အောက်ပါစာစုမှာ ဤကမ္ဘာကိုတရုတ်တို့ကြီးစိုးသည့်အခါဝယ် ဘာသာပြန်စာအုပ် အခန်း (၆) မှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။ နေပြည်တော်နှင့် ရန်ကုန်မှ “စီးပွားရေးပြုပြင်ပြောင်းလဲရမည်” ဟု ကြုံးဝါးနေသူများအား ရည်ညွှန်းကာ ဤပို့စ်ကို တင်ဖြစ်ပါသည်။
၁၉၉၃ ခုနှစ်၊ သြဂုတ်လအတွင်းက
စာရေးသူအနေဖြင့် ဂွမ်ဒေါင်ပြည်နယ်သို့ ပထမ ဆုံးအကြိမ် ရောက်သွားခဲ့ဖူး၏။
ထိုအချိန်က မြင်ကွင်းကို ယနေ့တိုင် စွဲထင်နေဆဲဖြစ် သည်။ ဟောင်ကောင်မြောက်ဘက်
ရှင်းကျင့်မှ ပြည်နယ်မြို့တော် ကွမ်ကျိုး (ကိုလိုနီခေတ်ကာလက ကွမ်တုန်ဟု
ထင်ရှားသည်) သို့ သွားရာလမ်းမှာ မည်ကာမတ္တသာ ရှိသေး၏။ ရံဖန်ရံခါ ဗွက်တောသာသာ လမ်းမှ
ဖြတ်သွားရ၏။ မြို့အပြင်ဘက်လမ်း ဖြစ်သော် လည်း ခြေလျင်လျှောက် သူများ၊ စုံစီနဖာ
တင်ဆောင်ထားသည့် ယာဉ်မျိုးစုံတို့နှင့် ပျားပန်းခပ်လျက် ရှိသည်။
စာရေးသူ၏အာရုံထဲ စွဲထင်နေသည်မှာ ခေတ်အဆက်ဆက်ကို တစ်ပြိုင်နက်
ဖြတ်သန်းနေရ သကဲ့သို့သောမြင်ကွင်းပင်ဖြစ်၏။ တိရစ္ဆာန်များကို လျှောက်မောင်းရင်း
တစ်ဖက်မှလည်း ဒေသ ထွက်ကုန်များကို သယ်ပိုးလာကြသည့် အမျိုးသမီးများ၊ စက်ဘီး၊
ဆိုက်တွဲ များ စီးနင်းလာကြသည့် လယ်သမားများ၊ တဝီဝီ ဖြတ်သန်းသွားသည့် စတစ်ကာကပ်
မာစီဒီး၊ လက်ဆပ်စ် စသည့် ဇိမ်ခံကားကြီးများပေါ်၌ အခန့်သား လိုက်ပါသွားကြသူ
သူကြွယ်လက်သစ်များ၊ အဆက်မပြတ် စီတန်းလာနေသည့် ဗင်၊ ပစ်ကပ်၊ ထရပ်ကား၊ လော်ရီများ၊
လမ်းဘေးလယ်ကွင်းထဲတွင် ကျွဲနွားများဖြင့် လယ်ထွန်နေကြသူ လယ်သမား များ စသဖြင့်
အနှစ် ၂ဝဝ ခန့်မျှရှိမည့် အတိတ်နှင့် ပစ္စုပ္ပန်ကာလ နှစ်ရပ်ပေါင်းကို တစ်ချိန် တည်း၊
တစ်နေရာတည်း၌ မြင်နေရသကဲ့သို့ ရှိတော့သည်။ ထိုတိုင်းပြည်ကား ရွေ့လျားနေ သည့်
တိုင်းပြည်၊ ထိုပြည်သူများကား မျက်မှောက်ကာလကို ဖြတ်သန်းရင်း အခွင့်အလမ်း
ဟူသမျှသည် နောက်တစ်ကြိမ် မကြုံတော့မည့်အလား အလောတကြီး အရယူကြမည့် ပြည်သူများ
ဖြစ်ကြ၏။ ထိုကြီးမားလှသည့် စွမ်းအင်၊ ဖန်တီးနိုင်စွမ်းအား၊ ထက်သန်လှသည့်
စိတ်စွမ်းပကားတို့မှာ စာရေးသူအဖို့ မှင်တက်မိစရာပင်။ ဂွမ်ဒေါင်ပြည်နယ်တစ်ခုလုံးမှာ
ကြည့်လေရာ၌ ဖောက်လက်စ လမ်းများ၊ တစ်ဝက်တစ်ပျက် ပြီးနေသည့် အဆောက်အအုံ များဖြင့်
မျက်စိရှုပ်စရာပင် ဖြစ်နေတော့၏။ ဂွမ်ဒေါင်ကား ဧရာမ ဆောက်လုပ်ရေးလုပ်ငန်းခွင်
ကြီးတစ်ခုနှင့်ပင် တူချေတော့သည်။
နောက် နှစ်နှစ်အကြာ၌ စာရေးသူနှင့်
ရုပ်မြင်သံကြား ရိုက်ကူးရေးအဖွဲ့တို့ ယခင်လာခဲ့ ဖူးသည့် လမ်းအတိုင်း
တစ်ကြော့ပြန်ခရီး ရောက်ခဲ့ကြသည်။ ယခင် ဗရုတ်သုတ်ခမြင်ကွင်း ကို အစရှာ၍ပင်
မရနိုင်တော့။ အားလုံး စနစ်တကျ ဖြစ်နေခဲ့ပြီ။ အသစ်စက်စက် ကတ္တရာ လမ်းများ၊
တံတားများ၊ စက်ရုံများ၊ ကုန်လှောင်ရုံများ၊ ပိုမိုများပြားလာသည့် မော်တော်ယာဉ်
များကိုသာ တွေ့ရတော့သည်။ လွန်ခဲ့သည့် နှစ်နှစ်က မြင်ကွင်းမျိုးကို
ရှာဖွေရိုက်ကူးလို သည့်အတွက် သက်ဆိုင်ရာများထံ အကူအညီတောင်းကြည့်ပါ၏။ ထိုမြင်ကွင်းမျိုးမှာ
ရှေး ပဝေသဏီ၌ ကျန်ရစ်ခဲ့ပြီးသကဲ့သို့ ပခုံးတွန့်ပြကြလေသည်။ စာရေးသူအဖို့မှာ
နှစ်နှစ်မျှသာ ဖြစ်၏။ ၎င်းတို့အဖို့ကား ထိုမြင်ကွင်းများမှာ အတိတ်ရာစု၌
ကျန်ရစ်ခဲ့ပြီတည်း။ တိန့်ရှောင် ဖိန်၏ဦးနှောက်မှ မွေးထုတ်လိုက်သည့်
ဂွမ်ဒေါင်ပြည်နယ်သည် တရုတ်ပြည်၏ အချက် အချာ စက်မှုဒေသတစ်ခုဖြစ်လာရန်
တာစူနေခဲ့ပြီဖြစ်၏။ ၎င်း၏ စက်ရုံများမှ တစ်ကမ္ဘာလုံး အတွက် ပေါချောင်ကောင်း ပစ္စည်းများ
ထုတ်လုပ်နေပြီဖြစ်၏။ ဂွမ်ဒေါင်ကား တရုတ်စီးပွား အပြောင်းအလဲ အစပြုရာ၊
ပုံဖော်ရာအရပ်ပင် ဖြစ်တော့သည်။
ယခုတစ်ဖန် စီးပွားရေး
မီးတောင်ပေါက်ကွဲမှုအပြီး ၁၅ နှစ်အကြာ၌ ဂွမ်ဒေါင်မှာ သမိုင်းစာမျက်နှာအသစ်တစ်ခုသို့
ပြောင်းလဲရဦးမည်ဖြစ်သည်။ အတိတ်ကရှိခဲ့သည့် အား သာချက်များသက်သက်ဖြင့်
ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်တော့ပြီ။ ဂွမ်ဒေါင်၏ လုပ် သားခများ ဈေးမြင့်တက်ခဲ့ပြီ။
အခွင့်အရေးများ ပိုမိုတောင်းဆိုလာကြပြီ။ မျှော်လင့်ချက်များ လည်း
မြင့်မားလာခဲ့ပြီဖြစ်သည်။ ဂွမ်ဒေါင်၏စက်ရုံများမှာ ဗီယက်နမ်၊ အင်ဒိုနီးရှားက
စက်ရုံများနှင့် မယှဉ်နိုင်တော့ပြီ။ ၂ဝဝ၇ ခုနှစ် တစ်နှစ်တည်း၌ပင် ရှူးဖိနပ်စက်ရုံ
၁ဝဝဝ ထက်မနည်း ပိတ်သိမ်းခဲ့ရာ ဂွမ်ဒေါင်ရှိ စက်ရုံစုစုပေါင်း၏ ၆ ပုံ ၁ ပုံဖြစ်၏။
လုပ်ငန်းရှင်များ အနေဖြင့် စက်ရုံများကို ဂွမ်ဒေါင်ထက် လုပ်သားခ ဈေးပေါရာ၊
လူနေမှုစရိတ် နည်းပါးရာ ကုန်းတွင်းပိုင်းပြည်နယ် များသို့
ရွှေ့ပြောင်းနေကြပြီဖြစ်သည်။ ဂွမ်ဒေါင်တွင် ချွေးထွက် သည့် စက်ရုံများနေရာ၌
ဝန်ဆောင်မှုလုပ်ငန်းများ၊ နည်းပညာအခြေခံ လုပ်ငန်းများ၊ ဒီဇိုင်း ပုံထုတ်သည့်
လုပ်ငန်းများ စသည့် တန်ဖိုးအပိုဆောင်းနိုင်သည့် အလုပ်များက အစားထိုး
ဝင်ရောက်လာကြသည်။ ရှင်းကျင့်နှင့် ကွမ်ကျိုးတို့မှာလည်း ဂွမ်ဒေါင်မှ
အခြားသောမြို့ကြီး များနည်းတူ လှပသပ်ရပ်လျက်ပင်။ ရှင်းကျင့်အနေဖြင့်
ဟောင်ကောင်မှာကဲ့သို့ အနောက် တိုင်း လူနေ မှုအဆင့်ကို မမီသေးသော်လည်း ကွာခြားမှုကား
ကျဉ်းမြောင်းလာခဲ့ပြီဖြစ်သည်။ ဂွမ်ဒေါင် ကား အနှစ် ၂ဝ ဆိုသည့် ကာလတိုအတွင်းမှာပင်
စက်မှုတော်လှန်ရေး ခေတ်ဦး ကာလအဆင့်မှသည် ယနေ့ခေတ် အနောက်ဥရောပဒေသများနီးပါးမျှ
တိုးတက်လာခဲ့ခြင်း ဖြစ်လေသည်။
၁၉၇၆ ခုနှစ် မော်စီတုန်း ကွယ်လွန်စဉ်က တရုတ်ပြည်အနေဖြင့်
အကြီးကျယ်ဆုံးသော စီးပွားရေးဖွံ့ဖြိုးမှုကာလ၏ နှုတ်ခမ်းဝသို့ ရောက်ရှိနေခဲ့ကြောင်း
မည်သူကများ ဟောကိန်းထုတ်နိုင် ခဲ့ပါသနည်း။ တရုတ်ပြည်ကြီး ယခုကဲ့သို့
အသွင်ပြောင်းလာမည်ကို မည်သူမျှ မခန့်မှန်းခဲ့ကြပါ။ တရုတ်ပြည်ပြောင်းလဲလာမှုမှာ ၁၉၈၉
ခုနှစ် ဥရောပ၌ ကွန်မြူနစ်စနစ် ပြိုလဲသွားခဲ့သည့်ဖြစ်စဉ် ကဲ့သို့ပင်
မျှော်လင့်မထားသည့် ဖြစ်ရပ်ကြီးတစ်ခုပါပေ။ ယဉ်ကျေးမှု တော်လှန်ရေး၏ ဟက်တက်ကွဲ
ဒဏ်ရာများကြောင့် တရုတ်ပြည်ကြီးမှာ ငန်းဖမ်းဆဲ။ ထိုကာလက တပ်နီ
လူငယ်လှုပ်ရှားမှုများကား ၁၉ ရာစုအလယ်ပိုင်းက ပေါ်ပေါက်ခဲ့သည့်
တိုင်ပင်းအုံကြွမှုကြီးဆန်ဆန် လယ်သမားအစွန်းရောက် လှုပ်ရှားမှုများပင် ဖြစ်၏။ မော်
ကွယ်လွန်ပြီးနောက် ယဉ်ကျေးမှုတော်လှန်ရေး အရှိန်သေကာ ထိုလမ်းစဉ်ကို အကြီး အကျယ်
ရှုတ်ချသမှု ပြုလာကြသော်လည်း တိုင်းပြည်၏အနာဂတ်မှာမူ မှုန်ဝါးဆဲဖြစ်၏။ မော်
ကွယ်လွန်ပြီးနောက် လစ်လပ်နေသည့် ခေါင်းဆောင်မှုနေရာကို ဝင်ဖြည့်သူများမှာ
ယဉ်ကျေးမှုတော်လှန်ရေး ကာလက ချောင်ထိုးခံခဲ့ရသူ ခေါင်းဆောင်ဟောင်းများ ဖြစ်ကြ သည်။
တိန့်ရှောင်ဖိန်သည် ပါတီအကြီးအမှူး ဖြစ်လာ၏။၊ ခေါင်းဆောင်များအဖို့ ယဉ်ကျေးမှုတော်လှန်ရေး၏ အမွေကို စိန်ခေါ်ချက်များအဖြစ် ရင်ဆိုင်ခဲ့ရသော်လည်း မော်
မရှိတော့သည့်အတွက် မိမိတို့ စိတ်ကူးတည့်ရာလမ်းစဉ်ကို အကောင်အထည်ဖော်ခွင့် ရခဲ့ကြ
သည်။
နိမိတ်ကောင်းတစ်ခုကလည်း တရုတ်ပြည်ဘက်မှ
ရပ်တည် ထောက်ကူပေးခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်များ၏ နှောင်းပိုင်းကာလ၌ တရုတ်ပြည်၏
မဆိုစလောက် ဖွံ့ဖြိုးမှုနှုန်းမှာ အရှေ့အာရှအတွက်မူ ခြွင်းချက်တစ်ခုပင် ဖြစ်နေခဲ့၏။
ဒေသတွင်းနိုင်ငံများမှာ စီးပွားရေး အရှိန်တက်လာကြချိန် ဖြစ်သည်။ ဂျပန်ကား
ဖွံ့ဖြိုးနှင့်နေပြီ။ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဟောင်ကောင် စသည်တို့မှာ
စီးပွားရေး တာထွက်ခဲ့ကြပြီ။ မလေးရှား၊ ထိုင်း စသည်တို့မှာလည်း တာစူနေကြပြီဖြစ်၏။
တစ်နည်းဆိုရလျှင် တရုတ်ပြည်အတွက် အတုယူစရာများ ရှိနေခဲ့ပြီး ဖြစ်လေသည်။
သို့ရာတွင် တရုတ်ခေါင်းဆောင်များအတွက် စိန်ခေါ် ချက်များက ဒုနဲ့ဒေးဖြစ်၏။ ထိုင်ဝမ်၊
တောင်ကိုရီးယားတို့မှာကဲ့သို့ အမေရိက၏ ပံ့ပိုးကူညီမှု ကိုလည်း မမျှော်လင့်နိုင်ချေ။
ပြုပြင်ရေးလုပ်ငန်းစဉ်ကို
ဂွမ်ဒေါင်အပါအဝင် တရုတ်ပြည်တောင်ပိုင်း ပင်လယ်ကမ်း ရိုးတန်းဒေသအချို့၌ အထူး
စီးပွားရေးဇုန်များ ဖွင့်လှစ်ပေးခြင်းဖြင့် အစပြုခဲ့သည်။ အချိန် ကား ၁၉၇၈ ခုနှစ်။
ထိုဒေသများတွင် ကျေးလက် ကွန်မြွန်းများကို ဖျက်သိမ်းပြီး လယ်ယာ မြေများကို
လယ်သမားများအား နှစ်ရှည်အငှားချထားပေးကာ ၎င်းတို့ စိုက်ပျိုးရသမျှကို လွတ်လပ်စွာ
ရောင်းချခွင့်ပြုခဲ့သည်။ တစ်နေရာ၌ အောင်မြင်မှုရပါက အခြားနေရာသစ်များသို့ တိုးချဲ့လုပ်ကိုင်စေသည်။ မအောင်မြင်သည့် ပြုပြင်မှုများကိုမူ ရပ်တန့်စွန့်လွှတ်ခဲ့ ကြသည်။
ထိုကဲ့သို့သော အောက်ခြေသိမ်း လက်တွေ့ဆန်လှသည့်လမ်းစဉ်မှာ မော်၏
မဟာအတွေးအခေါ်များအပေါ် အခြေခံသည့် ယဉ်ကျေးမှုတော်လှန်ရေးခေတ်နှင့် ပြောင်းပြန်ဖြစ်လေ သည်။ တိန့်ရှောင်ဖိန်ကား ကွန်ဖြူးရှပ်ခေတ်မှစကာ တရုတ်ခေါင်းဆောင် အဆက်ဆက်၏
အဆုံးအမစကားများကို ပြန်လည် ဖော်ထုတ်သူဖြစ်၏။ “အချက်အလက်များမှ အမှန်ကိုရှာပါ”၊
“လက်တွေ့၌ အမှန်တရားရှိ၏”၊ “ကျောက်တုံးကိုစမ်းရင်း မြစ်ကို ကူးဖြတ်ပါ (အလုပ်ကို
တစ်ဆင့်ပြီးတစ်ဆင့် လုပ်ပါ)”စသည့် အဆိုအမိန့်များမှာ လက်တွေ့ ကျကျ ရှုမြင်ရေးအတွက်
လမ်းညွှန်များ ဖြစ်လာကြသည်။ တိန့်ရှောင်ဖိန်က ၁၉၇၈ ခုနှစ် တွင် ဤသို့ ကြေညာခဲ့၏။
“တော်လှန်ရေးလုပ်ဖို့၊ ဆိုရှယ်လစ်စနစ် တည်ထောင်ဖို့ ကျွန်တော်တို့အနေနဲ့
အတွေးအခေါ်ရဲသူ၊ လမ်းသစ်ရှာသူ၊ အကြံသစ်တွေးသူစတဲ့ လမ်းရိုးကို ဖောက်ထွက် နိုင်သူတွေ
အများကြီးလိုပါတယ်”
တိန့်ရှောင်ဖိန်၏ ပြုပြင်ပြောင်းလဲရေး
စီမံကိန်းများကို စီးပွားရေးတံခါးဖွင့်ခြင်းအဖြစ်သာ အများက ထင်မှတ်ခဲ့ကြ၏။
အမှန်မှာ အများတကာတို့ မမြင်လိုက်သည့် နိုင်ငံရေး ပြောင်းလဲမှုများလည်း
ပါဝင်ခဲ့သည်။ အစိုးရယန္တရားတစ်ခုလုံး အကျုံးဝင်သည့် ပြင်ဆင်မှု များ အပါအဝင်
မော်လက်ထက်က စွဲကိုင်ခဲ့သည့် ဒဿနဆန်ဆန် ပေါ်လစီများ နေရာတွင်
အာရှကျားနိုင်ငံများပုံစံနှင့် နီးစပ်သည့် ဖွံ့ဖြိုးတိုးတက်ရေး
ဦးစားပေးလမ်းစဉ်များဖြင့် အစား ထိုးခဲ့သည်။ ပြုပြင်ရေးများအနက် အရေးပါလှသည့်
အစိတ်အပိုင်းတစ်ခုမှာ ဒေသခံ အာဏာပိုင်များသို့ အုပ်ချုပ်ရေးအာဏာ
ခွဲဝေပေးခဲ့ခြင်းပင် ဖြစ်သည်။ ယင်းသို့ ဗဟိုဦးစီးပုံစံမှ
ဖြန့်ကြက်အုပ်ချုပ်သည့်ပုံစံသို့ ပြောင်းလဲရေးကို စီးပွားရေး
ပြုပြင်ပြောင်းလဲမှုများ အောင် မြင်ရန် အခြေခံလိုအပ်ချက်တစ်ခုအဖြစ် ပွဲထုတ် ခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များအနေဖြင့် ၎င်းတို့ဒေသအတွင်း မြေယာပိုင်ဆိုင်မှု၊ ဘဏ္ဍာရေး အသုံးစရိတ်
စသည်တို့အတွက် အဆုံး အဖြတ်ပေးနိုင်ခွင့် ရှိလာ၏။ သို့ဖြစ်ရာ ဗဟိုအစိုးရ၏
အသုံးစရိတ်ကိုလည်း လျော့ကျလာ စေခဲ့သည်။
စီးပွားရေးတိုးတက်လာမှုက ချက်ချင်းလက်ငင်းပင်။
မော် လက်ထက်တွင် နှစ်စဉ် စီး ပွားရေး တိုးတက်မှုနှုန်း ၄ မှ ၅ ရာခိုင်နှုန်းအထိသာ
ရှိခဲ့ရာမှ ၁၉၇၈ မှ ၁၉၉၂ ခုနှစ်အတွင်း ပျမ်းမျှစီးပွားရေးတိုးတက်နှုန်းမှာ ၉ ဒသမ ၅
ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ၁၉၈၉ ခုနှစ် တိန်အင်မင်ရင်ပြင်
အရေးအခင်းများကြောင့် ပြုပြင်ရေးလုပ်ငန်းစဉ်များ အကြီး အကျယ်
ထိခိုက်မှုရှိခဲ့သော်လည်း ရပ်တန့်မသွားခဲ့။ ပြုပြင်ရေးဗိသုကာ တိန့်ရှောင်ဖိန်က ၁၉၉၂
ခုနှစ်တွင် တောင်ပိုင်းတစ်ခွင်နှင့် ရှင်းကျင့်သို့ ခရီးလှည့်လည်စဉ်
“ချမ်းသာသူများ ပိုမိုချမ်းသာလာခြင်းမှာ ပြဿနာမဟုတ်ကြောင်း”ပြောဆိုခဲ့ပြီး တံခါးဖွင့်မူဝါဒကို
ပိုမိုကျယ် ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့လေသည်။
ပြုပြင်ရေးများကို ၁၉၉၂ ခုနှစ်များအထိ
တောင်ပိုင်းဒေသများတွင်သာ ဦးစားပေး လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်း၌
အတွင်းပိုင်းပြည်နယ်များ၊ ရှန်ဟိုင်းနှင့် ယန်ဇီမြစ်ဝ ကျွန်းပေါ်ဒေသများအထိပါ
တိုးချဲ့လာနိုင်ခဲ့၏။ နိုင်ငံရပ်ခြား တရုတ်ရင်းနှီးမြှုပ်နှံသူများ
တိုးတက်ရောက်ရှိလာခဲ့ရာ အများဆုံးမှာ ထိုင်ဝမ်နှင့် ဟောင်ကောင်မှ ဖြစ်သည်။ တရုတ်
ပြည်၏ထွက်ကုန်များ ကမ္ဘာအနှံ့သို့ (အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသို့)
တင်ပို့နိုင် မှုမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ခေါင်းဆောင်ကြီးတိန့်၏
ဈေးကွက် စီးပွားရေး ဖွင့်လှစ်ရန် လှုံ့ဆော်သံအပြင် နှစ်စဉ် ဂဏန်းနှစ်လုံး (၁ဝ
ရာခိုင်နှုန်း)နှင့်အထက် ဖွံ့ဖြိုးလာခြင်းတို့ကလည်း အားဖြည့်ခဲ့ရာ
တစ်တိုင်းပြည်လုံးမှာ စီးပွားရေး ငန်းဖျားတက် သည့်နှယ် အားကြိုးမာန်တက်
ဖြစ်လာလေသည်။ တရုတ်ပြည်၏ သန်းပေါင်းများစွာသော တောနေ လုပ်သားထုကြီးမှာ မြို့ပြ၏
အရောင်အဝါများအကြား အလုပ်အကိုင် ရှာဖွေရန် ပြောင်းရွှေ့လာကြတော့သည်။
“တပ်နီလူငယ်များ”ဆိုသည်မှာ အတိတ်၌ ကျန်ရစ်ခဲ့ပြီ။ လမ်းပေါ်၌ မော်ဝတ်စုံနှင့်
တစ်ယောက်တလေကိုပင် တွေ့ရရန် မလွယ်တော့ပြီ။
တရုတ်ပြည်တိုးတက်ရေးအတွက်
အားကျစရာများမှာ ဂျပန်နှင့် အာရှကျားနိုင်ငံများ ဖြစ်ကြောင်း ကနဦးကပင် သိသာလေသည်။
ထိုတိုင်းပြည်များအနေဖြင့် တိန့်အား စီးပွား ရေး မူဝါဒတစ်ခု မည်သို့
အကောင်အထည်ဖော်ရမည်ကို ၎င်းတို့၏ လက်တွေ့နှင့်ယှဉ်ကာ မျှဝေပေးခဲ့၏။ သို့ရာတွင်
တိုင်းပြည်အကျယ်အဝန်း၊ အချိုးအစား ကွာခြားလှသည်ဖြစ်ရာ တရုတ်ပြည်အတွက် တိုက်ရိုက်
သင့်တော်မည့်ပုံစံကို ဖော်ထုတ်ပေးနိုင်ခဲ့ခြင်း မဟုတ်ပါ ချေ။ ထို့ပြင် ၁၉၈ဝ
ပြည့်နှစ်များမှစ၍ ဂလိုဘယ်လိုက်ဇေးရှင်းတစ်ခေတ် အရှိန်ရလာသည် ဖြစ်ရာ
တရုတ်တို့အနေဖြင့် ဂျပန်နှင့် အာရှကျားများ တိုးတက်လာစဉ်ကာလက ရခဲ့သည့်
အကာအကွယ်မျိုးကိုလည်း မရနိုင်တော့ချေ။ ကွန်မြူနစ်နိုင်ငံတစ်ခု ဖြစ်သည့်အတွက်
အမေရိကန်ပြည်ထောင်စုမှ သံသယမျက်လုံးဖြင့် စူးစမ်းခြင်းကိုလည်း ခံခဲ့ရကာ ကမ္ဘာ့ကုန်
သွယ်ရေးအဖွဲ့ကြီး (World Trade Organization—WTO) သို့ ဝင်ရောက်ခွင့်ရရန် ၁၅ နှစ်
အချိန်ကြာခဲ့သည်။ ကန့်သတ်ချက်များကလည်း တစ်ပုံတစ်ပင်။ WTO သို့ နှစ်အနည်းငယ် စောကာ
ဝင်ရောက်ခွင့်ရခဲ့သည့် အိန္ဒိယနှင့် နှိုင်းယှဉ်ပါက တရုတ်ပြည်အတွက် စည်းမျဉ်း
ကန့်သတ်ချက်များမှာ အသေးစိတ် ကျပ်တည်းလွန်းလှ၏။ သို့ဖြစ်ရာ တရုတ်ပြည်အနေဖြင့်
ကိုယ်ပိုင်နည်းလမ်းများ ရှာကြံခဲ့ရလေသည်။
တရုတ်ပြည်အနေဖြင့် တောင်ကိုရီးယားနှင့်
ထိုင်ဝမ်တို့ကဲ့သို့ အမေရိကန်ပြည်ထောင် စုနှင့် ပလူးပလဲ ဆက်ဆံရေးပုံစံ
မထူထောင်နိုင်မှန်း သိသော်လည်း စီးပွားရေး တိုးတက်မှုလမ်း ဖြောင့်ဖြူးစေရန်၊
အမေရိကန်တို့၏ ထောက်ခံ အားပေးမှုရရန် လိုကြောင်း သဘော ပေါက်ထား၏။ စီးပွားရေး၌
လက်တွေ့ဆန်သည့်နည်းတူ အမေရိကနှင့် ဆက်ဆံရေး၌လည်း အလားတူပင် ကျင့်သုံး
ချဉ်းကပ်ခဲ့သည်။ ၁၉၇၂ ခုနှစ် မော်-နစ်ဆင် သဘောတူညီချက် နောက်ပိုင်း
နှစ်နိုင်ငံဆက်ဆံရေးမှာ သိသိသာသာပြောင်းလဲလာခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် နှစ်နိုင်ငံ
တရားဝင် သံအဆက်အသွယ် ထူထောင်ပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင် စုက
တရုတ်နိုင်ငံအား ကုန်သွယ်ရေး၌ နံပါတ်တစ် ဦးစားပေးနိုင်ငံအဖြစ် (The Most Favoured
Nation—MFN) သတ်မှတ် ဆက်ဆံလာခဲ့သည်။ ထိုမှတစ်ဆင့် ၁၉၈၂ ခုနှစ်တွင်
နိုင်ငံတကာကုန်သွယ်ရေးအဖွဲ့ GATT (ယခု WTO) သို့ လေ့လာသူအဖြစ် ဝင်ရောက်နိုင်ခဲ့ပြီး
၁၉၈၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF)၊ ကမ္ဘာ့ဘဏ်တို့တွင်
အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ တရုတ်ပြည်အတွက် အမေရိကန်ပြည်ထောင်စု၏ အရေးပါမှုမှာ ၁၉၈ဝ
ပြည့်နှစ်များအတွင်း အထူးသိသာလေသည်။
အမေရိကမှာ
တရုတ်ပြည်ပပို့ကုန်များအတွက် အရေးကြီးဆုံးပစ်မှတ် ဖြစ်၏။ ပါတီ ခေါင်းဆောင်များ၏
သားသမီးများအပါအဝင် မြောက်မြားလှစွာသော တရုတ်လူငယ်တို့ အမေရိကသို့ ပညာသင်
သွားရောက်ခဲ့ကြ၏။ အမေရိကန် အရှင်းရှင်ပုံစံသည်လည်း တရုတ်ပြည်တွင်း၌
သြဇာတက်လာခဲ့သည်။ ဆိုဗီယက်ယူနီယံ ပြိုကွဲမှုက ယင်းသြဇာကို ပိုမို၍ပင်
အရှိန်တက်စေခဲ့၏။ အမေရိကန် မျက်နှာကြီးမှုမှာ ဆီလီကွန်တောင်ကြား၊ အင် တာနက် တီထွင်
ပေါ်ထွန်းလာခြင်း စသည်တို့နှင့် ဆက်စပ်သည့် စီးပွားရေးအဟုန်ကြောင့် ပိုမို
ထင်ရှားလာခဲ့လေသည်။ ၁၉၉ဝ ပြည့်နှစ်များ နောက်ပိုင်း၌မူ အမေရိကန် ပြည်ထောင် စုကို
တိုက်ရိုက် ချိန်ရွယ်သော အမျိုးသားရေး လှုံ့ဆော်မှုများ ပျံ့နှံ့လာပြန်သည်။ ပြည်
တွင်း၌ ထုတ်ဝေခဲ့သည့် “The China That Can Say No” အမျိုးသားရေး လှုံ့ဆော်စာအုပ်
မှာ အရောင်းရဆုံးစာရင်း ဝင်ခဲ့၏။ ကိုဆိုဗိုစစ်ပွဲအတွင်း ဆာဗီးယားနိုင်ငံမြို့တော်
ဘဲဂရိတ် မြို့ရှိ တရုတ်သံရုံးအား နေတိုး ဗုံးဆန်ထိမှန်ခဲ့ရာ တရုတ်ပြည်အဝန်း
အမေရိကန် ဆန့်ကျင် ရေး ဆန္ဒပြမှုများ ပျံ့နှံ့ခဲ့ခြင်းမှာလည်း ထင်ရှားသည့် ဥပမာတစ်ခု
ဖြစ်သည်။ သို့ရာတွင် တရုတ်ပြည် ခေတ်မီရေးလမ်းကြောင်းပေါ်၌ အုပ်မိုးထားသည့်
အမေရိကန်သြဇာမှာ သိသိ သာသာ ကြီးမားဆဲဖြစ်လေသည်။ တရုတ်ပြည်၏ ကိုယ်ပိုင် စီးပွားရေးလမ်းကြောင်းသည်
ပင် လစ်ဘရယ် လက်သစ်ဝါဒ၏ လက္ခဏာများနှင့် မကင်းနိုင်ခဲ့။ ဥစ္စာဓနကို ကိုးကွယ်ခြင်း၊
စွန့်ဦးတီထွင်မှုများကို အားပေး ထောက်ပံ့ခြင်း၊ ဆင်းရဲချမ်းသာ ကွာဟလာခြင်း၊ ပညာ
ရေး၊ ကျန်းမာရေး စသည့် လူထုဝန်ဆောင်မှုနယ်ပယ်များတွင် အစိုးရ၏ အထောက်အပံ့များ ရုပ်သိမ်းလာခြင်း၊
ကုန်သွယ်မှု အခွန်အကောက်များ လျှော့ချပေးခြင်း၊ အလွန်အမင်း ပွင့် လင်းသည့်
ကုန်သွယ်မှုစနစ်ကို ဖော်ဆောင်ခြင်း စသည်တို့မှာ တိန့်အား ဆက်ခံသူ
ကျန်ဇီမင်းလက်ထက်တွင် ဆက်လက် စွဲကိုင်ခဲ့သော မူဝါဒများ ဖြစ်သည်။ တိန့်ရှောင်ဖိန်
ထိပ်တန်းခေါင်းဆောင် ဖြစ်လာပြီးနောက် တရုတ်အစိုးရ၏ ခြေလှမ်း များမှာ လက်တွေ့ဆန်သော
လမ်းပေါ်တွင် သတိတရား လက်ကိုင်ထားကာ လျှောက်လှမ်း သည့်ပုံစံ ဖြစ်လာ၏။ စီးပွားရေး
ရှော့ရိုက်ခြင်း၊ လက်ကြီးသည့် အပြုအမူများ စသည်တို့ကို ရှောင်ခဲ့ကြ၏။ လစ်ဘရယ်
လက်သစ်ဝါဒ၏ အစိတ်အပိုင်းများကို လက်ခံ သုံးစွဲခဲ့ကြသော် လည်း ဝါရှင်တန်၌
အသုံးပြုနေသည့် လစ်ဘရယ်ပုံစံ အစစ်အမှန်နေရာ၌ ကိုယ်ပိုင်နည်း စနစ်များဖြင့်
အစားထိုးခဲ့ကြ၏။ ပြုပြင်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို အကောင်အထည် ဖော်ရာ၌
တရုတ်ခေါင်းဆောင်များ အနေဖြင့် အပင်ပန်းခံ၊ အသေးစိတ် တွက်ချက်စမ်းသပ် ကာ
တစ်ဆင့်ချင်း ရှေ့တိုးခဲ့ကြခြင်း ဖြစ်လေသည်။ စီးပွားရေးနယ်ပယ်တွင် ဗဟိုအစိုးရ၏
အခန်းကဏ္ဍ ကျဉ်းမြောင်းလာသည့်တိုင် ပြုပြင်ရေးလုပ်ငန်းစဉ်၏ “နှလုံးသည်းပွတ်”နေရာ ၌
ဆက်လက်ရပ်တည်ဆဲ ဖြစ်သည်။
တရုတ်ခေါင်းဆောင်များအဖို့
စီးပွားရေးပြုပြင်ပြောင်းလဲရခြင်းမှာ အနောက်တိုင်းပြု ရန် မည်သည့်အခါကမျှ မဟုတ်ခဲ့ပါချေ။
စီးပွားရေးဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် မော်ခေတ် အလွန် ပါတီ၏အခန်းကဏ္ဍကို
ပြန်လည်တည်ဆောက်ရန်၊ ထိုမှတစ်ဆင့် ကြံ့ခိုင်သည့်
နိုင်ငံတော်ကို
တည်ဆောက်ရန်သာဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်မှုမှာ ပထမတန်း ဦးစားပေး ဖြစ်ခဲ့သည်။
“တရုတ်ပြည်ရဲ့ ခေတ်မီရေးလမ်းစဉ်အတွက် လိုအပ်ချက်နှစ်ရပ် ရှိပါတယ်။ ပထမအချက်က
ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်ပြီး နောက်တစ်ချက် ကတော့ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်မှု
ဖြစ်ပါတယ်” ဟု တိန့်က ဆိုခဲ့၏။ ၁၉၈၉ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲခြင်းက
“အရေးကြီးသည့် စီးပွားရေး ပြုပြင်မှုကိုဆောင်၊ အန္တရာယ်များသည့် နိုင်ငံရေး
ပြုပြင်မှုများ ကို ရှောင်” ဟူသည့် တိန့် ၏ အယူအဆကို ထပ်မံ အားဖြည့်ပေးခဲ့သည်။
ဆိုဗီယက်တို့အနေ ဖြင့် စီးပွားရေးပြုပြင်မှု မအောင်မြင်ခဲ့သည့်အပြင်
ဂေါ်ဘာချော့ဗ်အနေဖြင့် နိုင်ငံရေးပြုပြင်မှု ထောင်ချောက်တွင်းသို့
သက်ဆင်းခဲ့ရခြင်းအဖြစ် သင်ခန်းစာယူခဲ့ကြသည်။
၁၉၉၇-၉၈ ခုနှစ် အာရှစီးပွားရေး
အကျပ်အတည်းကလည်း စီးပွားရေးရှော့ရိုက်ခြင်း၏ အကျိုးဆက်များကို
တရုတ်ခေါင်းဆောင်များအား သင်ခန်းစာပေးသကဲ့သို့ ရှိခဲ့၏။ တရုတ် ပြည်အနေဖြင့်
စီးပွားရေးအရ မရင့်ကျက်မီ ငွေကြေးအရင်းအနှီးများ တိုင်းပြည် တွင်း/ပြင် သို့ အလွယ်တကူ
စီးဆင်း ဝင်ထွက်နိုင်စေမည့် ဘဏ္ဍာရေးပြုပြင်မှုများ၊ လွတ်လပ်ခွင့်ပြုခြင်း
များကိုမလုပ်မိရန် သတိကြီးစွာ ထားခဲ့ကြသည်။ ရင်မင်ဘီ (တရုတ်ယွမ်ငွေ) ကို ဈေးကွက်
အတွင်း အရှင်မျှောလိုက်ခြင်းဖြင့် ငွေကြေးတိုက်ခိုက်ခံရမှုများဖြစ်ပေါ်လာနိုင်ပြီး
တစ်တိုင်း ပြည်လုံး၏ စီးပွားရေးကို ဖင်ထိုင်ကျသည်အထိ ထိခိုက်နိုင်ကြောင်း
တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားတို့၏ အတွေ့ကြုံများမှ သင်ခန်းစာ ယူခဲ့သည်။
သို့ဖြစ်ရာ ရင်မင်ဘီမှာ အမေရိကန်ဒေါ်လာ၊ ဂျပန်ယန်းငွေနှင့် ဥရောပ ယူရိုတို့ကဲ့သို့
မဟုတ်ဘဲ နိုင်ငံတကာ ငွေ ကြေးဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားခြင်း မပြုနိုင်သည့်
ငွေကြေးအဖြစ် ယနေ့တိုင် ရပ်တည်ဆဲ ဖြစ်လေသည်။
တရုတ်ခေါင်းဆောင်များအနေဖြင့်
စီးပွားရေးပြုပြင်မှု အရှိန်မြင့်စေရန် လုပ်ဆောင် ရာ၌ စီးပွားရေးရှော့ရိုက်ခြင်း၏
အရေးကြီးလှသည့် အပိုင်းတစ်ခုကိုမူ ရယူသုံးစွဲခဲ့ကြသည်။ ယင်းမှာ ၁၉၉ဝ ပြည့်နှစ်များအတွင်း
သွင်းကုန် အကောက်ခွန် (tariff) တံတိုင်းများ ဖယ်ရှားပေးခဲ့ခြင်းနှင့်
နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ အမြောက်အမြား ကို
ခွင့်ပြုခဲ့ခြင်းပင် ဖြစ်သည်။ ထိုသို့ ခွင့်ပြုခြင်းမှာ ဂျပန်၊ တောင်ကိုရီးယား၊
ထိုင်ဝမ်တို့တွင် ကျင့်သုံးခဲ့သော ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ဦးစားပေး
ကာကွယ်သည့် ပေါ်လစီ နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ယင်းပေါ်လစီကြောင့် တရုတ်
ပြည်တွင်းလုပ်ငန်းများမှာ ပိုမို ပြည့်စုံကြွယ်ဝသည့် နိုင်ငံခြားကုမ္ပဏီကြီးများ၏
ပြိုင်ဆိုင်မှုကို အလူးအလဲ ခံရလေတော့ သည်။ အခြားတစ်ဖက်တွင် တရုတ်ပြည်တွင်းသို့
နိုင်ငံခြားမှ အရင်းအနှီးများ အလုံးအရင်း ဝင်ရောက်လာစေပြီး ပြည်တွင်း
စီးပွားရေးလုပ်ငန်းများကိုလည်း ပြင်ပကမ္ဘာထံမှ ရသမျှ သင်ယူနိုင်စေရန်ကိုလည်း
တွန်းအားပေးသကဲ့သို့ ဖြစ်စေခဲ့သည်။ တရုတ်ကုမ္ပဏီများအဖို့ မူ ရေကူးတတ်စေရန်
ရေထဲသို့ ကန်ချခံရခြင်းပင်တည်း။
ပြုပြင်မှုများ၏ ကနဦးပိုင်း၌
ကျေးလက်စီးပွားရေးဖွံ့ဖြိုးမှုကို အာရုံစိုက် လုပ်ဆောင်ခဲ့ သော်လည်း ၁၉၈ဝ
ပြည့်နှစ်များအဆုံး၌မူ စက်မှုစီးပွားရေး ပုံစံသို့ ပြတ်ပြတ်သားသား ရွှေ့ပြောင်းလာသည် ကိုတွေ့ရ၏။
ဟောင်ကောင်နှင့် နယ်ချင်းထိစပ်နေသော ဂွမ်ဒေါင်ပြည်နယ် ၏ စီးပွားရေးမှာ ၁၉၈ဝ
ပြည့်နှစ်များကာလကပင် အနာဂတ်ကာလ တရုတ်ပြည်စီးပွားရေး၏ ပုံစံငယ်ကဲ့သို့
ပုံပေါ်လာခဲ့ပြီးဖြစ်၏၊ ဟောင်ကောင်မှ စက်ရုံပိုင်ရှင်များအနေဖြင့် လုပ်သား
စရိတ်သက်သာသည့် ဂွမ်ဒေါင်သို့ လုပ်ငန်းများ ရွှေ့ပြောင်းခဲ့ကြရာ ထိုအချိန်ကာလ၌ပင်
ဂွမ်ဒေါင်မှာ ဟောင်ကောင်၏ ကုန်ထုတ်လုပ်ရေးအခြေစိုက် ဖြစ်နေခဲ့ပြီ။ ထိုပုံစံမှာ
၁၉၉ဝ ပြည့်နှစ်များအရောက်တွင် ဂျပန်နှင့် အနောက်နိုင်ငံများမှ တစ်ဟုန်ထိုး
ဝင်ရောက်လာသည့် မြှုပ်နှံမှုများကြောင့် မြောက်ပိုင်းနှင့်
အရှေ့ပိုင်းဒေသများသို့ပါ ပျံ့နှံ့သွားခဲ့၏။ တရုတ်ပြည် အနေဖြင့် ၂ဝဝ၁ ခုနှစ်တွင်
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးသို့ ဝင်ရောက်ခွင့်ရမည်ဟူသည့် မျှော်မှန်းချက်များဖြင့်
လာရောက် မြှုပ်နှံကြခြင်းဖြစ်သည်။ ၁၉၇၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ် အထိ
တရုတ်ပြည်တွင်းသို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ
သန်း ထောင်ပေါင်း ၅ဝဝ ကျော် ဝင်ရောက်ခဲ့ရာ ၁၉၄၅ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အတွင်း
ဂျပန်နိုင်ငံ သို့ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၁ဝ ဆမျှပင်
ရှိခဲ့လေသည်။ ၂ဝဝ၃ ခုနှစ်တွင် တရုတ်ပြည်မှာ နိုင်ငံခြား
တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးလက်ခံရရှိသည့် နိုင်ငံ အဖြစ်
အမေရိကန်ပြည်ထောင်စုကို ကျော်ဖြတ်နိုင်ခဲ့လေတော့သည်။ ယနေ့အခါ တရုတ် ပြည်ပပို့ကုန်၏
၆ဝ ရာခိုင်နှုန်းမှာ နိုင်ငံခြား ကုမ္ပဏီများ၏ထုတ်လုပ်မှုဖြစ်၏။ နည်းပညာ အဆင့်မြင့်ပစ္စည်းများသက်သက်
တိုင်းတာပါက ၈၅ ရာခိုင်နှုန်းမျှပင် ရှိလေသည်။ တရုတ် ပြည်ကား Workshop of the World
“ကမ္ဘာ့အလုပ်ရုံကြီး” ဖြစ်လာခဲ့ပြီ။ အပေါစားနှင့် အလတ်တန်းစားပစ္စည်းများ
ထုတ်လုပ်ရာတွင် တရုတ်ပြည်မှာ ကမ္ဘာ့ဈေးအပေါဆုံးဖြစ်လာ တော့သည်။

အာရှလေးနိုင်ငံသို့ နိုင်ငံခြားမှ
တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ကို ထုတ်လုပ်မှုတန်ဖိုး (GDP) ၏
ရာခိုင်နှုန်းဖြင့် ပြသပုံ။ (ယင်းနိုင်ငံများ၏ တိုးတက်မှုနှုန်း
အမြင့်ဆုံးနှစ်များအတွင်း ယှဉ်ခြင်းဖြစ်၏)
အခြားတစ်ဖက်တွင်မူ တင်သွင်းခွန်
(tariff) များကို စနစ်တကျ လျှော့ချခဲ့ခြင်းက တရုတ်စီးပွားရေးကို
နိုင်ငံခြားကုန်သွယ်မှုအပေါ်၌ အကြီးအကျယ် မှီခိုလာစေသည်။ နိုင်ငံ ခြား ကုန်သွယ်မှုမှာ
တရုတ်တစ်ပြည်လုံး ထုတ်လုပ်မှု (GDP) ပမာဏ၏ ၇၅ ရာခိုင်နှုန်းမျှ ရှိရာ
အခြားစီးပွားရေးနိုင်ငံကြီးများဖြစ်သော အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်၊
ဘရာဇီးတို့၏ ၃ဝ ရာခိုင်နှုန်းအောက်ဆိုသည့် ကိန်းဂဏန်းနှင့်နှိုင်းယှဉ်ပါက
လွန်စွာမြင့်မား နေသည်ကို တွေ့ရမည်ဖြစ် သည်။ သို့သော် ယင်းအချက်ကပင် ကမ္ဘာ့ဇာတ်ခုံ၌
တရုတ် စီးပွားရေးကို ပိုမို ကြီးကျယ် ထင်ရှားစေသည်။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှု၊
အမေရိကန် စီး ပွားရေး အကျပ်အတည်း၊ အနောက်တိုင်းမှ ကိုယ်ကျိုးစီးပွားကာကွယ်ရေး
မူဝါဒတို့ကြောင့် တရုတ်စီးပွားရေးအပေါ် သက်ရောက်နိုင်ခြေကိုလည်း
ပိုမိုကြီးထွားစေလေသည်။
တရုတ်ပြည်မှာ မာ့ခ်စ်၏စကားအရဆိုလျှင်
အမြုတေကာလ စုဆောင်းမှု၊ ခေတ် စကားအရဆိုလျှင် စီးပွားရေး တာထွက်သည့်အခြေသို့
ရောက်ခဲ့ပေပြီ။ လယ်ယာလုပ်ကိုင် သူ အများစုတို့ စက်မှုလုပ်ငန်းများသို့
ကူးပြောင်းလာကြသည့် ကာလဖြစ်၏။ ၁၉၅၂ ခုနှစ် မှ ၂ဝဝ၃ ခုနှစ်ကာလအတွင်း လယ်ယာလုပ်ငန်း၏
အချိုးအစားအနေဖြင့် တိုင်းပြည် ထုတ် လုပ်မှုတန်ဖိုး (GDP) ၏ ၆ဝ ရာခိုင်နှုန်းမှ ၁၆
ရာခိုင်နှုန်းအထိ လျော့ကျသွားသကဲ့သို့ လယ်ယာလုပ်ကိုင်သူ အရေအတွက်မှာလည်း
အလုပ်လုပ်သူဦးရေ စုစုပေါင်း၏ ၈၃ ရာခိုင် နှုန်းမှ ၅၁ ရာခိုင်နှုန်းသို့
ကျဆင်းသွားခဲ့သည်။ လူတစ်ဦးချင်း ဝင်ငွေမှာ ၁၉၇၇ ခုနှစ်မှ ၁၉၈၇ အတွင်း
နှစ်ဆတိုးလာခဲ့သည်။ အနောက်ကမ္ဘာမြင့်တက်လာစဉ်က ဗြိတိန်အနေဖြင့် လူတစ်ဦးချင်းဝင်ငွေ
နှစ်ဆတိုးရန် ၅၈ နှစ် အချိန်ယူခဲ့ရပြီး အမေရိကန်ပြည်ထောင်စုအနေ ဖြင့် ၄၇ နှစ်မျှ
အချိန်ယူခဲ့ရ၏။ သို့ရာတွင် နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်း ပျမ်းမျှ ၉ ဒသမ ၅
ရာခိုင်နှုန်းဖြင့် အနှစ်သုံးဆယ်တာမျှ အရှိန်ရလာခဲ့ပြီး ဖြစ်သော်လည်း လူဦးရေ၏
ထက်ဝက်နီးပါးမှာ လယ်ယာလုပ်ငန်းဖြင့်သာ အသက်မွေးကြဆဲဖြစ်သည်။ နောင်အနှစ် ၂ဝ
တွင်လည်း လူဦးရေ၏ ၂ဝ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် ဆက်လက်နေထိုင်
ကြဦးမည်ဟု ခန့်မှန်းထားရာ ဈေးသက်သာသည့် ကာယလုပ်သားများ စဉ်ဆက်မပြတ် ဆက်လက်
ထွက်နေဦးမည်ဖြစ်သည်။ သို့သော် ဂွမ်ဒေါင်ကဲ့သို့သော ပြည်နယ်များတွင် လုပ်အားခများ
ယခင်ကကဲ့သို့ နိမ့်ကျနေဦးမည်ဟု မဆိုနိုင်တော့ချေ။ ဂွမ်ဒေါင်၌ လုပ်အားခများ
မြင့်တက် လာသည်ကိုပင် တွေ့ရပြီးဖြစ်သည်။ ဆင်းရဲနွမ်းပါးသည့် ကုန်းတွင်းပိုင်းပြည်နယ်များ၌မူ လုပ်အားခများ ဆက်လက် နိမ့်ကျနေဦးမည်ဖြစ်ရာ နည်းပညာလိုအပ်မှု နည်း
ပါးသည့် စက်မှုလုပ်ငန်းများ ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်းသွားကြရန် ရှိလေသည်။
တရုတ်ပြည်၏
စီးပွားရေးဖွံ့ဖြိုးလာမှုတွင် အဓိကကျသည့် အခြားတစ်ချက်မှာ ရင်းနှီး မြှုပ်နှံမှု
ဖြစ်၏။ ကိန်းဂဏန်းအားဖြင့် ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၏ ၄ဝ ရာခိုင်နှုန်းမျှ
နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး ယခုအခါ ၄၅ ရာခိုင်နှုန်းနီးပါး ရှိနေပြီဖြစ်သည်။
မကြာမီ ၅ဝ ရာခိုင်နှုန်းသို့ ရောက်တော့မည် ဖြစ်၏။ ထိုသို့ မြင့်မားလှသော
ရင်းနှီးမြှုပ်နှံမှု အချိုးအစား ရှိရခြင်းမှာ မြင့်မားသည့်
ပြည်တွင်းစုဆောင်းမှုကြောင့် ဖြစ်သည်။ မြင့်မားသော စုဆောင်း မှု၊ မြင့်မားသော
ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတို့က တရုတ်စီးပွားရေးကို တာထွက်စေခဲ့ခြင်း ဖြစ်သည်။
၂ဝဝ၁ ခုနှစ်အတွက် ကိန်းဂဏန်းများအရ တရုတ်မိသားစုများအနေဖြင့် ဝင်ငွေ ၏ ၂၅ ဒသမ ၃
ရာခိုင်နှုန်းကို စုဆောင်းကြသည်။ အမေရိကန် အိမ်ထောင်စုများအနေဖြင့် ၂ဝဝ၂
ခုနှစ်အတွက် အလားတူ စုဆောင်းမှု ရာခိုင်နှုန်းမှာ ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိ လေသည်။
တရုတ်အိမ်ထောင်စုများ၏ များပြားလှသော စုဆောင်းငွေက စီးပွားရေး တာထွက်နိုင်ရေးကို
သော့ချက်နေရာမှ ထောက်ပံ့နိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်မိသားစုများ၏ ငွေစုဆောာင်းမှုနှုန်းထားမြင့်တက်လာပုံပြ ဂရပ်
ဤနေရာ၌ တရုတ်နှင့် ရုရှားတို့၏
အတွေ့အကြုံများကို နှိုင်းယှဉ် လေ့လာနိုင်၏။ နှစ်နိုင်ငံ စလုံးမှာ
ထိန်းချုပ်စီးပွားရေးမှ ဈေးကွက်စီးပွားရေးသို့ အသွင်ပြောင်းလာသူများ ဖြစ်ကြ၏။
ရုရှားမှာ အနောက်နိုင်ငံများ၏ ဆေးခါးကြီးဖြစ်သည့် စီးပွားရေး ရှော့ရိုက်ကုထုံး ကို
သောက်သုံးခဲ့သူဖြစ်သည်။ ထိုကုထုံးကြောင့် ၁၉၉ဝ ပြည့်နှစ်များအတွင်း ပြည်တွင်းမှ
ငွေကြေးအရင်းအနှီး အမြောက်အမြား ပြည်ပသို့ ထွက်သွားခြင်း၊ ငွေကြေးစနစ်
ပြိုလဲခြင်း၊ နိုင်ငံခြား ကြွေးမြီများ မဆပ်နိုင်၍ လျှော်ပစ်ရခြင်းဟူသည့် ရလဒ်များ
ကြုံတွေ့ခဲ့ရ၏။ တစ်ဆင့်ချင်း ပြောင်းလဲသည့်လမ်းကို လိုက်ခဲ့သည့် တရုတ်ပြည်မှာမူ
လွန်လွန်ကဲကဲ ငွေကြေးဖောင်းပွမှုကို ရှောင်ရှားနိုင်ခဲ့သည်။ အစိုးရအနေဖြင့်
နိုင်ငံတကာ၌ မြီရှင်အနေအထားဖြင့်
ရပ်တည်နိုင်နေသည်ဖြစ် ရာ ငွေကြေးအရင်းအနှီးများ ပြည်ပသို့ စီးထွက်သွား
ခြင်းမျိုးလည်း မကြုံခဲ့ရချေ။ ရုရှားတွင် နိုင်ငံပိုင်လုပ်ငန်းများကို အစိုးရနှင့်
နီးစပ်သူများသို့ ငွေပေါ်လျှော့ဈေးဖြင့် လက်သိပ်ထိုး ရောင်းချခြင်းများ ဖြစ်ခဲ့၏။
တရုတ်တို့ကမူ နိုင်ငံပိုင် ကဏ္ဍလျှော့ချခြင်းကို အချိန်ယူကာ ဖြည်းဖြည်းချင်း
ဆောင်ရွက်ခဲ့သည်။ ထိုလုပ်ရပ်၏ ရလဒ်ကို ကြည့်ပါ။ Forbes မဂ္ဂဇင်းကြီးမှ ထုတ်ပြန်သည့်
၂ဝဝ၇ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ အယောက် ၁ဝဝ စာရင်းတွင် ရုရှားမှ ၁၃ ဦးပါဝင်ပြီး
တရုတ်ပြည်မှ တစ်ဦးမျှ ပါဝင်ခြင်း မရှိချေ။ အခြားတစ်ဖက်တွင်မူ ၁၉၉ဝ ပြည့်နှစ်
တရုတ်ပြည်၏ ပြည်တွင်းထုတ် လုပ်မှု (GDP) မှာ ရုရှား GDP ၏ ထက်ဝက်မျှပင်
မရှိသော်လည်း ၂ဝဝ၃ ခုနှစ်၌မူ ရုရှားတို့ ၏ ခြောက်ဆအထိ မြင့်တက်လာခဲ့သည်ကို
တွေ့ရမည် ဖြစ်သည်။

တရုတ်နှင့်ရုရှားတို့၏ ထုတ်လုပ်မှုတန်ဖိုး (GDP) ကို
မျဉ်းဂရပ်ဖြင့် နှိုင်းယှဉ်ပြပုံ
ဤတွင် တရုတ်ခေါင်းဆောင်များသည်
မြင့်မားလှသည့် စိတ်ရှည် သည်းခံနိုင်စွမ်း၊ နက်နဲ ရှုပ်ထွေးသည့် ပြဿနာအဆင့်ဆင့်ကို
ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိသူများ ဖြစ် ကြောင်း တွေ့လာ ရလေသည်။ ဥပမာ ၁၉၉ဝ
ပြည့်နှစ်များအကုန်၌ ခက်ခဲလှသည့် ပြည် တွင်း စိန်ခေါ်ချက်ကြီး သုံးရပ်ကို
ရင်ဆိုင်ခဲ့ရသည်။ အရှုံးပေါ်နေသည့် အစိုးရ လုပ်ငန်း ကြီးများ ပိတ်သိမ်းရခြင်း၊
ပြန်မရနိုင် သည့် ကြွေး(ချေးငွေ)များဖြင့် ဝန်ပိနေသည့် နိုင်ငံပိုင်
ဘဏ်လုပ်ငန်းများ အောက်ခြေသိမ်း ပြင်ဆင် ရခြင်း၊ အစိုးရ၏ ဘဏ္ဍာရေး ရသုံးငွေကို
အားဖြည့်ရခြင်း စသည့်စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဆယ်စုနှစ်တစ်ခုအကြာ၌ အစိုးရအနေဖြင့်
အခက်အခဲ များကို ကျော်လွှားနိုင်မည့် လမ်းကြောင်းပေါ်သို့ အခိုင်အမာ
တက်လှမ်း လာနိုင်ခဲ့သည်ကို တွေ့ရလေသည်။
တရုတ်ပြည်စီးပွားရေး
တိုးတက်ပြောင်းလဲလာသည့် ပမာဏနှင့် အမြန်နှုန်းမှာ လူ့သမိုင်းတွင်
အပြောင်မြောက်ဆုံး ဖြစ်ရပ်တစ်ခုအဖြစ် တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် ခဲ့သည့်
ဗြိတိသျှတို့၏ အောင်မြင်မှုထက်ပင် သာလွန်သည်ဟုဆိုနိုင်သည်။ ကျွမ်း ကျင်လိမ္မာ၍
အရှည်ကို မျှော်ကြည့်သည့် အစိုးရ၏စီးပွားရေးဗျူဟာမှာ လွန်စွာအောင်မြင်မှု ရခဲ့သည်။
ရလဒ်အဖြစ် ၁၉၉ဝ ပြည့်နှစ်တွင် လူတစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃၉ သာ
ရှိခဲ့ရာမှ ၂ဝဝ၃ ခုနှစ်တွင် ဒေါ်လာ ၁ဝဝဝ အထိ မြင့်တက်လာခဲ့၏။ နောက် ၁ဝ နှစ်အတွင်း
နှစ်ဆမြင့်တက်လာမည် ဆိုသည့် ခန့်မှန်းချက်မှာလည်း မဖြစ်နိုင်စရာ မရှိချေ။
စီးပွားရေးဖွံ့ဖြိုးမှုလှိုင်းမှာ တောင်ပိုင်း စီးပွားရေးဇုန်များ
သက်သက်တွင်သာမဟုတ်တော့ဘဲ နိုင်ငံတစ်ဝန်းပြည်နယ်များအထိ ရိုက်ခတ်ခဲ့ပြီဖြစ်သည်။
တရုတ်ပြည်မှာ အချိန်တိုအတွင်း မှာပင် ဂလိုဘယ် ကုန်ထုတ်လုပ်ရေး ဗဟိုချက်ကြီးအဖြစ်
ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
“မိတ်အင်ချိုင်းနား” (Made in China)
ဆိုသည်မှာ ကမ္ဘာအနှံ့ လူသုံးကုန်ပစ္စည်းများ အတွက် အမှတ်တံဆိပ်သဖွယ် ဖြစ်လာခဲ့ပြီ။
ကမ္ဘာအဝန်းသုံးစွဲနေသည့် မိတ္တူကူးစက်များ ၏ သုံးပုံနှစ်ပုံကို တရုတ်ပြည်မှာ လုပ်၏။
ထို့ပြင် ဖိနပ်များ၊ ကလေးကစားစရာများ၊ မိုက် ကရိုဝေ့ဖ် ဟင်းနွှေးစက်များ အရေအတွက်၏
သုံးပုံနှစ်ပုံကိုလည်း ထုတ်လုပ်သည်။ တစ် ကမ္ဘာလုံးရှိ ဒီဗီဒီပြစက်များ၊ ဒစ်ဂျစ်တယ်
ကင်မရာများ၊ အဝတ်စများ၏ ထက်ဝက်ကိုလည်း ထုတ်လုပ်သည်။ စားပွဲတင်ကွန်ပျူတာ
စုစုပေါင်း၏ သုံးပုံတစ်ပုံ၊ ရုပ်မြင်သံကြားစက်များ၊ လက်ကိုင်ဖုန်းများ၊
ကားကက်ဆက်များ စုစုပေါင်း၏ လေးပုံတစ်ပုံမှာလည်း မိတ်အင်ချိုင်းနား ပစ္စည်းများ
ဖြစ်ကြလေသည်။
ကမ္ဘာ့အကြီးကျယ်ဆုံးသော ဆင်းရဲမွဲတေမှု
လျှော့ချသည့် စီမံချက်ကြီးတစ်ခုကိုလည်း တရုတ်ပြည်သူတို့ မျက်ဝါးထင်ထင်
မြင်ခဲ့ရပြီ။ ၁၉၇၈ ခုနှစ် စီးပွားရေးတံခါး စတင်ဖွင့်စဉ်က တစ်ပြည်လုံးတွင်
ဆင်းရဲသားလူဦးရေ သန်း ၂၅ဝ မျှ ရှိခဲ့ရာ ၁၉၉၃ ခုနှစ်တွင် သန်း ၈ဝ သို့
ကျဆင်းသွားခဲ့ပြီး ၂ဝဝ၁ ခုနှစ်တွင် ၂၉ ဒသမ ၂၇ သန်းသို့ ထပ်မံကျဆင်းခဲ့ရာ ထိုကာလအတွင်း တစ်ကမ္ဘာလုံး ဆင်းရဲသားလူဦးရေ လျော့ကျသွားသည့်ပမာဏ၏ လေးပုံ သုံးပုံမျှပင်
ရှိလေသည်။ ပြည်ပပို့ကုန်ကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီကြီးများက ကြီးစိုးထားသည် ဆိုသော်လည်း တရုတ်ကုမ္ပဏီများဖြစ်သည့် Haier, Konka, TCL, Huawei, Galanz စသည်
တို့မှာလည်း နေရာကောင်း ရခဲ့သည်ပင်။ အစိုးရကလည်း အပြင်ထွက် ရင်းနှီးမြှုပ်နှံရေး
“Go Global” ဟု ငြာသံပေးကာ ထောက်ပံ့ခဲ့ရာ တရုတ်ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာ၌ လုပ်ငန်းခွဲများ၊
လက်အောက်ခံများ ထူထောင်လာကြသည်ကိုလည်း တွေ့ရ၏။
တရုတ် ပြည်ကား ပြောင်မြောက်လှသော
စီးပွားရေး တိုးတက်မှုကို ရယူနိုင်ခဲ့ပြီဖြစ်သည်။ သို့ရာတွင်
အသွင်ပြောင်းရေးလုပ်ငန်းများ ပြီးမြောက်ပြီဟူ၍ကား မဆိုနိုင်ချေ။ တရုတ်ပြည်အနေဖြင့် (ဂျပန်ကို ကျော်ဖြတ်ကာ) ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံကြီးအဖြစ်သို့
ရောက်ရှိလာခဲ့ပြီ ဆိုသော်လည်း အဖြစ်မှန်မှာ များပြားလှသည့်
လူဦးရေကြောင့်သာဖြစ်ပြီး စီးပွားရေးအဆင့် ပြီးပြည့်စုံလာခြင်းကြောင့် မဟုတ်ချေ။
တရုတ်ပြည်အနေဖြင့် ရရှိပြီးသား အောင်မြင်မှုအဟုန်ကို အသုံးချကာ စီးပွားရေး
မဟာအင်အားကြီးတစ်ခုအဖြစ် ရောက်ရှိ လာလေမည်လား ဆိုသည်ကိုမူ စစ်ဆေးကြည့်ရန်
လိုအပ်ပေသည်။