Tuesday, April 23, 2013

မန်ကျည်းပင်အောက်က ကွန်ဖရင့်



မန်ကျည်းပင်အောက်က ကွန်ဖရင့် (The Conference Under The Tamarind Tree) ဆိုတဲ့ စာအုပ်ကလေးရှိတယ်။ ၁၈၇၈ ခုနှစ်ထဲမှာ မင်းတုန်းမင်း နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲနေချိန်။ ဘုရင့်သားတွေအနက် ဘယ်သူ့ကို နန်းလျာထားမလဲဆိုတဲ့ကိစ္စကို အစိုးရအဖွဲ့ထဲမှာ ကင်းဝန်မင်းကြီး၊ ရေနံချောင်းမင်းကြီး စသူတို့ဦးဆောင်ပြီး လွှတ်တော်အနားက မန်ကျည်းပင်ကြီးအောက်မှာ ဆွေးနွေးကြတယ်ဆိုပဲ။ ၀န်ကြီးများရဲ့ သဘောထားက ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ဖို့ဆိုရင် သူတို့ ပြောလို့ဆိုလို့ရမယ့် မင်းသားတစ်ပါး ဘုရင်ဖြစ်လာဖို့ လိုတယ်လို့ ခံယူတယ်။ ဒါပေမဲ့ မင်းသားတွေက ဒါဇင်နဲ့ချီရှိတယ်။ သူတို့လိုချင်တာဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဒါက၀န်ကြီးအဖွဲ့။

ဒီအချိန်မှာပဲ နန်းတွင်းမှာ သြဇာထက်နေသူက ဆင်ဖြူမရှင်လို့ခေါ်တဲ့ အလယ်နန်းတော်မိဖုရား ဖြစ်တယ်။ သူ့မှာ ထီးညွှန့်နန်းလျာ သားယောင်္ကျားလေး မထွန်းကားပေမဲ့ သမီးတွေရှိသတဲ့။ သူ့သမီးတော်တွေအနက် စုဖုရားလတ် ဟာ မင်းသားငယ်တစ်ပါးဖြစ်သူ သီပေါမင်းသားနဲ့ ရည်ငံနေတယ်ဆိုပဲ။ ဆင်ဖြူမရှင်ဟာ ဘုရင့်မယ်တော်မဖြစ်နိုင်ပေမဲ့ မိဖုရားခေါင်ကြီးရဲ့ မယ်တော်အဖြစ်ကိုတော့ စိတ်ကူးနဲ့ မှန်းကြည့်ဖြစ်တယ်။

ဒီလိုနဲ့ပဲ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး တွေ့ကြတယ်ဆိုမလား။ လွှတ်တော်နဲ့ နန်းတော် အချိတ်အဆက်ရပြီး သီပေါမင်းသားကို အိမ်ရှေ့စံအဖြစ်ထားဖို့ လျှို့ဝှက်သဘောတူလိုက်ကြတော့တယ်။ မက္ခရာမင်းသား၊ သုံးဆယ်မင်းသား အပါအ၀င် ကျန်တဲ့ သားတော်ကြီးများကိုတော့ နန်းတော်စောင့်တပ်ရဲ့ အကူအညီနဲ့ ဖမ်းဆီးအကျဉ်းချလိုက်တယ်။ ၀န်ကြီးတွေဘက်ကကြည့်ရင် မင်းသားကြီးများကို မုန်းလို့မဟုတ်။ ပြုပြင်ပြောင်းလဲရေး၊ မြန်မာပြည်ခေတ်မီရေးကို စိတ်ချလက်ချ လုပ်ရအောင်လို့။ ဆူဆူပူပူလုပ်မယ့်၊ ဝေဖန်ပြဿနာရှာမယ့် အင်အားစုတွေကို ခဏထိမ်းထားတဲ့သဘော။ တိုတိုပြောရရင် သီပေါမင်းသားကို အိမ်ရှေ့စံအဖြစ် ကြေညာတယ်။ မင်းတုန်းမင်းနတ်ရွာစံတော့ သီပေါမင်းဆိုပြီး ဘုရင်ဖြစ်လာတယ်။ ပြုပြင်ပြောင်းလဲရေးတွေလည်း အရှိန်ရလို့ ဘတ်ဂျက်တွေဘာတွေတောင် ဆွဲနိုင်နေပြီ။

အဲဒီမှာ မမျှော်လင့်တဲ့ပြဿနာပေါ်လာတယ်။ စုဖုရားလတ်ဆိုတဲ့ မိဖုရားကလေးဟာ ငယ်ရည်းစားဖြစ်တဲ့ ဘုရင်ကိုလည်း နိုင်တယ်။ မိခင် ဆင်ဖြူမရှင်စကားကိုလည်း နားထောင်သူမဟုတ်။ သူဟာ ၀န်ကြီးအဖွဲ့က တင်ပြလာတဲ့ အသုံးအစွဲချွေတာရေးအစီအစဉ် (ခေတ်စကားနဲ့ဆို austerity program ပေါ့) တွေနဲ့အပေါ်မှာ ခါးခါးသီးသီးဖြစ်လာတယ်။ လွှတ်တော်ဝန်ကြီးတွေ ခမျာမှာလည်း မိဖုရားရဲ့ ရာဇမာန်ကြောင့် ထောင်ကျသူကျ၊ အလုပ်ပြုတ်သူပြုတ် ဖြစ်ကုန်တယ်။ သူတို့ပြောတာ လက်ခံမယ့် ဘုရင်မှာ ဇတ်ဇတ်ကြဲ မိဖုရားတစ်ပါးရှိလာမယ်ဆိုတာ ထည့်မတွက်ခဲ့မိကြဘူး။ ပိုဆိုးတာက လက်သုံးတော်ကြီးကိုင် ရနောင်ကိုယ်တော်ကြီး ဆိုတာကလည်း ရာထူးရလာတာနဲ့ နန်းတွင်းမှာ သောင်းကျန်းတော့တာပဲ။ အဲသလို ပေါင်းဆုံလာတဲ့အချိန်မှာ သြဇာရှိတဲ့ မင်းသားကြီးတွေက ထောင်ထဲရောက်နေကြ။ သူတို့သာ အပြင်မှာရှိနေခဲ့ရင် ရနောင်ကိုယ်တော်တို့ ဘယ် ဒီလောက်ကြမ်းလို့ရပါ့မလဲ။ မင်းသားကြီးများ၊ ဆွေတော်မျိုးတော်များလည်း မကြာခင်မှာ အကြောင်းပြချက်မရှိပဲ အဆုံးစီရင်ခံခဲ့ကြရ။ ပါဝါချိန်ခွင်လျှာ တစ်ဖက်စွန်းရောက်နေပြီ။ မြန်မာပြည်ခေတ်မီရေးဆိုတာကြီးလည်း ရေစုန်မျောခဲ့။ မရည်ရွယ်ပဲ မြွေပါလည်းဆုံး သားလည်းဆုံးဖြစ်ခဲ့ရတဲ့ မြန်မာ့သမိုင်းဖြစ်ပါတယ်။

စာရင်းချုပ်ရရင် ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေး စတာတွေကို ဟိုဟိုဒီဒီအကြောင်းပြပြီး လက်သိပ်ထိုးအကောင်အထည်ဖော်လို့ မရဘူးဆိုတာပါ။ ပွင့်လင်းဖို့ဆိုတာ ခုရှုပ်မှ နောင်ရှင်း သဘောပိုက်ဖို့ လိုပါတယ်။


Ref: Bennett, Paul Jerome, The Conference Under The Tamarind Tree: Three Essays in Burmese History (Yale University Southeast Asia Studies, 1971)

No comments:

Post a Comment