တိုးတက်လာသောသတင်းစာပညာက မည်မျှနှင့်၊ အင်္ဂလိပ်စာရေးသားမှုပုံစံက မည်မျှ သက်ရောက်ခဲ့သည်ကို ပိုင်းခြားသတ်မှတ်ရန် ခဲယဉ်းပါသည်။ သို့သော် အင်္ဂလိပ်စာပေ၏ သြဇာသက်ရောက်မှုက ပိုမိုအစွမ်းထက်သည်ဟု ယူဆနိုင်စရာရှိသည်။ အင်္ဂလိပ်စာလေ့လာသူ မြန်မာများ၏ မြန်မာစာအရေးအသားက ခေတ်မီ အီဒီယမ် များအား ထင်ထင်ရှားရှား သုံးလာကြသည်ကို စောစောပိုင်းကတည်းက တွေရသောကြောင့်ဖြစ်သည်။


(၃)


မြန်မာ့ ပထမ ခေတ်ပေါ်ဝတ္တုအဖြစ် ယေဘူယျအားဖြင့် အသိအမှတ်ပြုထားသည့် စာမှာ ၁၉၀၄ ခုနှစ်တွင် ပုံနှိပ်ခဲ့သော ဂျိမ်းစ်လှကျော်၏ “မောင်ရင်မောင် မမယ်မ” ဖြစ်လေသည်။ စာရေး ဆရာမှာ သာသနာပြုကျောင်းထွက်တစ်ဦးဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်လည်း ဖြစ်ပုံရသည်။ Count of Monte Cristo ၀တ္တုကြီး၏ ရှေ့ပိုင်းများကို မှီငြမ်းထားသော ဂျိမ်းစ်လှကျော်၏ ဇာတ်လမ်းမှာ မိရိုးဖလာဗုဒ္ဓဘာသာ လူမှုရေးပုံစံများနှင့် ဆင်တူမဖြစ်လှကြောင်း တွေ့ရသည်။ ရိုးရိုးရှင်းရှင်းစကားပြေဖြင့် ရေးထားသော ထိုဝတ္တုတွင် ဂန္တ၀င်ဆန်ဆန်အရေးအသားကို လုံးဝဖယ်ရှားထားလေသည်။ ”မောင်ရင်မောင် မမယ်မ”၏ အောင်မြင်မှုကြောင့် မြန်မာဝတ္တုများ တစ်ဟုန်ထိုးခေတ်စားလာပြီး ကာလတိုအတွင်းမှာပင် ပြဇာတ်များနေရာ၌ အစားဝင်လာနိုင်ခဲ့သည်။ သို့ရာတွင် အစောပိုင်းဝတ္တုအများစုမှာ ဂျိမ်းစ်လှကျော်၏ ပုံစံသစ်ကဲ့သို့ သွက်သွက်လက်လက်မဟုတ်ပဲ ဖွဲ့စည်းပုံနှင့်အရေးအသား၌ ရှေးပြဇာတ်ဆန်ဆဲဖြစ်သည်ကို တွေ့ရသည်။ ဇာတ်လမ်းကျောရိုးအနေဖြင့်မူ အချစ်အလွမ်းဦးစားပေးဖြစ်ပြီး ဘ၀သရုပ်ဖော် ရေးသားခြင်းမျိုး အနည်းအကျဉ်းသာ တွေ့ရလေသည်။


၁၉၂၀ ခုနှစ်မတိုင်မီ ပုံနှိပ်ခဲ့သော ခေတ်ပြိုင်ဇာတ်လမ်းဝတ္တုအနည်းငယ်တွင် ဦးလတ်၏ လက်ရာများလည်းပါဝင်သည်။ ဦးလတ်မှာလည်း ဂျိမ်းစ်လှကျော်ကဲ့သို့ပင် ပညာရေးစနစ်သစ်မှ၊ မွေးထုတ်လိုက်သူဖြစ်သည်။ ဂျိမ်းစ်လှကျော်နှင့်မတူ တစ်မူထူးခြားချက်မှာ ဦးလတ်၏ အရေးအသားများက ဂန္တ၀င်ပုံစံသာမက ခေတ်ပြိုင်ပြဇာတ်များနှင့်လည်း အလှမ်းမကွာလှချေ။ အောက်မြန်မာပြည်တွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သော်လည်း ဦးလတ်၏ အရေးအသားများမှာ မြန်မာ့ထီးနန်းနေ့ရက်များကို ပြင်းပြသောတမ်းတမှုဖြင့် မွှမ်းထုံလေသည်။ မန္တလေးစကားကို ပျူငှာသည်၊ ’မန်း’ဟန်ပန်များကို နန်းဆန်သည်ဟု တင်ပြသည်။ ဦးလတ်၏ အထင်ရှားဆုံး အချစ်ဝတ္တုဖြစ်သည့် “ရွှေပြည်စိုး” တွင် ဇာတ်လိုက်မှာ မိဖုရားငယ်တစ်ပါး၏ သမီးတော်ဖြစ်ပြီး သစ္စာခံလူယုံများက စောင့်ရှောက်မွေးမြူလာခဲ့ကြရသူဖြစ်၏။ ကလေးငယ်မှာ သာမန်အရပ်သားတို့ကဲ့သို့ ပျိုးထောင်ခြင်းကို ခံယူရသော်လည်း တော်ဝင်သွေးကို သိရှိထားသူဖြစ်သည်။ ဤသို့စီမံထားရခြင်းမှာ သူမအား အာဏာစွမ်းထက်သူ မိဖုရားဆိုးတစ်ပါး၏ရန်မှ ကာကွယ်ရန်ဖြစ်သည်ဟု ဆိုလေသည်။ အဆုံးသတ်တွင် အဖြစ်အပျက်အားလုံးမှာ နားလည်မှုလွဲခြင်းသာ။ ကြောက်ရွံ့ဖွယ်ရာ မိဖုရားကြီးဆိုသူမှာ သူမကို မမုန်းတီး၊ ချစ်ခင်သူသာဖြစ်ပြီး စေတနာထားသူဖြစ်ကြောင်း ရှင်းလင်းသွားလေသည်။ ဦးလတ်အနေဖြင့် ‘ရွှေပြည်စိုး’ ၀တ္တုဖြင့် သီပေါမင်း၏ မိဖုရား ‘စုဖုရားလတ်’ အပေါ် ရှုတ်ချ ရေးသားမှုများကို တုံ့ပြန်ထားခြင်းဖြစ်သည်ဟု ပြောဆိုမှုများမှာမူ အလှမ်းဝေးလှပါသည်။ သို့ရာတွင် ဘုရင်စနစ်၏ လစ်ဟာချက်များကို၊ မမေ့နိုင်လျှင်တောင် ခွင့်လွတ်နိုင်ခဲ့ပြီဆိုသော အချက်ကို ယင်းဝတ္တုမှ ညွှန်ပြလျှက်ရှိသည်။ အတိတ်ကာလကို လွမ်းဆွတ်တမ်းတခြင်းမှာ ခေတ်ဟောင်းဘုရင်စနစ်ကို နှစ်နှစ်ကာကာမက်မောခြင်းထက် ကိုလိုနီလက်အောက်ခံဘ၀ကို မနှစ်မြို့ခြင်းက ပို၍ဖြစ်နိုင်ပါသည်။ အတိတ်ကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် ဖြစ်နိုင်ချေရှိမည့် ဘုရင်စနစ်ပုံစံအတွက် ဆွေးနွေးခြင်း၊ ငြင်းခုံခြင်းမျိုး မရှိခဲ့ပါ။ နှစ်ဆယ်ရာစုအစပိုင်းမှ မြန်မာကြီးတို့အနေဖြင့် သူတို့၏မျိုးချစ်တာဝန်မှာ ဓလေ့ဟောင်းများကို ခေတ်သစ်တွင် အံဝင်ခွင်ကျခြင်းရှိမရှိ၊ လေ့လာစုံစမ်းခြင်းမပြုမူပဲ နကိုအတိုင်း ဆက်လက် ထိန်းသိမ်းရန်ဟုသာ ခံယူခဲ့ကြလေသည်။


သို့ရာတွင် ၁၉၁၀ ခုနှစ်များတွင် ဖြစ်ပေါ်ခဲ့သော တိုးတက်မှုတစ်ခုမှာ မြန်မာ့အမွေအနှစ်များနှင့်ပတ်သက်၍ ခေတ်သစ်ပုံစံဖြင့် လေ့လာချဉ်းကပ်မှုကို ဖန်တီးပေးခဲ့သည့် မြန်မာနိုင်ငံသုတေသနအသင်း (Burma Research Society) ကို အင်္ဂလိပ်လူမျိုး ဂျေ အက်စ် ဖာနီဗယ် (J. S. Furnivall) ၏ ကောင်းမှုဖြင့် ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်။ မစ္စတာ ဖာနီဗယ်အနေဖြင့် ရှမ်း(ထိုင်း) အသင်းဂျာနယ် (Journal of the Siam Society ) ကို ဖတ်ရှုမိရာမှ ဤသို့အကြံရခြင်းဖြစ်သည်ဆို၏။ မြန်မာပြည်တွင်လည်း အလားတူ အသင်းတစ်ခုထူထောင်ပြီး၊ မြန်မာနှင့်ဥရောပသားတို့ အတူတကွလက်တွဲကာ တိုင်းပြည်ကောင်းစားရေးဟူသည့် တူညီသောစေ့ဆော်ချက်ဖြင့် လုပ်နိုင်ကြရန်ဖြစ်သည်ဟု ဆိုပါသည်။ ဖာနီဗယ်က သုတေသနအသင်းဖွင့်ပွဲကို ၁၉၀၈ ခုနှစ်တွင် သူပထမဆုံး နားထောင်ခဲ့ဖူးသော ဦးမေအောင် ၏ “ခေတ်သစ်ဗမာ” စာတမ်းဖြင့် ဖွင့်လှစ်ခဲ့သည်။ ထိုအသင်း ဖွဲ့စည်းခြင်းအားဖြင့် အမျိုးသားရေးဝါဒနှင့် ပုန်ကန်ထကြွမှုများကို မြေတောင်မြှောက်သကဲ့သို့ ဖြစ်လာမည်ဟု တရားဝင်ကန့်ကွက်မှုများ ရှိခဲ့သော်လည်း ဘုရင်ခံကိုယ်တိုင်က အသင်းဖွဲ့စည်းရေးဖက်၌ ရှိနေခဲ့သည်။ ဤသို့ဖြင့် မစ္စတာ ဖာနီဗယ်၊ ဦးမေအောင်၊ ရန်ကုန်ကောလိပ်မှ ပါဠိဘာသာကထိက ပြင်သစ်လူမျိုး ချားလ်စ် ဒူရွိုင်ဆယ် (Charles Duroiselle) တို့ စည်းရုံးပြီး မြန်မာနိုင်ငံသုတေသနအသင်းကို ထူထောင်နိုင်ခဲ့ကြသည်။ ထိုအသင်းမှ ၁၉၈၀ ပြည့်နှစ်များ၏အစောပိုင်းအထိ ထုတ်ဝေခဲ့သော “မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်” မှာ မြန်မာ့သမိုင်း၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ပထ၀ီဆိုင်ရာများနှင့် ပတ်သက်၍ ယနေ့အထိထုတ်ဝေခဲ့သမျှထဲတွင် တန်ဖိုးအရှိဆုံး ပညာရေးစာပေဘဏ်တိုက်ကြီးအဖြစ် ရပ်တည်လျှက်ရှိပါသည်။ ၁၉၁၆ ခုနှစ်တွင် ဆက်လက်လည်ပတ်ရန်အခက်အခဲများကြောင့် အသင်းတည်တံ့ရေး ရုန်းကန်နေရချိန်တွင် ဖာနီဗယ်က အသင်းရည်ရွယ်ချက်များနှင့်ပတ်သက်၍ သူ၏အမြင်ကို ဤသို့ပြောခဲ့သည်။


“.....ကျွန်တော်တို့ လူသားဆန်တဲ့ မြန်မာပြည်ကို ရှာဖွေနေကြတာပါ။ ဒီမှာလုပ်နေတဲ့ မဆိုစလောက် လူတစ်စုအတွက်က ဒီဂရီ နဲနဲပါ။ လျှို့ဝှက်ဆန်းကြယ်လှတဲ့ ဗမာတစ်ယောက်ချင်းစီနဲ့ ပတ်သက်လို့ သူတို့ရဲ့အပြုအမူ၊ အလုပ်လုပ်ပုံတွေဟာ ဒီတိုင်းပြည်မှာအရေးပါသလို တာရှည်ခံတယ်ဆိုတာ ကျွန်တော်တို့ သိပြီးဖြစ်ပါတယ်။ ဘာ့ခ် (Burke) ရဲ့ စကားအတိုင်းပြောရရင် သေဆုံးပြီးခဲ့သူတွေ၊ အသက်ရှင်နေဆဲသူတွေ၊ မွေးဖွားလာမယ့် သူတွေရဲ့အကြား… ပူးပေါင်း ဆောင်ရွက်ခြင်းတစ်ခု ဖြစ်ပါတယ်။”


“ကျွန်တော်တို့ မြန်မာပြည်ကို ကူညီတည်ဆောက်ချင်တယ်ဆိုတာ အခုမှ မြေကြီးထဲက တူးဖော်ရရှိတဲ့ စေတီတစ်ဆူကို ထိန်းသိမ်းရေးတွေ လုပ်ရတဲ့လုပ်ငန်းနဲ့ ဆင်တူပါတယ်။ ပြုပြင်ထိန်းသိမ်းရတဲ့ အလုပ်ဟာ မဖြစ်မနေလုပ်ရတာဖြစ်ပြီး အလွန်ငြီးငွေ့စရာ ကောင်းပါလိမ့်မယ်။ ပုဂံက ဖက်လိပ်ဘုရားကို တူးဖော်နေတုန်း ကျွန်တော်ရောက်သွားတာကို သတိရမိပါတယ်။ အဲဒီမှာ အလုပ်သမားက တံမျက်စည်းတစ်ချက် သပ်လိုက်ရုံနဲ့ မြေမှုန့်တွေ၊ ပလာစတာတွေအောက် မြုပ်နေတဲ့ နှစ်ရာနဲ့ချီတဲ့ကာလက တည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းအုတ်ခွက်လက်ရာတစ်ခု ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူအခုလို အကောင်အထည် မမြင်ရခင်မှာ လှည်းစီးတိုက်များစွာရှိတဲ့ အမှိုက်သရိုက်တွေကို အရင်ဖယ်ရှားရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အဖြစ်မှာလည်း အဆောက်အအုံတစ်ခုလုံးရဲ့ ဖောင်ဒေးရှင်းက အုတ်ခဲတစ်ချပ်ချင်းစီကို အသေအချာပြန်စီရတာပါ။ ကျွန်တော်ကတော့ မြန်မာပြည်ရဲ့အနာဂါတ်ကို ရေရှည်ခံဖို့ တည်ဆောက်ချင်တယ်ဆိုရင် အရင်ရှိပြီး ဖောင်ဒေးရှင်းအဟာင်းတွေပေါ်မှာ တည်မှဖြစ်မယ်လို့ မမှိတ်မသုန် ယုံကြည်သူဖြစ်ပါတယ်။”


ထိုသို့သော အမြင်များမှာ မြန်မာတို့ကို တစ်ဖန်နိုးကြားရေး အပင်ပေါက်စေမည့် မျိုးစေ့များအဖြစ် မှတ်ယူနိုင်ပါသည်။ အတိတ်၊ ပစ္စုပ္ပန်နှင့်၊ အနာဂါတ်ကို ဆက်သွယ်လိုသောဆန္ဒ၊ လှည်းစီးတိုက်မျှရှိသော အမှိုက်များကို ရှင်းလင်းပြီးမှသာ အခြေခံအုတ်မြစ်အဟောင်းများအနေဖြင့် သန်စွမ်းလာပြီး အဆင်အပြင်အသစ်များကို တောင့်ခံ၊ တာရှည်ခံနိုင်မည့်သဘာဝ စသည်တို့ကို မြင်ရသည်။ သို့ရာတွင် ထိုနိုးကြားရှင်သန်ခြင်းအပင်မှ အသီးအပွင့်များ ပြည့်ပြည့်၀၀ ဖြစ်ထွန်းမလာခဲ့ကြောင်း (နောက်ပိုင်းတွင်) တွေ့လာရလေသည်။


(၄)


တဂိုး အနေဖြင့် ပြန်လည်နိုးကြားလာသော အိန္ဒိယ၏အတွေးအခေါ်များဘက်မှ မားမားမတ်မတ်ရပ်ခဲ့သည်မှာ နောက်ပိုင်း အမျိုးသားရေးဝါဒ အရှိန်ပြင်းထန်လာသည့်နှစ်များတွင်မူ သူ၏ အောင်မြင်ကျော်ကြားမှုများကို စတေးခံရသည်အထိ ဖြစ်ခဲ့သည်။ (၁၉) ရာစု အိန္ဒိယ၏ အမွေများကို (၂၀) ရာစုအတွင်းထိ ထိုသို့ အနစ်နာခံရဲသော ပေးဆပ်မှုများအကြားမှ လက်ဆင့်ကမ်းခဲ့ကြခြင်းဖြစ်သည်။ ရိုးရာအစဉ်အလာများ၊ ပြန်လည်နိုးထလာခြင်းကို နှစ်နှစ်ကာကာသောက်သုံးထားသူများက ဆန်းသစ်ထားသည့်အတွေးအခေါ်များကို ရှေ့သို့ဆောင်ယူခဲ့ကြပြီး တစ်ဆင့်ခံဖြန့်ဖြူးပေးနိုင်မည့် လူလတ်တန်းစားထုထဲသို့ စိမ့်ဝင်လွှမ်းခြုံစေခဲ့ကြသည်။ မြန်မာပြည်၌မူ (အိန္ဒိယမှာကဲ့သို့) ထိထိရောက်ရောက်၊ ခေါင်းဆောင်မည့်သူများ ရှားပါးခဲ့ရာ ပြည်သူများမှာ (၂၀) ရာစု ဆန်းသစ်မှုများ၏ ရိုက်ချက်ကို မိမိတို့ဘာသာ ဖြစ်သလိုတုံ့ပြန်ခဲ့ရလေသည်။ သမိုင်းတစ်လျှောက်တွင်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။


သာမန်အားဖြင့် မိရိုးဖလာမြန်မာတို့မှာ ပညာရေးကို အထူးလေးစားကြသူများဖြစ်သည်။ ဇာတ်မြင့်သူများသာ နက်နဲသည့်ပညာရပ်များကို သင်ယူခွင့်ရှိသော အိန္ဒိယမှာကဲ့သို့ မဟုတ်ပဲ မြန်မာပြည်တွင် အယုတ်၊ အလတ်၊ အမြတ်မရွေး ပညာသင်ယူနိုင်ကြသည်။ (အခြားတစ်ဖက်၌မူ) ယင်းပညာရေးသည် နိဗ္ဗာန်သို့မျက်မှောက်ပြုရာတရားကို ညွှန်ပြခဲ့သူ ဗုဒ္ဓ၏ ဟောကြားချက်၊ ဒေသနာများနှင့် ဆက်စပ်နေလေသည်။ ထို့ကြောင့်ပင် ပညာတတ်ဖြစ်ရန်မှာ စာတတ်၊၊ပေတတ်မျှနှင့် မလုံလောက်ပဲ သံသရာမှလွတ်မြောက်ခြင်း သဘောတရားများကို မွှေနှောက်ခြောက်ချားနိုင်သူဖြစ်ရန် လိုအပ်လေသည်။ ထိုသို့သောအမြင်ရှိသူ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ပညာရေးကို ကိုလိုနီအုပ်ချုပ်ရေးအောက် အလုပ်အကိုင်သစ်များနှင့် အခွင့်အလမ်းသစ်များအတွက် လက်တွေ့လေ့ကျင့်ပေးရန်ဟူသည့် ဗြိတိသျှတို့၏ ပညာရေးမူဝါဒပေါ်၌ အလွယ်တကူသက်ဝင်ရန် အကြောင်းမရှိပါချေ။ ခေတ်သစ်ပညာရေးစနစ်ကို မဖြစ်မနေလက်ခံခဲ့ရသည့် အခါတွင်လည်း နက်နက်နဲနဲတွေးခေါ် လေ့လာစရာတစ်ခုအဖြစ်ထက် အပေါ်ယံရုပ်ပိုင်းဆိုင်ရာ အသုံးချသက်သက်ပုံစံအဖြစ်သာ မြန်မာတို့ လက်ခံခဲ့ခြင်းဖြစ်သည်။ ပညာဗဟုသုတအစစ်အမှန်မှာ ဗုဒ္ဓတရားတော်များထဲမှာသာရှိသည် ဟူသည့် အရိုးစွဲနေသော အယူအဆမှာ မလှုပ်မယှက် ခိုင်ခိုင်မြဲလျှက်သာ တည်လေသည်။


တိုင်းတစ်ပါးမှ နည်းစနစ်များကို သံသယဖြစ်ရုံသာမက လူတန်းစားတစ်ရပ်ရပ်၏ သာလွန်သောဖြစ်တည်မှုကို ဆန့်ကျင်သည့် (လက်ရည်တစ်ပြင်တည်းဟူသော) စိတ်နေစိတ်ထားမှာလည်း မြန်မာလူမျိုးများတွင် အမြစ်တွယ်နေသော အရာတစ်ခုဖြစ်သည်။ အားလုံးအတွက် အမျိုးသားပညာရေးဆိုသော လှုံ့ဆော်ချက်မျိုး၌ ကျယ်ကျယ်ပြန့်ပြန့် လက်ခံယုံကြည်ကြသည်။ ၁၉၂၀ ပြည့်နှစ် ပထမ ကျောင်းသားသပိတ်မှာ အထက်ပါ ယုံကြည်ချက်ပေါ်တွင် အခြေခံသည်ဟု ဆိုနိုင်လေသည်။ ထိုသပိတ်ကို “ကံမကောင်း အကြောင်းမလှသော နားလည်မှုလွဲခြင်း” ဟု ဗြိတိသျှလူမျိုး ရန်ကုန်တက္ကသိုလ် ကျောင်းဆရာဟောင်းတစ်ဦးက အမည်တပ်သည်။ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ၏ ရည်ရွယ်ချက်မှာ ရှိပြီးဖြစ်သည့် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ကို ပူပေါင်းပြီး တက္ကသိုလ်၊ထူထောင်ရန်ဖြစ်သည်။ ဗြိတိသျှတို့က ကျောင်းဝင်ခွင့်အမှတ်များကို မြှင့်တင်လိုက်ရန်နှင့် ကျောင်းအိပ်ကျောင်းစား အဆောင်နေ ကျောင်းသားများကိုသာ လက်ခံရန် အဆိုပြုကြသည်။ ယင်းအဆိုကို အဆင့်မြင့်ပညာရေးတွင် အထက်တန်းလွှာအနည်းစုသာ သင်ယူခွင့်ရရန်စီမံခြင်းဖြစ်သည်ဟု မြန်မာတို့ဘက်မှ စွပ်စွဲသည်။ ထိုသပိတ်ကို အပြင်နေကျောင်းသားများ အပါအ၀င် တက္ကသိုလ်ပြင်ပမှ အင်အားစုများ၏ နိုင်ငံရေးကစားမှုအဖြစ် အချို့ကယူဆကြသည်။ သို့ရာတွင်သပိတ်မှောက်ခြင်းအပေါ် ကျောင်းသားမိဘများနှင့် တစ်တိုင်းပြည်လုံးမှ အုန်းအုန်းကျွက်ကျွက် ထောက်ခံခဲ့ခြင်းကိုကြည့်လျှင် ယင်းကိစ္စမှာ မြန်မာလူမျိုးတို့၏ဘ၀င်ကို နက်နက်ရှိုင်းရှိုင်း ထိခတ်စေခဲ့ကြောင်း သိသာလေသည်။ ထိုသပိတ်ကား အမှန်တကယ် နားလည်မှုလွဲခြင်းပါပေ။ မြန်မာတို့ဘက်မှ ဗြိတိသျှတို့၏ဆန္ဒသဘောကို နားလည်မှုလွဲခဲ့သည်သာမက၊ ဗြိတိသျှတို့ဘက်မှလည်း မြန်မာတို့၏ စိတ်သဘောသဘာဝကို နားမလည်ခဲ့ခြင်းဖြစ်သည်။ စစ်ပွဲများတွင် အမိန့်ပေးသည့် ခေါင်းဆောင်မှုမျိုးမှလွဲ၍ (သမိုင်းအဆက်ဆက်) အုပ်ချုပ်လာခဲ့သူများထံမှ စစ်မှန်သော ခေါင်းဆောင်မှုကို မကြုံစဖူးရှိခဲ့သည့် မြန်မာ့လူ့ဘောင်တွင် ‘ပညာတတ် အထက်တန်းလွှာ လူတန်းစားတစ်ရပ် ဖန်တီးလိုက်ခြင်းအပေါ်’ နားလည်မှုပေးရန်၊ လက်ခံကြိုဆိုရန် စသည်တို့မှာ၊ မျှော်လင့်မထားအပ်သော အရာများဖြစ်လေသည်။


၁၉၂၀ ပြည့်နှစ် သပိတ်များ၏ အရေးအကြီးဆုံးရလဒ်မှာ လူထု အထောက်အပံ့ဖြင့် တည်ထောင်သော “အမျိုးသားကျောင်း” များ ပေါ်ထွန်းလာခြင်းဖြစ်သည်။ လူထုကြီး၏ စိတ်အားထက်သန်မှုဒီရေ ပြန်လည်ကျသွားချိန်၌ အမျိုးသားကျောင်းများအနက်မှ အချို့သာ ဆက်လက်ရပ်တည်ကျန်ရစ်သည်။ ထိုကျောင်းများမှာလည်း နောက်ပိုင်းတွင် အစိုးရထောက်ပံ့ကြေးကို လက်ခံ၍ ရပ်တည်သွားကြခြင်းဖြစ်သည်။ သို့ရာတွင် အမျိုးသားရေးအခြေခံ ပညာရေးစနစ်၏ ဂယက်ကား လွန်စွာတာသွားခဲ့လေသည်။ အမျိုးသားကျောင်းများမှ မျိုးချစ်စိတ်ကဲသော အသိပညာအခြေခံရှိသူ၊ တစ်ချိန်တည်းမှာပင် အနောက်တိုင်း (ပညာရေး) ၏ လက်တွေ့ဆန်ပြီး ဦးတည်ချက် ရှင်းလင်းသော လေ့လာသင်ယူနည်းကို ခံယူခွင့်ရသူ ကျောင်းသားများ လူလားမြောက်လာကြမည်ဖြစ်သည်။


၁၉၂၀ ပြည့်နှစ်များကား၊ မြန်မာပြည်အတွက် အပြောင်းအလဲကာလတစ်ခုပါပေ။ အစပိုင်းတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖွဲစည်းခဲ့သော အသင်းများ နိုင်ငံရေးဘက်သို့ ခြေဆန့်လာကြသည်။ ရင့်ကျက်လာကြပြီဖြစ်သော သတင်းစာများကလည်း လူထုသဘောကျအမြင်များကို အမျိုးသားရေးစိတ်ဓာတ် သန္ဓေအခံဖြင့် ရေးသားလာကြသည်။ ရန်ကုန်သည်လည်း ကိုလိုနီစနစ်လက်အောက်မှ စပ်ကူးမတ်ကူးယဉ်ကျေးမှုများ ထွန်းကားရာ ဗဟိုဌာနဖြစ်လာခဲ့လေသည်။


မိရိုးဖလာသင်ယူနည်း၌ အနောက်တိုင်း၏ သိပ္ပံနည်းကျသုံးသပ်ဆင်ခြင်ခြင်းကို ပေါင်းစပ်ခံယူသော စာရေးဆရာများ၊ ပညာရှင်များ ပါဝင်သည့် အစုအဖွဲ့ကလေးများ စတင်ပေါ်ထွန်းလာကြသည်။ ဘာသာစကားသည်လည်း အချိန်ကာလ၏လိုအပ်ချက်ကိုလိုက်၍ ပြောင်းလဲမှုရှိလာလေသည်။ ခေတ်မီစာအရေးအသားကို ရှေ့ဆောင်ခဲ့ကြသူ စာရေးဆရာနှစ်ဦးမှာ ပီမိုးနင်း နှင့် ဦဖိုးကျား တို့ ဖြစ်ကြသည်။ သူတို့က ၀ါကျတိုများ၊ ရှင်းလင်းသော စာပိုဒ်များနှင့် လိုအပ်သည့် နေရာများ၌ ပါဠိလို တစ်လုံးစနှစ်လုံးစ သုံးရခြင်းကို နှစ်သက်ကြသည်။ မြန်မာနိုင်ငံ သုတေသနအသင်းမှ ပျိုးထောင်ပေးခဲ့သော မြန်မာ့ယဉ်ကျေးမှုနှင့် စာပေအနုပညာအပေါ်၌ ပညာမျက်စိဖြင့်လေ့လာမှုများ အသီးအပွင့် စတင်ဖြစ်ထွန်းလာခြင်းဖြစ်သည်။ မြန်မာစာသည်လည်း တက္ကသိုလ်ပြဌာန်းချက်တွင် အရေးပါသော ဘာသာရပ်တစ်ခု ဖြစ်လာသည်။ ပထမဆုံး မြန်မာစာဂုဏ်ထူးတန်း ကျောင်းသားကို ၁၉၂၇ ခုနှစ်တွင် ဘွဲ့ပေးနိုင်ခဲ့လေသည်။


ရန်ကုန်တက္ကသိုလ်တွင်၊ မြန်မာစာပေလေ့လာခြင်းများကို မျိုးစေ့ချအားပေးခဲ့သူမှာ မြန်မာလူမျိုးထဲမှ ပထမဦးဆုံး ပါမောက္ခ ဖြစ်လာသူ ဦးဖေမောင်တင်ဖြစ်သည်။ သူ၏လမ်းပြမှု၊ အခြားပညာရှင်များ၏ ပံ့ပိုးမှုဖြင့် မြန်မာစာကို အဆင့်အတန်းမြင့်မြင့် သင်ကြားနိုင်ခဲ့သည်။ ရှေးဟောင်းမြန်မာစာ၊ ပျူစာ၊ မွန်စာ နှင့် ပါဠိစာပေ များကို သင်ရိုးညွှန်းတန်းတွင်း ထည့်သွင်းလေ့လာနိုင်ခဲ့သည်။ အနောက်တိုင်း၏ အင်္ဂလိပ်စကားနှင့် စာပေကို တီးမိခေါက်မိ ရှိပြီးဖြစ်သူ ကျောင်းသားလူငယ်များအနေဖြင့် ကျယ်ပြန့်သော ဘာသာဗေဒ အခြေခံနှင့် စိတ်ကြိုက်ရွေးစရာ ပညာရပ်များစွာကို ပိုင်ပိုင်နိုင်နိုင်၊ရယူနိုင်ခဲ့ကြသည်။ ထိုရှေ့ပြေး၊ ခေတ်မီ မြန်မာစာကျောင်းသားအုပ်စုမှ နောင်တွင် ထူးချွန်သော စာပေပညာရှင်များ ပေါ်ထွန်းလာခြင်းမှာ အံအားသင့်ဖွယ်ရာမဟုတ်ပါချေ။


(၅)


၁၉၃၀ ပြည့်နှစ်များ၏ အစောပိုင်းတွင် ခေတ်စမ်းဝတ္တုတိုများ အတွဲနှစ်တွဲနှင့် ခေတ်စမ်းကဗျာ တစ်တွဲ ပေါ်ထွက်လာခဲ့သည်။ ယင်းတို့မှာ ပါမောက္ခ ဦးဖေမောင်တင် မွေးထုတ်လိုက်သော တပည့်ရင်းများ၏ လက်ရာများစုစည်းမှုဖြစ်သည်။ ‘ခေတ်စမ်း’ ဟူသည် ခေတ်ကိုစမ်းသပ်ခြင်းဟု အဓိပ္ပါယ်ဖွင့်နိုင်လေသည်။ ယင်းဝတ္တုတိုအတွဲများကို ပုံနှိပ်ရာဝယ် ခေတ်သစ်ပုံစံအပေါ်၌ စာဖတ်ပရိသတ် မည်သို့တုံ့ပြန်မည်ကို သိလိုရင်းက အကြောင်းတစ်ခုအဖြစ် ပါဝင်လေသည်။ ခေတ်စမ်း အရေးအသားသည်ကား မြန်မာစာကို အနောက်တိုင်းပညာရေးပုံစံ သင်ကြားရာမှ၊ ပေါက်ဖွားလာသည့် မြန်မာနှင့် အနောက်တိုင်းစာပေတို့၏ အစပ်အပေါင်းပင် ဖြစ်လေတော့သည်။


အချို့က ခေတ်စမ်းစာပေပေါ်ပေါက်လာခြင်းကို အရေးပါသော စာပေလှုပ်ရှားမှုအဖြစ် ကြိုဆိုကြသည်။ အချို့ကမူ မြန်မာ့ဂန္တ၀င်စာပေကို ဖျက်လိုဖျက်ဆီးလုပ်ခြင်းဟုဆိုကာ တိုက်ခိုက်ခဲ့ကြသည်။ မြန်မာစာပေဖွံ့ဖြိုးရေးတွင် ခေတ်စမ်းစာရေးဆရာများ၏ အခန်းကဏ္ဍမှာ ယနေ့အထိ အငြင်းပွားဆဲဖြစ်လေသည်။


ခေတ်စမ်းစာပေကို အဓိက ကိုယ်စားပြုသူသုံးဦးမှာ ၀တ္တုတိုများဖြင့် နာမည်ကြီးသော သိပ္ပံမောင်ဝ၊ အကျော်ဇေယျ ကဗျာဆရာများ ဖြစ်လာမည့်ဇော်ဂျီနှင့် မင်းသုဝဏ်တို့ ဖြစ်သည်။ သူတို့သုံးဦးစလုံးကို အစဉ်အလာများ ပြန်လည်ဆန်းသစ်ခြင်း၏ ဘက်တော်သားများဟု ဆိုနိုင်လေသည်။ သူတို့လေးစားဂုဏ်ယူသော ခေတ်ဟောင်းနှင့်ပတ်သက်သည့် ဗဟုသုတများကို ခေတ်သစ်၏ ဆန်းသစ်တီထွင်မှုနှင့် ပေါင်းစပ်နိုင်သူများဖြစ်ကြသည်။ သူတို့တင်ပြသော ကဏ္ဍများမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး ယဉ်ကျေးမှုနှင့် စိတ်ဝင်စားစရာ အများအပြား ပါဝင်လေသည်။ သူတို့သုံးဦးစလုံး အနောက်နိုင်ငံများ၌ ဘွဲ့လွန်ပညာများဆည်းပူးရင်း နှစ်အနည်းငယ်စီ နေထိုင်ဖူးကြသည်။ သူတို့လက်ရာများကို လူပေါင်းများစွာ ဖတ်ရှုကြည်ညို ခဲ့ကြသည်။ သို့ရာတွင် ဤသုံးဦးမှ တစ်တိုင်းပြည်လုံး ပြန်လည်ဆန်းသစ်လာခြင်းဝိညာဉ် ပူးကပ်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်ဟုကား မဆိုနိုင်ပါချေ။


ထိုသို့မဖြစ်ခဲ့ရခြင်း၌ အဓိကအကြောင်းရင်း သုံးချက်ရှိသည်။ ပထမအချက်မှာ အသစ်နှင့် အဟောင်း၊ ပေါင်းစည်းမှုမှာ အကောင်းဆုံး အနေအထားဖြင့် ဖြစ်ထွန်းခဲ့ခြင်းမဟုတ် ဟူသော အချက်ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားများ၏ ဂန္တ၀င်စာပေနှင့် ပတ်သက်သော ဗဟုသုတကို ခေတ်မီပညာရေးနှင့် မကြုံဖူးသူ ရှေးလူကြီးများက သူတို့နှင့် တစ်သားတည်းဟု မခံယူခဲ့ကြချေ။


ဒုတိယအချက်မှာ ၎င်းတို့သုံးဦးစလုံး အစိုးရလုပ်ငန်းခွင်များသို့ ၀င်ရောက်ခဲ့ကြခြင်းဖြစ်သည်။ သိပ္ပံမောင်ဝမှာ အုပ်ချုပ်ရေးအရာရှိတစ်ဦး ဖြစ်လာပြီး ကဗျာဆရာနှစ်ဦးမှာ တက္ကသိုလ်ကျောင်းဆရာများ ဖြစ်လာခဲ့ကြခြင်းက သူတို့၏ (စာပေ) လှုပ်ရှားမှုများကို ကျဉ်းမြောင်း စေခဲ့သည်။


တတိယနှင့် အရေးအကြီးဆုံးအချက်မှာ သူတို့၏ ခေတ်မီလွတ်လပ်သောပုံစံ၊ ပညာပေးများကို စာပေအနုပညာနယ်ပယ်၌သာ ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်။ လူမှုရေး၊ နိုင်ငံရေးတို့နှင့် ပတ်သက်၍ သူတို့၏ အမြင်၊ တင်ပြချက်များ ရှားပါးလွန်းလှသည်။ သိပ္ပံမောင်ဝ၏ ၀တ္တုတိုများ၌ မြန်မာ့တောရွာဒေသ၏ အခြေအနေများကို မကြာခဏထင်ဟပ်လေ့ရှိသော်လည်း အကြောင်းရင်း ဓာတ်ခံကိုမူ ဂဃနဏ စုံစမ်းခြင်းမျိုးမရှိချေ။ ယင်းအချက်ကြောင့်ပင်၊ ခေတ်စမ်းစာရေးဆရာများကို၊ နောက်ပေါ် ဆိုရှယ်လစ်အတွေးသမားများက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။


တစ်နည်းအားဖြင့်ဆိုရလျှင် ခေတ်စမ်းလှုပ်ရှားမှုသည် စာရေးဆရာအုပ်စုကလေး တစ်စုအတွင်း ဖြစ်ပွားခဲ့သော၊ ဘောင်ခတ်ထားသည့် အံ့မခန်းပေါ်ထွန်းမှုတစ်ခုသာ ဖြစ်ခဲ့လေသည်။ သို့ရာတွင် ခေတ်စမ်းစာရေးဆရာများ၏ အရေးပါချက်က စာပေလောကနယ်ပယ်ကိုကျော်၍ မြန်မာ့အသိပညာအဆင့်တွင် အရှေ့နှင့် အနောက်၊ အဟောင်းနှင့်အသစ် ယှက်နွယ်မှုများကို ကိုယ်စားပြုခဲ့ပါသည်။


အိန္ဒိယ၌မူ နိုင်ငံရေးနှင့် စာပေရေးရာခေါင်းဆောင်မှုမှာ မကြာခဏဆိုသလို ယှဉ်တွဲပေါ်ပေါက်လေ့ရှိသည်။ ထို့ထက်ပို၍ဆိုရလျှင် (၁၉) ရာစု၏ နောက်ဆုံးနှစ်များမှ စတင်၍ လွတ်လပ်ရေးရချိန်အထိ ခေါင်းဆောင်များ ပေါ်ထွက်ခဲ့သည်မှာ အဆက်ပြတ်သည်ဟူ၍ မရှိခဲ့ချေ။ ယင်းအချက်ကပင် လူမှုရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို စမ်းသပ်ရင်း ရင့်ကျက်လာစေရန် တပေါင်းတစည်းတည်းဖြစ်သော အခြေခံကို ပေးနိုင်ခဲ့သည်။


ကိုလိုနီလက်အောက်မြန်မာပြည်၏ တိုးတက်လာမှုများမှာကား တစ်ပိုင်းတစ်စစီ ဖြစ်လေသည်။ အတွေးအခေါ်ဦးဆောင်မှုမပါသော လှုပ်ရှားမှုများမှာ အကျိုးအကြောင်း မခိုင်လုံကြောင်း သိသာလာသည့်အချိန်တွင် အလိုလိုချုပ်ငြိမ်းသွားကြသည်။ လက်တွေ့ကျကျ လှုပ်ရှားမှုများ ရှိခဲ့သော်လည်း ဆက်လက်ရပ်တည်ရန် ဦးတည်ချက် တစ်စုံတရာနှင့် အဆက်အသွယ်ပြတ်နေသည့်အတွက် ရေရှည်လှုပ်ရှားမှုအဖြစ်၊ တောင့်ခံနိုင်ခြင်းမရှိခဲ့ပါချေ။


မြန်မာပြည်တွင် ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်၌ ရှေ့ရောက်လာသူ ခေါင်းဆောင်များမှာ လက်တွေ့ဆန်သူများဖြစ်သလို ယင်းသို့ဖြစ်ရခြင်းကို ဂုဏ်ယူသူများဖြစ်ကြသည်။ မြန်မာပြည်၌ ခေါင်းဆောင်ရှားပါးမှုကို နောက်ပိုင်း သူကိုယ်တိုင် လွတ်လပ်ရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ဖြစ်လာမည့် ကိုအောင်ဆန်း က တက္ကသိုလ် ကျောင်းသားဘ၀ ၁၉၃၀ ပြည့်နှစ်များကပင် သတိထားမိခဲ့လေသည်။ ရှေ့မှသွားသူ လူကြီးများအနေဖြင့် လူငယ်များအတွက် စံနမူနာသို့မဟုတ် အားကျစရာ တစ်ခုခု မပေးနိုင်ခဲ့ခြင်းကို ပညာရေးဆောင်းပါးတစ်ခု၌ သူက ဤသို့ ရေးခဲ့သည်။




“ကျွန်ုပ်တို့ကား အိန္ဒိယမှ မဟတ္တမဂန္ဓီ၊ စီ အာ ဒါးစ်၊ မိုတီလယ် နေရူး နှင့် တီလက်၊ အိုင်ယာလန်မှ ဒီ ဘယ်လာရာ၊ အီတလီမှ ဂေဘရီ ဘယ်လ်ဒီ နှင့် မာဇီနီ အစရှိသူတို့ကဲ့သို့သော အရည်အချင်းရှိပြီး ခေါင်းဆောင်လိုသူများနောက်မှ လိုက်ပါရန် အပြည့်အ၀ ပြင်ဆင်ထားကြသူများ ဖြစ်သည်။ အဘယ်သူများ ထိုသူတို့ကဲသို့ ခေါင်းဆောင်ရဲသနည်း။ ကျွန်ုပ်တို့ စောင့်နေကြသည်။”

ကိုအောင်ဆန်းကား အမျိုးသားကျောင်းများမှ မျိုးချစ်စိတ်ဓာတ်သွင်း၍ မွေးထုတ်လိုက်သော မျိုးဆက်မှ အပါအ၀င်ဖြစ်လေသည်။ သူတို့၏ အမျိုသားရေးလှုပ်ရှားမှုများအတွက် လမ်းပြအတွေးအခေါ် ရှာဖွေခြင်းက ဆိုရှယ်လစ်အယူအဆများဆီသို့ ဦးတည်စေခဲ့သည်။ ၁၉၂၀ ပြည့်နှစ်များကား နိုင်ငံရေး နိုးကြားလာသောကာလ၊ ထင်ရှားသော်လည်း တင်ကြိုညှိနိုင်းမှု မရှိသလောက်ဖြစ်သည့် အုံကြွမှုများ အချိန်မှန်မှန်ပေါ်ပေါက်ခဲ့သည့်ကာလဖြစ်သည်။ နောက်လာမည့် ဆယ်စုနှစ်ကား အပြောင်းအလဲနှင့် တော်လှန်ရေးကာလပင်ဖြစ်တော့သည်။ ထိုကာလတွင် ငယ်ရွယ်သူ မျိုးဆက်များမှ အမျိုးသားရေးဝါဒအခြေခံဖြင့် တိုးချဲ့လှုပ်ရှားလာပြီး အတွေးအခေါ် ပုံစံချပေးမည့် အချိန်လည်းဖြစ်သည်။


၁၉၃၀ ပြည့်နှစ်ကား၊ မြန်မာပြည်အတွက် အဖြစ်အပျက်တို့ စုံလင်သောနှစ်ဖြစ်လေသည်။ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုတွင် အရေးပါသောကဏ္ဍမှပါဝင်ခဲ့သည့် တို့ဗမာ အစည်းအရုံးကို ထိုနှစ်တွင် တည်ထောင်နိုင်ခဲ့သည်။ ထိုနှစ်တွင် ဆရာစံ၊ ခေါင်းဆောင်သော လယ်သမား အုံကြွမှုကိုလည်း ကြုံခဲ့ရသည်။ တစ်ခုက အနာဂတ်ကိုယ်စားပြု၊ ခေတ်ရှေု့သို့မျှော်ကြည့်ပြီး၊ အနောက်တိုင်းမှတင်သွင်းလာသည့် စနစ်များကို အခြေခံသော တော်လှန်ရေးပုံစံ အဖွဲ့ဖြစ်သည်။ နောက်တစ်ခုမှာ အတိတ်ကိုယ်စားပြု လက်နက်ကိုင်ဖွဲ့စည်းပြီး လူမျိုးရေးစိတ်ဓာတ် နှင့် ခေါင်းဆောင်၏ ကြည်ညိုဖွယ်ရာတို့ကို အခြေခံသည့် တော်လှန်ရေးပုံစံ လှုပ်ရှားမှုဖြစ်သည်။ ထိုနှစ်ခု လုံးဝကွဲပြားသည်ကား မဟုတ်ချေ။ ဆရာစံမှာ ၁၉၂၀ ခုနှစ်တွင် ၀ိုင်အမ်ဘီအေနှင့် အခြားအဖွဲ့အစည်းများကို ပေါင်းစပ်ဖွဲ့စည်းခဲ့သော ဂျီစီဘီအေခေါ် ဗုဒ္ဓဘာသာ မြန်မာအသင်းချုပ်ကြီး၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ထိုသို့ကြည့်ပါက ဆရာစံသည်လည်း တို့ဗမာအစည်းအရုံးကို မွေးဖွားပေးခဲ့သော ခေတ်ပြိုင်နိုင်ငံရေးမြင်ကွင်းနှင့် ဆက်စပ်သူဖြစ်သည်ဟု ဆိုနိုင်လေသည်။ အကျပ်ရိုက်နေသော ကျေးလက်တောရွာစီးပွားရေးနှင့် ပတ်သက်၍ အစိုးရ၏ အစီအမံများပေါ်တွင် မကျေနပ်သော လယ်သမားများစုစည်းလိုက်သောအခါ ဆရာစံအတွက် ပုန်ကန်မှုတစ်ခုစတင်ရန် လုံလောက်သော အင်အားရရှိခဲ့လေသည်။


(၆)


သို့ရာတွင် ဆရာစံသူပုန်ထမှုမှာ လျှင်မြန်စွာပြိုကွဲခဲ့ရသည်။ ၁၉၃၁ ခုနှစ်တွင် ခေါင်းဆောင် ဆရာစံကို ဖမ်းဆီးရမိပြီး ရုံးတင်ကာ ကြိုးပေးခဲ့သည်။ ဆရာစံကား ရှေးရိုးဆန်မြန်မာတို့၏ အတွင်းစိတ်ကို ဖမ်းစားနိုင်ခဲ့သည်။ ဆရာစံက သူ့ကိုယ်သူ “မင်းလောင်း” အဖြစ် ကြေညာသည်။ သူ၏ နောက်လိုက်နောက်ပါများကား လှေခွက်ချည်းကျန် အလံမလှဲ တိုက်ခိုက်ခဲ့ကြသည်။ အစိုးရတပ်ဖွဲ့များ၏ ခေတ်မီလက်နက်များကို ဓားလက်နက်၊ အဆောင်လက်ဖွဲ့များဖြင့် ခုခံခဲ့ကြလေသည်။ သူပုန်ထကြသူများ၏ မျိုးချစ်စိတ်ဓာတ်ကို တစ်နိုင်ငံလုံးက ဂရုဏာသက်ကြသော်လည်း လက်တွေ့ထောက်ခံမှုကား မဆိုစလောက်သာရှိခဲ့၏။ မြန်မာတို့ကား ခေတ်ဟောင်းပုံစံ ဘုရင်စနစ်ကို အလိုမရှိတော့သည့်အကြောင်း ကြိတ်၍ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်လေသည်။ အမှန်မှာ အတိတ်ကဘုရင်စနစ်ကို နှစ်နှစ်ကာကာ စွဲလမ်းနေရန်မှာလည်း အကြောင်းမရှိတော့ပြီ။ ရွှေအိမ်နန်းနှင့် ကြငှန်းဆိုသည်ကား ဗမာတို့အတွက် အဆောင်အယောင် ဂုဏ်ဓာတ်အဖြစ်သာ တည်ခဲ့ခြင်းပါပေ။ ယခုမူ ထိုဂုဏ်ဓာတ်လည်း ချုပ်ငြိမ်းခဲ့ပြီဖြစ်သည်။ မြန်မာတို့အဖို့ သက်ဦးဆံပိုင်စနစ်ကို ပြန်သွားရန်မှာ စဉ်းစားစရာ ဖြစ်နေချေပြီ။ အခြားတစ်ဘက်၌လည်း တိုင်တစ်ပါးအုပ်စိုးမှု၌ ဆက်လက်နေလိုခြင်း မရှိတော့ပြီမှာ အမှန်ဖြစ်၏။ ကိုလိုနီဘ၀မှလွတ်ရန် ကိုယ်တိုင်ဖန်တီးလိုကြသည်။ “မင်းလောင်း” ဆိုသူများ၏ ဖန်တီးပေးမှုကိုကား အလိုမရှိကြတော့ပြီ။


တို့ဗမာ အစည်းအရုံး သည် ၁၉၃၀ ခုနှစ်တွင် ဖြစ်ပွားခဲ့ သည့် ကုလား-ဗမာ အဓိကရုဏ်း များ၏ တိုက်ရိုက် ရလဒ်ဖြစ်၏။ အဓိကရုဏ်းများ၏ အကြောင်းရင်းမှာ သပိတ်မှောက်နေသော အိန္ဒိယလူမျိုး ဆိပ်ကမ်းအလုပ်သမားများနှင့် ၎င်းတို့နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရသူ၊ မြန်မာတို့အကြား ရိုက်ပွဲများဖြစ်ခဲ့ရခြင်းမှစသည်။ မြန်မာတို့ကား တစ်မြေရပ်ခြားမှသူများ သူတို့မြေတွင် ချယ်လှယ်လာခြင်းကို ရှေးမဆွကပင် နှစ်မြို့ခဲ့သည်မဟုတ်ချေ။ အမျိုးဂုဏ် မပျောက်စေရေး၊ စောင့်ရှောက်လိုသည့် စိတ်ဇောများက အဓိကရုဏ်းကို မီးလောင်ရာ လေပင့်ပေးခဲ့သည်။ လမ်းပေါ် ရိုက်ပွဲများတွင် အချင်းချင်း အားပေးကြသော “ညာသံ” မှာ “တို့ဗမာ” ဟူ၍ဖြစ်သည်။


ရန်ကုန် တက္ကသိုလ်မှ ကျူတာပေါက်စ တစ်ဦး ဖြစ်သူ ကိုဘသောင်းသည် အဓိကရုဏ်း တွင် သေဆုံးရသူ မြန်မာများအကြောင်း လက်ကမ်းစာစောင်များ ရေးသားနေစဉ် “တို့ဗမာ” ဟူသော အစည်းအရုံးတစ်ခုဖွဲ့ရန်အကြံကို ရခဲ့ခြင်းဖြစ်သည်။ အဖွဲ့၏ကြွေးကြော်သံမှာ “အမျိုး၊ ဘာသာ၊ သာသနာ” ဟူ၍ ဖြစ်သည်။ ယင်းအဖွဲ့ကား နောက်ပိုင်းတွင် သခင်ပါတီဟုလည်း ထင်ရှားလာမည်ဖြစ်သည်။ အင်္ဂလိပ်တို့အား Master ဟု ခေါ်ရခြင်းကို အစွဲပြု၍ မိမိကိုမိမိ “သခင်” တပ် ခေါ်ဝေါ်ကြခြင်း ဖြစ်လေသည်။ ကိုဘသောင်းနှင့် နောက်လိုက်နောက်ပါများက ‘သခင်’ ကို အမည်ရှေ့မှ တပ်ခေါ်ခြင်းဖြင့် မြန်မာတို့သည်လည်း ကျွန်မဟုတ်၊ အရှင်သခင်များ ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်လေသည်။ ဤသို့ ရိုးရှင်းပြီး ထိရောက်သော၊ မျိုးချစ်စိတ်ကို လှိုက်လှိုက်လှဲလှဲပြဆိုသော အသုံးအနှုန်းက လူငယ်အမြောက်အများကို တို့ဗမာ အစည်းအရုံးသို့ ဆွဲဆောင်ခဲ့သည်။ သခင်များမှာ အဖွဲ့အစည်းတစ်ခုထောင်ရုံမျှဖြင့် ကျေနပ်တင်းတိမ်ကြသည် မဟုတ်ပေ။ သူတို့၏ အမျိုးသားရေးစေ့ဆော်ချက်များကို လမ်းညွှန်ပြမည့် အတွေးအခေါ်များကို စတင်ရှာဖွေခဲ့ကြလေသည်။


မြန်မာနိုင်ငံတွင် လက်ဝဲစာပေများ စတင်ပျံ့နှံ့ခဲ့သည်မှာ ၁၉၃၁ ခုနှစ် ပတ်ဝန်းကျင်၌ ဖြစ်သည်။ နိုင်ငံရပ်ခြား သွားရောက်သူများမှ ယူဆောင်လာခဲ့သော စာအုပ်စာတမ်းများ၊ ဂျေ အက်စ် ဖာနီဗယ်၏ Burma Book Club မှ ဖြန့်ချိသော စာပေများက မာ့က်စ်ဝါဒနှင့် ဆိုရှယ်လစ်အတွေးအခေါ်များကို ပြည်တွင်းတွင် မိတ်ဆက်ပေးခဲ့သည်။ ထိုစာပေများကို စိတ်လှုပ်ရှားဖွယ်ရာ ကမ္ဘာ့ရေးရာ အဖြစ်အပျက်များကြောင့် မျက်စိပွင့်၊ နားပွင့် ဖြစ်လာသူ မြန်မာလူငယ်များက ၀ါးမျိုပစ်ခဲ့ကြသည်။ မသိစိတ်၏စေ့ဆော်မှု ဖြစ်တန်ရာသော အကြမ်းဖက် နည်းလမ်းများကိုလည်း ထိုခေတ်လူငယ်များအကြား ထက်ထက်သန်သန် ရှာဖွေလာကြသည်။ ဆိုရှယ်လစ်အတွေးအခေါ် တစ်ခုလုံးကို ကောင်းစွာမကြေညက်မီ လက်ခံကြမည့်အခြေအနေအထိ ရောက်ခဲ့လေသည်။


အမျိုးသားစိတ် ထက်သန်သူ မြန်မာလူငယ်များအတွင်း လက်ဝဲယိမ်း အတွေးအခေါ်များ ပျံ့နှံ့လာခြင်းမှာ စီးပွားရေး၊ နိုင်ငံရေး တို့နှင့် ဆက်နွယ်ရှင်းပြ၍ ရစကောင်းဖွယ်ရာရှိ၏။ စင်စစ်ဆိုရလျှင် ဗုဒ္ဓဘာသာစံထားချက်များ လွှမ်းမိုးပြီး၊ ဆင်းရဲမွဲတေခြင်း စသည့်ကပ်ဆိုက်မှုမျိုး ကြုံရလေ့မရှိသော၊ ဇတ်ခွဲခြားဖိနှိပ်မှုမျိုးမရှိသော မြန်မာ့လူ့ဘောင်တွင် မာ့က်စ်ဝါဒထွန်းကားရန် သဘာဝအခြေခံများ ရှိမနေပါချေ။ ဆိုရှယ်လစ်ဝါဒသည် ကိုလိုနီစနစ်ကိုဆန့်ကျင်သည် ဟူသော အမြင်က အမျိုးသားရေးစိတ်ဓာတ်ထက်သန်လှသူ လူငယ်များကို ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတို့ကား အရင်းရှင်ဝါဒနှင့် ကိုလိုနီဝါဒများ၏ ပြိုင်ဘက်အဖြစ် ပေါ်ပေါက်လာသော လက်ဝဲအယူအဆများ၊ သမိုင်းကြောင်းပြောင်းလဲလာမှု၏ လှိုင်းလုံးများအကြား ကျရောက်သွားခဲ့ခြင်းဖြစ်လေသည်။


ထို့အပြင် မြန်မာပြည်၏ အသိပညာပတ်ဝန်းကျင် အနေအထားမှာ အတွေးအခေါ်သစ်များကို ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးလာသည့် ဆိုရှယ်လစ်ဝါဒ အတွက် အချိန်ကိုက်ဖြစ်စေခဲ့ သည်။ မြန်မာလူငယ်တို့ကား တက်သစ်စ အသိပညာရှင်များဖြစ်လေရာ သူတို့၏စိတ်ကို သီဝရီများ၊ သဘောတရားများ၊ စိန်ခေါ်မှုများဖြင့် ဖြည့်စွက်လိုကြသည်။ အင်္ဂလိပ်စာတတ်ပေတတ်များ ဖြစ်လာခြင်းက အတွေးအခေါ်သစ်များကို ၀ါးမျိုစုပ်ယူရုံမက ပြန်လည် ဖြန့်ဖြူးရန်အတွက်ပါ အသုံးဝင်စေခဲ့သည်။ ယခင် (၁၉၂၀) မျိုးဆက်များကဲ့သို့ မြန်မာစာပေနှင့် အကျွမ်းတ၀င်မရှိသူများ မဟုတ်ကြပေ။ ၁၉၃၀ မျိုးဆက်များကား မြန်မာစာအုပ်များ၊ မြန်မာသတင်းစာများ၊ မဂ္ဂဇင်းများဖြင့် ကြီးပြင်းလာကြသူများဖြစ်သည်။ သူတို့ကား ဆရာမှိုင်း၏ ခေတ်ဟောင်းစာပေများနှင့် မစိမ်းသလို ခေတ်စမ်းစာပေ၏ အနုအရွများနှင့်လည်း အကျွမ်းတ၀င်ရှိသူများ ဖြစ်ကြသည်။


အမျိုးသားရေးထက်သန်သူ လူငယ်များအနက် သူတို့၏ လုပ်ရပ်များကို အားဖြည့်ရန် အတွေးအခေါ်သစ် ရှာဖွေကြသူများမှာ ကိုအောင်ဆန်း၊ ကိုစိုး၊ ကိုနု၊ ကိုသန်းထွန်း၊ ကိုသိန်းဖေ စသူတို့ဖြစ်သည်။ သူတို့အားလုံး နောက်ပိုင်းတွင် နိုင်ငံရေးသမားများ ဖြစ်လာကြလေသည်။ သူတို့အားလုံးမှာ လက်ဝဲအယူအဆများကို အရည်ကျိုသောက်ခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့အထဲမှ အချို့က အခြားသူများထက် နက်နက်ရှိုင်းရှိုင်း ပိုကဲခြင်းသာကွာသည်။ ထို့ပြင် သူတို့အားလုံး ကလောင်ကိုင်ကြသူများ ဖြစ်ကြလေသည်။ ‘ကိုစိုး’ က ကွန်မြူနစ်စာပေများကို ဗုဒ္ဓတရားတော် အသုံးအနှုန်းများဖြင့် ဘာသာပြန်သည်။ ‘ကိုနု’ ကမူ အမှန်စင်စစ် စီစစ်ကြည့်လျှင် ကွန်မြူနစ်နှင့် ဗုဒ္ဓ၀ါဒတို့ လိုက်ဖက်ညီကြောင်း ပြဆိုရန်အားထုတ်သည်။ မည်မျှအောင်မြင်သည်၊ မအောင်မြင်သည်ကို အသာထား၊ မြန်မာတို့အနေဖြင့် နိုင်ငံခြားအတွေးအခေါ်များကို အကျအနဖြစ်စေ၊ ပုံရိပ်ဆောင်၍ဖြစ်စေ၊ မိမိတို့စာပေသို့ ဘာသာပြန်ဆို လေ့လာသင့်ကြောင်းကို သူတို့က လက်တွေ့ကျကျ လုပ်ပြနိုင်ခဲ့လေသည်။ အောင်ဆန်း၊ သန်းထွန်း၊ သိန်းဖေမြင့်တို့ သည်လည်း မြန်မာ့ အမျိုးသားရေးဝါဒ၏ လိုအပ်ချက်နှင့် အပ်စပ်မည့်အယူအဆများကို ရှာဖွေခဲ့ကြသူများဖြစ်သည်။


သူတို့အားလုံး ယုံကြည်ကြသည်မှာ သဘောတရားနှင့် လုပ်ရပ်အကြား အဆက်အစပ် ကောင်းကောင်းရှိရန်ဖြစ်သည်။ အထူးသဖြင့် ကိုအောင်ဆန်းမှာ ထိုအရာနှစ်ခု အဆက်မပြတ်စေရန် အားထုတ်ဖို့လိုကြောင်း သဘောပေါက်သူ ဖြစ်လေသည်။ သိန်းဖေမြင့်မှာ စာပေရေးရာ၍ ထူးချွန်သူ၊ ပါရမီထူးသူဖြစ်သည်။ သူက၀တ္တုနှင့် ၀တ္တုတို အမြောက်အများ ရေးခဲ့သည်။ သူ့စာပေမှာ သူ၏နိုင်ငံရေးအယူအဆများကို လူအများထံ အရောက်ပို့ဆောင်ပေးသည့် ယာဉ်ရထားများ ဖြစ်ကြသည်သာမက လက်ရာပြောင်မြောက်လှသည့် ဖန်တီးမှုများလည်း ဖြစ်ပါသည်။ အခြားနိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များကဲ့သို့ပင် မျိုးချစ်ဝါဒအပြင်၊ ကောင်းနိုးရာရာများကိုပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာခံယူသူဖြစ်သည်။ သူ၏ ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကို နောက်ခံထားရေးသားသည့် “သပိတ်မှောက်ကျောင်းသား” ၀တ္တုတွင် သူရဲကောင်းဇာတ်လိုက်မှ မိန်းမပျိုကလေးတစ်ဦးသို့ အကြံပေးရာ၌ ခပ်ညံ့ညံ့ မြန်မာဝတ္တုများအစား အင်္ဂလိပ်ဘာသာပြန် ၀တ္တုကောင်းများကို ဖတ်ရန် တိုက်တွန်းထားလေသည်။


(၇)


ကိုနု၊ ကိုအောင်ဆန်းနှင့် ကိုသိန်းဖေတို့ကား ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်၏ ခေါင်းဆောင်များဖြစ်ကြသည်။ သပိတ်မှောက်ရခြင်းအကြောင်းမှာ အစိုးရအာဏာပိုင်များမှ အမျိုးသားရေးတက်ကြွသူ ကျောင်းသားများကို လက်လွန်ခြေလွန် နှိပ်ကွပ်ခဲ့မှုကြောင့်ဖြစ်သည်။ နောက် (၂) နှစ် အကြာတွင် သူတို့သည် ကိုစိုး၊ ကိုသန်းထွန်းတို့နှင့်အတူ တို့ဗမာအစည်းအရုံးသို့ ခြေစုံပစ်ဝင်ခဲ့ကြသည်။ ဤငါးဦးကား လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အထင်ရှားဆုံးသော သခင်ခေါင်းဆောင်များထဲတွင် အ၀င်အပါ ဖြစ်လာကြလေသည်။ ကိုနု၊ ကိုစိုးနှင့် ကိုသန်းထွန်းတို့မှာ ၁၉၃၇ ခုနှစ်တွင် တည်ထောင်ခဲ့သော နဂါးနီစာအုပ်အသင်း၏ မူလအသင်းဝင်များလည်း ဖြစ်ကြ၏။ ထိုအသင်း၏ရည်ရွယ်ချက်မှာ (နိုင်ငံတကာမှ) စီးပွားရေး၊ နိုင်ငံရေး၊ သမိုင်း၊ စာပေရေးရာ စာအုပ်စာတမ်းများကို မြန်မာဘာသာပြန်ဖြင့် လူထုထံ ဈေးသက်သက်သာသာ ဖြန်ချိရေးဖြစ်သည်။ မြန်မာကို ကမ္ဘာကသိရန်အတွက် ဦးစွာပထမ မြန်မာတို့အနေဖြင့် ကမ္ဘာ့အကြောင်း သိရှိနားလည်ဖို့လိုသည် ဟူသော အယူအဆဖြင့် လုပ်ငန်းစခဲ့ကြခြင်းဖြစ်သည်။ အတော်အတန်ရိုးရှင်းသော်လည်း ပညာသားပါသည့်အမြင်ပါပေ။ နဂါးနီစာအုပ်အသင်းမှ ထုတ်ဝေခဲ့သော ခေါင်းစဉ်များထဲတွင် စစ်ပွဲများအကြောင်း (၃၈) အုပ်၊ အမျိုးသားရေး နှင့်ပတ်သက်၍ (၃၆) အုပ်၊ တော်လှန်ရေး များ အကြောင်း(၃၂) အုပ်နှင့် (အိုင်ယာလန် ခေါင်းဆောင်) မိုက်ကယ်ကောလင်းအကြောင်း (၂၁) အုပ် တို့ ပါဝင်သည်။ အခြား ထင်ရှားသော ပညာရပ်ဆိုင်ရာခေါင်းစဉ်များတွင် မြန်မာ့သမိုင်းနှင့် ပတ်သက်၍ (၁၉) အုပ်၊ ဂျာမနီအကြောင်း (၁၉) အုပ်၊ အစိုးရအုပ်ချုပ်ရေး (၁၈) အုပ်၊ စီးပွားရေး (၁၈) အုပ်၊ ဆိုရှယ်လစ်ဝါဒ (၁၈) အုပ်၊ ကွန်မြူနစ်ဝါဒ (၁၅) အုပ်တို့ ဖြစ်သည်။ ထိုစာရင်းတွင် နေရူး အကြောင်း ရေးထားသည့်စာ တစ်အုပ်၊ ဂန္ဓီအကြောင်း (၂) အုပ်၊ ဒီဗလဲယားအကြာင်း (၂) အုပ်၊ စတာလင် (၃) အုပ်၊ ဟစ်တလာအကြောင်း (၄)အုပ်နှင့် လီနင် (၆) အုပ်တို့ ပါဝင်သည်။ စာအုပ်တိုက်၏ တော်လှန်ရေး၊ လက်ဝဲယိမ်းခြင်းတို့မှာ တွေးကြည့်စရာမလိုသည့် အချက်ဖြစ်လေသည်။


မြန်မာပြည်သို့ ကမ္ဘာစစ်ကြီး ရောက်မလာမီ နှစ်အနည်းငယ် အလို၌ သခင်လူငယ်များ အနေဖြင့် မြန်မာပြည် လွတ်မြောက်ရေး အယူအဆများ၊ နည်းလမ်းများကို၊ ခေါင်းစိုက်ရှုာဖွေခဲ့ ကြခြင်းဖြစ်သည်။ ထိုကာလအတွင်းတွင်မှ မြန်မာပြည်သည် ဗမာများသာမက ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ မွန် နှင့် အခြား လူမျိုးစုများစွာတို့၏ တိုင်းပြည်ဖြစ်ကြောင်း သူတို့ သဘောပေါက်လာ ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် (ပတ်ဝန်းကျင်တိုင်းပြည်များမှ) ရွှေ့ပြောင်းအခြေစိုက်လာကြသူများ သည်လည်း ဒေသခံများနှင့် ခွဲခြားမရအောင် အကျွမ်းဝင်လာကြပြီး မွေးစားတိုင်းပြည်၏ သစ္စာခံများ ဖြစ်လာကြပြီ။ အမျိုးသားရေးဝါဒီ လူငယ်များအနေဖြင့် ဤအရပ်ကား ဗမာလူမျိုးတို့၏ တိုင်းပြည်ဟူသည့် မိရိုးဖလာသတ်မှတ်ချက်များကို ကျော်လွန်မြင်နိုင်စွမ်းရှိရန် လိုခြင်းကို သဘောပေါက်လာခဲ့ကြသည်။


၁၉၃၀ ပြည့်နှစ်များတွင် ပေါ်ထွက်လာခဲ့သည့် ခေါင်းဆောင်များ၌ လူမျိုးကြီးဝါဒ အတွေးအခေါ်များ လျော့နည်းလာခြင်း၊ ကမ္ဘာအနှံ့မှ (ဗဟုသုတကို) လေ့လာဆည်းပူးလိုသော အာသာဆန္ဒပြင်းပြခြင်း စသည့်လက္ခဏာများကို တွေ့လာရသည်။ သို့ရာတွင် ထိုနိုင်ငံရေး အတွေးအခေါ်များ ရင့်ကျက်အခြေခိုင်သည်အထိ အခြေအနေမပေးတော့ချေ။ ဒုတိယကမ္ဘာစစ်မီးတောက်က မြန်မာပြည်သို့ ကူးစက်လာခဲ့ပြီဖြစ်သည်။ (အရှေ့ဖျားဆီမှ) ဂျပန်တို့ချီလာခြင်းက မြန်မာတို့ကို ပြဿနာအသစ်များနှင့် ရင်ဆိုင်ရစေခဲ့သည်။ သူတို့အနေဖြင့် အရှတိုက်သားအချင်းချင်းဖြစ်သည့် ဂျပန်တို့၏ အောင်မြင်မှုရလဒ်များကို ကြည်ညို၍မဆုံးမီ မိတ်ဆွေများဟု တွင်တွင်ပြောသော်လည်း ဘ၀င်မြင့်ပြီး ရက်စက်ကြမ်းကြုပ်သည့် အောင်နိုင်သူများကို နဖူးတွေ့ဒူးတွေ့ ကြုံလာခဲ့ရသည်။ ထိုအဖြစ်အပျက်မှာ ဗြိတိသျှတို့လက်အောက်မှ ရုန်းထွက်လာခဲ့သူ မြန်မာတို့အတွက် အခြေအနေသစ်တစ်ရပ်ဖြစ်လေသည်။ မြန်မာတို့ကား သူတို့တိုင်းပြည်တစ်နိုင်ငံလုံးနှင့် လိုက်ဖက်မည့် အတွေးအခေါ်လုပ်ရပ်များကို ဆက်လက်ရှာဖွေရဦးမည်သာတည်း။









နိဂုံး


ကိုလိုနီခေတ် မြန်မာနှင့် အိန္ဒိယ စာပေပညာရှင်များအကြောင်း နှိုင်းယှဉ်လေ့လာချက်မှ လွန်စွာခြားနားသော လူ့အဖွဲ့အစည်းနှစ်ခုတို့ တိုင်းတစ်ပါး၏လွှမ်းမိုးလာမှုများကို တစ်သီးတစ်ခြားစီ ရင်ဆိုင်နေကြပုံကို ပြဆိုခဲ့သည်။ အိန္ဒိယတွင် ကနဦး၌ အနောက်တိုင်းအတွေးအခေါ်နှင့် အဖွဲ့အစည်းများပုံစံကို ခေါင်းဆောင်ပိုင်းက ထက်ထက်သန်သန်လေ့လာခဲ့ကြသည်။ ထိုကနဦးအားကျမှုက အိန္ဒိယပြည် ပြန်လည်နိုးကြားလာခြင်းအတွက် အဓိကမောင်းနှင်အားဖြစ်လာကာ ထိုမှတစ်ဆင့် အသိပညာဖွံ့ဖြိုးမှုနှင့် နိုင်ငံရေး အမြင်များအပေါ် သြဇာညောင်းခဲ့သည်မှာ လွတ်လပ်ရေးရသည် အထိဖြစ်သည်။ (ကိုလိုနီ) အုပ်ချုပ်သူများ၏ ဘာသာစကားက အနောက်တိုင်းအတွေးအခေါ်များ ပျံ့နှံ့စေရန် ကူညီခဲ့သည်သာမက ဘာသာစကားမျိုးစုံ ပြောဆိုကြသည့် (အိန္ဒိယ) တိုက်ငယ်အတွင်း ညီညွတ်ရေးကိုပါ ဆောင်ကြဉ်းခဲ့သည်။ အင်္ဂလိပ် ဘာသာစကား မှာ အိန္ဒိယ စာပေလောက၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီး အင်္ဂလို-အိန္ဒိယ စာပေလက်ရာများမှာ လွတ်လပ်သော အိန္ဒိယ၌ ကိုယ်ပိုင်နေရာတစ်ခုပင် ရယူနိုင်ခဲ့သည်။ နောက်ပိုင်း၌ အိန္ဒိယတို့ အနေဖြင့် အင်္ဂလိပ်တို့ အပေါ် ဆန့်ကျင်စိတ်များ၊ ရန်စောင်မှုများ ရှိလာခဲ့သော်လည်း အရှေ့နှင့်အနောက်ကြား ဟန်ချက်ညီညီပေါင်းစည်းမှုကို ရှာဖွေပေးခဲ့သော အသိပညာနှလုံးခုံသံမှာမူ လုံးဝ ရပ်တန့်သေဆုံးသွားသည်အထိ မဖြစ်ခဲ့ပါချေ။ အင်္ဂလိပ်စာကို အိန္ဒိယ၏ နိုင်ငံရေးဘာသာစကားအဖြစ် ဆက်လက်သုံးစွဲခဲ့ကြသည်။


လက်ဝဲအယူအဆများက အိန္ဒိယစာပေပညာရှင်များအတွက် သည်းခြေကြိုက်မဖြစ်ခဲ့ကြခြင်း မဟုတ်ပါ။ အထူးသဖြင့် လူမှုဘ၀အခြေအနေများမှာ ကွန်မြူနစ်လူ့ဘောင်၏ ကတိက၀တ်များဖြင့် ဆွဲဆောင်ရန် အကောင်းဆုံးဖြစ်ခဲ့သည်။ သို့ရာတွင် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးတို့သည် လူယဉ်ကျေးတို့၏ ခွဲခြားမရနိုင်သည့် အစိတ်အပိုင်းများဖြစ်သည်ဟူသည့် ပြန်လည်ဆန်းသစ်ခြင်းအမြင်ကို လက်ခံသူ အမျိုးသားရေးဝါဒီ ခေါင်းဆောင်အများစုတို့က အပြောကျယ်လှသော ဆိုရှယ်လစ် အတွေးအခေါ်များအနက်မှ အချို့ (စီးပွားရေးအယူအဆများ) ကိုသာ ရွေးချယ် လက်ခံခဲ့ကြလေသည်။


ထိုထိုသော အဖြစ်အပျက်များကြုံခဲ့သည့် အိန္ဒိယဖက်မှ မြန်မာပြည်သို့ လှမ်းမျှော်ကြည့်ပါလျှင် ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းများနှင့်၊ ရပ်တန့်လုနီးပါးအချိန်ကာလတစ်ခုကို တွေ့နိုင်ပေလိမ့်မည်။ နှစ်ပေါင်းများစွာနောက်ကျပြီးမှ ကိုလိုနီဖြစ်လာခဲ့ပြီး အချိန်တိုတိုနှင့် အဆုံးသတ်သွားသည့် မြန်မာပြည်ဗြိတိသျှအုပ်ချုပ်ရေးမှာ တစ်နည်းအားဖြင့် အိန္ဒိယ၌ ဖြစ်ပျက်ခဲ့သည်များကို ချုံ့ထားသကဲ့သို့ ရှိပေမည်။ သို့ရာတွင် အခြားကိုလိုနီများ၌မကြုံရသော သီးသန့်အဖြစ်များလည်း ကြုံခဲ့ပါသည်။ မြန်မာပြည်သူတို့ ကံနည်းသောအချက်မှာ နိုင်ငံရပ်ခြားမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် အကူအညီနှင့် ခေါင်းဆောင်မှု ပေးနိုင်သူများ မရှိခဲ့ခြင်းဖြစ်သည်။ အခြေအနေအသစ်များကို သူတို့ဘာသာ တစ်ဖြည်းဖြည်းတွင်မှ မသိစိတ်ဖြင့် လိုက်ညှိလာခဲ့ကြခြင်းဖြစ်သည်။ ဗြိတိသျှအုပ်ချုပ်ရေး အဆုံးသတ်ခါနီး အချိန်ပိုင်းတွင်မှ ခေတ်မီတိုးတက်နေသော ကမ္ဘာကြီးနှင့် ရင်ပေါင်တန်းရန် ကြိုးပမ်းရမည်ကို သဘောပေါက်နားလည်သူ ခေါင်းဆောင်အချို့ ပေါ်လာခြင်းဖြစ်သည်။


သို့ရာတွင် မြန်မာ့လူအဖွဲ့အစည်းတစ်ခုလုံးအနေဖြင့် ပြောင်းလဲမှုမှာ သမားရိုးကျဖြစ်စဉ်တွင် စီးမျောနေသည့် လူထုကြီး၏ဆန္ဒသဘောအရ ရွေ့လျားခဲ့ခြင်းသာဖြစ်ပြီး ဖျတ်ဖျတ်လတ်လတ် ခေါင်းဆောင်မှုတစ်ခုက တွန်းအားပေးခဲ့ခြင်းမဟုတ်ပါချေ။ ခေါင်းဆောင်များနောက် သူတို့လိုက်ခဲ့ကြသည်မှာ ထိုသူတို့အနေဖြင့် မြန်မာစကားကို (အာပေါင်အာရင်းသန်သန်ဖြင့်) ပြောနိုင်ကြခြင်းကြောင့်ပင်။ တို့ဗမာ အစည်းအရုံးကို တည်ထောင်သူ သဘောပေါက်ခဲ့သလိုပင် အမျိုး ဘာသာ၊ သာသနာသည် မြန်မာတို့၏ သီးသန့်လက္ခဏာ နိုးကြားစိတ်များ အညှောင့်ပေါက်ရာ ဖြစ်လေသည်။ ထို့ကြောင့်ပင် နောက်ပိုင်း၌ တော်လှန်ရေးအမြင်ရှိသော ခေါင်းဆောင်ငယ်များမှ ခေတ်မီနိုင်ငံသစ် ပုံစံတွင် “အမျိုး” နှင့် “သာသနာ” ကို၊ ဖြုတ်ဖယ်ခဲ့ သော်လည်း ဘာသာစကားကိုမူ စည်းလုံးညီညွတ်ရေး၊ ပြယုဂ်အဖြစ် မသိလိုက်ဘာသာ ချန်ရစ်ခဲ့ခြင်းဖြစ်တန်ရာသည်။


ယခု လေ့လာချက်အရ တွေ့ရှိလာသည်မှာ ကိုလိုနီခေတ်အိန္ဒိယနှင့် မြန်မာပြည်တို့တွင် အမျိုးသားရေးနှင့် စာပေရေးရာဖွံ့ဖြိုးတိုးတက်မှုများအကြား ခိုင်မာသည့် အချိတ်အဆက်တစ်ခု ရှိနေခြင်းပင်ဖြစ်ပါသည်။ အိန္ဒိယလူ့ဘောင်က မိရိုးဖလာအတိုင်း ဇာတ်မြင့်ယဉ်ကျေးမှုများ၏ လှုပ်ရှားမှုကိုနေရာပေးသည်။ ဇာတ်မြင့်မျိုးနွယ် စာပေပညာရှင်များမှ မွေးဖွားလိုက်သည့် နိုးကြားလာသော အိန္ဒိယစီးကြောင်းကို အဆင်သင့်လက်ခံခဲ့သလို ထိုစီးကြောင်းမှ ခေါင်းဆောင်သစ်များစွာ ထပ်မံမွေးဖွားလာခဲ့ကြသည်။ အမျိုးသားရေးစံများ ရှာဖွေရင်းနှင့် အရှေ့နှင့်အနောက် အတွေးအခေါ်များ သဟဇာတဖြစ်အောင် ပေါင်းစည်းစေနိုင်ခဲ့သည်။


မြန်မာပြည်၌မူ မိရိုးဖလာ လက်ရည်တစ်ပြင်တည်း စိတ်ထားများက အထက်တန်းလွှာလူစုကို လက်မခံရန်ပြုခဲ့သည်။ ထို့မျှမကသေး ကိုလိုနီခေတ်ဦးတွင် ခေတ်မီပညာတတ်ဖြစ်လာသူ မြန်မာများမှာ ၎င်းတို့တိုင်းပြည်မှ မိရိုးဖလာပညာရပ်များကို အလွန်အမင်းလျစ်လျူရှုခဲ့ကြသည်။ ရလဒ်မှာ ထိုသူတို့အနေဖြင့် ဂန္တ၀င်စာပေသမားများနှင့်သာမက သာမန်လူထုနှင့်ပါ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ခဲ့ရခြင်းပင်။ ၁၉၃၀ ပြည့်နှစ်များတွင် မြန်မာစာကို အစိုးရသင်ရိုးညွန်းတန်း၌ ထည့်သွင်းပြီး နောက်ပိုင်းမှသာ အနောက်တိုင်းပညာရေးနှင့် မိရိုးဖလာသင်ယူမှုတို့ ပေါင်းစည်းသွားခဲ့သည်။ ထိုပညာရေးမှ ပေါက်ဖွားလာသော မျိုးဆက်သစ်ခေါင်းဆောင်များ လက်ထက်မှသာ အမျိုးသားရေး မျှော်လင့်ချက်များကို ဗမာများအတွက်သာမက မြန်မာပြည်တွင်းနေထိုင်သူ အားလုံးအတွက် ပေးနိုင်ခဲ့သည်။ သို့ရာတွင် စစ်ကြီးအပြီး လွတ်လပ်ရေးလှုပ်ရှားမှုအတွက် ခေါင်းဆောင်ရမည့် မျိုးဆက်သစ်များနှင့် ခေါင်းဆောင်ဟောင်းများအကြား အသိပညာပိုင်းဆိုင်ရာ ကွာဟမှုများ (ယဉ်ကျေးမှုပိုင်းဆိုင်ရာကွာဟမှု ဟုလည်း ဆိုနိုင်ပါသည်) ရှိနေခဲ့သည်မှာ အသေအချာပင် ဖြစ်သည်။


နှစ်နိုင်ငံစလုံး၌ အဖြစ်အပျက်အလုံးစုံမှာ ကျေနပ်ဖွယ်ရာချည်းဟူ၍ကား မဟုတ်ပါချေ။ အိန္ဒိယတွင် အထက်တန်းလွှာတို့က အိန္ဒိယလူမျိုးတို့အနေဖြင့် မိရိုးဖလာအဆီအနှစ်များကို အနောက်တိုင်း၏ အကောင်းဆုံးများနှင့် ပေါင်းစပ်ပြီး ကမ္ဘာ့ အသိပညာလောက၏ ထိပ်တန်းထိတိုင်အောင် တက်လှမ်းနိုင်ကြောင်း သက်သေထူနိုင်ခဲ့သည်။ သို့ရာတွင် အထက်တန်းလွှာများနှင့် သာမန်လူတန်းစားများအကြား ကွာဟမှုကြီးမားလှလေရာ အိန္ဒိယနိုးကြားလာမှုမှာ ရေရှည်မတည်တံ့နိုင် ဖြစ်ခဲ့ရသည်။ အမျိုးသားရေးလှုပ်ရှားမှု၏ စံနှင့် အတွေးအခေါ်များကို မောင်းနှင်ခဲ့ကြသည့် အင်အားစုများမှာ လွတ်လပ်ရေးရပြီးစကာလ၌ပင် စတင်အစည်းပြေလာခဲ့ကြသည်။ အထက်တန်းလွာကိစ္စ နည်းပါးသည့် မြန်မာပြည်၌မူ လူထုစံပြုစရာ၊ အောင်မြင်မှုကြီးကြီးမားမား ရစရာများအတွက် မောင်းနှင်အားမရှိခဲ့ပေ။ စစ်ကြီးမဖြစ်မီ မျိုးဆက်သစ်ခေါင်းဆောင်များ၏ ပြောင်းလဲရေးအားထုတ်မှုမှာလည်း နောက်ကျခဲ့သည်။ ၁၉၄၀ ပြည့်နှစ်များအတွင်း မြန်မာပြည်၏ ပြောင်းလဲမှုဖြစ်စဉ်များစွာမှာ ရုတ်ချည်းဆန်လွန်းလှသည်ဖြစ်ရာ မြန်မာ့လူ့ဘောင်မှာ သူတို့၏အစွမ်းအစများကို အစွမ်းကုန် ဖော်ထုတ်ခွင့်ရရန် ယနေ့အထိ စောင့်ဆိုင်းနေဆဲ ဖြစ်လေသည်။ ။

No comments:

Post a Comment