Wednesday, September 19, 2012

မရဏတေးသံ

ဂျော့ဂျာ ဆိုတဲ့မြို့ကို ကျုပ်စီးလာတဲ့ရထားဆိုက်တော့ အပြင်မှာ မှောင်စပျိုးနေပြီ။

ဧည့်ခံပွဲဆီက ပျံ့လွင့်လာတဲ့ ခေတ်ဟောင်းတေးသံကြောင့် ကျုပ်နားထဲမှာအီပြီး အိပ်ငိုက်လာတယ်။ ဒီလိုတေးသွားမျိုးက လူကြီးပိုင်းတွေရဲ့ အမြဲတန်းစိတ်ကြိုက်၊ သူတို့အဖို့ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြောင်းသတိရအောင် အစဖော်ပေးလို့ သိပ်ကြိုက်ပေါ့။ ဒါပေမဲ့ ဒီည ပါတီပွဲကိုလာတဲ့ ပရိသတ်ထဲမှာ တစ်ချို့တလေလောက်ပဲ ဂီတတေးသံထဲမှာ မျောပါနေဟန်ရှိပြီး အများစုကတော့ ရေကူးကန်တ၀ိုက်မှာ ကိုယ့်အဖွဲ့နဲ့ကိုယ် စကားစမြည်ပြောကြဆိုကြ၊ တစ်ခါတစ်ခါ ဝေါခနဲရယ်လိုက်ကြနဲ့ ဆူဆူညံညံ ပွဲကျနေကြတယ်။


သေချာကြည့်တော့မှ ပရိတ်သတ်ထဲမှာ လူလတ်ပိုင်းတွေလည်း ပါသကိုး။ အောင်မယ်..မိန်းမပျိုလေးတွေလည်း အများကြီးပါလား။ ဘာပဲဖြစ်ဖြစ် ကျူပ်မျက်လုံးတွေ ကျယ်သွားတာတော့အမှန်ပဲ။ လက်ဖြောင့်သေနတ်ရဲ့ အဝေးကြည့်မှန်ပြောင်းထဲကနေ ကျုပ် တစ်ယောက်ချင်း လိုက်ကြည့်တယ်။ တကယ်ကို ကျုပ်ကိုယ်တိုင်ပဲ လူအုပ်ထဲ ရောက်နေသလိုလို။ အတော်စည်တဲ့ပွဲ၊ ဆိတ်တစ်ကောင်ကိုလည်း တံစို့ထိုးကင်ထားလို့။ ဟင်း...



သေနတ်ပြောင်းနဲ့အတူ ကျုပ်ရဲ့မြင်ကွင်းကလည်း လိုက်ရွှေ့နေတယ်။ တစ်ခါတစ်ရံ လူတစ်ယောက်ရဲ့ နဖူးအလည်တည့်တည့်မှာ တော်တော်ကြာ ချိန်ထားလိုက်၊ ပစ်မှတ်သွားရာနောက်ကို လိုက်ရွှေ.လိုက်၊ အင်း..ခုနေများ ကျုပ်လက်ညှိုးတစ်ချက် ကွေးလိုက်ရင် သူ့နဖူးမှာ အပေါက်ကလေးဖြစ် သွားမှာသေချာတယ်။ ပြီးတော့အဲဒီလူ လဲကျသွားမှာပေါ့။ကျွန်းပင်ကြီးကို ခုတ်လှဲချလိုက်သလို တစ်ဖြည်းဖြည်း လဲပြို သွားလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း ခေါက်ကနဲ ချက်ချင်းခွေကျ သွားနိုင်တယ်။ ဆူဆူညံညံ ရယ်မောနေတဲ့ လူတွေလည်း အလန့်တကြားနဲ့ ပြေးကြ လွှားကြနဲ့ စားပွဲထိုးတွေလက်ထဲက ဖန်ခွက်တွေ လင်ဗန်းတွေလည်း ဖိတ်စင်ကွဲကျကုန်မယ်။ တကယ်လို့သာ သေနတ်မှန်ထားတဲ့ကိုယ်ကြီး ရေကူးကန်ထဲကို ၀ုန်းကနဲ လွင့်ကျသွားမယ် ဆိုရင်တော့၊ ၀တ်ကောင်းစားလှနဲ့ ဧည့်သည်တွေလည်း ရေစင်လို့စိုကုန်ကြ၊ တစ်ခါ ကန်ရေပြင်ထဲ သွေးတွေ ဖြာခနဲ ဖြစ်သွားတော့ အမျိုးသမီးတစ်သိုက် စူးစူးဝါးဝါးအော်လိုက်ကြ၊ ပါတီညကလေး ပွက်လောထသွားမှာ အသေအချာပေါ့။



စိတ်ကူးယဉ်တာတွေ ခဏဘေးချိတ်လို့၊ တကယ်တော့ ဒီည ကျုပ်ပစ်ရမဲ့ ပစ်မှတ်ကို မတွေ့သေးပါဘူး။ အသေအချာပြောရရင် အချိန်မကျသေးဘူး။ ကျုပ်ပစ်မှတ်က အချိန်မရွေးတော့ ရောက်လာနိုင်တယ်။ ဒါပေမဲ့ ရှင်းရှင်းပြောရရင် အဲဒီအတွက် ကျုပ်စိတ်ပူစရာမလိုဘူး။ ကျုပ်ရဲ့နားထဲမှာ မြုပ်ထားတဲ့ဆက်သွယ်ရေစက်ကလေးက ပြောလာလိမ့်မယ်။



“ရှင်..အဆင်သင့်ဖြစ်ပြီလား..” သာယာတဲ့အသံကလေးနဲ့ နားကျပ်ထဲက မေးတယ်။

“ကျုပ်အဆင်သင့်ဖြစ်နေတာအတော်ကြာနေပြီ..ပစ်မှတ်ကဘယ်မှာလည်း။”

“ဖြေးဖြေးပေါ့..ခဏလေးစောင့်ဦး။”



ဒီလိုနဲ့ ဟိုတယ် ၇ ထပ်အပေါ်က ကျုပ်မျက်လုံးတွေကို အဝေးကြည့်မှန်ပြောင်းထဲ ပြန်ထည့်ထားလိုက်ရတယ်။ စိုစွတ်တဲ့ပင်လယ်လေနဲ့ ပါ လာတဲ့ ငံပြပြဆားငွေ့ကို ကျုပ်နှုပ်ခမ်းမှာ အရသာခံမိတယ်။ ပစ်မှတ်ကိုစောင့်တုန်း အချိန်ဖြုန်းရင်း၊ ခုနကျုပ်ကိုဆက်သွယ်လာတဲ့ အသံရှင်ကလေးများ လူအုပ်ထဲမှာရှိမလား ရှာမိပါရဲ့။ သေနတ်ပြောင်း ရှေပမှာမျက်နှာတွေက တစ်ခုပြီးတစ်ခုရွှေ့သွားကြ။ အမျိုးသမီးတွေ၊ လိုက်ဖက်ရာညနေပိုင်းဝတ်စုံတွေနဲ့၊ အချို့ကလည်း ကျောပြင်မှာဗလာကျင်းလို့၊ အင်မတန် လှပတင့်တယ်နေကြတာပေါ့။ ကျုပ်ကို အမိန့်ပေးတဲ့ အသံရှင်ကလေးလည်း လှမှာသေချာတယ်။ တကယ်တော့ ဒီလိုလူသတ်မှုမျိုးမှာ မိန်းကလေးတစ်ယောက် ပါတ်သက်နေမယ်လို့ ဘယ်လိုမှ ကျုပ်မထင်မိဘူး။



“မိန်းကလေး..ကျုပ်ပစ်ရမှာဘယ်သူလဲ”

လွန်ခဲ့တဲ့တစ်ပတ် ဒီအလုပ်ကိုလက်ခံခဲ့တုံးက တယ်လီဖုန်းထဲကနေ ကျုပ်မေးဘူးတယ်။

“ဘယ်သူဘယ်ဝါဆိုတာ..ရှင်သိစရာမလိုဘူး။ ဒါကျွန်မတို့စာချုပ်အရ သတ်မှတ်ထားတဲ့စည်းကမ်းပဲ”



ဟုတ်ပါတယ်လေ၊ဒါ ကျုပ်တို့လောကမှာထုံးစံပဲ။ ထိုက်တန်တဲ့ အခကြေးငွေသာရရင် ပစ်မှတ်ကဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။

“ဒါပေမဲ့ရှင့်ကိုတစ်ခုတော့ပြောထားလို့ရတယ်”

“ဘာကိုလဲ”

“ရှင့်ရဲ့ပစ်မှတ်ဟာ သစ္စာဖောက် တစ်ယောက်ပဲ”

“သစ္စာဖောက်..”

“ဟုတ်တယ်..တိုင်းပြည်နဲ့လူမျိုးကို သစ္စာဖောက်တဲ့သူ။”



အင်း..ကျုပ်လက်နဲ့ ဇီဝိန်ချွေရမဲ့သူက တိုင်းပြည်နဲ့လူမျိုးရဲ့ သစ္စာဖောက် ဆိုပါလား။ ဒီလိုဆို ကျုပ်ကိုကျတော့ ဘယ်လို သတ်မှတ်ကြမှာလည်း..သူရဲကောင်းလား..။ ကျုပ်လည်း ရိုင်ဖယ်ကို ဟိုဟိုဒီဒီ ရွေှ့ချိန်ရင်း တဖွဲဖွဲ ထပ်ရောက်လာနေတဲ့ သူတွေကို မှန်ပြောင်းထဲကနေ လိုက်ကြည့်နေမိတယ်။ လူအုပ်ထဲက တစ်ယောက်ယောက်ကို အနီးကပ် ဆွဲချိန်လိုက်တိုင်း ကျုပ်စိတ်ထဲမှာ မသက်မသာ ဖြစ်လာတယ်။ ကျုပ်တွေ့နေရသလောက် အထိကတော့ သူတို့ရဲ့ဥပတိရုပ်တွေက တကယ့်ကို လူကြီးလူကောင်းတွေပါ။ ဘာကြောင့် ကျုပ်စိတ်ထဲမှာ စနိုးစနောင့် ဖြစ်နေရတယ်ဆိုတာ စဉ်းစားလို့မရဘူး။ ပရိသတ်ထဲက လူတစ်ချို့ဟာ ကျုပ်လုံးဝကြည့်မရတဲ့ အ၀တ်အစားတွေ ၀တ်ထားကြလို့လား၊ ဒါမှမဟုတ်ရင်လည်း ကျုပ်ပဲ စိတ်ထင်နေလို့လား။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီညအဖို့ ကျုပ်လုပ်ကြံရမဲ့သူဟာ တကယ့်ကို အော့နလုံးနာစရာ သစ္စာဖောက်ဆိုရင် ကျုပ်ဝမ်းမြောက်မိမှာ အမှန်ပဲဆိုတာ ဘုရားစူးကျိန်ပြောရဲတယ်။



ကျုပ်ရိုင်ဖယ်ပြောင်းဝကိုတစ်ပတ်ထပ်ဝေ့လိုက်တယ်။ သူတို့ခေါင်းပေါ်မှာ သေနတ်ပြောင်းတစ်လက် ဝေ့နေတာ လူတွေမသိကြဘူး ဆိုတဲ့အချက်က ကျုပ်စိတ်ကို တစ်မျိုးတစ်မည် လှုပ်ရှားစေတယ်။



“တောက်ပတဲ့မျက်လုံးအစုံရယ်xxxxလေသာပြူတင်းရဲ့နောက်ကွယ်မှာxxx”

ဟာ...ဒီခေတ်ဟောင်းသီချင်းကလည်းမဆုံးနိုင်တော့ဘူး။စာသားတွေကရှည်ပဲရှည်နိုင်လွန်း။ တကယ်ဆိုရင် ခေတ်ဟောင်းဂီတဆိုတာ ပြတိုက်မှာပဲရှိသင့်တော့တဲ့ဟာမျိုး။ ဂီတသမားတွေကလည်း အသစ်ဆိုတာကို မထွင်နိုင်ကြတော့ဘူး။ အင်း...ကျုပ်ရဲ့ အသံရှင်မကလေး လူအုပ်ထဲ ဘယ်နေရာ ရှိနိုင်မလဲ...။



ပရိတ်သတ်တွေလည်း စားကြသောက်ကြ ပြောကြဆိုကြ ပြုံးကြရယ်ကြ နဲ့ပေါ့။ ယောင်္ကျားတွေကြည့်ရတာ တကယ့်ဗျုရိုကရက်တွေရဲ့ ဟန်ပန်အပြည့်။ ကြည်ညိုလောက်လောက်အောင် ဘယ်လိုပဲ ၀တ်စားထားပေမယ့် အစားအသောက်တွေကိုတော့ ဣနြေ္ဒမဆည်နိုင်ပဲ ကြိတ်နေကြတယ်။ လမ်းလျှောက်စကားပြောစက်တွေနဲ့ ပျားပန်းခတ်နေတဲ့လူတစ်ချို့ကိုကြည့်ရင် ဒီညပါတီကို အရေးကြီးပုဂ္ဂိုလ်တွေလည်း လာကြပုံရတယ်။



ကြည်လင်တဲ့ညရဲ့  ကောင်းကင်ဟာ ကြယ်တွေအပြည့်နဲ့ လင်းလက်နေလေရဲ့ ။ ကျုပ်လည်း ရိုင်ဖယ်ကို အသာချပြီး ညောင်းညာနေတဲ့ ကြွက်သားတွေကို အနားပေးလိုက်တယ်။ ဟိုတယ်ခန်းထဲ ပြန်ဝင်ပြီး စားပွဲပေါ်က မြေပဲလှော်စေ့တွေ ကောက်ဝါးရင်း တီဗွီကိုဖွင့်၊ ပြီးမှ သတိဝင်လာတာနဲ့ ချက်ချင်းပြန်ပိတ်လိုက်တယ်။ အခန်းထဲမှာ ချောက်ခြားစရာ ကောင်းလောက်အောင်ကို တိတ်ဆိတ်သွားတယ်။ ကျုပ်လည်း ကိစ္စမြန်မြန်ပြီးတာနဲ့ အိမ်ပြန်ဘီယာတစ်လုံးလောက်တော့ သောက်ချင်လှပြီ။



“ဟေး..ရှင်ဘာလုပ်နေလဲ”

အသံရှင်ရုတ်တရက်ပြန်ပေါ်လာတယ်။

“ကျုပ်ရှိပါတယ်...ပြောပါ”

“ဒါကလေးကစားစရာမဟုတ်ဘူး...ရှင်နေရာမှာ အဆင်သင့်မရှိတာ ကျွန်မသိတယ်”

ကျုပ်ဝရန်တာကိုအမြန်ပြန်ထွက်လိုက်တယ်။

“ဘယ်လိုလဲ...ပစ်မှတ်ရောက်လာပြီလား”

“ရောက်ပြီ...ပါတိတ်အနီနဲ့၊ အနီရောင်ဝတ်ထားတာ သူတစ်ယောက်ပဲရှိတယ်။ ရှင့်အတွက် အဆင်ပြေသွားတာပေါ့”

ကျုပ်နေရာက ငုံ့ကြည့်ရင်မြင်ရတဲ့ မြင်ကွင်းမှာ လူတွေဟာ ပုရွက်ဆိတ်အုံလိုပဲ တိုးဝှေ့နေကြလေရဲ့ ။ ခုနှစ်ထပ်အပ်ါကနေပြီးတော့ ပါတိတ်အနီနဲ့လူကို ဒီအတိုင်း မတွေ့နိုင်တာ သေချာတယ်။ ကျုပ်လည်း ရိုင်ဖယ်ကိုမြှောက် ပြီးချိန်လို့ကောင်းမဲ့နေရာကို ရှာရပြန်တယ်။ ပါးစပ်ထဲက မြေပဲလှော်ဝါးရင်း သေနတ်ပြောင်းပေါ်က အဝေးကြည့်မှန်ပြောင်းကို ရွှေ့သွားလိုက်တယ်။ တစ်ယောက်ပြီးတစ်ယောက်၊ ပြုံးရယ်နေကြတဲ့ မျက်နှာတွေကိုကြည့်ရင်း ကျုပ်လည်းပြုံးမိတယ်။ ဟေ့လူတွေ..နောက်တစ်မိနစ်ဆို ခင်ဗျားတို့အခုလို ပြုံးနိုင်ဦးမလား..ကျုပ်နေရာကနေ ခင်ဗျားတို့အားလုံးကို စိတ်ရှိလက်ရှိ ပစ်နိုင်တယ်..ဒါပေမဲ့ ကျုပ်ဆိုတဲ့ကောင်က ဒီလိုမလုပ်ပါဘူး။ စာချုပ်အတိုင်းလိုက်နာတဲ့ ကြေးစားစစ်စစ်ပါ။



“ဘယ်နေရာလောက်မှာလည်း...” ကျုပ်မေးစေ့အောက်နားမှာချိတ်ထားတဲ့ မိုက်ခရိုဖုန်းထဲကနေတဆင့် မေးလိုက်တယ်။

“ရေကူးကန်ထောင့်နား..တောင်ဘက်ခြမ်းကဟို..ထီးအစိမ်းနားမှာ..”

ကျုပ်ရိုင်ဖယ်ပြောင်းကို ညာဖက်ရွှေ့ချိန်လိုက်တယ်။ အဆီပြန်ပြောင်လက်နေတဲ့ မျက်နှာတွေ တစ်ခုပြီးတစ်ခု။ မိန်းမလှတွေရေ..ခင်ဗျားတို့ကို ကျုပ်မကြည့်အားသေးဘူး။ ဒီမှာတွေ့ပြီ..သူဘဲဖြစ်ရမယ်။ ပါတိတ်အင်္ကျီ အနီရောင်ဝတ်ထားတဲ့သူ။ အင်း..ဒီပုဂ္ဂိုလ်ရဲ့ မျက်နှာနဲ့အချိုးအစားကို ကြည့်ရတာ အတော်သြဇာညောင်းမဲ့ပုံပဲ။ လူလတ်ပိုင်း အရွယ်ကောင်းပေါ့။ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် နောက်လှန် ဖီးထားလို့။ဣနြေ္ဒပျက်လောက်အောင် ရယ်ပွဲဖွဲ့နေတာလည်းမဟုတ်။ သူ့အနားမှာ ၀ိုင်းနေတဲ့သူတွေက တစ်လေးတစ်စားရှိကြတဲ့ ပုံပဲ။ တစ်ချို့ကြတော့လည်း မျက်နှာချိုသွေးနေကြတဲ့ပုံစံမျိုး။ ကျုပ်ရဲ့သေနတ်ပြောင်းကို သူ့နဖူးတည့်တည့် ထိုးချိန်လိုက်တယ်။

“ပစ်ရတော့မလား...”

“ခဏနေဦး...ပစ်မိန့်ကိုစောင့်ဦး”



ကျုပ်ပစ်ရမယ့် သားကောင်ရဲ့မျက်နှာကို သေချာလေ့လာနေမိတယ်။ ဒီလူ သူသေရတော့မယ်ဆိုတာ သိရဲ့လားမသိဘူး။ သေနတ်ပြောင်းနောက်ကွယ်ကနေ မြင်ရတဲ့ လူတစ်ယောက်ရဲ့မျက်နှာဟာ ပိုပြီးကြည်လင်နေတယ်ဆိုတာ ခင်ဗျားတို့သိလား။ သာမန် မျက်နှာချင်းဆိုင် တွေ့ရတာနဲ့ တူကိုမတူဘူး။ ဒီလူ့ကိုကြည်ရတာ စကားတွေ ဖောင်နေအောင် ပြောနေတဲပုံ မဟုတ်ဘူး။ လူတွေကတော့ သူ့ကို ၀ိုင်းပြီး မေးမြန်းနေတဲ့ပုံ။ သူကလည်း ဂရုတစိုက်နဲ ပြန်ဖြေနေတဲ့ပုံ။ ဒါပေမယ့် တမင်လုပ်ပြီး ပြောနေရတဲ့ပုံတော့ မဟုတ်ဘူး။ ကျုပ် သူ့ကို အခုနေ ပစ်လိုက်ရင် ဘာဖြစ်သွားမလဲ။ ဖိလစ်ပိုင်က နီနွိုင် အကွီနိုလုပ်ကြံခံရတာကို ဖြတ်ခနဲ သတိရမိတယ်...။



နိုင်ငံရေးဆိုတာ ကျုပ်နဲ့ မဆိုင်ပါဘူးလေ။ ဒါကြောင့်မို့ မကြာခင် အပေါက်ကလေးဖြစ်သွားတော့မယ့် နဖူးပြင်ကို ကြည့်နေပေမယ့် တစ်ခြားအကြောင်းတွေကိုသာ ကျုပ်စဉ်းစားနေမိတယ်။ ဒီလူ့မှာ မိန်းမရှိမယ်၊ ကလေးတွေရှိမယ်။ မြေးတွေတောင် ရှိချင်ရှိဦးမှာ။ သူတို့တတွေ ဒီလူသေပြီဆိုတဲ့ သတင်းကြားရင် စီစီညံညံ အော်ဟစ်ငိုကြမှာပေါ့။ ဘယ်နည်းဘယ်ပုံ သေသွားတယ်ဆိုတာသိရရင် ပိုတောင်မှ ပွက်လောရိုက်အောင် ငိုကြဦးမယ်။ ရှိပါစေတော့။ တကယ်တော့ဒီလူဟာ တိုင်းပြည်နဲ့လူမျိုးကို သစ္စာဖောက်သူတစ်ယောက်ပဲ မဟုတ်လား။ သူ့အတွက် ထိုက်ထိုက်တန်တန်တော့ ဒဏ်ခတ်ပေးရပေမပေါ့။ ဟိုဟိုဒီဒီ ရောက်နေတဲ့ စိတ်ကို ထိန်းရင်း ကျုပ် ပစ်မိန့်ကို စောင့်နေရတယ်။ စာချုပ်နဲ့ အလုပ်လုပ်ရတဲ့ ပြဿနာက အဲဒါပဲ။ ကျုပ်မှာစိတ်တိုင်းကျ လုပ်ခွင့်မရှိဘူး။ ဒါကြောင့်မို့ ကျုပ် ကိုယ့်ကိုယ်ကို အမြဲတန်း စိတ်ဖြေတယ်။ ကျုပ် လူသတ်နေတာ မဟုတ်ဘူး ..လို့။ ပစ်မှတ်ကို ချိန်ထားပြီး ခလုတ်ဆွဲပေးတဲ့ အမိန့်နာခံရသူအဖြစ်ပဲ ကိုယ့်ကိုယ်ကို မြင်မိတယ်။



ကျုပ် ဟိုလူ့မျက်နှာကို ထပ်ပြီး စူးစူးစိုက်စိုက် ကြည့်မိပြန်တယ်။ သိပ်ကို နီးနေပြီ။ မျက်နှာပေါ်က အစက်အပျောက်ကလေးတွေကိုတောင် မြင်နေရတယ်။ သူကတော့ သေမင်းတမန် အနားမှာရောက်နေပြီး သူ့ဂုတ်ပိုးပေါ်မှာ ၀ဲနေပြီဆိုတာ မသိရှာဘူးပေပ။



“ဘယ်လိုလည်း.. ပစ်ရတော့မလား”

“ကျွန်မဘယ်နှစ်ခါပြောရမလဲ။ ပစ်မိန့်ကို စောင့်ပါလို့။”



မင်းပါတစ်ခါတည်း ငရဲကို သွားလိုက်ပါလား .. ခွေးမလေးရယ်။ ငါလို ကြေးစားကိုများ ဆရာကြီးလုပ်နေလိုက်တာ။ မခံချင်စိတ်နဲ့ ကျုပ်လက်တွေ အလိုလို ရွေ့လာကြတယ်။ သေနတ်သမားရဲ့ ဗီဇက လူအုပ်ထဲမှာ ရှိနေမယ့် သူမကို ရှာနေပြီ။ မျက်နှာလှလှတွေ တစ်ခုပြီးတစ်ခု။ အင်း.. ဒီကောင်မလေးကို စကားပြောလာအောင် လုပ်ဦးမှ။



“ကျုပ်တို့ ဘာကိုစောင့်နေတာတုံး...”

“ရှင်သိစရာမလိုဘူး .. စောင့်လို့ပြောထားရင် စောင့်.. ဒါပဲ။”

“စာချုပ်ထဲမှာ စောင့်ဖို့ဆိုတာ မပါဘူး..”

“ဘာလို့ မပါရမှာလည်း.. ရှင်အခုမှ ရူးချင်ယောင် ဆောင်မနေနဲ့။”



“သူပေးလာတဲ့ လက်ဆောင်xxxx ပိုးပုဝါတစ်ထည်ရယ်ပါxxxx” ဟာ .. အရေးထဲ ဒီခေတ်ဟောင်းသီချင်းက တစ်မှောင့်။ ကျုပ်နားကျပ်ထဲကနေ ကျယ်ကျယ်လောင်လောင်ကြီး ကြားနေရပြန်ပြီ။ အင်း.. ဒါဆို..ဒီအမျိုးသမီး သံစုံဝိုင်းနားမှာ ရှိနေတာ ဖြစ်ရမယ်။ ခေတ်ဟောင်းသီချင်းအဆိုတော်ရဲ့ ဗိုက်သားပြောင်ပြောင်ကြီးကို ကျုပ်သေနတ်ပြောင်း ချိန်လိုက်တယ်။ ပတ်ဝန်းကျင်မှာ လူအုပ်စု လေးတွေ လေးငါးစု။ ကျုပ်နားကျပ်ထဲကနေ .. ဖန်ခွက်ချင်း ထိရှသံတွေလည်း ကြားနေရတယ်ဆိုတော့.. အင်း.. စင်နောက်က ဘူဖေးပြင်ထားတဲ့ စားပွဲတန်းရှည်နားမှာလား။ အဲဒီမှာလည်း အမျိုးသမီးတွေရယ်၊ အရပ်ဝတ်နဲ့ ယောင်္ကျားတွေရယ်။ ဘယ်သူလဲ.. ကျုပ် တစ်ယောက်ချင်း စေ့စေ့စပ်စပ် လိုက်ကြည့်တယ်။ အချို့က အစားအသောက် ပြင်ပေးတဲ့ အလုပ်သမားတွေ။ ပြီးတော့ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်ပုံရတဲ့ အမျိုးသမီး တစ်ယောက်။ သူမဘေးက တစ်ယောက်က.. ဆံပင်ဖြောင့်ဖြောင့်နဲ့ .. နဖူးပေါ်ကို ဆံစတွေချထားတဲ့တစ်ယောက်.. သူမရဲ့မျက်လုံးတွေက ဟို .. ပါတိတ် အနီနဲ့လူကို ကြည့်နေတယ်။



“အချိန်ကျပြီ.. ပစ်တော့”

ကျုပ်နားကျပ်ထဲက အမိန့်ပေးသံကြားတယ်။ ကျုပ်သေနတ်ပြောင်းအောက်က မိန်းကလေး နှုတ်ခမ်းတွေ လှုပ်သွားတာကိုလည်း မှန်ပြောင်းထဲကနေ တွေ့လိုက်ရတယ်။ ကျုပ်ကို အမိန့်ပေးနေတာ သူမလား။ နားကြပ်ကို နားထဲမှာ ၀ှက်ထားပြီး မိုက်ကရိုဖုန်းကိုတော့

လည်ဆွဲမှာ ကပ်ချည်ထားတာ။ ပြီးတော့ လော့ကတ်သီး လှလှကလေးက ရင်ညွှန့်မှာ။



“ဘာပြောတယ်..” ကျုပ် သေချာအောင် တမင် ထပ်မေးလိုက်တယ်။

“ပစ်တော့... လို့ပြောတာ”



ဒါပါပဲ။ လုပ်ကြံမှုတွေထဲမှာ ပါတဲ့သူတွေက အစနဲ့ အဆုံးဆိုတာ မသိရ။ ဒီအမျိုးသမီးကလေး ကိုယ်တိုင်လည်း ကြားထဲက ကွင်းဆက်တစ်ခုပါပဲ။ ကျုပ်ရိုင်ဖယ်ပြောင်းကို ပါတိတ်အနီနဲ့ လူဆီ ပြန်ရွှေ့လိုက်တယ်။ လူတစ်ယောက်က သူ့ကို အာပေါင်အာရင်း သန်သန်နဲ့ စကားတွေပြောနေတယ်။ သူကလည်း ခေါင်းတစ်ညိတ်ညိတ်နဲ့။ ကျုပ်ပစ်ဖို့ အဆင်သင့်ဖြစ်ပြီ။ နောက်လက်ညိုးတစ်ကွေးမှာ ဒီလူသေပြီ။ ကျုပ်သူ့ရဲ့ ဘယ်ဘက်မျက်လုံးကို ချိန်လိုက်တယ်။ ကျုပ် သူ့မျက်လုံးတွေကို သေချာကြည့်လိုက်ပြီ။ အို.. ဘုရားသခင်.. ဒီလူဟာ သစ္စာဖောက်ဆိုတာ သေချာရဲ့လား။

“ဟေး .. သေချာတယ်နော်။ ဒီလူ သစ္စာဖောက်ဆိုတာ။”

“ဘာမှ မေးမနေနဲ့.. ပစ်မှာသာပစ်။” ကျုပ် သူ့မျက်လုံးတွေကို ထပ်ချိန်လိုက်တယ်။ ဘယ်လို သစ္စာဖောက်မျိုးပါလိမ့်။ ကျုပ် သိချင်လာတယ်။

“ သစ္စာဖောက်ဆို.. သူ့ကို ဘာလို့ ခုံရုံးမတင်တာလည်း။”

“ဒါ ရှင့်အပူ တစ်ပြားမှ မပါဘူး။ ခုပစ်မလား .. မပစ်ဘူးလား။ စာချုပ်ဖျက်လိုက်ရမလား ..”

ကျုပ်စိတ်ထဲမှာ ထောင်းခနဲ ဖြစ်သွားပြီး သေနတ်ပြောင်းကို မိန်းကလေးဆီ ရွှေ့ချိန်လိုက်တယ်။

“အခု သေနတ်ပြောင်းက မင်းကို ချိန်ထားတယ် အချစ်ကလေး။” ကျုပ် အေးစက်စက်အသံနဲ့ ပြောလိုက်တယ်။

“သေလိုက်ပါလား.. ဘာဖြစ်တာလည်း” သူမ ဆတ်ခနဲ တွန့်သွားပြီး ကျုပ်ဆီကို လှမ်းကြည့်လိုက်တာ မြင်ရတယ်။

“ကျုပ်ကို ပြော.. ဒီလူ ဘာတွေမကောင်းတာ လုပ်ခဲ့သလဲဆိုတာ။”

“ပစ်မလား.. မပစ်ဘူးလား.. ရှင်သေသွားချင်လား။”

“တစ်ကယ်ဆို မင်းက အရင်သေမယ့်သူ... မိန်းကလေး။”

“ဖြီးလုံးတွေလာထည့်မနေနဲ့... ကျွန်မဘယ်မှာလဲဆိုတာ ရှင်မသိပဲနဲ့။”

“မင်းဝတ်ထားတာ တရုတ်ချောင်ဆမ်း ၀တ်စုံ၊ ပေါင်အထိခွဲထားတယ်။ မင်းနေရာက သံစုံတီးဝိုင်း နောက်မှာ။” သူမမျက်နှာ ကွက်ခနဲ ပျက်သွားတာ ကျုပ်တွေ့လိုက်တယ်။

“ရှင် စာချုပ်စည်းကမ်းကို ဖျက်တယ်။”

“ကျုပ် အပြစ်မဲ့ လူတစ်ယောက်ကို မပစ်ချင်ဘူး မိန်းကလေး”

“ဒါ ရှင့်အလုပ်မဟုတ်ဘူးလို့ ကျွန်မပြောပြီးပြီ။ ရှင် မနှစ်ကဆို အပြစ်မဲ့သူတွေကို ထောင်နဲ့ချီပြီး ပစ်ခဲ့သေးတယ် မဟုတ်လား။”

“ဒါ ကျုပ်ကိစ္စပါ။ ဒီလူ ဘာတွေ မကောင်းတာလုပ်ခဲ့သလဲ ဆိုတာသာ ကျုပ်ကို မြန်မြန် ပြောစမ်းပါ။” အမျိုးသမီးက ထွက်ပြေးမယ့်ဟန်ပြင်တယ်။ “ပြေးဖို့ မကြိုးစားနဲ့ မိန်းကလေး.. မင်းကို ဘယ်သူပစ်လိုက်သလဲ ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ကျုပ်ရိုင်ဖယ်က ဆိုင်လင်စာလည်း တပ်ထားသေးတယ်။ ပြီးတော့.. မင်းသိပါတယ်.. ကျုပ်ဟာ ဘယ်တော့မှ ပစ်မှတ်ကို မလွဲဘူးဆိုတာ။” သူမက ကျုပ်ရှိရာကို မော့ကြည့်တယ်။ တုန်လှုပ်နေတဲ့ပုံစံ။ “ရှင်ဘာလိုချင်လည်း..ပြော။”

“ဒီလူ ဘာတွေ မကောင်းတာလုပ်ခဲ့သလဲ ကျုပ်ကို ပြောပါ။”

“သူဟာ ..သစ္စာဖောက်တစ်ယောက်။ တိုင်းပြည်နဲ့ လူမျိုး မကောင်းကြောင်းတွေကို နိုင်ငံတကာ လှည့်ပြောတယ်။”

“ဒါပဲလား ..”

“ပြီးတော့ ကောလာဟလတွေ ဖြန့်ပြီး လူတွေကို အုံကြွအောင်လုပ်တယ်”

“ပြောပါဦး”

“ရှင်ဘာသိချင်တာလည်း .. ကျွန်မလည်း သိပ်မသိဘူး။”

“ကျုပ်သိချင်တာက အခုလောက်နဲ့ လူတစ်ယောက်ကို သတ်ဖို့ လုံလောက်သလားဆိုတာပဲ”

“ဒါ ရှင့်အလုပ်မဟုတ်ဘူး.. ဒါနိုင်ငံရေးပဲ”

“ကျုပ်ရဲ့ အလုပ်ကတော့ မင်းရဲ့ လည်ဆွဲလေးပဲ အချစ်ကလေး။ ကျုပ်ရဲ့ကျည်ဆံတွေက လည်ဆွဲကို အပိုင်းပိုင်းချိုးပစ်လိုက်နိုင်သလို အဲသည်မှာတင် ရပ်နေမှာမဟုတ်ဘူး။” သူမက ကျုပ်ဆီကို အသနားခံတဲ့ အကြည့်နဲ့ မော့ကြည့်ပြန်တယ်။

“ကျွန်မကို မပစ်ပါနဲ့.. ကျွန်မ ဘာမှ မသိရိုးအမှန်ပါ။”

“မင်းကို ဘယ်သူ အမိန့်ပေးတာလည်း”

“ကျွန်မ မသိဘူး”

“မင်းရဲ့ လည်ဆွဲလေး လှုပ်ရမ်းနေတယ် ..အချစ်ကလေး”

“အိုး .. မပစ်ပါနဲ့ .. တောင်းပန်ပါတယ်”

“ဘယ်သူလည်း ပြော ..”

“ကျွန်မ ဒုက္ခမရောက်ပါရစေနဲ့ ..”

“မင်း အခုကို ဒုက္ခရောက်နေပြီ။ ကျုပ် တစ် နှစ် သုံး ရေမယ်။ တစ် ...”

“ရှင်ရူးနေလား .. ရှင့်ကြောင့် အကုန်လုံး ပျက်စီးကုန်တော့မယ်”

“နှစ် ...” သူမ ဇောချွေးပြန်နေပြီ။

“ရှင်ပစ်ရမယ့် အင်္ကျီအနီနဲ့သူရဲ့ ရှေ့မှာ စကားပြောနေတဲ့သူက ခိုင်းတာ။”

“မျက်မှန်နဲ့လူလား”

“ဟုတ်တယ် ..”

ကျုပ် ရိုင်ဖယ်ပြောင်းကို မျက်မှန်နဲ့သူဆီ ပြောင်းချိန်လိုက်တယ်။ သူ့ကို စောစောကတည်းက တွေ့တာပေါ့။ အာပေါင်အာရင်းသန်သန်နဲ့ စကားတွေ ပြောနေတဲ့သူလေ။ လက်ဟန်ခြေဟန် အပြည့်နဲ့။ အံမယ် .. လက်သီးနဲ့ လက်ဖ၀ါး ရိုက်ပြီး ပြောလိုက်သေးတယ်။ သူ့မျက်နှာက လက်ရဲဇက်ရဲတွေရဲ့ ပုံစံမျိုး။ ပိုဆိုးတာက သက်ကျားအို အရွယ်ရောက်နေပြီ။ ကျုပ် သေနတ်ပြောင်းကို သူ့ရဲ့ နှလုံးသားတည့်တည့်မှာ တင်လိုက်တယ်။ သံစုံတီးဝိုင်းက အဆိုတော်ရဲ့ ဆွဲဆွဲငင်ငင် ဆိုလိုက်တဲ့အသံကို ကျုပ်နားကျပ်ထဲမှာ ကြားလိုက်ရဲ့။ လူကြီးတွေအကြိုက် သီချင်းအသစ် တစ်ပုဒ် စပြန်ပြီပေါ့။ ဟိုတုန်းက ကောင်းစားခဲ့တာတွေ သူတို့ ပြန်သတိရစေဖို့လေ .. ။


+++++++++++++++++


(အင်ဒိုနီးရှား စာရေးဆရာ Seno Gumira ရဲ့ ၁၉၉၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Penembak Misterius ကို အင်္ဂလိပ်ဘာသာမှ တစ်ဆင့် ပြန်ဆို ထားတာဖြစ်ပါတယ်။)
(Graphic impression : SNIPER the movie 2009)

No comments:

Post a Comment